Skip to main content

သဘာဝမြေဩဇာသုံးစွဲခြင်းမှသည် စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားရေးသို့ 

သျှင်မေ

ယနေ့ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးကဏ္ဍက စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရသည်။ လူဦးရေတိုးပွားလာမှုကြောင့် စားရေရိက္ခာလိုအပ်ချက်များ မြင့်တက်လာသကဲ့သို့ ရာသီဥတုပြောင်းလဲမှု၊ မြေဆီလွှာအရည်အသွေးကျဆင်းမှုနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်မှုတို့က စိုက်ပျိုးရေးလုပ်ငန်းများကို ပိုမိုခက်ခဲစေသည်။ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးအခြေခံသည့် နိုင်ငံအတွက် ယင်းပြဿနာများက တိုက်ရိုက်သက်ရောက်မှုရှိပြီး တောင်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် နိုင်ငံ၏စားရေရိက္ခာဖူလုံရေးကိုပါ သက်ရောက်စေသည်။

လက်ရှိအခြေအနေများအရ လောင်စာဆီဈေးနှုန်းများတိုးတက်လာမှုနှင့်အတူ ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် စိုက်ပျိုးရေးကုန်ကျစရိတ်များလည်း မြင့်တက်လာခဲ့သည်ကို တွေ့မြင်ရသည်။ ယင်းအခြေအနေတွင် သဘာဝမြေဩဇာကို ပိုမိုအသုံးပြုခြင်းဖြင့် လက်တွေ့ကျပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍမြင့်မားမှုကို မြော်တွေးကြံဆကြရမည်ဖြစ်သည်။

သဘာဝမြေဩဇာဆိုသည်မှာ

သဘာဝမြေဩဇာသည် သီးနှံထုတ်လုပ်မှုကိုသာမက မြေဆီလွှာ၏ သက်တမ်းနှင့် အရည်အသွေးကိုပါ ထိန်းသိမ်းပေးနိုင်သည်။ ဓာတ်မြေဩဇာများက အချိန်တိုအတွင်း ထုတ်လုပ်မှုတိုးတက်စေနိုင်သော်လည်း မြေဆီလွှာ၏ သဘာဝဇီဝစနစ်ကို ပျက်စီးစေနိုင်ပြီး နောက်ပိုင်းတွင် ထပ်တလဲလဲအသုံးပြုရမည့် အခြေအနေကို ဖြစ်ပေါ်စေတတ်သည်။

ထို့ပြင် သဘာဝမြေဩဇာသည် မြေဆီအတွင်းရှိ အော်ဂဲနစ်ပစ္စည်းပမာဏကို တိုးမြှင့်ပေးပြီး မြေဆီ၏ ဖွဲ့စည်းပုံကို ကောင်းမွန်စေသည်။ ဤအရာသည် အပင်မြစ်များ ပိုမိုကောင်းမွန်စွာကြီးထွားနိုင်ရန် အထောက်အကူဖြစ်စေပြီး သီးနှံထုတ်လုပ်မှုကို ရေရှည်တိုးတက်စေသည်။ သဘာဝမြေဩဇာအသုံးပြုခြင်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်လည်း တိုက်ရိုက်ဆက်နွှယ်သည်။ ဓာတ်မြေဩဇာများကြောင့် ဖြစ်ပေါ်နိုင်သည့် မြေညစ်ညမ်းမှု၊ ရေညစ်ညမ်းမှုများကို လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်သည်။

သဘာဝမြေဩဇာတွင် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်နှင့် ပိုတက်စီယမ်ဓာတ်များအပြင် အပင်အတွက် လိုအပ်သည့် အာဟာရဓာတ်များ စုပ်ယူနိုင်စွမ်းမြင့်တက်စေသည့် သက်ရှိဇီဝဗက်တီးရီးယားများ၏ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးသည်။ မြေဆီလွှာဖွဲ့စည်းပုံစနစ်တွင် လေဝင်လေထွက်ကောင်းစေပြီး မြေဆီလွှာဖွဲ့စည်းပုံကို အားကောင်းစေသဖြင့် မြေဆီလွှာအတွင်း ရေထိန်းထားနိုင်ပြီး အမြစ်ဆင်းရာတွင် အထောက်အကူပြုနိုင်ပါသည်။ တစ်ဆက်တည်းမှာပင် သဘာဝမြေဩဇာမှ ထွက်ရှိသည့် အမိုးနီးယားနှင့် အဏုဇီဝပိုးများကြောင့် ဖျက်ပိုးအချို့ မလာရောက်အောင် ကာကွယ်ပေးနိုင်သည်။

သဘာဝမြေဩဇာက ကာဗွန်သိုလှောင်မှု (carbon sequestration) ကိုလည်း တိုးတက်စေပြီး လေထုအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏကို လျှော့ချရာတွင် အထောက်အကူဖြစ်စေသည်ဟု အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးလေ့လာမှုများတွင် ဖော်ပြထားသည်။ ယင်းသည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် စိုက်ပျိုးရေးကဏ္ဍမှတစ်ဆင့် အကျိုးပြုမှုပင်ဖြစ်သည်။

သဘာဝမြေဩဇာ၏ အကျိုးကျေးဇူးများကို သီးသန့်ခွဲခြမ်းကြည့်မည်ဆိုပါက ကောင်းကျိုးတစ်ခုမှာ မြေဆီလွှာအရည်အသွေးတိုးတက်မှု ဖြစ်သည်။ သဘာဝမြေဩဇာသည် မြေဆီကို ပိုမိုပေါ့ပါးစေပြီး လေဝင်လေထွက်ကောင်းစေသည်။ ထို့ကြောင့် အပင်မြစ်များ ပိုမိုနက်ရှိုင်းစွာ ဆင်းသွားနိုင်ပြီး အာဟာရများကို ပိုမိုထိရောက်စွာ စုပ်ယူနိုင်သည်။

ဒုတိယကောင်းကျိုးမှာ ရေထိန်းနိုင်စွမ်း တိုးတက်မှုဖြစ်သည်။ သဘာဝမြေဩဇာတွင် ပါဝင်သော အော်ဂဲနစ်ပစ္စည်းများသည် ရေကို သိုလှောင်နိုင်သဖြင့် ရေရှားပါးမှုကို ခံနိုင်ရည်မြင့်စေသည်။ အချို့သုတေသနများအရ အော်ဂဲနစ်ပစ္စည်း တစ်ရာခိုင်နှုန်းတိုးလာပါက မြေဆီ၏ ရေထိန်းနိုင်မှုသည် ထင်ရှားစွာ တိုးတက်လာနိုင်ကြောင်း တွေ့ရှိရသည်။

တတိယကောင်းကျိုးမှာ အာဟာရဓာတ်ဖြန့်ဝေမှု ညီမျှခြင်းဖြစ်သည်။ သဘာဝမြေဩဇာသည် အာဟာရဓာတ်များကို တဖြည်းဖြည်း ဖြန့်ဝေသဖြင့် သီးနှံများအတွက် အချိန်ကြာရှည်အသုံးဝင်သည်။ ထို့ပြင် အခြားကောင်းကျိုးမှာ စိုက်ပျိုးရေးကုန်ကျစရိတ်လျှော့ချနိုင်မှုဖြစ်သည်။ အထူးသဖြင့် အိမ်တွင်းနှင့် လယ်ယာအတွင်းရှိ အရင်းအမြစ်များကို အသုံးပြုနိုင်ခြင်းကြောင့် တောင်သူများ၏ ပြင်ပမှ ဝယ်ယူရမည့် စရိတ်များကို လျှော့ချပေးနိုင်မည်ဖြစ်သည်။

လက်တွေ့အသုံးချမှုများနှင့် နည်းပညာပေါင်းစပ်အသုံးပြုမှု

တိရစ္ဆာန်များက စွန့်ပစ်သည့် မစင်၊ အညစ် အကြေး၊ အမျှင်နှင့် အခြားသစ်ရွက်ခြောက်များတွင် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်နှင့် ပိုတက်စီယမ်တို့ အများအပြားပါဝင်လျက်ရှိပြီး ယင်းတို့သည် စိုက်ပျိုးရေးအတွက် မြေဆီလွှာကောင်းမွန်စေသကဲ့သို့ အထွက်နှုန်းကိုလည်း တိုးတက်စေသည်။ သဘာဝမြေဩဇာကို အသုံးပြုရာတွင် စနစ်တကျလုပ်ဆောင်ခြင်းသည် အရေးကြီးသည်။ ကာဗွန်နှင့် နိုက်ထရိုဂျင် အချိုး (C:Nratio)ကို သင့်တော်စွာ ထိန်းထားရမည်ဖြစ်ပြီး အများအားဖြင့် 25:1 မှ 30:1 အချိုးသည် သင့်တော်ကြောင်း စိုက်ပျိုးရေးပညာရှင်များက အကြံပြုထားကြသည်။

ထို့ပြင် အပူချိန်ကို ၅၅ ဒီဂရီဆဲလ်စီးယပ်စ်ဝန်းကျင်ထိရောက်ရှိစေရန် ထိန်းချုပ်နိုင်ပါက ပိုးမွှားများနှင့် ရောဂါဖြစ်စေသော ဗက်တီးရီးယားများကို ဖယ်ရှားနိုင်သည်။ ထိုကဲ့သို့ စနစ်တကျပြုလုပ်ထားသည့် သဘာဝမြေဩဇာမှာ အရည်အသွေးမြင့် မြေဩဇာအဖြစ်အသုံးဝင်သည်။ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို ပေါင်းစပ်အသုံးပြုခြင်း (Integrated Nutrient Management) သည်လည်း အထူးအသုံးဝင်သည်။ ယင်းနည်းလမ်းသည် ထုတ်လုပ်မှုကို ထိန်းသိမ်းထားစေပြီး မြေဆီအရည်အသွေးကို မပျက်စီးစေဘဲ တည်တံ့စေသည်။ ဆိုရလျှင် ထိုနည်းလမ်းများနှင့်အတူ စိုက်ပျိုးရေးတွင် နေရောင်ခြည် စွမ်းအင်အသုံးပြုမှု၊ ရေထိန်းစနစ်များနှင့် ပေါင်းစပ်လုပ်ဆောင်ခြင်းသည် အရင်းအမြစ်အသုံးချမှုကို ပိုမိုထိရောက်စေမည်ဖြစ်ပါသည်။

သို့သော် သဘာဝမြေဩဇာကို စနစ်တကျ ကိုင်တွယ်နိုင်ခြင်းအားနည်းပါက ပတ်ဝန်းကျင်ကို အနံ့အသက်ဆိုးများဖြစ်စေခြင်း၊ သယ်ယူသိုလှောင်စရိတ်မြင့်မားခြင်း၊ အမိုးနီးယားဓာတ်ငွေ့ ထုတ်လွှတ်ခြင်းကြောင့် လေထုကိုညစ်ညမ်းစေသကဲ့သို့ ရေနှင့် ထိတွေ့ပါက အနံ့ဆိုးများထွက်စေခြင်း၊ အခြားဓာတ်ငွေ့များဖြင့် ဓာတ်ပြုပါက အဆိပ်အတောက်ဖြစ်ခြင်းစသည့် အခက်အခဲများကိုလည်း စနစ်တကျ ထုတ်လုပ်၊ သိုလှောင်၊ အသုံးပြုခြင်းများဖြင့် ဖြေရှင်းဆောင်ရွက်မည်ဆိုပါက သဘာဝမြေဩဇာကို ကောင်းစွာအသုံးပြုနိုင်မည်ဟု စိုက်ပျိုးရေးပညာရှင်များက ဆိုကြသည်။

မြန်မာနိုင်ငံအတွက် လက်တွေ့ကျသော လမ်းကြောင်း

မြန်မာနိုင်ငံတွင် သဘာဝမြေဩဇာအသုံးပြုမှုတိုးမြှင့်ရန် အခွင့်အလမ်းများများစွာရှိသည်။ လယ်ယာအပင်အကျန်များ၊ တိရစ္ဆာန်အညစ်အကြေးများနှင့် သဘာဝပစ္စည်းများကို စနစ်တကျစုစည်း အသုံးပြုနိုင်ပါက ဓာတ်မြေဩဇာအပေါ် မှီခိုမှုကို သိသိသာသာလျှော့ချနိုင်မည်ဖြစ်သည်။ ထို့ပြင် တောင်သူများအတွက် သင်တန်းများ၊ လက်တွေ့ပြသမှုများ ပြုလုပ်ပေးခြင်းသည်လည်း အရေးကြီးသည်။ နည်းပညာအသုံးချမှုကို မြှင့်တင်ရန် စိုက်ပျိုးရေးဆိုင်ရာ သုတေသနအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။

နိုင်ငံတကာအတွေ့အကြုံများနှင့် သင်ခန်းစာများ

နိုင်ငံတကာတွင် Organic Agriculture ကို တိုးမြှင့်အသုံးပြုလာကြပြီး စိုက်ပျိုးရေးစနစ်များကို ပိုမိုတည်တံ့စေရန် ကြိုးပမ်းနေကြသည်။ အိန္ဒိယနိုင်ငံတွင် Sikkim ပြည်နယ်သည် ၁၀၀ ရာခိုင်နှုန်း Organic Farming ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်တွင် ဥပမာတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

ဥရောပသမဂ္ဂတွင်လည်း Organic Farming ကို ၂၀၃၀ ပြည့်နှစ်တွင် လယ်ယာမြေ ၂၅ ရာခိုင်နှုန်း အထိ တိုးမြှင့်ရန် ရည်မှန်းထားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးစားပေးဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း မူဝါဒ၊ နည်းပညာနှင့် တောင်သူပညာရေးကို ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း သိမြင်နိုင်သည်။

ယနေ့စိုက်ပျိုးရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်လျှော့ချခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် စားရေရိက္ခာလုံလောက်ရေးတို့ကို အောင်မြင်စေရန် သဘာဝမြေဩဇာအသုံးပြုမှု တိုးမြှင့်ရေးသည် မဖြစ်မနေလိုအပ်လာပြီ ဖြစ်သည်။

သဘာဝမြေဩဇာသည် တောင်သူများအတွက် သာမက တစ်နိုင်ငံလုံးအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သော အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၊ တောင်သူများနှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများပူးပေါင်းဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် ပိုမိုတိုးတက်လာမည်မှာ မလွဲမသွေဖြစ်သည်။

အနာဂတ်တွင် သဘာဝမြေဩဇာကို အခြေခံသည့် စိုက်ပျိုးရေးစနစ်များ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး ယင်းသည် စားရေရိက္ခာလုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်ပြိုင်နက်တည်း အောင်မြင်စေမည့် လမ်းကြောင်းတစ်ခုဖြစ်လာမည်ဟု ယုံကြည်မိပါတော့သည်။ ။