Skip to main content

MSME (အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း) များ၏ အစ

ပီပီပီ (စက်မှု)

ပီပီပီ (စက်မှု) ၁၈ ရာစုနောက်ပိုင်း ပထမစက်မှု‌တော်လှန်ရေးဖြစ်ပေါ်လာပြီး လက်မှုပညာနှင့် လယ်ယာလုပ်ငန်းများမှ စက်မှုအခြေပြုထုတ်လုပ်မှုစနစ်များ ထွန်းကားလာခြင်းကြောင့် MSME စတင်ပေါ်ထွန်းလာခြင်းဖြစ်ပါသည်။ အထူးသဖြင့် အထည်အလိပ်၊ အသေးစားစာပေထုတ်လုပ်မှုလုပ်ငန်း၊ အသေးစားသံမဏိထုတ်လုပ်ငန်းများ ပေါ်ထွန်းလာသည်။

ဒုတိယစက်မှုတော်လှန်ရေး (၁၈၇၀-၁၉၁၄) တွင် အမြောက်အမြားထုတ်လုပ်မှု (Mass Production) စနစ်ကြောင့် အသေးစားကုန်ထုတ် လုပ်ငန်းများပါထွန်းကားလာပြီး အကြီးစားစက်မှု စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်သည့်စနစ် ပေါ်ပေါက်ခဲ့သည်။ သို့ရာတွင် အကြီးစားစက်မှုလုပ်ငန်းများသည် ပြည်သူများ အလုပ်အကိုင်ရရှိရန် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် လူမှုစီးပွားပြဿနာများဖြေရှင်းရန် အဖြေရှာခဲ့ကြရာ ဘော်လ်တွန်အစီရင်ခံစာက အသေးစားလုပ်ငန်းများ၏ အရေးပါပုံကို ဖော်ထုတ်ခဲ့ကြပါသည်။

ဘော်လ်တွန်အစီရင်ခံစာ

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အသေးစားစီးပွားရေးလုပ်ငန်းများသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း သမိုင်းကြောင်းအထောက်အထားများအရ လေ့လာတွေ့ရှိနိုင်ပါသည်။ အင်္ဂလန်နိုင်ငံတွင်လည်း အသေးစားစီးပွားရေးလုပ်ငန်းများသည် နိုင်ငံ့စီးပွားရေးတွင် အဓိကကျကြောင်း သိမြင်လာပြီးနောက် စီးပွားရေးလုပ်ငန်းများအား လေ့လာဆန်းစစ်ခဲ့ပြီး ဘော်လ်တွန်အစီရင်ခံစာထုတ်ပြန်ခဲ့ပါသည်။

၁။ အစီရင်ခံစာထုတ်ပြန်သည့် အကြောင်းရင်း

အင်္ဂလန်နိုင်ငံတွင် စက်မှုလုပ်ငန်းများသည် ၁၇ ရာစုမှ စတင်ဖွံ့ဖြိုးလာခဲ့ပြီး အစိုးရသည် ၁၉၆၀ ပြည့်နှစ်မတိုင်မီကာလအထိ လုပ်ငန်းကြီးများကိုသာ ပံ့ပိုးပေးရန် အာရုံထားခဲ့ကာ လုပ်ငန်းငယ်များအတွက် အစိုးရက ပံ့ပိုးပေးမှုမရှိခဲ့ပါ။ ၁၉၆၀ ပြည့်နှစ်နောက်ပိုင်းတွင် လုပ်ငန်းကြီးများသာ နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည်ဟူသော ယုံကြည်ချက်များ စတင်ပြောင်းလဲလာခဲ့ပြီး လုပ်ငန်းငယ် (Small Business) များကိုပါ ပံ့ပိုးပေးရန်လိုအပ်လာကြောင်း သိရှိခဲ့ကာ ၁၉၆၉ ခုနှစ်တွင် အစိုးရသည် အသေးစားစီးပွားရေးလုပ်ငန်းများ စုံစမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး Mr.J.E. Bolton အား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ပါသည်။

ကော်မတီသည် လုပ်ငန်းငယ်များအတွက် ပံ့ပိုးကာကွယ်ပေးနိုင်ရန် လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၁၉၇၁ ခုနှစ် နိုဝင်ဘာလတွင် ဘော်လ်တွန်အစီရင်ခံစာဟုခေါ်သည့် Report of the Committee of Inquiry on Small Firms အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။

၂။ အစီရင်ခံစာ၏ ရည်ရွယ်ချက်နှင့် လေ့လာတွေ့ရှိချက်

ဘော်လ်တွန်အစီရင်ခံစာသည် အင်္ဂလန်နိုင်ငံရှိ အသေးစားစီးပွားရေးလုပ်ငန်းများအပေါ် လေ့လာတွေ့ရှိချက်များနှင့် အကြံပြုချက်များကို တင်ပြထားခြင်းဖြစ်ပါသည်။ J.E. Bolton က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် စုံစမ်းရေးကော်မတီသည် နိုင်ငံ့စီးပွားရေးတွင် အသေးစားစီးပွားရေးလုပ်ငန်းများ၏ အရေးပါမှုကိုသိရှိရန်၊ ယင်းလုပ်ငန်းများ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို လေ့လာသိရှိကာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မည်ကဲ့သို့ပံ့ပိုးကူညီပေးရမည်ဟူသည့် အကြံပြုချက်များကို အဆိုပြုတင်သွင်းနိုင်ရန် ရည်ရွယ်၍ လေ့လာမှုကိုလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

ဤလေ့လာမှုတွင် လုပ်သားအင်အား ၂၀၀ ထက် နည်းသောလုပ်ငန်းများအား အသေးစားစီးပွားရေးလုပ်ငန်းများဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။ အသေးစားစီးပွားရေး လုပ်ငန်းများသည် အလုပ်အကိုင်ဖန်တီးပေးနိုင်မှု၊ တီထွင်ဆန်းသစ်မှု၊ ယှဉ်ပြိုင်နိုင်မှုနှင့် ဒေသခံလူထု၏ လူမှုစီးပွားဘဝမြှင့်တင်မှုများအတွက် အလွန်ပင်အရေးပါကြောင်း တွေ့ရှိခဲ့ပါသည်။

သုတေသနပြုချက်များအရ အင်္ဂလန်နိုင်ငံ၌ အသေးစားစီးပွားရေးလုပ်ငန်းများသည် နိုင်ငံ့လုပ်သားအင်အား၏ ၂၅ ရာခိုင်နှုန်းဖြစ်သည့် လူဦးရေခြောက်သန်းခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး စုစုပေါင်းတိုင်းပြည်ထုတ်ကုန် တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးပါကြောင်း၊ ၎င်းလုပ်ငန်းများသည် ထုတ်ကုန်နှင့် ဝန်ဆောင်မှုအသစ်အဆန်းများဖြင့် ဈေးကွက်ထိုးဖောက်နိုင်ပြီး ဆန်းသစ်တီထွင်မှုဖြင့် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရာတွင်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ထို့အပြင် အသေးစားစီးပွားရေးလုပ်ငန်းများသည် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းအားဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုကာ အထူးသဖြင့် ကျေးလက်ဒေသများရှိ ဒေသန္တရစီးပွားရေးကို ဖော်ဆောင်ပေးနိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်သော အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း အစီရင်ခံတင်ပြထားပါသည်။

၃။ အစီရင်ခံစာပါ အကြံပြုချက်များ

ဘော်လ်တွန်အစီရင်ခံစာသည် လုပ်ငန်းငယ်များရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် အဆိုပါလုပ်ငန်းငယ်များအား ပံ့ပိုးကူညီမှုများကို မြှင့်တင်ဆောင်ရွက်ရန် အဓိကအကြံပြုချက် များစွာပေးခဲ့ပါသည်။ အကြံပြုချက်တွင်-

- အသေးစားလုပ်ငန်းများသည် ကုန်သွယ်မှုနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အပံ့ပြုသည့် လုပ်ငန်းများဖြစ်သဖြင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် မူဝါဒဆိုင်ရာပံ့ပိုးကူညီမှုနှင့် အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ရန်အတွက် အဓိကတာဝန်ယူဆောင်ရွက်မည့် အစိုးရဌာနတစ်ခု ဖွဲ့စည်းရန်လိုအပ်ကြောင်း၊

- ထိုဌာနကို ကုန်သွယ်မှု သို့မဟုတ် စက်မှုဌာနအတွင်းတွင် ဖွဲ့စည်းပေးရန် လိုအပ်ကြောင်း၊

- အစိုးရ၏ ဝယ်ယူရေးလုပ်ငန်းစဉ်များတွင် အသေးစားစီးပွားရေးလုပ်ငန်းများ ပါဝင်လာနိုင်စေရန် ပံ့ပိုးပေးရန်လိုအပ်ကြောင်း၊

- စွန့်ဦးတီထွင်သူများကို အားပေးသည့်အနေဖြင့် ကောက်ခံသည့်အခွန်နှင့် စပ်လျဉ်း၍ အခွန်မူဝါဒအသစ်ရေးဆွဲရန် လိုအပ်ကြောင်း အကြံပြုထားပါသည်။

အထက်ဖော်ပြပါ အဖွဲ့အစည်းဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများအပြင်-

- အသေးစားစီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်နှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ တိုးတက်မှုများအတွက် စီမံခန့်ခွဲမှု၊ စျေးကွက်ချဲ့ထွင်မှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အကြံပေးဝန်ဆောင်မှုများကို တိုးမြှင့်ဆောင်ရွက်ပေးရန်၊

- နည်းပညာအသစ်များအသုံးချနိုင်ရေး လေ့ကျင့်ရေးအစီအစဉ်များ ပံ့ပိုးပေးရန်၊

- အသေးစားလုပ်ငန်းများအကြား အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်ပေးရန်၊

- နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်၏လူမှုရေးနှင့် စီးပွားရေးကဏ္ဍများတွင် အသေးစားစီးပွားရေးလုပ်ငန်းများ၏ အရေးပါမှုကို အသိအမှတ်ပြု၍ ရပ်ရွာလူမှုဖူလုံရေးနှင့် ကျွမ်းကျင်လုပ်သား အင်အားဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းငယ်များအား ပံ့ပိုးကူညီမှုဆိုင်ရာမူဝါဒများ လိုအပ်ကြောင်း၊

- စီမံခန့်ခွဲမှုနှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင် ရန်ရည်ရွယ်သည့် လေ့ကျင့်ရေးအစီအစဉ်များသည်လည်း ပညာရေးကွာဟချက်များအား ဖြေရှင်းရာတွင် အရေးပါကြောင်း အကြံပြုထားပါသည်။

အချုပ်အားဖြင့်-

- ဘော်လ်တွန်အစီရင်ခံစာတွင် အသေးစားစီးပွားရေးလုပ်ငန်းများသည် ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါကြောင်း၊

- အသေးစားစီးပွားရေးလုပ်ငန်းများအနေဖြင့် ငွေကြေးဆိုင်ရာ စိန်ခေါ်မှုများနှင့် အခြားသောစိန်ခေါ်မှုများကို ရင်ဆိုင်နေကြရပါကြောင်း၊

- အဆိုပါလုပ်ငန်းများသည် အကြီးစားလုပ်ငန်းများအတွက် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံး အထောက်အကူပြု၊ အထောက်အပံ့ပြုသူများဖြစ်သည့်အတွက် ကျန်းမာသောစီးပွားရေး ရပ်ဝန်းတစ်ခုတွင် မရှိမဖြစ်သောလုပ်ငန်းများ ဖြစ်ပါကြောင်း၊

- အသေးစားစီးပွားရေးလုပ်ငန်းများ ဆက်လက်ရှင်သန်ပြီး နိုင်ငံတော်သာယာဝပြောရေးကို အထောက်အကူပြုနိုင်သည့် ဟန်ချက်ညီပြီး ခံနိုင်ရည်ရှိသော စီးပွားရေးကို ထိန်းသိမ်းရန်အတွက် အစိုးရမှ ပံ့ပိုးမြေတောင်မြှောက်ပေးရန် လိုအပ်ကြောင်း စသည်ဖြင့် အစီရင်ခံတင်ပြထားပါသည်။

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ စတင်ချမှတ်ခဲ့သည့်နိုင်ငံများ

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းကာလများတွင် စက်မှုတော်လှန်ရေးနှင့်အတူ SME များ တဖြည်းဖြည်းပေါ်ထွန်းလာခဲ့ပါသည်။ နိုင်ငံအသီးသီးတွင် စီးပွားရေးမူဝါဒများ၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုများနှင့်အညီ SME များကို ပံ့ပိုးမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

၁။ ဥရောပနိုင်ငံများ

(က) အင်္ဂလန်နိုင်ငံ

အင်္ဂလန်နိုင်ငံတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) သည် ၁၉ ရာစုစက်မှုခေတ်ပြောင်းတော်လှန်ရေးနောက်ပိုင်းတွင် လက်မှုလုပ်ငန်းများနှင့် အသေးစားထုတ်လုပ်မှုလုပ်ငန်းများအဖြစ် စတင်ပေါ်ပေါက်ခဲ့ပါသည်။ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်များတွင် အကြီးစားကုမ္ပဏီများမှ အသေးစားစီးပွားရေးလုပ်ငန်းများသို့ ဦးတည်မှုများ ပြောင်းလဲလာခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၏ “အသေးစားစီးပွားရေး လုပ်ငန်းများဥပဒေ” (UK Small Business Act) ကို ပြဋ္ဌာန်းကာ SME များအတွက် ပံ့ပိုးမှုများ တိုးမြှင့် ဆောင်ရွက်ခဲ့ပါသည်။

(ခ) ဂျာမနီနိုင်ငံ

ဂျာမနီနိုင်ငံတွင် “Mittelstand” ဟုခေါ်သော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခြေခံဖြစ်ပါသည်။ ၁၉၄၅ ခုနှစ် နောက်ပိုင်း စစ်ပြီးကာလပြန်လည်ထူထောင်ရေးတွင် SME များအတွက် ဘဏ်ချေးငွေပံ့ပိုးမှုများနှင့် နည်းပညာဖွံ့ဖြိုးမှုများကို အလေးထားဆောင်ရွက်ခဲ့ပါသည်။ ဂျာမနီနိုင်ငံသည် ဥရောပ၏ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း မူဝါဒမူဘောင်တွင် ဦးဆောင်နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့ပါသည်။

(ဂ) ပြင်သစ်နိုင်ငံ

၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များအတွင်း ပြင်သစ်နိုင်ငံတွင် အသေးစားထုတ်လုပ်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ သိသာစွာတိုးတက်လာခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ်များတွင် SME များအတွက် ဥပဒေများပြဋ္ဌာန်းခဲ့ပြီး ဥရောပဈေးကွက်အတွင်း SME များပါဝင်နိုင်ရန် အစိုးရက လမ်းဖောက်ပေးခဲ့ပါသည်။

၂။ အမေရိကန်ပြည်ထောင်စု

၁၉၃၀ ပြည့်နှစ်များတွင် အမေရိကန်ပြည်ထောင်စုသည် စီးပွားပျက်ကပ်ကြောင့် ထိခိုက်ခဲ့သည့် SME များကို ပံ့ပိုးကူညီခဲ့ပါသည်။ ၁၉၅၃ ခုနှစ်တွင် “အသေးစားစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုအေဂျင်စီ” (Small Business Administration – SBA) ကို တည်ထောင်ကာ SME များအား ချေးငွေများနှင့် နည်းပညာပံ့ပိုးမှုများ ပေးခဲ့ပါသည်။ ၁၉၈၀ နှင့် ၁၉၉၀ ပြည့်နှစ်များတွင် နည်းပညာနှင့် အင်တာနက်တိုးတက်မှုများကြောင့် SME များ ပိုမိုအားကောင်းလာခဲ့ပါသည်။

၃။ အရှေ့အာရှ

(က) ဂျပန်နိုင်ငံ

၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များတွင် ဂျပန်နိုင်ငံ၏ စက်မှုလုပ်ငန်းများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး အသေးစားထုတ်လုပ်မှုလုပ်ငန်းများ ပေါ်ထွန်းလာခဲ့ပါသည်။ ၁၉၆၃ ခုနှစ်တွင် “SME အခြေခံဥပဒေ” (Small and Medium Enterprise Basic Law)ကို ပြဋ္ဌာန်းကာ SME လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးမူဝါဒများ ချမှတ်ပေးခဲ့ပါသည်။ တိုယိုတာ၊ ဆိုနီ၊ ဟွန်ဒါကဲ့သို့သော ကုမ္ပဏီကြီးများသည်လည်း SME များ၏ ထောက်ပံ့မှုများကို အသုံးပြုကာ လုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ခဲ့ကြပါသည်။

(ခ) တရုတ်နိုင်ငံ

၁၉၉၀ ပြည့်နှစ်များတွင် တရုတ်နိုင်ငံ၏ အထူးစီးပွားရေးဇုန်များမှတစ်ဆင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (SME) များ သိသာစွာ တိုးတက်လာခဲ့ပါသည်။ ထိုဇုန်များသည် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုသည့် မူဝါဒများနှင့် အခွင့်အရေးများကို ဖန်တီးပေးခဲ့ပါသည်။ ၂၀၀၀ ပြည့်နှစ်များတွင် Alibaba ၊ Tencent ၊ Huawei ကဲ့သို့သော ကြီးမားသည့် တီထွင်ဖန်တီးမှုကုမ္ပဏီများသည် SME များကို အခြေခံကာ တည်ဆောက်လာခဲ့ကြပါသည်။ ထိုကုမ္ပဏီကြီးများသည် SME များ၏ ပံ့ပိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် အောင်မြင်မှုများ ရရှိလာခဲ့ခြင်းဖြစ်ပါသည်။

(ဂ) တောင်ကိုရီးယားနိုင်ငံ

၁၉၆၀ ပြည့်နှစ်များအတွင်း ကိုရီးယားနိုင်ငံ၏ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကာလ (Korean Industrialization Period) တွင် ဆမ်ဆောင်း၊ ဟွန်ဒိုင်း၊ LG ကဲ့သို့သော ကုမ္ပဏီကြီးများ (Chaebol) နှင့် အသေးစားနှင့် အလတ်စားလုပ်ငန်း (SME) များအကြား ပူးပေါင်းဆောင်ရွက်မှုများ ပေါ်ပေါက်လာခဲ့ပါသည်။ ထိုပူးပေါင်းမှုများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ် အာရှငွေကြေးအကျပ်အတည်း (Asian Financial Crisis) အပြီးတွင် SME များအား ငွေကြေးပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုပံ့ပိုးမှုများသည် SME များ၏ လုပ်ငန်းများပြန်လည်ထူထောင်ရေးနှင့် တည်ငြိမ်စွာ ရပ်တည်နိုင်ရေးအတွက် အထောက်အကူပြုခဲ့ပါသည်။

အချုပ်အားဖြင့် SME မူဝါဒများကို ဥရောပနိုင်ငံများ (ဥပမာ - အင်္ဂလန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ပြင်သစ်နိုင်ငံ) နှင့် အမေရိကန်နိုင်ငံတို့က စတင်ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသည်။ အရှေ့အာရှနိုင်ငံများ (ဥပမာ - ဂျပန်နိုင်ငံ၊ တရုတ် နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ) ကမူ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ SME များကို အရေးပေးလာခဲ့ပါသည်။ ၂၀၀၀ ပြည့်နှစ်များတွင် နည်းပညာနှင့် ဒစ်ဂျစ်တယ်ပြောင်းလဲမှုများ (Technology & Digitalization)၏ အထောက်အပံ့ဖြင့် SME လုပ်ငန်းများ ပိုမိုတိုးတက်လာခဲ့ပါသည်။ ယခုအခါတွင် SME များသည် နိုင်ငံတကာစီးပွားရေးတွင် စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (Gross Domestic Product – GDP) ၏ ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ ပံ့ပိုးပေးနိုင် သည့် အဓိကစီးပွားရေးအင်အားစုတစ်ခုဖြစ်လာခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) သည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ MSME လုပ်ငန်းများသည် စုစုပေါင်းပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (Gross Domestic Product– GDP) ၏ သိသာထင်ရှားသော အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး အလုပ်အကိုင်ဖန်တီးပေးနိုင်မှုနှင့် ဒေသဖွံ့ဖြိုးရေးတို့တွင် အရေးပါသော ကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသမိုင်းကြောင်းတစ်လျှောက်တွင် အစိုးရမှ MSME များအား ဖွံ့ဖြိုးတိုးတက်စေရန် ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများချမှတ်၍ ပံ့ပိုးမှုများကို အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

၁။ MSME ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆောင်ရွက်မှုသမိုင်းကြောင်း

၁၉၉၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း

- အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အရေးပါကြောင်း စတင်သတ်မှတ်ခဲ့ပါသည်။

- အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အာဆီယံအဖွဲ့အစည်း၏ လမ်းညွှန်ချက်နှင့်အညီ အာဆီယံစီးပွားရေးအသိုက်အဝန်းကို အတူတကွအကောင်အထည်ဖော်ရာ၌ ကဏ္ဍတစ်ခုဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန် အာဆီယံအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းအဖွဲ့ (ASEAN Small and Medium Enterprise Working Group – ASEAN SMEWG)တွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း

- ၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်နေ့၌ စက်မှုဝန်ကြီးဌာန လက်အောက်တွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တာဝန်ခံဌာနအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

- အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနအား ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနအဖြစ် စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအောက်တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)/ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးရုံး ၁၅ ရုံး၊ ခရိုင်ဦးစီးရုံး ၃၅ ရုံးတို့ဖြင့် သွတ်သွင်းဖွဲ့စည်းခဲ့ပါသည်။ ယခုအချိန်တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) / တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးရုံး ၁၅ ရုံး၊ ခရိုင်ဦးစီးရုံး ၄၀ စုစုပေါင်း ၅၅ ရုံးအထိ တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။

၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း

- မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ ကျောရိုးမဏ္ဍိုင်ဖြစ်သော၊ စီးပွားရေးလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းကျော်ဖြစ်သော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရှင်သန်ဖြစ်ထွန်းတိုးတက်လာစေရန် ထောက်ပံ့ဆောင်ရွက်ပေးရမည့် လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာနှင့် တီထွင်ဖန်တီးမှု၊ ငွေကြေးအရင်းအမြစ်ရရှိရေး၊ အခြေခံအဆောက်အအုံဈေးကွက်နှင့် စီးပွားရေးဝန်းကျင်ကောင်းများ ဖြစ်ထွန်းလာစေရေး စသည်တို့ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို (၉-၄-၂၀၁၅) ရက်နေ့တွင်လည်းကောင်း၊ မူဝါဒကို (၂၄-၁၂-၂၀၁၅)ရက်နေ့တွင်လည်းကောင်း၊ နည်းဥပဒေများကို (၁၃-၁၀-၂၀၁၆) ရက်နေ့တွင်လည်းကောင်း ပြဋ္ဌာန်းထုတ်ပြန်ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၈ မှ ၂၀၂၀ ပြည့်နှစ်အတွင်း

- အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဒေသတစ်ခုနှင့်တစ်ခု အားသာချက်၊ အားနည်းချက်များ၊ ဦးစားပေးကဏ္ဍများ ကွဲပြားခြားနားမှုကြောင့် ဒေသတစ်ခုချင်းစီအလိုက် “အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်” များ ရေးဆွဲခဲ့ပြီး MSME လုပ်ငန်းများအား နည်းပညာနှင့် ငွေကြေးအထောက်အပံ့များ ပံ့ပိုးပေးခဲ့ပါသည်။

- နိုင်ငံတစ်ဝန်း MSME ထုတ်ကုန်ပြပွဲများကို စတင်ကျင်းပခဲ့ပြီး MSME လုပ်ငန်းများအတွက် ဈေးကွက်ချဲ့ထွင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဆွဲဆောင်မှုများအတွက် အခွင့်အလမ်းများ ဖန်တီးပေးခဲ့ပါသည်။

၂၀၂၁ ခုနှစ်မှ ယနေ့အထိ

- MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများ ချမှတ်နိုင်ရန် ယာယီသမ္မတက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် ၂၃ ဦးပါဝင်သော“အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ” ကိုလည်းကောင်း၊ မူဝါဒများကို အကောင်အထည်ဖော်နိုင်ရေး လမ်းညွှန်ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ အဖွဲ့ဝင် ၄၂ ဦးပါဝင်သော “အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ” ကိုလည်းကောင်း ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ပါသည်။

- MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုများကို အကောင်အထည်ဖော်နိုင်ရန် အထောက်အကူပြုအဖွဲ့များဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့နှင့် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့တို့ကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

- MSME များ၏ ဈေးကွက်ချဲ့ထွင်နိုင်ရန်နှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် ပါဝင်နိုင်စေရန်အတွက် ဒစ်ဂျစ်တယ်စနစ်များအသုံးချမှုကို မြှင့်တင်ရန်အစိုးရနှင့် အခြားအဖွဲ့အစည်းများက ပံ့ပိုးမှုများဆောင်ရွက်ခဲ့ပါသည်။

- MSME ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ယာယီသမ္မတသည် တိုင်းဒေသကြီး/ ပြည်နယ် ၁၃ ခုသို့ သွားရောက်၍ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများ အကြိမ်(၄၀) ပြုလုပ်ကာ လုပ်ငန်းရှင်များက တင်ပြလာသည့် လိုအပ်ချက်အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။

- MSME ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌသည် အလားတူ ငါးကြိမ်တိုင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တွေ့ဆုံပွဲများပြုလုပ်၍ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

- ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ဖြည့်စွက်ရန်နှင့် အငယ်စားလုပ်ငန်းများကိုပါ အားပေးမြှင့်တင်နိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအဖြစ် ရေးဆွဲလျက်ရှိပါသည်။

၂။ မြန်မာ့ MSME များ၏ လက်ရှိအခြေအနေ

မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး အလုပ်အကိုင်ဖန်တီးပေးနိုင်မှုတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ထို့ပြင် MSME လုပ်ငန်းများသည် ကျေးလက်နှင့် မြို့ပြဒေသများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရုံသာမက ပြည်သူများ၏ လူမှုစီးပွားဘဝများကိုလည်း မြှင့်တင်ပေးနိုင်သည့် အရေးပါသောအင်အားစုတစ်ခုဖြစ်ပါသည်။

MSME လုပ်ငန်းများကို အဓိကအားဖြင့် ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့် အခြားဟူ၍ ကဏ္ဍများခွဲခြားထားပြီး ထိုကဏ္ဍအသီးသီးရှိ MSME လုပ်ငန်းများသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောအင်အားစုများ ဖြစ်သောကြောင့် အဆိုပါလုပ်ငန်းများကို ထိရောက်စွာ ပံ့ပိုးပေးခြင်းအားဖြင့် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့်အပြင် ဒေသခံများ၏ ဝင်ငွေတိုးတက်စေမည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ကာ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်နှင့် နိုင်ငံတကာ ဈေးကွက်သို့ ပိုမိုချိတ်ဆက်နိုင်ရန်အတွက် နည်းပညာအသုံးချမှုများတိုးမြှင့်ခြင်း၊ ဒစ်ဂျစ်တယ်စျေးကွက်နှင့် ဆက်သွယ်မှုများ ပိုမိုပြုလုပ်နိုင်ရန်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းဆောင်ရွက်ခြင်း၊ MSME များအတွက် ချေးငွေနှင့် နည်းပညာပံ့ပိုးမှုများ ပိုမိုတိုးမြှင့်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

အချုပ်အားဖြင့် MSME လုပ်ငန်းများကို ပိုမိုအားပေးမြှင့်တင်ရန်နှင့် နိုင်ငံတကာဈေးကွက်သို့ ချိတ်ဆက်နိုင်ရန်အတွက် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် အခြားအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလိုအပ်ပါသည်။ နည်းပညာ၊ ငွေကြေးနှင့် ဈေးကွက် အခွင့်အလမ်းများကို ပိုမိုရရှိစေရန်အတွက် မဟာဗျူဟာများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါသည်။ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပါက မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပိုမိုမြင့်မားလာမည်ဖြစ်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ပါသည်။ ။