Skip to main content

လူငယ်စွမ်းအားနှင့် ငြိမ်းချမ်းသောပြည်ထောင်စုအနာဂတ်

ရွှေစင်

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာသည့်သမိုင်းကို ပြန်တွေးဆလျှင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု၏ အရေးအပါဆုံးဖြစ်ခဲ့သော ၁၉၄၇ ခုနှစ် ပင်လုံ ညီလာခံနှင့် ပင်လုံစာချုပ်က နိုင်ငံအတွင်းရှိမတူကွဲပြားသည့် တိုင်းရင်းသားလူမျိုးများအကြား ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်လေးစားမှုကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၏ အခြေခံအုတ်မြစ်ကိုချပေးခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ထိုသမိုင်းဝင်အခိုက်အတန့်သည် မတူကွဲပြားမှု များကို ခွဲခြားခြင်းမဟုတ်ဘဲ အင်အားအဖြစ် အသွင် ပြောင်းနိုင်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို မွေးဖွားပေးခဲ့ရာ အမှတ်အသားတစ်ခုဖြစ်ခဲ့သည်။ ထိုအမှတ် အသားသည် တစ်နိုင်ငံလုံးလွတ်လပ်ရေးရရှိရန် အတွက် စည်းလုံးညီညွတ်မှုနှင့် ယုံကြည်မှုကိုအခြေခံ၍ တိုင်းရင်းသားအားလုံးလက်တွဲ ပူးပေါင်းခဲ့ကြသည့် သမိုင်းဝင်မှတ်တမ်းတစ်ခုလည်း ဖြစ် သည်။

မြန်မာနိုင်ငံသည် မတူကွဲပြားသည့် တိုင်းရင်းသား လူမျိုးများ၊ ယဉ်ကျေးမှုများ၊ ဘာသာစကားများ၊ ဓလေ့ထုံးတမ်းအစဉ်အလာများဖြင့် ဖွဲ့စည်းထား သော နိုင်ငံဖြစ်ခြင်းကြောင့် ထိုမတူကွဲပြားမှု များကြားမှ ရင်းနှီးချစ်ကြည်မှု၊ ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုကို အခြေခံမထားနိုင်လျှင် ငြိမ်းချမ်းသာယာသော ပြည်ထောင်စုဆိုသည်မှာ အမည်နာမအဖြစ်သာ ကျန်ရှိနေမည်ဖြစ်ကာ ညီညွတ်မှုကင်းမဲ့ပြီး ပြည်ထောင်စုပြိုကွဲမည့် အန္တရာယ်ကို ရင်ဆိုင်ရမည်ဖြစ်သည်။ သို့သော် ထိုမတူကွဲပြားမှုများအကြား အပြန်အလှန်ယုံကြည် မှု၊ စည်းလုံးညီညွတ်မှုဖြင့် ချည်နှောင်ထားနိုင်လျှင်မူ ကား မတူကွဲပြားမှုမှသည် နိုင်ငံအတွက် အင်အား တစ်ရပ်အဖြစ် ပြောင်းလဲလာနိုင်မည် ဖြစ်ပါသည်။

ငြိမ်းချမ်းသော လူမှုအသိုက်အဝန်းတည်ဆောက်ရေး

ပြည်ထောင်စုတည်ဆောက်ရေး ဆိုသည်မှာ စကားလုံးတစ်ခု၊ အယူအဆတစ်ခုမျှသာမဟုတ်ဘဲ မျိုးဆက်တိုင်း လက်တွေ့ကျင့်သုံးရမည့် သမိုင်းပေး တာဝန်တစ်ရပ်ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုသည် တိုင်းရင်းသားလူမျိုးအားလုံး၏ မျှော်လင့်ချက်များ ပေါင်းစည်းရာ နေရာဖြစ်ပြီး မည်သူ့ကိုမျှ နောက်ချန် မထားဘဲ တန်းတူညီမျှပါဝင်ခွင့်ရရှိသော နိုင်ငံတော် ဖြစ်လာရန် ရည်ရွယ်ပါသည်။ ထိုရည်ရွယ်ချက်ကို ရုပ်လုံးဖော်ရာမှာ စည်းလုံးညီညွတ်မှု၊ ယုံကြည်မှုနှင့် အပြန်အလှန်လေးစားမှုတို့သည် မဖြစ်မနေလိုအပ် သောအခြေခံအချက်များ ဖြစ်ပါသည်။

ထိုအခြေခံများ ပြည့်မီရန်အတွက် အရေး အကြီးဆုံးအချက်ဖြစ်သည့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအခြေခံ မရှိလျှင်ကား မဖြစ်နိုင်ပါ။ ငြိမ်းချမ်းရေးဆိုရာမှာ ပွတ်တိုက်မှုများ၊ ပဋိပက္ခများလုံးဝကင်းစင်သည့် အခြေအနေတစ်ရပ်ရှိရမည်ဟု ဆိုလိုနေခြင်းမဟုတ် ပါ။ လူမှုအသိုက်အဝန်းအတွင်း မတူညီသောအမြင် များ၊ အကျိုးစီးပွားများရှိနေသည့်အတွက် ပဋိပက္ခ များနှင့် ယှဉ်တွဲနေသည်မှာလည်း သဘာဝကျသည့် အမှန်တရားတစ်ခု ဖြစ်ပါသည်။

အရေးကြီးသည်မှာ ထိုပဋိပက္ခများကို အကြမ်း ဖက်မှုအသွင်မရောက်ရှိစေရန် ဆွေးနွေးညှိနှိုင်းမှု၊ နားလည်မှုနှင့် ယုံကြည်မှုတို့ဖြင့် ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဖြေရှင်းနိုင်ရေးပင်ဖြစ်ပါသည်။ အပြောလွယ်သလောက် ထာဝရငြိမ်းချမ်းရေးရရှိရေး နှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ ကျကျအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး သည် တစ်ဖက်တည်း၏ ကြိုးပမ်းအားထုတ်မှုဖြင့် မလုံလောက်ပါ။ အစိုးရ၊ တပ်မတော်နှင့်အတူ တိုင်းရင်းသားလူမျိုးများအားလုံးက အပြန်အလှန်ယုံကြည်မှုအပေါ်အခြေခံ၍ လက်တွဲပူးပေါင်းဆောင် ရွက်ကြမှသာ ဖြစ်နိုင်ပေမည်။

ထိုအထဲတွင် နိုင်ငံ့အနာဂတ်ကို ပိုင်ဆိုင်ထားသည့် မျိုးဆက်သစ်လူငယ်ထု၏ လက်တွဲပူးပေါင်းပါဝင်မှုသည် ပြည်ထောင်စုမပြိုကွဲရေးအတွက် အထူး အရေးပါသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ပါသည်။ အကြောင်းမှာ လူငယ်များ၏ ခံစားချက်နှင့် ငြိမ်းချမ်းရေးအပေါ်ထားရှိသည့် မှန်ကန်သည့်အတွေးအမြင်များက ထာဝရငြိမ်းချမ်း ရေးသို့ ဦးတည်သည့်လမ်းခရီးအတွက် မဖြစ်မနေ လိုအပ်သော အင်အားအဖြစ် တည်ရှိနေသောကြောင့် ပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်သည် လူငယ်များဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ အနာဂတ်ကို လူငယ်များ၏ အတွေးအခေါ်၊ ခံယူချက်နှင့် လုပ်ဆောင်မှုများက ဆုံးဖြတ်ပေးနိုင်ကြောင်းကို ပြသနေပါသည်။ ထိုကြောင့်ပင် ကျောင်းနေအရွယ် လူငယ်များကိုစုစည်းပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက် သည့် အယူအဆများ၊ အတွေးအမြင်များကို ဆွေးနွေးဖော်ထုတ်ပေးခြင်းက အနာဂတ်နိုင်ငံတည်ငြိမ်ရေးအတွက် အခြေခံအရင်းအမြစ်တစ်ခု ဖြစ်လာပါသည်။ ထိုရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့သည့် Youth Peace Forum 2026 သည် မတူညီသော တိုင်းရင်းသားလူမျိုးများ၊ ဒေသများ၊ လူမှုစီးပွားနောက်ခံများမှ လူငယ်များကို တစ်နေရာတည်းတွင် စုစည်းပေးနိုင် ခဲ့သည့် အရေးပါသောအခင်းအကျင်း တစ်ရပ် ဖြစ်ခဲ့ပါသည်။

မငြိမ်းချမ်းသည့်ဒေသမှ လူငယ်များ၏ စိတ်မလုံ ခြုံမှုနှင့် နာကျင်မှုများကို ငြိမ်းချမ်းသည့်ဒေသမှ လူငယ်များက စာနာနားလည်ပေးနိုင်ခဲ့ကြသလို စီးပွားရေးကောင်းသည့်ဒေသမှ လူငယ်များကလည်း ခက်ခဲနွမ်းပါးသည့်ဘဝအခြေအနေများ ရင်ဆိုင်နေရ သူများ၏အသံကို လေးလေးနက်နက် နားထောင်ပေးနိုင်ခဲ့ကြသည်ကိုတွေ့ရသည်။ လူငယ်များက မိမိတို့၏အမြင်၊ အတွေ့အကြုံနှင့် မျှော်လင့်ချက်များ ကို လွတ်လပ်စွာ မျှဝေနိုင်ခဲ့သည့်အတွက် တစ်ဦး၏နာကျင်မှုကို တစ်ဦးက နားလည်စာနာနိုင်သည့် ယုံကြည်မှုအခြေပြုစကားဝိုင်းများဖြစ်ခဲ့ပြီး လူငယ်များ၏ ပြည်ထောင်စုအပေါ်ထားသည့် စိတ်ဓာတ် ကို ဖွင့်ဟနိုင်ခဲ့ကြသည်ဟု ဆိုရပါမည်။ ထိုအခင်း အကျင်းသည် လူငယ်များအကြား လူမှုသဟဇာတဖြစ်မှုကို မြှင့်တင်ပေးခဲ့ပြီး စုစည်းမှု၊ ညီညွတ်မှုနှင့် ပူးပေါင်းပါဝင်မှုစိတ်ဓာတ်ကို ခေတ်နှင့်အညီ ပြန်လည်အသက်သွင်းပေးနိုင်မည့် အရေးပါသော ခြေတစ်လှမ်းဖြစ်ခဲ့သည်ကို တွေ့ရပါသည်။

လူငယ်အားဖြင့် မငြိမ်းချမ်းမှုသံသရာမှငြိမ်းချမ်းမှုသံသရာဆီသို့

ယေဘုယျအားဖြင့် လူငယ်ဟူသည် အချင်းချင်း စည်းလုံးညီညွတ်လိုမှု ရှိကြသည်။ ရိုးသားပွင့်လင်းမှု ကို အခြေခံ၍ ဆက်ဆံကြသည်။ မတူညီသည့်အမြင် များကို မျှဝေညှိနှိုင်း ဆွေးနွေးလိုစိတ်ရှိကြသည်။ နည်းပညာခေတ်တွင် မည်သည့်ကိစ္စမဆို ခေတ်နှင့် အညီ ရင်ပေါင်တန်းနိုင်သည့် ဆန်းသစ်သည့် နည်းပညာများကို ခေတ်အမြင်၊ ခေတ်အတွေးဖြင့် လက်တွေ့အသုံးချကာ တက်ကြွစွာ ခွန်အားပြည့် ကြိုးစားလုပ်ကိုင်လိုကြခြင်းဖြင့် မိမိတို့၏ စွမ်းရည် များကို ဖော်ပြလိုကြသည်။

နိုင်ငံအတွင်းဖြစ်ပေါ်ခဲ့သော ကိုဗစ်-၁၉ ကပ် ရောဂါ၊ မုန်တိုင်းဘေး၊ ငလျင်ဘေး စသည့်သဘာဝ ဘေးအန္တရာယ်များ၊ ပဋိပက္ခများကြားတွင် လူငယ် များက ကိုယ့်မိသားစုအတွက် ရုန်းကန်ရင်းဖြင့် ပရဟိတစိတ်အပြည့်ဖြင့် အများအတွက် ကူညီထောက်ပံ့ခဲ့ကြသည်မှာလည်း ဤစိတ်ဓာတ်အခြေခံပင်ဖြစ်သည်။ ထိုကဲ့သို့သော ရိုင်းပင်းကူညီခြင်းမှ သည် လူမှုရေးအသိစိတ်ဓာတ်များ တိုးပွားလာပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အဖွဲ့ အစည်းစိတ်ဓာတ်ရှိလာသည်မှာလည်း အလေ့အကျင့် ကောင်းတစ်ခုပင် ဖြစ်ပါသည်။ ထိုအတွေ့အကြုံ ကောင်းများမှတစ်ဆင့် လူငယ်များသည် ပူးပေါင်း ဆောင်ရွက်မှု၏တန်ဖိုးကို သိရှိလာကြပြီး ညီညွတ်မှု နှင့်ငြိမ်းချမ်းရေး၏အဓိပ္ပာယ်ကို လက်တွေ့ကျကျ နားလည်လာကြမည်ဟု မျှော်လင့်မိပါသည်။

မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း လွတ်လပ်ရေးရပြီး ကတည်းက လက်နက်ကိုင်ပဋိပက္ခများကြောင့် ဖွံ့ဖြိုးမှုနောက်ကျခဲ့ရခြင်း၊ ဆင်းရဲနွမ်းပါးခြင်းများ ကြောင့် ဒေါသနှင့် အမုန်းတရားများ ပေါက်ဖွားကာ မငြိမ်းချမ်းသည့် အဆိုးကျော့သံသရာအတွင်း အဖန်ဖန် နစ်မွန်းနေရသည်မှာ ယနေ့အချိန်အထိပင် ဖြစ်သည်။ ဆက်လက်ဖြေရှင်းရမည့် စိန်ခေါ်မှုများ ကား ရှိနေဆဲဖြစ်ပါသည်။ ထိုအဆိုးကျော့ သံသရာ ကို ဖြတ်တောက်နိုင်ရန် အကြမ်းဖက်မှုထက် စေ့စပ်ဆွေးနွေးညှိနှိုင်းမှု ယဉ်ကျေးမှုတစ်ရပ်ကို လူငယ်များအကြား မွေးမြူထားနိုင်မှသာ ထာဝရ ငြိမ်းချမ်းရေး၏လမ်းကြောင်းသည် တဖြည်းဖြည်း ပွင့်လင်းလာမည်ဖြစ်ပါသည်။

မတူကွဲပြားသည့် တိုင်းရင်းသားမျိုးနွယ်စုများ၊ နေရာဒေသအသီးသီးနှင့် လူမှုစီးပွားနောက်ခံအမျိုး မျိုးမှ လူငယ်များ၏ ပါဝင်မှု၊ ထိုလူငယ်များ၏ ဆန်းသစ်တီထွင်လိုစိတ်နှင့် ခေတ်နှင့်အညီ တွေးခေါ် နိုင်သည့် စွမ်းရည်များသည် ယနေ့လျှောက်လှမ်းနေ သည့် NCA ငြိမ်းချမ်းရေးလမ်းကြောင်း လုပ်ငန်းစဉ်များကို ပိုမိုအသက်ဝင်လာစေရန် အရေးပါသော အင်အားများလည်း ဖြစ်ပါသည်။ ထို့ကြောင့် ငြိမ်းချမ်း ရေး၏အရသာကို ပြည့်ပြည့်ဝဝခံစားလိုလျှင် ငြိမ်းချမ်းရေးကို မျှော်လင့်နေရုံဖြင့်မပြီး လူငယ်များအား ငြိမ်းချမ်းရေးကို ကိုယ်တိုင်ဖန်တီးသူများအဖြစ် အသိအမှတ်ပြု၍ ပါဝင်ခွင့်ပေးရမည်ဖြစ်ပါသည်။

လူငယ်ထု၏ စည်းလုံးညီညွတ်သော အင်အားကိုရယူ၍ တစ်နိုင်ငံလုံးစည်းလုံးညီညွတ်မှုဆီသို့ ကူးပြောင်းနိုင်မှသာ ငြိမ်းချမ်းသာယာလှပ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ယုံကြည်မျှော်လင့်မိပါသည်။

မျိုးဆက်သစ်တို့၏ သမိုင်းပေးတာဝန်နှင့်ခိုင်မာသော ပြည်ထောင်စုအနာဂတ်

ယနေ့ခေတ် လူငယ်များက နည်းပညာနှင့် အနီးကပ်နေထိုင်ကြသူများဖြစ်သဖြင့် လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့နေသော အမုန်းစကားနှင့် သတင်းမှားများကို မစိစစ်ဘဲ လက်ခံခြင်း၊ မျှဝေခြင်းတို့သည် ပဋိပက္ခများကို ပိုမိုပြင်းထန်စေနိုင်ကြောင်း သတိပြုနားလည်လာကြသည်ကို တွေ့ရသည်မှာ အားရစရာဖြစ်ပါသည်။ ထို့ကြောင့် သတင်းအချက်အလက် များ၏ အမှန်အမှားကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော ဒစ်ဂျစ်တယ်တတ်မြောက်မှုသည် လူငယ်များအတွက် မဖြစ်မနေလိုအပ်သည့် အရေးပါသောစွမ်းရည် တစ်ရပ်ဖြစ်နေခြင်းဖြစ်သည်။

အမုန်းကို မျှဝေခြင်းထက် နားလည်မှုကို ဖော်ဆောင်နိုင်ခြင်း၊ ပဋိပက္ခကို မီးထိုးခြင်းထက် ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းနိုင်ခြင်းတို့ သည် လူငယ်များ၏ တာဝန်သိစိတ်နှင့် ဆင်ခြင်တုံ တရားအပေါ် မူတည်နေပါသည်။ လူငယ်တို့တွင် ရှိနှင့်ပြီးဖြစ်သော စိတ်ဓာတ်ကောင်းနှင့် အလေ့ အကျင့်ကောင်းများ၊ စွမ်းရည်ကောင်းများကို တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်တို့နှင့် ဖြည့်စွက် ပေါင်းစည်းနိုင်ပါက ပြည်ထောင်စုတည်ဆောက်ရေးတွင် အခရာကျသည့် နိုင်ငံ့သားကောင်းများ၊ ထိုမှတစ်ဆင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်မှာ မလွဲမသွေဖြစ်ပါသည်။ ထို့ကြောင့် လူငယ်များ၏ စည်းလုံးညီညွတ်သော အင်အားကိုအခြေခံမှသာ ငြိမ်းချမ်းသာယာလှပပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံကို တည်ဆောက်နိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

အချုပ်အားဖြင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုနှင့် စုစည်းလုပ်ဆောင်မှုတို့ဖြင့်သာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမို ကရေစီစနစ်ကို ကျင့်သုံးနိုင်မည်ဖြစ်သည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် အနာဂတ်အမွေကိုဆက်ခံမည့် ယနေ့လူငယ်များအနေဖြင့် မိမိတို့တာဝန်ယူရမည့် ကဏ္ဍအလိုက်၊ သမိုင်းကိုဖန်တီးသည့်အင်အားဖြစ် လာရန် ခံယူကြရန် လိုအပ်နေပါသည်။

ထိုသို့သော လူငယ်ထု၏သတ္တိရှိမှု၊ တာဝန်ယူမှုနှင့် စည်းလုံးညီညွတ်မှုတို့သာ ပေါင်းစည်းမိပြီဆိုလျှင် စစ်မှန်သောငြိမ်းချမ်းရေးနှင့်ခိုင်မာသည့် ပြည်ထောင်စု၏ အနာဂတ်သည်လည်း မဝေးတော့ သကဲ့သို့ ခံစားမိပါကြောင်း မျှော်လင့်လျက် ပြည်ထောင်စုနေ့အား ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။ ။