Skip to main content

“စုံ”ရက်၊ “မ”ရက် ခွဲခြား၍ မော်တော်ယာဉ်မောင်းနှင်သည့်စနစ် (Odd-Even Rationing) အကြောင်း သိကောင်းစရာ

အဖြူရောင်မြင်ကွင်း

အခု အရှေ့အလယ်ပိုင်းမှာ အီရန်ကို အစ္စရေးနဲ့ အမေရိကန်နိုင်ငံတို့ ကျူးကျော်လို့ စစ်ဖြစ်နေပါတယ်။ အီရန်က ဟော်မုတ်စ်ရေလက်ကြားကို ပိတ်ပစ်တဲ့အခါ ကမ္ဘာ့စွမ်းအင်ဈေးကွက်ဟာ အကြီးအကျယ် ထိခိုက်ပျက်ယွင်းသွားပါတယ်။ နိုင်ငံကြီးတွေတောင် စက်သုံးဆီကိစ္စ ခေါင်းခဲနေရတဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း စက်သုံးဆီမပြတ်လပ်စေရေးနဲ့ နိုင်ငံ့အရေးကြီးအုပ်ချုပ်မှုယန္တရားလုပ်ငန်းစဉ်များ မထိခိုက်စေရေး စက်သုံးဆီသုံးစွဲမှုကို စနစ်တကျစီမံခန့်ခွဲရန် လိုအပ်လာခဲ့ပါတယ်။

သမိုင်းကြောင်းအရ စက်သုံးဆီလိုအပ်မှုပြဿနာကို ဖြေရှင်းနိုင်ရန် “စုံ”ရက်၊ “မ”ရက် ခွဲခြား၍ မော်တော်ယာဉ်ကန့်သတ်မောင်းနှင်တဲ့လုပ်ငန်းစဉ်ကို ၁၉၇၃-၇၄ ခုနှစ်နှင့် ၁၉၇၉ ခုနှစ်များတွင် Oil Crisis ကြောင့် အာရပ်နိုင်ငံများက ရေနံတင်ပို့မှုကို ပိတ်ဆို့ခဲ့တဲ့အတွက် အမေရိကန်နိုင်ငံမှ စတင်ကျင့်သုံးခဲ့ပါတယ်။ အထူးသဖြင့် မော်တော်ယာဉ်လိုင်စင်နံပါတ်ပြား၏ နောက်ဆုံးဂဏန်းကိုကြည့်၍ လစဉ် စုံရက်/မရက်များနှင့် ကိုက်ညှိပြီး မော်တော်ယာဉ်မောင်းနှင်ခွင့် ကန့်သတ်ခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စု နယူးယောက်၊ နယူးဂျာစီ၊ ပင်ဆယ်ဗေးနီးယားပြည်နယ်များ၊ မက္ကဆီကိုနိုင်ငံ မက္ကဆီကိုမြို့၊ အီတလီနိုင်ငံ ရောမမြို့နှင့် မီလန်မြို့၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့၊ တရုတ်နိုင်ငံ ပေကျင်းမြို့၊ အိန္ဒိယနိုင်ငံ ဒေလီမြို့၊ ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တို့မှာလည်း ကျင့်သုံးခဲ့ကြပါတယ်။

အခြားလုပ်ငန်းအနေဖြင့် မော်တော်ယာဉ်မောင်းနှင်မှု ကန့်သတ်ခြင်းသာမဟုတ်ဘဲ “စုံ”ရက်၊ “မ”ရက် ကန့်သတ်ပြီး စက်သုံးဆီရောင်းချသည့်စနစ်ကိုလည်း အမေရိကန်နိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံများတွင် ကျင့်သုံးခဲ့ပါတယ်။ လုပ်ဆောင်မှုအနေဖြင့် လိုင်စင်နံပါတ်ပြား နောက်ဆုံးဂဏန်း ၁၊ ၃၊ ၅၊ ၇၊ ၉ ဖြစ်ပါက လစဉ် “မ” ရက်များတွင်သာ စက်သုံးဆီ ဝယ်ယူခွင့်ပြုခြင်းနှင့် လိုင်စင်နံပါတ်ပြား နောက်ဆုံးဂဏန်း ၀၊ ၂၊ ၄၊ ၆၊ ၈ ဖြစ်ပါက “စုံ”ရက်များတွင်သာ စက်သုံးဆီဝယ်ယူခွင့် ကန့်သတ်ဆောင်ရွက်ပေးခြင်းနှင့် ယာဉ်မှတ်ပုံတင်ထားသော ပြည်နယ်ဒေသအတွင်းသာ သွားလာစေခြင်းစသည့် စနစ်များ သတ်မှတ် ကျင့်သုံးခြင်းကြောင့်လည်း စက်သုံးဆီသုံးစွဲမှုပမာဏကို တစ်ရက်လျှင် ယခင်ကာလထက် ထက်ဝက်ခန့် လျှော့ချနိုင်ခဲ့ပါတယ်။

ထို့အပြင် “စုံ”ရက်၊ “မ”ရက် ခွဲခြားကာ မော်တော်ယာဉ်မောင်းနှင်ခြင်းသာမက မော်တော်ယာဉ်မသုံးစွဲရနေ့ (Dry Day) သတ်မှတ်ပြီး မော်တော်ယာဉ်မောင်းနှင်မှုကန့်သတ်ခြင်းကို ဖိလစ်ပိုင်နိုင်ငံ၊ အိုက်စလန်နိုင်ငံ၊ ယူဂန္ဓာနိုင်ငံတို့တွင်လည်း တနင်္ဂနွေနေ့တစ်ရက်အား (Car-Free Sunday) ကားမသုံးစွဲရ တနင်္ဂနွေနေ့အဖြစ် သတ်မှတ်ခဲ့ကြသလို နှစ်စဉ် စက်တင်ဘာလ ၂၂ ရက်နေ့ကို (World Car-Free Day) ကား မသုံးစွဲရနေ့အဖြစ် သတ်မှတ်ကျင့်သုံးခဲ့ကြပါတယ်။ မော်တော်ယာဉ် မသုံးစွဲရအစီအမံများကို စက်သုံးဆီလိုအပ်မှုပြဿနာ၊ လေထုညစ်ညမ်းမှုပြဿနာ၊ ယာဉ်ကြောပိတ်ဆို့မှုပြဿနာတို့ကို လျှော့ချရန်အတွက်သာမက ပြည်သူများအတွက် စိမ်းလန်းသန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော လူမှုအသိုင်းအဝိုင်းနှင့် ရေရှည်တည်တံ့သော မြို့ပြဘဝကို ဖန်တီးနိုင်ရန်အတွက်ကိုလည်း မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။

စက်သုံးဆီလိုအပ်မှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက်သာမက ယာဉ်ကြောကျပ်တည်းမှုနှင့် လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းနိုင်ရန် “စုံ”ရက်၊ “မ”ရက် ကန့်သတ်၍ မော်တော်ယာဉ်မောင်းနှင်စေ သည့်စနစ်ကိုလည်း ၂၀၁၆ ခုနှစ်မှာ အိန္ဒိယနိုင်ငံ ဒေလီမြို့၌ လေထုညစ်ညမ်းမှု (Air Pollution)ကို လျှော့ချနိုင်ရန် စတင်ဆောင်ရွက်ခဲ့ပါတယ်။ ရလဒ်အနေဖြင့် လမ်းပေါ်မှာ ကားအစီးရေ ၅၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့ပြီး မီးခိုးထွက်ရှိမှုကို ကန့်သတ်နိုင်ခဲ့ပါတယ်။ နိုင်ငံတကာ မှာ “စုံ”ရက်၊ “မ”ရက် ရာရှင်စနစ် (Odd-Even Rationing) ကျင့်သုံးရခြင်းရဲ့ အဓိကကာလသုံးခုကတော့

(က) စစ်ပွဲဖြစ်ပွားစဉ်၊ သို့မဟုတ် ရေနံတင်သွင်းမှုပိတ်ဆို့ ရပ်ဆိုင်းသွားချိန်။

( ခ ) နိုင်ငံခြားငွေပြတ်လပ်၍ စက်သုံးဆီအလုံအလောက် မဝယ်နိုင်ချိန်။

(ဂ) မြို့ကြီးများတွင် လေထုညစ်ညမ်းမှုနှင့် ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချရန်လိုအပ်သည့်အချိန်တို့ ဖြစ်ပါတယ်။

စက်သုံးဆီလိုအပ်တဲ့ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် “စုံ” ရက်၊ “မ” ရက်ခွဲခြားပြီး မော်တော်ယာဉ်ကန့်သတ်မောင်းနှင်ခြင်း၊ ကန့်သတ်စက်သုံးဆီရောင်းချခြင်းလုပ်ငန်းကို အမေရိကန်ပြည်ထောင်စု၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ နယ်သာလန်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့မှာ ကျင့်သုံးခဲ့ကြပါတယ်။ အလားတူ လေထုညစ်ညမ်းမှုလျှော့ချရန် အတွက် “စုံ” ရက်၊ “မ” ရက်ခွဲခြားကာ ကန့်သတ်ခြင်းကို မက္ကဆီကိုနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ကိုလံဘီယာနိုင်ငံ၊ အီတလီနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အိုက်စလန်နိုင်ငံနှင့် ယူဂန္ဓာနိုင်ငံတို့မှာ ကျင့်သုံးခဲ့ပါတယ်။ ယာဉ်ကြောကျပ်တည်းမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် အာရှနိုင်ငံများဖြစ်သော အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၊ ဖိလစ်ပိုင်နိုင်ငံနှင့် မနီလာမြို့တို့မှာ ဆောင်ရွက်ခဲ့ပါတယ်။ ကိုယ့်နိုင်ငံအခြေအနေနှင့် လျော်ကန်ကိုက်ညီအောင် စီစဉ်အသုံးပြုခဲ့ကြခြင်းဖြစ်ပါတယ်။

မော်တော်ယာဉ်သုံးစွဲမှုဆိုင်ရာ ကန့်သတ်ဖော်ဆောင်မှုများအနေဖြင့် အာဆီယံဒေသတွင်းရှိ နိုင်ငံအချို့နှင့် မြို့ကြီးများတွင် လိုင်စင်နံပါတ်အပေါ်မူတည်၍ ယာဉ်ကန့်သတ်မှုစနစ်များကို ကျင့်သုံးလျက်ရှိပါတယ်။ သို့သော် ကျင့်သုံးသည့် ပုံစံ၊ ရည်ရွယ်ချက်နှင့် လက်တွေ့ဆောင်ရွက်မှု အသေးစိတ်အစီအစဉ်များသည် မိမိနိုင်ငံ၏ လူဦးရေသိပ်သည်းမှု၊ မော်တော်ယာဉ်ပေါများမှုနှင့် ယာဉ်ကြောကျပ်တည်းမှု ပေါ်မူတည်ပြီး လိုအပ်သလိုစီမံဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရှိရပါ တယ်။

အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျကာတာတွင် အာဏာပိုင်များဟာ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချရန်အတွက် (အထူးသဖြင့် နံနက်နှင့် ညနေယာဉ်ကြောအရှုပ်ဆုံးအချိန်များတွင်) သတ်မှတ်ထားသော လမ်းမကြီးများပေါ်၌ လိုင်စင်နံပါတ်အလိုက် ကန့်သတ်သည့်စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချရန်အတွက် ၂၀၁၆ ခုနှစ်မှ စတင်ကာ “စုံ-မ” စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ သတ်မှတ်ပုံအနေနဲ့ လိုင်စင်နံပါတ်အဆုံးသတ်ဂဏန်းမှာ မ-နံပါတ် (Ganjil) ဂဏန်းဖြစ်သော ကားများဟာ ပြက္ခဒိန်ရက်စွဲ “မ” ရက်များတွင်သာ သတ်မှတ်ထားသောလမ်းမကြီးများပေါ်၌ မောင်းနှင်နိုင်ပါတယ်။ ဥပမာ - မတ်လ ၃ ရက်ဖြစ်ပါက လိုင်စင်နံပါတ်၏ နောက်ဆုံးဂဏန်းသည် “မ” ဂဏန်း (၁၊ ၃၊ ၅၊ ၇၊ ၉)ဖြစ်သော ကားများသာ သတ်မှတ်ထားသောလမ်းများပေါ်တွင် မောင်းနှင်ခွင့်ရှိပါတယ်။ စုံ-နံပါတ် (Genap) ကားများသည် “စုံ” ရက်များတွင်သာ မောင်းနှင်နိုင်ပါတယ်။ ဂျကာတာ၏ စည်းမျဉ်းသည် မြို့တစ်မြို့လုံးတွင် မဟုတ်ဘဲ အဓိကကျသောလမ်းမကြီးများတွင်သာ ကျင့်သုံးပြီး ယာဉ်ကြောအရှုပ်ဆုံးအချိန်များဖြစ်သည့် နံနက် ဝ၆:ဝဝ အချိန်မှ ၁ဝ:ဝဝ အချိန်အထိနှင့် ညနေ ၁၆:ဝဝ အချိန်မှ ၂၁:ဝဝ အချိန်အထိအတွင်းသာ အကျုံးဝင်ပြီး ၎င်းအချိန်ပြင်ပတွင် မည်သည့်ကားမဆို မောင်းနှင်နိုင်ပါတယ်။

၎င်းကို လမ်းပေါ်ရှိ အလိုအလျောက်ဖမ်းယူနိုင်သော အီလက်ထရွန်နစ်ယာဉ်စည်းကမ်းထိန်းသိမ်းရေး (Electronic Traffic Law Enforcement- ETLE) ကင်မရာများဖြင့် စောင့်ကြည့်ပြီး စည်းကမ်း ချိုးဖောက်ပါက SMS နှင့် အီလက်ထရွန်နစ်ငွေပေးချေမှုစနစ်မှတစ်ဆင့် တစ်ကြိမ်ချိုးဖောက်လျှင် အင်ဒိုနီးရှား ရူပီယာ ၅ သိန်းခန့် ဒဏ်ရိုက်ခြင်းကို ပြုလုပ်ပါတယ်။

အများပြည်သူသုံးဘတ်စ်ကားများ၊ မော်တော်ဆိုင်ကယ်များ၊ အရေးပေါ်ယာဉ်များ၊ လျှပ်စစ်ကားများ (EV)၊ သံတမန်ကားများနှင့် (ကြိုတင်မှတ်ပုံတင်ထားသော) မသန်စွမ်းသူသုံးယာဉ်များသည် ဤကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ရရှိပါသည်။ ဂျကာတာ၏စနစ်သည် တစ်နိုင်ငံလုံးအတိုင်းအတာမဟုတ်ဘဲ သတ်မှတ်ထားသောနေရာနှင့် အချိန်အတွင်းသာဖြစ်ပြီး စက်သုံးဆီ ခွဲတမ်းစနစ်ထက် ယာဉ်ကြောစီမံခန့်ခွဲမှုအပေါ် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဓိကအားဖြင့် ယာဉ်ကြောပိတ်ဆို့မှုလျှော့ချရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ စက်သုံးဆီချွေတာရန် သို့မဟုတ် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရန် တိုက်ရိုက်ရည်ရွယ်ခြင်း မဟုတ်သော်လည်း

ယာဉ်ကြောကျပ်တည်းမှုလျော့နည်းခြင်းကြောင့် ကာဗွန်ထုတ်လွှတ်မှုကို လျော့ကျစေနိုင်သကဲ့သို့ စက်သုံးဆီသုံးစွဲမှုကိုလည်း လျော့ကျစေခဲ့ပါသည်။ ထိုကဲ့သို့စနစ်မျိုး အသုံးပြုသည့်ကာလသည် ယခုကဲ့သို့ ကမ္ဘာ့စက်သုံးဆီအကျပ်အတည်းကာလမျိုးမဟုတ်ဘဲ သာမန်အခြေ အနေတစ်ရပ်အတွက်သာ ကျင့်သုံးဖော်ဆောင်ခြင်းဖြစ်ပါတယ်။ ယခုကဲ့သို့ ကမ္ဘာ့စက်သုံးဆီအကျပ်အတည်းရှိသည့် အချိန်ကာလမျိုးဖြစ်ပါက အချိန်ကန့်သတ်ဖော်ဆောင်ရုံသာမကဘဲ အချိန်ပြည့် ဆောင်ရွက်သည့်စနစ်ကို ကျင့်သုံးသင့် ကျင့်သုံးရပါမယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာနဲ့ မြို့အချို့မှာ “Number Coding” သို့မဟုတ် “Color Coding” ဟု လူသိများသော ယာဉ်ပမာဏလျှော့ချရေးအစီအစဉ် (Unified Vehicular Volume Reduction Program-UVVRP) ကို ကျင့်သုံးပြီး လိုင်စင်နံပါတ် အဆုံးသတ်ဂဏန်းအလိုက် ယာဉ်များကို ကန့်သတ်ပါတယ်။ မနီလာမြို့၏ ယာဉ်ပမာဏလျှော့ချရေးအစီအစဉ် (UVVRP) သည် ဒေသတွင်း၌ သက်တမ်းအရှည်ဆုံးစနစ်တစ်ခုဖြစ်ပြီး ၁၉၉၅ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း တွေ့ရပါတယ်။

“မ-စုံ” (၅၀/၅၀) ပုံစံအစား မနီလာမြို့မှာ လိုင်စင်နံပါတ် အဆုံးသတ်ဂဏန်းအလိုက် တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် ကားများကို ကန့်သတ်ထားပါတယ်။ သတ်မှတ်ထားသောနေ့ရက်များတွင် လမ်းမကြီးများကို အသုံးမပြုရန်ဖြစ်သည်။ ရုံးပိတ်ရက်များတွင် မကျင့်သုံးဘဲ ရုံးဖွင့်ရက်ယာဉ်ကြောအရှုပ်ဆုံးအချိန်များတွင် ကျင့်သုံးပါသည်။ ၂၀ ရာခိုင်နှုန်းစည်းမျဉ်းဟုလည်း ခေါ်ဆိုကြပြီး နေ့ရက်အလိုက် ကန့်သတ်ထားမှုများမှာ-

(က) တနင်္လာနေ့- အဆုံးသတ်ဂဏန်း ၁ နှင့် ၂။

( ခ ) အင်္ဂါနေ့- အဆုံးသတ်ဂဏန်း ၃ နှင့် ၄။

( ဂ ) ဗုဒ္ဓဟူးနေ့- အဆုံးသတ်ဂဏန်း ၅ နှင့် ၆။

(ဃ) ကြာသပတေးနေ့- အဆုံးသတ်ဂဏန်း ၇ နှင့် ၈။

( င ) သောကြာနေ့ အဆုံးသတ်ဂဏန်း ၉ နှင့် ၀။

ရည်ရွယ်ချက်မှာ မြို့တော်အတွင်း ယာဉ်ကြောအလွန်အမင်းကျပ်တည်းမှုကို စီမံခန့်ခွဲရန်နှင့် ရုံးဖွင့်ရက်များတွင် လမ်းပေါ်ရှိ ကားအရေအတွက်၏ ၂၀ ရာခိုင်နှုန်းကို ဖယ်ရှားရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သော်လည်း လူနေထူထပ်သော မြို့ပြဇုန်များတွင် လေထုအရည်အသွေးကောင်းမွန်စေရန်နှင့် ညစ်ညမ်းမှုကို လျှော့ချခြင်း၊ စက်သုံးဆီသုံးစွဲမှုလျှော့ချခြင်းစသည့် ကိစ္စရပ်များအတွက် အထောက်အကူဖြစ်စေခဲ့ပါတယ်။ ယခုကဲ့သို့ စက်သုံးဆီရှားပါးသည့် ဖြစ်စဉ်များအတွက်မူ နေရာကန့်သတ်ခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာအထိ အချိန်ကာလတစ်ခု သတ်မှတ်ဖော်ဆောင်ရန်လိုပါမယ်။

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့တွင်လည်း “စုံ-မ” စနစ်ကို ကျင့်သုံးလေ့ရှိပါတယ်။ စက်သုံးဆီကြောင့်ဆိုသည်ထက် လေထုညစ်ညမ်းမှုကို ထိန်းချုပ်ရန်အတွက်သာ ကျင့်သုံးခဲ့ပါတယ်။ လိုင်စင်နံပါတ်၏ နောက်ဆုံးဂဏန်းကိုကြည့်၍ ကန့်သတ်ပါတယ်။ ၎င်းကို တစ်နှစ်ပတ်လုံးကျင့်သုံးခြင်းမဟုတ်ဘဲ လေထုညစ်ညမ်းမှု အလွန်ဆိုးရွားသည့် ဆောင်းရာသီကာလ (နိုဝင်ဘာ/ ဒီဇင်ဘာ) လများတွင်သာ ရက်တို (၁၀ ရက်မှ ၁၅ ရက်ခန့်) အရေးပေါ်ထုတ်ပြန်လေ့ ရှိပါ တယ်။ သို့ရာတွင် ယခုကဲ့သို့ စက်သုံးဆီကျပ်တည်းမှုကာလမျိုးဖြစ်လာသည့်အခါ ကမ္ဘာ့လူဦးရေအများဆုံးစာရင်းဝင် အိန္ဒိယနိုင်ငံအနေဖြင့်လည်း လေထုညစ်ညမ်းမှု တစ်ခုတည်းအတွက်သာမဟုတ်ဘဲ စက်သုံးဆီခြိုးခြံချွေတာနိုင်ရေးအတွက်ကိုလည်း အလေးထားဖော်ဆောင်လာမည်မှာ မလွဲဧကန်ဖြစ်ပါတယ်။

အာရှနိုင်ငံများရှိ Odd-Even စနစ်ကျင့်သုံးမှု အကျိုးရလဒ်အနှစ်ချုပ်အနေဖြင့်-

စင်ကာပူနိုင်ငံတွင် ၁၉၉၈ ခုနှစ်မှ စတင်၍ အီလက်ထရွန်နစ်လမ်းကြေးကောက်ခံမှုစနစ် (ERP) ကို စတင်ခဲ့ပြီး ယာဉ်ကြောအသွားအလာ ၄၅ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ကာ အများပြည်သူသုံးယာဉ်စီးနင်းမှုကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံ (ပေကျင်းမြို့) တွင် ၂၀၀၈ ခုနှစ် အိုလံပစ်ပြိုင်ပွဲမတိုင်မီက စတင်ကျင့်သုံးခဲ့ပြီး ယာဉ်သွားလာမှု ၄၀ ရာခိုင်နှုန်းလျှော့ချနိုင်ခဲ့ကာ ယနေ့အထိ ဆက်လက်ကျင့်သုံးလျက်ရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂၀၁၆ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ယာဉ်မောင်းနှင်နိုင်သည့် အရှိန် ၂၅ ကီလိုမီတာ/ ၂၈.၅ ကီလိုမီတာအထိ တိုးတက်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်တွင်လည်း ပါပူဝါပြည်နယ် အမျိုးသားအားကစားပွဲတော်အတွင်း ယာဉ်ကြောပြဿနာဖြေရှင်းရန် ယာယီကျင့်သုံးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ (ဒေလီမြို့) တွင် ၂၀၁၆ ခုနှစ်မှစတင်၍ လေထုညစ်ညမ်း မှုလျှော့ချရေး ရည်ရွယ်ချက်ဖြင့် စတင်အသုံးပြုခဲ့ပြီး တရုတ်နိုင်ငံ ပေကျင်းမြို့၏မူဝါဒကို အတုယူဖော်ဆောင်ထားခြင်း ဖြစ်ပါတယ်။

သို့သော် စုံ-မ ရက် ကန့်သတ်မောင်းနှင်သည့်စနစ်ကို အကောင်အထည်ဖော်ရာတွင် စိန်ခေါ်မှုများလည်းရှိပါတယ်။ ဂျကာတာမြို့တွင် စတင်ချိန်၌ လူထု၏ မကျေနပ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ချမ်းသာသူများက ကားနံပါတ်၏ စုံ-မ နံပါတ်နှစ်ခုအတွက် ကားနှစ်စီးမဖြစ်မနေ ပိုင်ဆိုင်ရမည်ဟူသော စိုးရိမ်မှုများရှိခဲ့ပါတယ်။ ပါလမ်ဘန်မြို့တွင် အများပြည်သူသုံးယာဉ် ဝန်ဆောင်မှု မလုံလောက်သေးသည့်အတွက် ထိုစနစ်ကို ကျင့်သုံးရန်မသင့်သေးကြောင်း ကျွမ်းကျင်သူများက ထောက်ပြခဲ့ကြပါတယ်။ သို့သော် လက်တွေ့အကောင်အထည်ဖော် ဆောင်ချိန်မှာ တဖြည်းဖြည်းနေသားတကျဖြစ်လာပြီး ဒေသတွင်း ပြည်သူများ၏ အမြင်သည်လည်း တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီး သန့်ရှင်းသပ်ရပ်ကောင်းမွန်သည့် တိုးတက်မှုများအပေါ် အလေးထား လက်ခံကျင့်သုံးလာသည်မှာ ယနေ့ကာလအထိဖြစ်ပါတယ်။

အာဆီယံဒေသတွင်း စက်သုံးဆီသုံးစွဲမှုလျှော့ချရေးနှင့်ပတ်သက်၍ အာဆီယံစက်သုံးဆီ ချွေတာရေးလမ်းပြမြေပုံ (၂၀၁၈-၂၀၂၅) ကို ပြဋ္ဌာန်းပြီး အဖွဲ့ဝင်နိုင်ငံများတွင် စက်သုံးဆီသုံးစွဲမှုနှင့် ယာဉ်များမှ ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလျှော့ချရန် လမ်းညွှန်ပေးသည့် ဒေသတွင်း အဓိကမူဘောင်တစ်ခုအဖြစ် ကျင့်သုံးဖော်ဆောင်လျက်ရှိပါသည်။ ၎င်းကို ဖော်ဆောင်ရာတွင်-

(က)    ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အပေါ့စားယာဉ်အသစ်များ (Light-Duty Vehicles – LDVs) ၏ ကီလိုမီတာ ၁၀၀ လျှင် ပျမ်းမျှစက်သုံးဆီသုံးစွဲမှုကို ၂၆ ရာခိုင်နှုန်းအထိ လျှော့ချရန် ရည်ရွယ်လမ်းညွှန်ထားပါသည်။

(ခ) ဤလမ်းပြမြေပုံသည် ယာဉ်အသစ်များအနေဖြင့် သတ်မှတ်ထားသော စက်သုံးဆီ ချွေတာမှုနှုန်း၊ သို့မဟုတ် ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ထုတ်လွှတ်မှု စွမ်းဆောင်ရည်စံနှုန်းများနှင့် ကိုက်ညီစေရန် အမျိုးသားအဆင့် “စံ”သတ်မှတ်ချက်များ ချမှတ်ရန် တိုက်တွန်းထားပါသည်။

(ဂ) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စက်သုံးဆီသုံးစွဲမှု သို့မဟုတ် CO2 ထုတ်လွှတ်မှုအပေါ်အခြေခံသည့် ယာဉ်အခွန်စနစ်ကို ကျင့်သုံးရန် တိုက်တွန်းထားပါသည်။ ထိုစနစ်တွင် သန့်စင်သော (စွမ်းအင်ချွေတာသော) ယာဉ်များအတွက် အခွန်လျှော့ပေါ့ပေးခြင်း၊ သို့မဟုတ် ပြန်အမ်းငွေပေးခြင်းများ ပြုလုပ်ပြီး စက်သုံးဆီစားနှုန်းများသောယာဉ်များကိုမူ အခွန်ပိုမိုကောက်ခံခြင်းဖြင့် စက်သုံးဆီသုံးစွဲမှု လျှော့ချရန် တိုက်တွန်းထားပါသည်။

(ဃ) နှစ်စဉ် စက်သုံးဆီသုံးစွဲမှုနှင့် CO2 ဆိုင်ရာ အချက်အလက်များကို မဖြစ်မနေအစီရင်ခံတင်ပြရမည်ဖြစ်ပြီး ထိုအချက်အလက်များကို ကိုးကား၍ အညွှန်းတံဆိပ်ကပ်ခြင်း (Labelling)၊ အခွန်ကောက်ခံခြင်းနှင့် စံနှုန်းသတ်မှတ်ခြင်းဖြင့် ဒေသတွင်းစက်သုံးဆီ သုံးစွဲမှုလျော့နည်းအောင် ဆောင်ရွက်လျက်ရှိပါသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီး၏ ဦးစားပေးကဏ္ဍများ၊ အဖွဲ့အစည်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းများနှင့် မော်တော်ယာဉ်ဈေးကွက် တည်ဆောက်ပုံတို့ ကွာခြားမှုကြောင့် စက်သုံးဆီချွေတာရေးနှင့်စပ်လျဉ်း၍ အာဆီယံအတွင်း လက်တွေ့အကောင်အထည်ဖော်မှုမှာ အနည်းငယ်ကွဲပြားနိုင်ပါတယ်။ သို့သော် မော်တော်ယာဉ်ကန့်သတ် မောင်းနှင်စေခြင်းကြောင့် စက်သုံးဆီလိုအပ်မှုပြဿနာများသာမက အခြားလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင် ကောင်းတစ်ရပ်ကိုလည်း ဖော်ဆောင်နိုင်သည့်အတွက် “စုံ” ရက်၊ “မ” ရက် ကန့်သတ်ကာ မော်တော်ယာဉ်မောင်းနှင်သည့်စနစ်ကို စက်သုံးဆီအကျပ်အတည်းကာလအတွင်း အချိန်အတိုင်းအတာတစ်ခု သတ်မှတ်ကာ မျှော်မှန်းဆောင်ရွက်သင့်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။