Skip to main content

သီးနှံများတွင် ဓာတ်မြေဩဇာအသုံးပြုမှု အစားထိုးနည်းပညာများ (အပိုင်း - ၃)

မောင်ပြေ (ဆင်ပေါင်ဝဲ)

တောင်သူဦးကြီးများ၏ သီးနှံစိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာအစားထိုးသုံးစွဲမှုနည်းပညာ များစွာရှိသည့်အနက် နည်းပညာအသစ်တစ်ခုအနေဖြင့် ပဲမျိုးရင်းဝင်အပင်ကြီးများ စိုက်ပျိုးထုတ်လုပ်ပြီး တောင်သူဦးကြီးများ၏ လယ်ယာလုပ်ငန်းများနှင့် ပူးတွဲဆောင်ရွက်အသုံးပြုကာ ဝင်ငွေပိုမိုရရှိနိုင်ခြင်းအကြောင်းကို ဆက်လက်ရေးသားဆွေးနွေးလိုပါသည်။

ဘောစကိုင်း (ခေါ်)

အဝေရာ

ဤပဲမျိုးပင်သစ်ပင်ကြီးကို ၁၉၇၀ ပြည့်နှစ် များကတည်းက အံ့ဖွယ်သစ်ပင်အဖြစ် ကမ္ဘာပေါ်တွင် တိရစ္ဆာန်များကို ကျွေးမွေးနေပြီဖြစ်ပါသည်။ ယနေ့အထိ ဘောစကိုင်းပင်ကို တစ်ကမ္ဘာလုံး ဟက်တာပေါင်း ငါးသန်းကျော်ကျော် စိုက်ပျိုးလျက် ရှိနေပါပြီ။ သို့သော် တချို့မျိုးစိတ်များမှာ ပေါင်းပင်အနေဖြင့် ထိုးဖောက်ပြန့်ပွား နှောင့်ယှက်တတ်သော အပင်မျိုးများဖြစ်သဖြင့် စိုက်ပျိုးရာတွင် အလွန်သတိထားရပါမည်။

(မြန်မာနိုင်ငံတွင်ရှိသော ဘောစကိုင်းပင်အများစုမှာ ထိုပေါင်းပင်လိုမျိုးများဖြစ်ပြီး နွားစာအဖြစ်အသုံးပြုရသော ဩစတြေးလျနိုင်ငံမှ ကန်နင်ဟန် ဘောစကိုင်းအပင်ပုမျိုး (L.leucocephala Var. Cunningham) ပြောင်းလဲစိုက်ပျိုးရပါမည်။)

အပင်၏ ရုက္ခဗေဒဆိုင်ရာ

ဤအပင်သည် ဆူးမပါပါ။ မျိုးအပေါ်လိုက်၍ ၁၀ ပေမှ ပေ ၄၀ ခန့်အထိ အပင်အမြင့်ရှိပါသည်။ မူရင်းဒေသမှာ မက္ကဆီကိုနိုင်ငံဖြစ်ပြီး ယခုတော့ တစ်ကမ္ဘာလုံး ပျံ့နှံ့နေပါပြီ။ အရွက်မှာ စုံပင်နိပ် အမျိုးအစား(Bi-pinnate)ဖြစ်ပြီး အသီးတစ်တောင့် တွင် အစေ့ ၁၅ -၃၀ အထိ မျိုးစေ့များပါဝင်နိုင်ပါသည်။ ရုက္ခဗေဒ မျိုးခွဲပညာအရ ပဲမျိုးရင်းဝင် မီမိုဆေဆီး (Mimosaceae)အောက်တွင်ပါပြီး လူကေးနား မျိုးစိတ်(Genus - Leucaena)တွင် မျိုးပြား/မျိုးဖျား ပေါင်း ၁၄ ခုအထိ ရှိနေပါသည်။

အမြစ်နက်နက်ထိုးဆင်းသည့် ပုံစံဖြစ်ပြီး အမြဲစိမ်းသစ်ပင် ဖြစ်ပါသည်။

သင့်တော်သော ရာသီဥတုနှင့် မြေဆီလွှာအနေအထား

ဘောစကိုင်းပင်သည် အပူပိုင်းဒေသပင်ဖြစ်၍ နေ့အပူချိန် ၂၅-၃၀ ဆဲလ်စီးယပ်ရမည်ဆိုလျှင် သင့်တော်သောကြီးထွားမှု ရရှိပါသည်။ အီကွေတာမှ လတ္တီတွဒ် ၁၀ ဒီဂရီအတွင်းဆိုလျှင် ပင်လယ်ရေပြင် အမြင့် မီတာ ၁၀၀၀ (ပေ ၃၀၀၀ အထိ)၊ လတ္တီတွဒ် ၁၀ -၂၅ ဒီဂရီအတွင်းဆိုလျှင် မီတာ ၅၀၀ (ပေ ၁၅၀၀ အထိ) အောင်မြင်စွာ စိုက်ပျိုးနိုင်ပါသည်။ အပူပိုင်းဒေသအပင်ဖြစ်၍ နှင်းခါးရိုက်မှုကို ခံနိုင်ရည်မရှိပါ။ ဤအပင်က အခြားအပင်ကို အရိပ်အဖြစ်ပေးနိုင်သော်လည်း မိမိကိုယ်တိုင်ကမူ အရိပ်မကြိုက်ပါ။ မိုးရေချိန်အနေဖြင့် မီလီမီတာ ၆၅၀ မှ ၃၀၀၀ (အနည်းဆုံး ၂၂ လက်မမှ လက်မ ၁၂၀ အတွင်း) ကောင်းမွန်စွာဖြစ်ထွန်းပြီး မိုးခေါင် ဒဏ်ခံနိုင်ရည်ရှိသော အပင်ဖြစ်သဖြင့် မိုးနည်း ရပ်ဝန်းဒေသများဖြစ်သော မန္တလေး၊ မကွေး၊ စစ်ကိုင်း စသည့်ဒေသများတွင် အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။

ကြိုက်နှစ်သက်သော မြေဆီလွှာမှာ ရေထုတ်နိုင်သော ကယ်လ်ဆီယမ်ပါမြေဆီလွှာမျိုးကို ပိုမို နှစ်သက်ပါသည်။

နိုက်ထရိုဂျင်ဖမ်းယူပေးနိုင်မှုမှာ မြေအမျိုးအစား၊ ရေရရှိမှု၊ ရာသီဥတုအပေါ်မူတည်နေပါသည်။

ဘောစကိုင်းပင် စိုက်ပျိုး၊ ပြုစု၊ ပျိုးထောင်ခြင်း

အပင်ကြီးသဘာဝအရ အပင်ငယ်စဉ်တွင် ကြီးထွားမှုက နှေးကွေးပါသည်။ မျိုးစေ့မာ အမျိုးအစားဖြစ်ပြီး အခွံမှာ ဖယောင်းလွှာပါဝင်သည့် အတွက် အစိုဓာတ်လွယ်လွယ်မရနိုင်ဘဲ အညှောက်ပေါက်နှေးပါသည်။ တစ်နည်းအားဖြင့် အစေ့ငုတ်ချိန် ရှိမှုကြောင့် အညှောက်ပေါက်စေရန် ရေပူနှင့် အချိန် အနည်းငယ်ခန့်၊ ဆာလ်ဖျူရစ်အက်စစ်နှင့် ငါး - ၁၀ မိနစ်ခန့်ရေစိမ်ပေးခြင်းဖြင့် အစေ့ငုတ်မှု ချေဖျက်ကာ အညှောက်ပေါက်မှုမြန်လာနိုင်ပါသည်။ စိုက်ပျိုး ရာတွင် သင့်တော်သော ရိုက်ဇိုဘီယမ် မျိုးကွဲ ထည့်ပေးနိုင်ပါက ပိုမိုအကျိုးရှိပါမည်။ ပျိုးထောင်၍ စိုက်ပျိုးလျှင်မျိုးစေ့များကို ပေ ၁၀-၃၀ ပင်ကြား၊ တန်းကြားအတွင်း တစ်လက်မအနက်ခန့် တစ်ဟက်တာ တစ်-နှစ် ကီလိုဂရမ်နှုန်း စိုက်ပျိုးပေး နိုင်ပါသည်။ ဖော့စ်ဖာရပ်စ် အာဟာရဓာတ်က လိုအပ်လျက်ရှိနေ၍ ဤအာဟာရဓာတ်ကို ဖမ်းပေးနိုင်သော ဗမ်မိုက်ကိုရိုက်ဇာ မှိုတစ်မျိုးနှင့်လည်း တွဲဖက်စိုက်ပျိုးနိုင်ပါသည်။

သီးနှံအထွက်နှုန်း ။ မြေအမျိုးအစား၊ မိုးရေချိန်အပေါ် မူတည်၍ တစ်နှစ်လျှင် တစ်ဟက်တာ (၂ ဒသမ ၅ ဧက)လျှင် သုံးတန်မှတန် ၃၀ အထိ ထွက်ရှိနိုင်ပါ သည်။ တိရစ္ဆာန်များစားသုံးနိုင်သောအစာအဖြစ် ၁၀ တန်အထိရရှိနိုင်ပါသည်။

မီမိုဆင်းအဆိပ်ဖြစ်နိုင်မှု ။ ဘောစကိုင်းပင်၏အရွက်ကြီးများနှင့် အတောင့်များသည် မီမိုဆင်းအဆိပ် ဖြစ်နိုင်မှု အခြောက်အလေးချိန်၏ ၁၂ ရာခိုင်နှုန်း အထိ ဖြစ်နိုင်သော်လည်း အရွက်နုများတွင် သုံး - ငါး ရာခိုင်နှုန်းသာပါဝင်နိုင်၍ တိရစ္ဆာန်များကိုကျွေးမွေးနိုင်ပါသည်။

စားကျက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုစနစ်များ

(က) သီးနှံသစ်တောရောနှော၊ သစ်ပင်-မြက်-တိရစ္ဆာန် ပေါင်းစည်းစနစ်

လက်တင်အမေရိကနှင့် ဩစတြေးလျတွင် အသုံးများပါသည်။ ဘောစကိုင်းနှင့် မြက်များ ရောစပ်စိုက်ပျိုးသောစနစ် (Agroforestry System) ဖြစ်ပါသည်။

အကျိုးကျေးဇူးများမှာ တိရစ္ဆာန်အစာ အရည်အသွေး တိုးတက်ပါသည်။ မြေဆီဓာတ် တိုးတက်လာပါသည်။ တိရစ္ဆာန်မွေးမြူမှု ကောင်းမွန် လာပြီး အသားထုတ်လုပ်မှု တိုးတက်လာပါ သည်။

(ခ) ရိတ်ဖြတ်ယူကျွေးမွေးစနစ်

မြန်မာနိုင်ငံအပါအဝင် အာရှနှင့် အာဖရိကတွင် အသုံးများပါသည်။ လယ်သမားများက မြက်ရွက် များကို ဖြတ်ယူပြီး တိရစ္ဆာန်ကို တိုက်ရိုက်ကျွေးသောစနစ်ဖြစ်ပါသည်။

ထွက်ရှိမှုမှာ တစ်နှစ်လျှင် မြက်ခြောက် ၁၂ – ၂၀ တန် (အခြောက်/ဟက်တာ Dry matter ha-2) ရနိုင်ပြီး ပရိုတင်းပါဝင်မှု ၂၂–၃၀ ရာခိုင်နှုန်းအထိ ရရှိနိုင်ပါသည်။

(ဂ) တိုက်ရိုက်လွှတ်ကျောင်းစားကျက်စနစ်

ဩစတြေးလျနိုင်ငံတွင် အထူးသဖြင့် အသုံးများပါသည်။ အကျိုးကျေးဇူးမှာ ကျွဲ၊ နွား၊ သိုး၊ ဆိတ်များ အလေးချိန်တိုးပြီး မြက်ခင်းမှာ တိရစ္ဆာန်အစာရရှိမှု၊ ထုတ်လုပ်မှုတိုးတက်လာနိုင်ပါသည်။

အာဟာရတန်ဖိုး။ ဘောစကိုင်းသည် အရည်အသွေး မြင့် ပရိုတင်းအစာဖြစ်သည်။

အဓိကအချက်များမှာ ပရိုတင်း ၂၀–၃၀ ရာခိုင်နှုန်းအထိရှိနိုင်၊ အမိုင်နိုအက်စစ်များကြွယ်ဝပါသည်။ သတ္တုဓာတ်များပါဝင်ပါသည်။ အစာအိမ်ကြေပျက်လွယ်ဓာတ်ပါဝင်ပြီး Rumen အတွင်းရှိ မိုက်ခရိုအော်ဂဲနစ်များကို ကူညီကာမြက်အရည် အသွေးကို ပိုမိုကောင်းမွန်စေရန် ချေဖျက်နိုင်စေသည့် ဓာတ်ပြုဖြစ်စဉ် ပါဝင်ပါသည်။

ဘောစကိုင်းပင်၏အရေးပါမှု။ အသားထုတ်လုပ်မှု နှင့် နို့ထုတ်လုပ်မှုတိုးတက်စေခြင်း။ ဥပမာ - နို့ထုတ်လုပ်မှု တစ်ရက် ၄.၇ ၇.၄ ကီလိုဂရမ် (kg) တိုးတက်နိုင်ပါသည်။

ပရိုတင်းများစွာထုတ်နိုင်သော အပင်မျိုးဖြစ်ခြင်း။ အပူပိုင်းဒေသတွင် ပရိုတင်းချို့တဲ့မှုကို ဖြေရှင်းနိုင်ပါသည်။ စျေးကြီးသော တိရစ္ဆာန်အစာနု မလိုအပ်ဘဲ လျော့နည်းနိုင်ပါသည်။

မိုးခေါင်ဒဏ်ခံနိုင်ပြီး တစ်နှစ်လုံးအစာရနိုင်ခြင်း။ အမြစ် သုံး – ငါးမီတာ (ကိုး-၁၅ ပေ) အထိ နက်ရှိုင်းစွာ ဆင်းနိုင်ခြင်းကြောင့် မိုးခေါင်ရာသီတွင်ပင် အစာ စိမ်း ထုတ်ပေးနိုင်ပါသည်။ ထို့ကြောင့် ရာသီဥတု ပြောင်းလဲမှုအတွက် အလွန်အရေးပါသောအပင် ဖြစ်ပါသည်။

မြေဆီဓာတ် တိုးတက်စေခြင်း။ တစ်နှစ်လျှင်နိုက်ထရိုဂျင်ကီလို ၂၀၀ kg N/ha အထိ ထည့်ပေးနိုင်ပါ သည်။ တွဲဖက်စိုက်ပျိုးသောမြက်များ ကြီးထွားမှု တိုးတက်စေပြီး ဓာတ်မြေဩဇာအသုံးစရိတ် လျော့နည်းနိုင်ပါသည်။

ပတ်ဝန်းကျင် အကျိုးကျေးဇူးရရှိခြင်း။ ဤအပင်များ စိုက်ပျိုးခြင်းဖြင့် မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုလျော့နည်း (၂၀–၃၀%) ပါသည်။ ကာဗွန်တန်ဖိုး တိုးတက်လာပါသည်။ ရေရှည်တည်တံ့နိုင်သော မွေးမြူထုတ်လုပ်ရေးကို ထောက်ပံ့ပေးပါသည်။

အားနည်းချက်၊ ကန့်သတ်ချက်များ

မီမိုဆင်း၊ အန္တရာယ်ရှိသောဓာတ်။ မီမိုဆင်းဓာတ် အလွန်များလျှင် အဆိပ်ဖြစ်နိုင်ပါသည်။ တိရစ္ဆာန် များကို အဆိပ်မဖြစ်ဘဲ စားသောက်မှုပုံစံပြောင်းရန် လေ့ကျင့်မှု နှစ်–သုံးပတ် လိုအပ်ပါသည်။

မြေဆီလိုအပ်ချက်။ ဤအပင်ကောင်းမွန်စွာ ဖြစ်ထွန်းရန် မြေဆီကောင်း၊ ရေစီးရေလာ ကောင်း မွန်ရန် လိုအပ်ပါသည်။ အက်စစ်ဆန် မြေချဉ်များတွင် မသင့်တော်ပါ။

ရာသီဥတု။ အအေးဒဏ်၊ နှင်းခါးရိုက်မှုဒဏ်ကို မခံနိုင်ပါ။

စာရေးသူ၏အတွေး

တောင်သူဦးကြီးများ၏ စိုက်ပျိုးမြေများတွင် လက်ရှိဓာတ်မြေဩဇာကြီးမြင့်နေမှုကို သဘာဝမြေဩဇာများ ထည့်သွင်းပေးရုံသာမက စိုက်ခင်း များတွင် ပဲမျိုးစုံသီးနှံများ၊ တိရစ္ဆာန်အစာ စားကျက်ပဲသီးနှံများ၊ စားကျက်ပဲပင်ကြီးများ တိုးချဲ့ရောနှောစိုက်ပျိုးပေးခြင်းအားဖြင့် မြေဆီဩဇာနည်းပါးသွားမှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးနိုင်ပါသည်။ ဓာတ်မြေဩဇာ အစားထိုး နည်းပညာတစ်ခုဖြစ်ပါသည်။

ပဲမျိုးစုံသီးနှံများက တောင်သူ ကြီးများအတွက် အပိုဝင်ငွေရရှိနိုင်ပြီး စားကျက်ပဲပင်များက တောင်သူကြီးများ တွဲဖက်မွေးမြူထားသော ကျွဲ၊ နွား၊ သိုး၊ ဆိတ်စသည့် စားမြုံ့ပြန်တိရစ္ဆာန်များကို အသား၊ နို့ထွက်များ ပိုမိုတိုးပွားကာ ဝင်ငွေတိုးပွားစေပါသည်။

နိုင်ငံတကာတွင်တော့ စိုက်ပျိုးမွေးမြူထုတ်လုပ်ရေး သုတေသနလုပ်ငန်းများကို တက္ကသိုလ်များက ဦးဆောင်သုတေသနပြုနေကြပါသည်။ မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များအပါအဝင် တက္ကသိုလ်အားလုံးကလည်း သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေယခုထက်ပိုမိုတိုးမြှင့်သုံးစွဲ၍ မြန်မာနိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်မှုကို တိုက်ရိုက် ဖြစ်ပေါ်စေနိုင်သော၊ နိုင်ငံခြားငွေရရှိနိုင်သော၊ နိုင်ငံခြားငွေကုန်ကျမှုကို လျော့နည်းစေသော အကျိုးပြုသုတေသနများကို ဦးစားပေးဆောင်ရွက်သင့်ပါပြီဟု အကြံပြုလိုပါသည်။

Reference:   

Bakewell-Stone, P. (2023) Leucaena Leucoce-phala. CABI. 37p.

Gutteridge, R.C. and Shelton, H.M. (1994). Tropical Tree Legumes. CAB International. 313p.

Shelton, M. (2006) Leucaena: The Productive and Sustainable Forage Legume. 2nd Ed. Meat and Livestock Australia. 93p.