Skip to main content

အထက်ချင်းတွင်းဒေသနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်မှုများ

ဒေါက်တာ တင်မာမာဦး(DOA)

နိုင်ငံတော်အစိုးရက ကျေးလက်နှင့်မြို့ပြ၊ တောင်တန်းနှင့် မြေပြန့်မကျန်လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျေးလက်နှင့် မြို့ပြချိတ်ဆက်မှုကောင်းမွန်စေရန် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းများနှင့် တံတားများ တည်ဆောက်ပေးခြင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရန် လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးခြင်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများကိုမြှင့်တင်ပေးခြင်း စသည်ဖြင့် နိုင်ငံတစ်ဝန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Myanmar Sustainable Development Plan - MSDP) ၂၀၁၈-၂၀၃၀ ကို ရေးဆွဲထားပြီးဖြစ်ကာ ထို MSDP စီမံကိန်းတွင်ပါရှိသည့် သာယာဝပြောမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ၇ ရပ်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုနှင့် စီးပွားရေးလုပ်ငန်းအမျိုးမျိုးကို ပံ့ပိုးပေးမည့် ဦးစားပေးအခြေခံအဆောက်အအုံများ တည်ဆောက်ရေးလုပ်ငန်းစဉ်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ ပထဝီအနေအထား၊ သဘာဝအနေအထားတို့အရ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကွာခြားနေမှုကို လျှော့ချရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုလျင်မြန်သွက်လက်စေရန်အတွက် လမ်းပန်းဆက်သွယ်ရေးက အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတွက် နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရန် လမ်းများအဆင့်မြှင့်တင်ခြင်း၊ လမ်းသစ်ဖောက်လုပ်ခြင်း ဆောင်ရွက်သလို တံတားများလည်း တစ်ပြေးညီ တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်သည် ဧရာဝတီမြစ်၏ အကြီးဆုံးသော မြစ်လက်တက်ဖြစ်ပါသည်။ ချင်းတွင်းမြစ်သည် ကချင်ပြည်နယ်၏ ကျယ်ဝန်းသည့် ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင်တွင် မြစ်ဖျားခံစီးဆင်းလာပြီး မိုင်ပေါင်း ၇၅၀ ခန့် ရှည်လျားကာ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့နှင့် ရေစကြိုမြို့တို့အနီးတွင် စီးဝင်ပါသည်။ ထူးခြားသည့်အချက်မှာ ချင်းတွင်းမြစ်သည် ထမံသီဘေးမဲ့တောနှင့် ဟူးကောင်းချိုင့်ဝှမ်း ကျားဘေးမဲ့တောတို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိပါသည်။ ချင်းတွင်းမြစ်ပေါ်တွင် ချင်းတွင်းတံတား (ဆင်ဖြူရှင်)၊ ချင်းတွင်းတံတား (မုံရွာ)၊ ချင်းတွင်းတံတား (ဟုမ္မလင်း)၊ ချင်းတွင်းတံတား (ကလေးဝ)၊ ချင်းတွင်းတံတား (ခန္တီး)တို့ကို တည်ဆောက်ပြီးဖြစ်ပါသည်။

ဟုမ္မလင်းခရိုင် လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်အပါအဝင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း အစွန်အဖျားဒေသဖြစ်ပြီး တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများကာ မြေပြန့်ဒေသနည်းပါးသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသဖြစ်ပါသည်။ သို့ဖြစ်ရာ ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များအား လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အထောက်အကူဖြစ်လာစေရေးအတွက် နိုင်ငံတော်က နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် လမ်းကွန်ရက်၊ တံတားကွန်ရက် ချိတ်ဆက်မှုတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်းရှိ ဟုမ္မလင်းနှင့် ခန္တီးမြို့တို့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေရှီးမြို့နှင့် ဆွမ္မရာမြို့နယ်ခွဲတို့ကို ဆက်သွယ်သွားလာနိုင်မည့် ချင်းတွင်းတံတား(ထမံသီ)ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ တည်ဆောက်ပေးခဲ့ပါသည်။ အဆိုပါ ချင်းတွင်းတံတား (ထမံသီ)သည် ပင်းမာ- ထမံသီ- လေရှီး - ပန်ဆပ် - ဆွမ္မရာလမ်းပေါ်၌ တည်ရှိပြီး သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း - ခန္တီးလမ်း မိုင်တိုင် ၂၄၇ ရှိ ပင်းမာရွာမှ ချင်းတွင်းမြစ်ကိုဖြတ်၍ ထမံသီမှတစ်ဆင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေရှီးမြို့နှင့် ဆွမ္မရာမြို့နယ်ခွဲကို ဆက်သွယ်ပေးသည့် သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပါသည်။ တံတားမှာအရှည် ၂၆၂၈ ပေ၊ တံတားအခန်းပေါင်း ၁၅ ခန်း၊ ရေလမ်းကင်းလွတ်အမြင့် ပေ ၄၀ (HFL)ဖြင့် တည်ဆောက်ခဲ့ပါသည်။

အဆိုပါတံတားကို ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်မြို့တို့နှင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ လေရှီး၊ ဆွမ္မရာဒေသမှ ဒေသခံပြည်သူများ ခရီးသွားလာမှု မြန်ဆန်ကောင်းမွန်စေရန်နှင့် လူမှုစီးပွားဘဝမြင့်မားပြီး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တည်ဆောက်ထား ခြင်းဖြစ်ရာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ် ပေးခဲ့ပါသည်။

ယခုအခါ သွားလာဆက်သွယ်မှု လွယ်ကူသွားသည့်အတွက် နာဂသွေးချင်းများ၏ အဓိကအလုပ်အကိုင် အသက်မွေးဝမ်းကျောင်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်တော့မည် ဖြစ်သကဲ့သို့ ထွက်ရှိလာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကိုလည်း မြေပြန့်ဒေသများသို့ အလွယ်တကူ တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် စီးပွားရေးကွင်းဆက် ဖွံ့ဖြိုးတိုးတက်လာမည်လည်း ဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၏ဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုသည်လည်း အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ နိုင်ငံတော်အစိုးရက လျှပ်စစ်ဓာတ်အား လိုအပ်ချက်များပြည့်မီရန်၊ လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ တိုးတက်လာစေရန်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများ ချမှတ်ထားရှိရာ ထိုမူဝါဒအား အကောင်အထည် ဖော်ဆောင်သည့်အနေဖြင့် တိုင်းဒေသကြီးအစိုးရက ရေအားလျှပ်စစ်စီမံကိန်းများနှင့် ဆိုလာဓာတ်အားပေးစက်ရုံများကို တိုင်းဒေသကြီး၏ ဒေသအနှံ့အပြားတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ခန္တီးမြို့၊ ၁ မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်ပေးခဲ့ပြီး ဆိုလာပြား ၁၅၄၂ ချပ်၊ အင်ဗာတာ ၁၂၅ ကီလိုဝပ် ၈ လုံးနှင့် ဘက်ထရီ ၂၈၈ လုံး တပ်ဆင်ကာ ခန္တီးမြို့နေပြည်သူများအား ၂၄ နာရီ လျှပ်စစ်မီးပေးလျက်ရှိပါသည်။

ထိုနည်းတူ ဟုမ္မလင်း၊ ခန္တီးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်း နမ့်ပငချောင်း အသေးစားရေအား လျှပ်စစ်စီမံကိန်းနှင့် ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်းတို့ကိုလည်း တည်ဆောက်ပေးလျက်ရှိပါသည်။

နမ့်ပငချောင်း အသေးစားရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇ ဒသမ ၅ မိုင်ခန့်အကွာ နားသကျိုက် ကျေးရွာအနီးတွင် တည်ရှိပြီး ရေဆင်းဧရိယာ ၃၉ဝ ဒသမ ၇၃ စတုရန်းမိုင်၊ တမံအမျိုးအစား Concrete Gravity Dam ဖြစ်ပြီး တမံအလျား ၄၇၃ ပေ၊ တမံအမြင့် ၁၁၄ ဒသမ ၈ ပေ၊ ရေအားအမြင့် ၈ဝ ဒသမ ၃၈ ပေ၊ ကန်ရေ ပြည့် ရေလှောင်ပမာဏ ၁၁၃၅၂ ဧက၊ ရေပိုလွှဲအမျိုးအစား သံကူကွန်ကရစ် အမျိုးအစားဖြစ်ပါသည်။ တပ်ဆင်စက်အင်အား ၆ မဂ္ဂါဝပ် (၂ x ၃ မဂ္ဂါဝပ်) နှစ်စဉ်ပျမ်းမျှထုတ်နိုင်သည့် ဓာတ်အား ၃၄ ဒသမ ၆၈ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လုပ်နိုင်မည်ဖြစ် ပါသည်။ အဆိုပါ နမ့်ပငချောင်း အသေးစားရေအား လျှပ်စစ်စီမံကိန်း တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နှင့် ဒေသခံပြည်သူလူထုကို လျှပ်စစ်မီး လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါသည်။

ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်းကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်းရှိ ဟွေထိုက်ချောင်းပေါ်၌ ၂၀၂၃ ခုနှစ်မှစတင်၍ တည်ဆောက်နေခြင်းဖြစ်ပြီး ၄ မဂ္ဂါဝပ် တပ်ဆင် စက်အင်အားရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ နှစ်စဉ်လျှပ်စစ်ဓာတ်အား ၂၀ ဒသမ ၃၈၁ ကီလိုဝပ်နာရီသန်းကို ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ စီမံကိန်းပြီးစီးပါက လဟယ်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ ၁၂ ရွာ၊ အိမ်ထောင်စု ၁၇၁၈ စုကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါသည်။

အထက်ချင်းတွင်းဒေသနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် လျှပ်စစ်မီးရရှိရေးများ ဆောင်ရွက်ပေးထားမှုကြောင့် ရာသီမရွေး၊ အချိန်အခါမရွေး သွားလာရေးလွယ်ကူကာ ဒေသကုန်စည် စီးဆင်းမှုများမြန်ဆန်ခြင်း၊ ဒေသအတွင်းရှိ တစ်ပိုင်တစ်နိုင် MSME လုပ်ငန်းများတွင် သုံးစွဲရန်လိုအပ်သည့် လျှပ်စစ်ဓာတ်အား ဖြည့်တင်းပေးနိုင်ခြင်းတို့ကြောင့် ဒေသတွင်းစိုက်ပျိုးမွေးမြူလုပ်ငန်းများမှရရှိသည့် ကုန်ကြမ်းများကိုအခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ခြင်းဖြင့်ရရှိသော ကုန်ချောများကို တင်ပို့ရောင်းချခြင်းအားဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး ပြည်ပဝင်ငွေ တိုးတက်ရရှိလာနိုင်မည်ဖြစ်ပါသည်။

“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကကျောရိုးဖြစ်သည့် MSME များကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်၊ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှ ကုန်ကြမ်းများကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများထုတ်လုပ်ပြီး ဒေသအလိုက်ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု(OROP)ထုတ်ကုန်များ ပါဝင်ရောင်းချနိုင်ရန်နှင့် MSME များနှင့် ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ ပိုမိုချိတ်ဆက် ပူးပေါင်းဆောင်ရွက်လာစေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များ ဈေး‌ရောင်းပွဲတော်များကို မုံရွာမြို့ ပြည်သူ့ဥယျာဉ်အတွင်း၌ ဈေးဆိုင်ခန်းပေါင်း ၂၃၀ ကျော်နှင့် ကလေးကစားကွင်းများဖြင့် ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ တစ်ကြိမ်နှင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ တစ်ကြိမ် ခင်းကျင်းပြသရောင်းချခဲ့ပါသည်။

သို့ဖြစ်ရာ နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အားပေးကူညီမှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၏ တောင်တန်းမြေပြန့်နေရာအနှံ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ၊ လျှပ်စစ်ဓာတ်အားများ ဖြည့်ဆည်းပေးခြင်းနှင့် ဒေသတွင်း MSME စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကူညီဆောင်ရွက်ပေးခြင်းတို့ကြောင့် ဒေသအတွင်း စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာကာ လူမှုစီးပွားဘဝများ ပိုမိုမြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။