ရွှေစိမ်းလို့တင်စား မြန်မာ့ဝါး
တာရာ
ဆိုင်ရှေ့မှာ မနက်စာစားသူတွေရဲ့ မော်တော်ဆိုင်ကယ်နဲ့ကားတွေ ရပ်ထားပါတယ်။ ဆိုင်ထဲမှာ လူအများရဲ့စကားပြောသံတွေ၊ မုန့်မှာနေတဲ့စားပွဲထိုးတွေရဲ့ အသံ၊ ဇွန်းသံ၊ ပန်းကန်သံတွေနဲ့အတူ လက်ဖက်ရည်နဲ့ တွဲဖက်စားသောက်ရတဲ့ ပလာတာ၊ စမူဆာ၊ အီကြာကွေးကြော်တဲ့ ညှော်နံ့တွေက လှိုင်နေပါတယ်။ မနက်ခင်းစောစော အဆာပြေစာအတွက် လက်ဖက်ရည်၊ မုန့်တွေအပြင် ရှမ်းခေါက်ဆွဲ၊ မုန့်ဟင်းခါးနဲ့ ထမင်းဆီဆမ်းသာရပြီး အရသာကလည်း သာမန်၊ ဒါပေမယ့် ဆိုင်ကလူအမြဲပြည့်နေတတ်ပါတယ်။ မုန့်တွေစားချင်ရင် စောစောသွားမှ အဆင်ပြေပြီး နည်းနည်းနောက်ကျသွားရင် လက်ဖက်ရည်သာ ရပါတော့တယ်။
ဒီဆိုင်ကို ဘာကြောင့် လူတွေအလာများကြ တာလဲ လေ့လာကြည့်တော့ ကျေးလက်အငွေ့ အသက်ကို သဘာဝဆန်ဆန်ရရှိစေတဲ့အတွက် လာကြတာလို့ ထင်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်က မြို့ပြမှာ တွေ့ရလေ့ရှိတဲ့ ပုံစံနဲ့ကွဲထွက်နေပြီး ပလတ် စတစ်ထိုင်ခုံတွေအစား ရိုးရာအသွင်နဲ့ ခေတ်ပေါ် လိုအပ်ချက်ကို ပေါင်းစပ်ထားတဲ့ ဝါးစားပွဲနဲ့ တွဲဆက်ထားတဲ့ ထိုင်ခုံရှည်တွေက သူ့ရဲ့ဆွဲဆောင်မှု တစ်ခုဖြစ်ပါတယ်။
ဝါးထိုင်ခုံရှည်တွေက လှပထူးခြားနေပြီး မိသားစုဝင်တွေ၊ ဧည့်သည်တွေ၊ အေးအေးဆေးဆေး ထိုင်လိုသူ၊ စီးပွားရေး၊ လူမှုရေးစသဖြင့် စကားစမြည် ပြောလိုသူတွေအတွက် စုစုစည်းစည်း အတူထိုင် နိုင်တဲ့အတွက် ဒီဆိုင်လေးကို ရွေးချယ်ကြခြင်းလို့ ထင်ပါတယ်။ ဝါးစားပွဲနဲ့ ထိုင်ခုံရှည်တွေက ကြာကြာထိုင်သူတွေအတွက် သက်သောင့်သက်သာ ရှိပါ့မလားလို့ ထင်မိပေမယ့် တကယ်တမ်းထိုင်ကြည့်တော့ ပလတ်စတစ်ထိုင်ခုံတွေလို အထိုင်ကြာလို့ ပူလာတာ ညောင်းလာတာမရှိ၊ ပူတဲ့ရာသီဥတုမှာအေးနေပြီး အေးတဲ့ရာသီဥတုမှာ အဆင်ပြေစေပါ တယ်။
သဘာဝထွက်ကုန်ကို မြန်မာ့ရိုးရာလက်မှုနဲ့ အနုပညာမြောက်စွာ ပေါင်းစပ်
ဒါပေမယ့် ဝါးစားပွဲဝိုင်းတစ်စုံစာရဲ့ တန်ဖိုးကလည်း မသေးလှ။ သိန်းဂဏန်းအထက်လို့ သိရပါ တယ်။ သဘာဝထွက်ကုန်ကို မြန်မာ့ရိုးရာလက်မှုနဲ့ အနုပညာမြောက်စွာ ပေါင်းစပ်လိုက်တဲ့အခါလိုက်ဖက်ညီမှု၊ စနစ်တကျထိုင်နိုင်မှု၊ ကျန်းမာရေးအတွက် သင့်လျော်ပြီး တန်ဖိုးရှိအသုံးတည့်လှတဲ့ လက်ရာမြောက် ပရိဘောဂတစ်ခုအဖြစ် ပွဲလယ်တင့်လာပါတယ်။
ဝါးက ခိုင်ခံ့မှုရှိပြီးကွေးညွတ်နိုင်တဲ့အပြင် ပုံစံအမျိုးမျိုး ဖန်တီးထုတ်လုပ်နိုင်ခြင်းက သူ့ရဲ့အားသာချက်လို့ ဆိုရပါမယ်။ ပေါင်းခံ၊ ပိုးသတ်၊ အခြောက်လှန်းပြီး ရာသီဥတုဒဏ်၊ ရေဒဏ်၊ မိုးဒဏ်ကြာရှည်ခံနိုင်အောင် သဘာဝနည်းပညာနဲ့ ပေါင်းစပ် ထုတ်လုပ်လိုက်တဲ့အခါ နှစ်များစွာကြာအောင် မပျက်မစီးနိုင်ဘဲ ရေရှည်သုံးစွဲနိုင်တဲ့ သဘာဝထုတ်ကုန်ပစ္စည်းတစ်ခု ဖြစ်လာပါတယ်။
ဝါးက သစ်သားထက်ပေါ့ပါးပြီး ရွှေ့ပြောင်းရတာ လွယ်ကူပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ သဟ ဇာတဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲအရင်းအဖြစ် တစ်ခုဖြစ်ပါတယ်။ ဝါးရဲ့ကြံ့ခိုင်မှု၊ ပြန်လည်ရှင်သန်နိုင်မှုတို့က ရေရှည်တည်တံ့သော သဘာဝ အရင်း အမြစ်တစ်ခုဖြစ်ပါတယ်။ ဝါးကို အများစုသိထားကြ တာ လူကြိုက်များတဲ့ မျှစ်ရရှိရာ၊ အဝတ်လှန်းတဲ့ တန်း၊ ငြမ်းနဲ့ တစ်ခုခုထောက်ကန်စရာ အကြမ်းသုံးအဖြစ်၊ ဒီထက်ပိုလာရင် ဆန်ကော၊ ဆန်ခါ၊ ခြင်းတောင်း၊ ဝါးကုလားထိုင်၊ တဲ၊ ခြံစည်းရိုး အကာအရံ၊ ကလေးကစားစရာ၊ တီးမှုတ်စရာ ပလွေ၊ ဝါးလက်ခုပ်စသဖြင့် အတွက်သာအသုံးများတယ်လို့ သိကြပေလိမ့်မယ်။
“မောင်ရင်ငယ်သွေး ဟင်းစားပေး၍၊ အစ်ကိုလတ်ကား နှီးနွှယ်တတ်ကာ အစ်ကိုကြီးကား အိမ်ရာပေး၏” ဆိုတဲ့ မြန်မာဆိုရိုးစကားအရ ဝါးနုက လူသားတွေအတွက် စားစရာမျှစ်၊ ဝါးလတ် (တညင်)က ဝါးနှီးထိုးရက်လုပ်ရတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ဝါးရင့်ကပရိဘောဂ၊ နေထိုင်စရာ အဆောက်အအုံအထိပေးနိုင်ပြီး သစ်မဟုတ်တဲ့ သစ်သားအစားထိုး သယံဇာတတစ်မျိုးလည်းဖြစ်ပါတယ်။
ဝါးကို သယ်ယူပို့ဆောင်ရေးအတွက်၊ ဆောက် လုပ်ရေးအတွက်၊ စက္ကူပျော့ဖတ်ပြုလုပ်ရာ၊ လက်မှုပစ္စည်းပြုလုပ်ရာ၊ အစားအစာအတွက်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါတယ်။ သဘာဝဝါးရုံတွေက မြေဆီလွှာကို ကောင်းမွန်စေပြီး ရေတိုက်စားမှုကို ကာကွယ်နိုင်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူထားနိုင်မှုမြင့်မားတဲ့အတွက် လေထုကိုသန့်စင်စေပြီး သဘာဝပတ်ဝန်းကျင်ကို အကျိုး သက်ရောက်စေပါတယ်။ မျှစ်နဲ့ဝါး ထုတ်ယူရရှိနိုင်တဲ့အတွက် ကျေးလက်နေပြည်သူတွေ လူမှုစီးပွားဘဝအတွက် နေ့စဉ်ဝင်ငွေရရှိစေပါတယ်။
နေ့စဉ်လူမှုဘဝအတွက် အသုံးအဆောင်ပစ္စည်းတွေကို ဖြည့်ဆည်းပေး
ကမ္ဘာပေါ်မှာ ဝါးမျိုးစု ၇၅ မျိုးနဲ့ ဝါးမျိုးစိတ် ၁၂၅၀ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဝါးမျိုးစု၂၁ မျိုးနဲ့ ဝါးမျိုးစိတ် ၁၀၂ မျိုးခန့် ပျံ့နှံ့ပေါက်ရောက်လျက်ရှိပြီး ကြခတ်ဝါး၊ တပင်တိုင်ဝါး၊ ကြသောင်းဝါး၊ သိုက်ဝါး၊ ဝါးနက်၊ တင်းဝါး၊ ကလွေဝါး၊ ကြလိုဝါး၊ ဝါးကြီး၊ ဝါးဘိုး၊ ဝါးဘိုးမျက်ဆန်ကျယ်၊ ဝါးနီ၊ မြင်ဝါး၊ ဝါးနွယ်၊ ဝါးယား၊ ကရင်ဝါး၊ သနပ်ဝါး၊ ထီးရိုးဝါး စတဲ့ ဝါးမျိုး စိတ် ၁၈ မျိုးက စီးပွားရေးအတွက် အသုံးဝင်အကျိုး ဖြစ်ထွန်းနိုင်ကြောင်း မှတ်တမ်းများက ဆိုပါတယ်။
ကြခတ်ဝါးကို မျှစ်၊ တိရစ္ဆာန်အစားအစာ၊ ဝါးလက်မှု ပစ္စည်း၊ ဝါးဖတ်ထုတ်ကုန်၊ ဝါးတန်ဖိုးမြှင့် စက်မှု ထုတ်ကုန်၊ ဝါးအဆောက်အအုံဆောက်လုပ်ရာမှာသုံးစွဲကြပါတယ်။ မြင်ဝါးကို စက္ကူပျော့ဖတ်၊ အဆောက်အအုံငြမ်းဆင်တာ၊ အိမ်သုံးပစ္စည်း၊ ဝါးပရိဘောဂတွေအတွက်သုံးကြသလို ထီးရိုးဝါးကို ဝါးလက်မှုပစ္စည်း၊ ခြံစည်းရိုး၊ လေကာတန်း၊ ငါးမျှားတံ၊ ထီးရိုးလက်ကိုင်အဖြစ်သုံးကြပါတယ်။ တင်းဝါးကိုဝါးလက်မှုပစ္စည်း၊ ကောက်ညှင်းကျည်တောက်စသဖြင့် သူ့နေရာနဲ့သူ သုံးစွဲလေ့ရှိပါတယ်။ ဝါးပင်က မြန်မာ့ကျေးလက်ဒေသရဲ့ ရိုးသားတဲ့အလှတရားကို ကိုယ်စားပြုသလို လေတိုက်လိုက်တိုင်း ဝါးရွက်တို့ လှုပ်ခတ်သံက ကျေးလက်တောရွာရဲ့ သဘာဝဂီတသံပဲဖြစ်ပါတယ်။ ဝါးပင်ရဲ့အလှက အရောင်အသွေးမစုံပေမယ့်စိမ်းစိုတဲ့ ရိုးရှင်းမှုရှိပြီး မားမားမတ်မတ်ထိုးထွက်နေတဲ့ သန်မာတဲ့ပင်စည်တွေက နေ့စဉ်လူမှုဘဝအတွက် အသုံးအဆောင်ပစ္စည်းတွေကို ဖြည့်ဆည်းပေးနေပါတယ်။
ပူပြင်းတဲ့ နွေနေ့လယ်တွေမှာ နေရောင်ခြည်ကိုစုပ်ယူကာ အေးမြတဲ့အရိပ်ကိုပေးပြီး ညအချိန် လရဲ့အလင်းရောင်က ပင်ဝါးရုံပေါ်ကို ဖြန့်ကြက်လိုက်တဲ့အခါ လွမ်းမောဖွယ် သဘာဝပန်းချီကားချပ်သဖွယ် ဆွဲဆောင်နိုင်လွန်းလှပါတယ်။ အာရှနဲ့ အရှေ့တောင် အာရှဒေသမှာ တရုတ်၊ အိန္ဒိယပြီးရင် မြန်မာနိုင်ငံက တတိယမြောက် ဝါးသယံဇာတကြွယ်ဝတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတစ်ဝန်း သဘာဝတောတွေမှာ ဝါးပေါက်ရောက်တဲ့ ဧရိယာဧကသန်း ၇၀ ဝန်းကျင်ရှိပြီး အရုံလိုက်ပေါက်တဲ့ ဝါးမျိုးဧက ၅၁ သန်းခန့်နဲ့ တစ်ပင် ချင်းပေါက်တဲ့ ဝါးမျိုးဧက ၁၈ သန်းခန့်ရှိပါတယ်။
သဘာဝတောကနေ စီးပွားဖြစ်ဝါးထုတ်ယူနိုင်တဲ့ဒေသအဖြစ် ပဲခူးရိုးမ၊ ရခိုင်ရိုးမနဲ့ တနင်္သာရီဒေသစတဲ့ နေရာသုံးခုကို သတ်မှတ်ထားပါတယ်။ အများစုက အရုံလိုက်ပေါက်ရောက်တတ်တဲ့ အပူပိုင်းဝါးမျိုး တွေဖြစ်ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တစ်ပင်ချင်းပေါက်တဲ့ သမပိုင်းဝါးမျိုးတွေ အနည်းငယ်ပေါက်ရောက်နိုင်ကြောင်း တွေ့ရပါတယ်။
ဒီနေ့ခေတ်မှာ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံအများစုမှာ ဝါးပင်က နေ့စဉ်ဘဝနဲ့ စီးပွားရေးအတွက် အရေးပါအသုံးဝင်လာတဲ့အတွက် စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်လာကြပါတယ်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေမှာ ပုဂ္ဂလိကဝါးစိုက်ခင်းတည်ထောင်ခွင့်ကို ၂၀၁၇ ခုနှစ် နောက်ပိုင်းကစပြီး ခွင့်ပြုပေးခဲ့ပြီး ဝါးစိုက်ခင်း တည်ထောင်သူလုပ်ငန်းရှင် ၁၀၄ ဦးနဲ့ စိုက်ဧက ၄၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဝါးသယံဇာတထုတ်ယူရာမှာ သဘာဝသစ်တောတွေက ဝါးအရင်းအမြစ်တွေကို အဓိကအားထားနေရဆဲဖြစ်ပြီး စိုက်ခင်းတွေက စီးပွားဖြစ်ထုတ်ယူနိုင်မှုက အနည်းငယ်သာရှိသေးပါတယ်။
ငှက်ပျောကဆုန် ဝါးနယုန်ဆိုတဲ့အတိုင်းဝါးကို နယုန်လအတွင်းသာ ပျိုးထောင်စိုက်ပျိုးသင့်ပါတယ်။ ဝါးရုံတစ်ရုံမှာ ဝါးလုံးသက်တမ်း တစ်နှစ်သားကို ဝါးနု၊ နှစ်နှစ်သားကို တညင်ဝါး၊ သုံးနှစ်နဲ့အထက် ဝါးတွေကို ဝါးရင့်လို့ခေါ်ကြပြီ သုံးနှစ်ကျော်တဲ့ ဝါးတွေကိုသာ ခုတ်လှဲထုတ်ယူသင့်ပါတယ်။ ကြီးမြန်ပြီး ပြန်လည်ပြည့်ဖြိုးနိုင်တဲ့ စက်မှုကုန်ကြမ်းသယံဇာတ ရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဝါးမျိုးစိတ်စုံလင်စွာ ပေါက်ရောက်ရှင်သန်နိုင်ပြီး နှစ်စဉ်ဝါးအလုံးရေ သန်းပေါင်း ၃၀၀ ခန့် ထုတ်လုပ်နိုင်တဲ့အတွက် ဝါးသယံဇာတကို အခြေခံပြီး အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) တွေ ဖော်ဆောင်နိုင်တဲ့ အားသာချက်တွေရှိပါတယ်။ ဝါးကသစ်မဟုတ်တဲ့ သစ်တောထွက်ပစ္စည်းဖြစ်တဲ့အတွက် လုပ်ငန်းရှင် တွေအတွက် လုပ်သာကိုင်သာရှိနိုင်ပါတယ်။ ကုန်ကြမ်း တန်ဖိုးမြင့်မားမှုမရှိသလို ဝါးနဲ့ပတ်သက်တဲ့ ထုတ်ကုန်ထုတ်လုပ်နိုင်တဲ့ မိရိုးဖလာနည်းပညာတွေ လည်း ရှိပြီးဖြစ်ပါတယ်။
နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အရည်အသွေးမီ ဝါးလက်မှုပစ္စည်းတွေ၊ ဝါး ပါကေး၊ ဝါးအထပ်သား၊ ဝါးဖျာ၊ ဝါးမီးသွေး၊ ဝါးအချဉ်ရည်မှ ဆေးဝါး၊ ဝါးအလှကုန်ပစ္စည်း၊ ဝါးမျှင်မှဝါးချည်ထည် အဝတ်အစားအစရှိတဲ့ တန်ဖိုးမြင့် ထုတ်ကုန်တွေကို ထုတ်လုပ်နိုင်လာတာ တွေ့ရပါတယ်။
ဒီလို တန်ဖိုးမြင့်ဝါးထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ခြင်းဖြင့် နိုင်ငံတော်က အားပေးဆောင်ရွက်နေတဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း( MSME)တွေ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းသော ကျေးလက်ဒေသနေပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝမှာ ဝါးပင်က လူမှုစီးပွားနဲ့ နေ့စဉ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ အပင်လို့လည်း ဆိုနိုင်ပါတယ်။ ဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါးသယံဇာတတွေကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝဝါးတောတွေကနေ စနစ်တကျထုတ်ယူ သုံးစွဲရေး၊ ဝါးစိုက်ခင်းတွေ တည်ထောင်ထုတ်လုပ်ရေး၊ ဝါးထုတ်ကုန်တွေ ထုတ်လုပ်ရေးကဏ္ဍတွေကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဝါးပင်တွေ ရှင်သန်ပေါက်ရောက်ရာ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဂျပန်စတဲ့ နိုင်ငံတွေမှာ ဝါးနဲ့ပတ်သက်တဲ့ ပရိဘောဂတွေ၊ လူ့အသုံးအဆောင်တွေ၊ အိမ်သုံးပစ္စည်းတွေ၊ အိမ်အလှဆင်ပစ္စည်းတွေ ထုတ်လုပ်နေကြပြီး နိုင်ငံတကာဈေးကွက်တွေမှာ နေရာယူနေကြပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံက ဝါးအခြေခံလက်မှုပစ္စည်းတွေက ပြည်တွင်းဈေးကွက်မှာအရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေသလို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြည်ပဝင်ငွေရရှိနေပါတယ်။ သွင်းကုန်အစားထိုး ပြည်ပပို့ကုန်အဖြစ် ခေတ်မီဆန်းသစ်တဲ့ ထုတ်ကုန်အရည်အသွေး၊ နိုင်ငံတကာဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းနဲ့ ထုတ်လုပ်မှုစွမ်းရည်တွေ တိုးမြင့်နိုင်မယ် ဆိုရင် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိစေနိုင်တဲ့ စီးပွားရေးကဏ္ဍတစ်ခုဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ရွှေလိုပဲ အဖိုးတန်တဲ့အတွက် ရွှေစိမ်းလို့ တင်စားနိုင်တဲ့ မြန်မာ့ဝါးမျိုးစိတ်တွေကို စနစ်တကျ စီမံလုပ်ကိုင်ခြင်းဖြင့် လူသားတွေအတွက် အသုံးဝင်လှတဲ့ ဝါးသယံဇာတအရင်းအမြစ်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းကြပါစို့လို့ တိုက်တွန်းလိုပါတယ်။ ။
