၂၀၂၀ ရွေးကောက်ပွဲရက်များနှင့် နိုင်ငံပိုင်သတင်းစာ
(ယမန်နေ့မှအဆက်)
ပြည်သူအတွက် ကြိုတင်အသိပညာဖြန့်ဝေခဲ့
နိုင်ငံပိုင်သတင်းစာများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းတာဝန်များဖြစ်သည့် ရွေးကောက် တင်မြှောက်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်မှုသတင်းများကို ယခုနှစ်ဆန်းပိုင်းကတည်းက ဖော်ပြနိုင်ခဲ့ကြသည်။ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် ဖွဲ့စည်းခြင်း၊ မဲဆန္ဒနယ်များသတ်မှတ်ခြင်း၊ မဲစာရင်း များပြုစုခြင်း သတင်းများ၊ နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်းသတင်းများ၊ ဆန္ဒမဲလက်မှတ်များကို မဲရုံများထံ စနစ်တကျသယ်ယူပေးပို့သည့် သတင်းများ အစရှိသည့် သတင်းများကို နေ့စဉ်ဖော်ပြပေးနိုင်ခဲ့ပါသည်။
သတင်းစာများတွင် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ရွေးကောက်ပွဲအကြိုကာလတစ်လျှောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၏ ဒေသအသီးသီးသို့ သွားရောက်၍ မဲရုံများစစ်ဆေးခြင်း၊ ပြည်သူများ၏ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝ ရရှိနိုင်စေရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ၊ တိုင်းဒေသကြီးနှင့် ခရိုင်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများ ဖွဲ့စည်းပေးခြင်းများ၊ မဲရုံများ ကြိုတင်ပြင်ဆင်ခြင်းသတင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ အထူးရဲများ လေ့ကျင့်ပေးခြင်းနှင့် မဲရုံတာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူးများအတွက် သင်တန်းဖွင့်လှစ်သည့် သတင်းများကို နေ့စဉ်ဖော်ပြနိုင်ခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် ပညာပေးအချက်အလက်များအပြင် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအားလုံး နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်ရေးအတွက် ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံသံရုံးများသို့ မဲလက်မှတ်များ အချိန်မီတင်ပို့နိုင်မှု အခြေ အနေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံအသီးသီးရှိ မြန်မာသံရုံးများမှ သက်ဆိုင်ရာ မြန်မာနိုင်ငံသားများသို့ အသိပေးချက်များ၊ ကြိုတင်ဆန္ဒမဲ ပေးအပ်နိုင်ရန်အတွက် လမ်းညွှန်မှုများနှင့် ကြိုတင်ဆန္ဒမဲပေးခြင်း သတင်းများကိုလည်း ဆက်သွယ်ရယူပြီး ဖော်ပြပေးနိုင်ခဲ့ပါသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီမှထုတ်ပြန်ထားသည့် ကျန်းမာရေးနှင့် အညီ ဆန္ဒမဲပေးနိုင်စေရန် အသိပေးချက်များကို သတင်းများ၊ ထုတ်ပြန်ချက်များ၊ တွေ့ဆုံမေးမြန်းခန်းများအဖြစ် ရွေးကောက်ပွဲ မတိုင်မီ ရက်ပေါင်း ၁၀၀ အတွင်း ဖော်ပြပေးနိုင်ခဲ့ပါသည်။ ထို့ပြင် ရွေးကောက်ပွဲအတွက် ကျန်းမာရေးပစ္စည်းများ ရောက်ရှိ ဖြန့်ဖြူးနေမှု၊ နိုင်ငံသားဆိုင်ရာ အသိပညာနှင့် ဆန္ဒမဲ ဆိုင်ရာ အသိပညာပေးမှုများစွာကို ဖော်ပြ နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
သတင်းယူရန် လျာထားခဲ့
ထို့ပြင် ရွေးကောက်ပွဲကျင်းပနေစဉ်နှင့် မဲစာရင်းရေတွက်စဉ်ကာလအတွင်း နိုင်ငံပိုင် သတင်းစာများတွင် သတင်းဖော်ပြပေးနိုင်ရန် အတွက် နေပြည်တော်ကောင်စီအပါအဝင် တစ်နိုင်ငံလုံးတွင် တိုက်ပိုင်သတင်းထောက် များ၊ ဒေသခံသတင်းထောက်များ စုစုပေါင်း ၈၈ ဦးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ၅၂၂ ဦးတို့ကို သတ်မှတ် ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က သတ်မှတ်ထားသည့် သတင်းရယူခွင့် အသိအမှတ်ပြုကတ်ပြားများ တပ်ဆင်၍ ရွေးကောက်ပွဲ သတင်းရယူခြင်းဆိုင်ရာ လိုက်နာရမည့် သတင်းမီဒီယာကျင့်ဝတ်များ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ချမှတ် ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက် သတင်းရယူနိုင်ရန် အတွက် ပြင်ဆင်ထားရှိခဲ့ပါသည်။
စာဖတ်ပရိသတ်များ၏ အကြံဉာဏ်များရယူ
ရွေးကောက်ပွဲကာလတွင် သာမက နိုင်ငံပိုင်သတင်းစာများနှင့် ပတ်သက်လာ ပါက မကြာခဏ ဝေဖန်ခံရခြင်းများ ကြုံတွေ့ နေရစမြဲဖြစ်ပါသည်။ နိုင်ငံပိုင်သတင်းစာများ၏ ဆက်လက်ရှင်သန်ရပ်တည်နိုင်ခြင်းသည် အားပေးဖတ်ရှုသူ ပြည်သူများကြောင့်သာ ဆက်လက်တည်ရှိနေခြင်း ဖြစ်ပါသည်။ နိုင်ငံပိုင် သတင်းစာများနှင့်ပတ်သက်၍ သတင်းအရည်အသွေး၊ ပုံနှိပ်အရည်အသွေးနှင့် သတင်းခန်းအရည်အသွေးများ မြှင့်တင်ရေး အတွက် စာရေးသူ အလုပ်ဝင်ရောက်သည့် ဆယ်စုနှစ် တစ်စုစာအတွင်း သက်ဆိုင်ရာ ဌာနအကြီးအကဲများက သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပကာ အရည် အသွေးမြှင့်တင်ပေးခဲ့သည်ကိုလည်း ကြုံတွေ့ ခဲ့ရပါသည်။ သတင်းများကိုလည်း သတင်း အင်္ဂါရပ်၊ သတင်းအရည်အသွေး ပြည့်မီမှု ရှိစေရန် ပြင်ပသတင်းအတတ်ပညာရှင်များ ဖိတ်ခေါ်ကာ သင်ကြားလေ့လာမှုများ၊ ပြည်တွင်း၊ ပြည်ပ သတင်းအတတ်ပညာ ဆွေးနွေးပွဲများ တက်ရောက်စေခြင်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ သတင်းမီဒီယာ ပလက်ဖောင်းများဖြစ်သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ နိုင်ငံပိုင်သတင်းစာများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် နေ့စဉ် သတင်း တင်ဆက်မှု ညှိနှိုင်းဆောင်ရွက်ခြင်းများကို ဗီဒီယိုကွန်ဖရင့်ဖြင့်ဆောင်ရွက်၍ ပိုမိုကောင်းမွန်သည့် သတင်းဖော်ပြနိုင်ရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။
နိုင်ငံပိုင်မီဒီယာများအနေဖြင့် ဒီမိုကရေစီအစိုးရလက်ထက်တွင် ပြည်သူနှင့်အစိုးရကြား ပေါင်းကူးပေးခြင်းကိုသာ ဆောင်ရွက်လျက် ရှိပြီး မိမိတို့နှင့် သဘောထား အမြင်မတူသူများအား ဖိနှိပ်ခြင်း၊ ဝါဒဖြန့်ချိခြင်းတို့ကို လုံးဝ လုပ်ဆောင်ခြင်းမရှိ သည်ကို ယခင် ယခု နှိုင်းယှဉ်ဖတ်ရှုကြသည့် စာဖတ်ပရိသတ်များ သိရှိသတိထားမိမည်ဟု ယုံကြည်ပါသည်။ မိမိတို့နှင့် သဘောထားအမြင် မတူသူများ၏ ဆောင်းပါးများ၊ ရေးသားချက်များကိုပါ “ပြည်သူ့သဘောထားစင်မြင့်”ဟု ကဏ္ဍတစ်ရပ်ဖွင့်လှစ်၍ ဖော်ပြပေးခြင်းများ လည်း ရှိပါသည်။
သို့သော် နိုင်ငံပိုင်သတင်းစာများ ဖြစ်သဖြင့် ယမန်နေ့က တင်ပြသကဲ့သို့ စာဖတ်သူ ပရိသတ်များနှင့် အစိုးရအကြား သတင်း ပြန်ကြားပေးရမည့်တာဝန်ကို အပြည့်အဝ ထမ်းဆောင်နေကြရသဖြင့် အစိုးရအဖွဲ့ရုံး၊ ဌာနများ၏ ဌာနဆိုင်ရာ သတင်းထုတ်ပြန် ခြင်းများ၊ အချက်အလက်ကိန်းဂဏန်း ပြန်ကြားပေးရမှု များတွင် အချက်အလက်မှန်ကန်ရေး၊ သတင်းခိုင်မာမျှတရေးကို ဦးစားပေးဆောင်ရွက်ရပါသည်။ အများပြည်သူ စိတ်ဝင်စားဖွယ် သတင်းဖော်ပြမှုပုံစံအဖြစ် ပြောင်းလဲနိုင်ရန် ကြိုးပမ်းနေပါသည်။ အများပြည်သူ သတင်းသိပိုင်ခွင့်အတွက် လိုအပ်သော အကြံပြုချက်များ၊ ဝေဖန်ချက်များပေးပို့လာသည့် စာဖတ်သူများ၏ စကားသံ များကို အစဉ်နားစွင့်၍ လိုအပ် ချက်များကိုလည်း ဖြည့်ဆည်းလျက် ရှိပါ သည်။
၂၀၂၀ ပြည့်နှစ်
ရွေးကောက်ပွဲ အထူးစာမျက်နှာများ
ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာသည်နှင့်တစ်ပြိုင်နက် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ ပိုမိုပြည့်စုံစွာ ဖော်ပြနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ခဲ့ကြပါသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၃ ရက်နေ့ကလည်း ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် ဌာနအကြီးအကဲများသည် နိုင်ငံပိုင် သတင်းစာတိုက်များမှ စာတည်းအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲကာလအတွင်း သတင်းအချက်အလက်ခိုင်မာ၍ ဘက်မလိုက် မျှတသည့်သတင်းများဖော်ပြပါရှိရေး၊ ရွေးကောက်ပွဲရလဒ်များကို အများပြည်သူတို့ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် နိုင်ငံပိုင်သတင်းစာများ၊ အွန်လိုင်းသတင်းစာ နှင့် လူမှုကွန်ရက်များတွင် ဖော်ပြနိုင်ရေး၊ ရလဒ်များကို ထုတ်ပြန်ကြေညာချက်စာရင်းများအပြင် ဖတ်ရှုရလွယ်ကူစေရေးအတွက် အခြေပြဇယားများ ရေးဆွဲဖော်ပြရေး၊ အမှား အယွင်း ကင်းစင်ရေးတို့အတွက် ဆွေးနွေးညှိနှိုင်းပေးခဲ့ကြသဖြင့် နိုင်ငံပိုင်သတင်းစာများသည် အထွေထွေရွေးကောက်ပွဲကျင်းပစဉ်နှင့် ရလဒ်များပေါ်ထွက်လာချိန်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အထူးစာမျက်နှာများဖွဲ့စည်း၍ သတင်းဖော်ပြပေးနိုင်ရန် အတွက် ပြင်ဆင်နေခဲ့ကြပြီဖြစ်ပါသည်။
ခင်ရတနာ
(ဆက်လက်ဖော်ပြပါမည်)