ပြည်သူ့အကျိုးပြု ရေအားလျှပ်စစ်စီမံကိန်းများ စတင်ရမည့် ဤအချိန်ခါ...
ဗညားဦး
ရန်ကုန်မြို့ပြ၏ ဆောင်းညနေခင်းတွင် နေ၏အလင်းရောင်က မှိန်ဖျဖျသာရှိတော့သော်လည်း လမ်းမီးများကြောင့် အလင်းရောင်ကောင်းစွာရရှိနေသည်။ ညနေခင်း အလင်းရောင်အောက်ဝယ် မြို့ပြနေပြည်သူများသည် အသက်မွေးမှုလုပ်ငန်း တာဝန်များပြီးဆုံး၍ အိမ်အပြန်လမ်းဆီ ဦးတည်နေကြသည်။
တစ်နေ့တာကုန်ဆုံးသွားပြီး အလုပ်တာဝန်ပြီးသော်လည်း နောက်တစ်နေ့ အလုပ်ခွင်ဝင်နိုင်ရေးအတွက် အိမ်နေရာဆီရောက်သည့်အခါ ချက်ပြုတ်လျှော်ဖွပ် စသည့်ဝေယျာဝစ္စများက ဆောင်ရွက်ရန်ရှိနေသေးသည်။ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်ဟင်းအိုး၊ လျှပ်စစ်ရေနွေးအိုး၊ အဝတ် လျှော်စက် စသည်ဖြင့် အမျိုးအစားစုံလင်လှသော လျှပ်စစ်ပစ္စည်းများကိုအသုံးပြု၍ ချက်ပြုတ်၊ လျှော်ဖွပ်စသည့် မိသားစုဝေယျာဝစ္စများကို လျင်လျင်မြန်မြန်ပြီးစီးစေရသည်။ သို့မှသာ တစ်နေ့တာအတွက် အနားယူချိန် မြန်မြန်ဆန်ဆန်ရောက်ရှိ မည်ဖြစ်သည်။
လျှပ်စစ်ပြတ်တောက်မှု ဖြစ်ပေါ်သည့်အခါ အလုပ်တာဝန်များ၊ မိသားစုဝေယျာဝစ္စများက နှောင့်နှေးသွားပြီး ပြည်သူအများ အထူးသဖြင့် အိမ်ရှင်မများသည် တစ်နေ့တာလည်ပတ်မှုအတွက် ရင်မောကြသည်။ မြို့ပြလူနေမှုစနစ်နှင့် လျှပ်စစ်သုံးစွဲမှုသည် များစွာဆက်နွှယ်နေသည်။ လူဦးရေတိုးပွားမှု၊ လူနေထူထပ်မှု၊ စက်မှုဇုန်နှင့် စီးပွားရေးဇုန်များ တိုးတက်များပြားလာမှုတို့သည် လူနေမှုစနစ်ကို ပြောင်းလဲလာစေပြီး လျှပ်စစ်ဓာတ်အားကို နေ့ညမပြတ် လိုအပ်လာသည်။ လျှပ်စစ်ဓာတ်အားရရှိပြီး မြို့ပြများနှင့် ကျေးလက်ဒေသများအတွက် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရန် လိုအပ်သည်။ ထို့အတူ လျှပ်စစ်ဓာတ်အားမရရှိသေးသည့် ဒေသများ ဓာတ်အားရရှိရေးကို ဦးစားပေးဖြည့်ဆည်းပေးရန်လည်း လိုအပ်နေသည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုက တစ်နိုင်ငံလုံး ရာခိုင်နှုန်းပြည့်လွှမ်းခြုံနိုင်မှုမရှိသေးပါ။
လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတော်အစိုးရက ကြိုးပမ်းရသည်၊ နိုင်ငံတွင် တည်ရှိသည့် လျှပ်စစ်ဓာတ်အားရရှိနိုင်သည့် အရင်းအမြစ်များကို အကျိုးရှိရှိအသုံးပြုနိုင်ရန် စီမံရသည်၊ ပြည်သူ့ဘဏ္ဍာ စိုက်ထုတ်သုံးစွဲရမှု အနည်းဆုံးဖြင့်နိုင်ငံနှင့် ပြည်သူအကျိုးပြု သုံးစွဲနိုင်အောင်ဆောင်ရွက်ရသည်။
ထိုသို့ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ ပေါများကြွယ်ဝစွာ တည်ရှိနေသည့် ရေ၊ လေ၊ မြေ၊ နေ ပိုင်ဆိုင်မှုကို မေ့ထား၍မရပါ။ လျှပ်စစ်ဓာတ်အားကို ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအား၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့တို့မှ နည်းလမ်း မျိုးစုံဖြင့် ထုတ်လုပ်ကြသည်။ မြန်မာ့ရေအရင်းအမြစ် ကြွယ်ဝမှုသည် ကမ္ဘာ့အဆင့် ၁၄ တွင် တည်ရှိသည်။
သို့သော် ရေသယံဇာတအရင်းအမြစ်များကို နိုင်ငံအတွက် အပြည့်အဝအသုံးချနိုင်ခြင်း မရှိသေးပေ။ ယခုအချိန်အထိ နိုင်ငံအတွင်းရှိ ရေအားအရင်းအမြစ်များအားလုံး၏ တစ်စိတ်တစ်ဒေသကိုသာ အသုံးပြုနိုင်သေးသည့်အတွက် ရေအားအရင်းအမြစ်များကို စနစ်တကျ စူးစမ်းလေ့လာ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝအဆင့်မြင့်မားရေး အတွက် အကျိုးရှိစွာအသုံးချကြရမည်ဖြစ်သည်။
သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးစွမ်းအင်တို့နှင့် နှိုင်းယှဉ်ပါကရေသည် အဖိုးအခပေးရန်မလိုသော အရင်းအမြစ်ဖြစ်သည့်အတွက် ရေအားလျှပ်စစ်သည် ထုတ်လုပ်စရိတ် အနိမ့်ဆုံးဖြစ်ပြီး လေစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်တို့နှင့် နှိုင်းယှဉ်ပါက ရေအားလျှပ်စစ်သည် ပိုမိုတည်ငြိမ်ပြီး ရေသယံဇာတအရင်းအမြစ်ကလည်း ပေါများစွာတည်ရှိနေသည်။ သို့ဖြစ်ရာ လိုအပ်နေသည့်ဓာတ်အားအတွက် သက်သာသည့်အရင်းအမြစ်က အဆင်သင့်ရှိနေသည့်အတွက် လိုအပ်သလောက် စနစ်တကျထုတ်ယူသုံးစွဲနိုင်ရေးကိုသာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံနှင့် ပြည်သူများအတွက် လက်ရှိအကျိုးပြုနေသည့် ရေအားလျှပ်စစ်စီမံကိန်းများရှိသည်။ ဖော်ဆောင်ဆဲရေအားလျှပ်စစ်စီမံကိန်းများလည်းရှိသည်။
သို့ပေငြား ရေအားလျှပ်စစ်စီမံကိန်းများကို သဘာဝပတ်ဝန်းကျင်လေ့လာဆန်းစစ်မှု ခေါင်းစဉ်များအောက်တွင် ပျောက်ကွယ်စေရန် ရည်ရွယ်သည့် လှည့်ကွက်များကို ပြည်သူများသတိပြုရန် လိုအပ်သည်။ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်များစွာ ထွက်ရှိနိုင်မည့် ချင်းတွင်းမြစ်ပေါ်ရှိ ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်း၊ ထမံသီရေအားလျှပ်စစ်စီမံကိန်း၊ သံလွင်မြစ်ပေါ်ရှိ တာဆန်းရေအားလျှပ်စစ်စီမံကိန်းနှင့် ဧရာဝတီမြစ်ပေါ်ရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းများ ရပ်တန့်နေခဲ့သည့်အတွက် ဓာတ်အားအပြည့် အဝမရသည့် အခြေအနေကို ပြည်သူများကသာ တွေ့ကြုံခံစားကြရသည်။
ဥပမာအားဖြင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် တမံတည်ဆောက်ရေး စီမံကိန်းစတင်ချိန်နီးမှသာ နိုင်ငံရေးအကျပ်အတည်းက ထွက်ပေါ်လာသည်။ စီမံကိန်းရပ်တန့်ခဲ့သည်။ ဖွံ့ဖြိုးမှုမလိုလားသူတစ်စုက နိုင်ငံရေးအကျပ်အတည်းများကို ဖန်တီးကြသည်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ရှေ့တန်းတင်ကြသည်။ သို့သော် အမြဲတစေဖန်တီးနိုင်ရန် မစွမ်းဆောင်နိုင်ပါ။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ၂၀၂၅ ခုနှစ် ဒီဇင်ဘာအတွင်းက သွားရောက်ခဲ့သည့် ကချင်ပြည်နယ်ခရီးစဉ်တွင် အဆိုပါ စီမံကိန်းတည်ဆောက်ရေးနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် ရင်းနှီးစွာတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနေရာသည် စစ်ကိုင်းပြတ်ရွေ့ကြောမှ ၂၅ ဒသမ ၄ ကီလိုမီတာအကွာတွင်ရှိသည့်အတွက် တမံကြံ့ခိုင်မှုအခြေအနေနှင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ရည်မျှော်ဖြေရှင်းနိုင်မည့် အခြေအနေကိုသာ ဒေသခံပြည်သူများ၊ဘာသာ ရေးခေါင်းဆောင်များက စေ့စေ့ငုငုဆွေးနွေးမေးမြန်း ကြခြင်းဖြစ်သည်။ မြစ်ဆုံတမံတည်ဆောက်မှု မူလဒီဇိုင်းအရ ငလျင်ပြင်းအား ၈ မဂ္ဂနီကျုနှင့် ဒဏ်ခံနိုင်ရည်အဆင့် ၉ မဂ္ဂနီကျုကို ခံနိုင်ရည်ရှိအောင် ဒီဇိုင်းထုတ်ထားပြီး စီမံကိန်းကို နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို အဓိကထား၍ ဆောင်ရွက်သွားမည်ဟုဆိုသည်။ နိုင်ငံနှင့် ပြည်သူ တို့၏ အကျိုးစီးပွားကို အဓိကထားသော စီမံကိန်းဖြစ်စေရန် စီမံဆောင်ရွက်သွားမည့် အခြေအနေကို တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးကြသည်။
ယခုမြစ်ဆုံတမံ တည်ဆောက်မည့်နေရာတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု ပမာဏထက် ပိုမိုခံနိုင်ရည်ရှိသည့် ဒီဇိုင်းကို ASEAN Charter Professional Engineer (ACPE) အဖွဲ့ဝင်ပညာရှင်များဖြင့် အကြံပြုစိစစ်ပေးသွားမည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် သိရသည်။ ငလျင်နှင့်ပတ်သက်၍ စစ်ကိုင်းပြတ်ရွေ့မှ အကွာအဝေး ၃၀ ဒသမ ၉ မီတာနေရာရှိ ဇောင်းတူဆည်မှာ မြေသား တမံဖြစ်ပြီး ၆ မဂ္ဂနီကျုခံနိုင်ရည်ရှိကြောင်း၊ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ ဖြူးမြို့နယ်အနီး ကွန်းရေလှောင် တမံမှာ ကျောက်ဖြည့်တမံအမျိုးအစားဖြစ်ကာ ၇ ဒသမ ၉ မဂ္ဂနီကျု ခံနိုင်ရည်ရှိကြောင်း၊ အဆိုပါ ဆည်တမံနှစ်ခုသည် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ရာတွင် တစ်စုံ တစ်ရာ ချွတ်ယွင်းမှုမရှိကြောင်း သိရှိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မြစ်ဆုံတမံ၏ အမြင့်နှင့် တပ်ဆင်စက်အင်အားနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာဆွေးနွေးပွဲများစွာ ပြုလုပ်ခဲ့ပြီး တမံအမျိုးအစား Concrete Face Rock Fill Dam(CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့် တမံအမျိုးအစား အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုကို ကာကွယ်ရန်အတွက် မြစ်ကြမ်းပြင်ထိန်းညှိရေး လုပ်ငန်းများလည်း ဤစီမံကိန်းတွင်ပါဝင်သည်။ ၎င်းသည် မိုးရာသီနှင့် ခြောက်သွေ့ရာသီများတွင် ရေစီးဆင်းမှုပုံစံများကို ထိရောက်စွာထိန်းညှိပေးနိုင်ပြီး မြစ်အောက်ပိုင်းတွင် ရေကြောင်းသွားလာမှု အခြေအနေများကို တိုးတက်ကောင်းမွန်စေပါသည်။
မြစ်ဆုံတမံကို အချိန်မီပြီးစီးခဲ့ပါက ၂၀၂၄ ခုနှစ် မိုးရာသီတွင် မြစ်ကြီးနား၌ ဖြစ်ပွားခဲ့သော ကြီးမားသည့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို ဒီလောက်မဖြစ်စေခဲ့ပါ။ ရေအောက်ကြမ်းပြင်မှထွက်ရှိလာသည့် နုန်းမြေအနည်အနှစ်များကို ဧရာဝတီမြစ်ဘေးတစ်လျှောက် လုပ်ကိုင်နေကြသည့် တောင်သူများ၏ စိုက်ပျိုးမြေများအတွက် သဘာဝကပေးသော အဆီအနှစ်ပြည့်ဝသည့် မြေဩဇာကိုလည်း အသုံးပြုသွားနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံနှင့်ပြည်သူ့အကျိုးကိုရည်ရွယ်သည့် စီမံကိန်းဖြစ်သည်ကို ယုံကြည်နားလည်ပြီး မိမိနိုင်ငံတွင်ရှိသော အားသာချက်၊ အားနည်းချက်များကိုသုံးသပ်၍ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဖွံ့ဖြိုးမှုရလဒ်ကောင်းများရရှိအောင် ဖော်ဆောင်သွားကြ ရမည်ဖြစ်သည်။ မည်သည့်အရင်းအမြစ်မှ ထုတ်ယူသည်ဖြစ်စေ အားသာချက်ချည်းရရှိမည်ဟု မဆိုလိုပါ။ အားနည်းချက်များလည်းရှိနိုင်ပါသည်။ အားနည်းချက်များကို ကျော်လွှားပြီး အားသာချက်များဖြင့် အောင်မြင်သည့် စီမံကိန်းဖြစ်စေရန်အတွက်မှာ အစိုးရနှင့်ပြည်သူ ပူးပေါင်းဖော်ဆောင်သွားကြရမည်ဖြစ်သည်။ ထို့ကြောင့် ဤအချိန်သည် ရပ်တန့်နေသည့် ရေအားလျှပ်စစ်စီမံကိန်းများကို နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် ရှင်သန်အသက်ဝင် ဆောင်ရွက်ပြီး အောင်မြင်အောင် ဆောင်ရွက်ရမည့် အချိန်ကောင်းဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
