Skip to main content

သက်ဝင်လှုပ်ရှားနေသည့် အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း

မိုး(အလရ)

ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်ပတ်ဝန်းကျင်ဖြစ်စေရေး (A safe and healthy working environment) ဆိုသည့်အချက်အား အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်အဖြစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့က ၁၉၉၈ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ILO Declaration on Fundamental Principles and Rights at Work ၌ ၂၀၂၂ ခုနှစ်တွင် သတ်မှတ်ဖြည့်စွက်ခဲ့သည်။ အလုပ်သမားများအတွက် ဘေးကင်းကျန်းမာသည့် လုပ်ငန်းခွင်များ ဖန်တီးပေးနိုင်မှသာ လုပ်ငန်းခွင်များတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ထိခိုက်သေဆုံးမှုများလျော့နည်းပြီး အလုပ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ပါသည်။

လုပ်ငန်းခွင်များတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ထိခိုက်သေဆုံးမှုများသည် ဘေးမကင်းသည့် လုပ်ငန်းခွင်အခြေအနေ၊ အလုပ်သမား၏ ဘေးမကင်းသည့်အပြုအမူတို့ကြောင့် ဖြစ်ပွားကြောင်း ဖော်ပြကြသည်။ ဘေးမကင်းသည့် လုပ်ငန်းခွင်အခြေအနေများနှင့်ပတ်သက်၍ ထိန်းချုပ်ကာကွယ်ရန် လွယ်ကူသော်လည်း လူသား၏မှားယွင်းစွာပြုမူသည့် အပြုအမူများကို ထိန်းချုပ်ရန်ခက်ခဲကြောင်း လေ့လာတွေ့ရှိရပါသည်။ ဘေးမကင်းသည့် အပြုအမူတစ်နည်းအားဖြင့် လူသား၏ မှားယွင်းသည့်အပြုအမူများ လျော့နည်းစေရေးအတွက် အသိအမြင်မြှင့်တင်ရေး ဆောင်ရွက်ပေးခြင်းသည် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ပြီး စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။

မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် ဘေးအန္တရာယ်ကင်းရှင်းသည့် လုပ်ငန်းခွင်အနေအထားဖြစ်စေရေး၊ အလုပ်ရှင်၊ အလုပ်သမားများ၏ အသိအမြင်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို အလုပ်သမားဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ဦးစီးဌာနရှိ အလုပ်ရုံစစ်ဆေးရေးအရာရှိများက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ စစ်ဆေးစည်းကြပ်ခြင်း၊ အသိပညာဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ အလုပ်ရှင်၊ အလုပ်သမားများ၏ အသိအမြင် မြင့်တက်မှသာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ ထိရောက် အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် သင်ထောက်ကူပြု မော်တော်ယာဉ် (Mobile Training Bus) ဖြင့်လည်းကောင်း၊ ပုံမှန်စစ်ဆေးရေးသွားရောက်ချိန်တွင်လည်းကောင်း အသိပညာပေးဆွေးနွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

လုပ်ငန်းခွင်များ၌ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာစေရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေအာဏာတည်ချိန်တွင် အဆင်သင့်ဖြစ်စေရန် ရည်ရွယ်၍ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေနှင့် အကျုံးဝင်သည့် စက်ရုံများအနက်မှ အလုပ်သမား ၅၀ နှင့် အထက်ရှိ စက်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ (ဘေး/ကျန်းကော်မတီ) ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ၉၀ ရာခိုင်နှုန်းကျော်ဖွဲ့စည်းနိုင်ခဲ့ပြီး ဘေး/ကျန်းကော်မတီဝင်များ၏ ဘာသာရပ်ဆိုင်ရာအသိအမြင်များ တိုးတက်လာမှသာ လုပ်ငန်းခွင်များတွင် ထိရောက်ကောင်းမွန်သည့် ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများ ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။

ထို့ပြင် ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၄၃−က တွင် အလုပ်ရုံများတွင် လုပ်ငန်းခွင်မတော်တဆထိခိုက်မှုများနှင့် လုပ်ငန်းခွင်ဆိုင်ရာရောဂါရရှိမှုများကို လျော့နည်းပပျောက်စေရန် အလို့ငှာလုပ်ငန်းပိုင်ရှင်သည် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံ၊ ကြီးကြပ်သူများနှင့် အလုပ်သမားများအား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းများကို လိုအပ်သလို တက်ရောက်စေရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် အလုပ်ရှင်များအနေဖြင့် ယင်းတို့လုပ်ငန်းများရှိ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆောင်ရွက်သူများအား သင်တန်းစေလွှတ် တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့်လည်း သင်တန်းများဖွင့်လှစ်ပို့ချပေးရန် လိုအပ်လာပါသည်။

သင်တန်းကျောင်းဖြစ်ပေါ်လာပုံ

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် G-20 အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့စဉ် ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးမြှင့်တင်ရေးအပေါ် ကူညီထောက်ပံ့ပေးလိုသည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသို့ဆက်သွယ်၍ ညှိနှိုင်းဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့ပါသည်။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ပထမအတွင်းဝန်နှင့် အဖွဲ့အားသွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် "Grant Assistance for Grassroots Human Security Projects (GGP)"အကူအညီဖြင့် ၂၀၁၈ ခုနှစ် မတ်လမှစတင်၍ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေး ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်ရုံး မြေနေရာအတွင်း အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းကျောင်း (National Occupational Safety and Health Center, NOSHC) တည်ဆောက်ခဲ့ရာ ၂၀၁၉ ခုနှစ် မေလအတွင်း ဆောက်လုပ်ပြီးစီးခဲ့ပါသည်။

သင်တန်းကျောင်းကို အလုပ်ရှင်နှင့် အလုပ်သမားများအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများပံ့ပိုးနိုင်ရန်၊ လုပ်ငန်းခွင်များတွင် အန္တရာယ်ကြိုတင်ကာကွယ်ရေး အလေ့အထများကို ပြုစုပျိုးထောင်ရန်နှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်အတွက် လိုအပ်သော လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ပညာရှင်များ မွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ အလုပ်ရှင်၊ အလုပ်သမားများအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချရာတွင် လိုအပ်သည့် ကွန်ပျူတာ၊ Projector ၊ သင်တန်းသားထိုင်ခုံများ၊ စားပွဲများ၊ Whiteboard စသည့် သင်ထောက်ကူပြုပစ္စည်းများကို UPG Paint Co., Ltd မှ လှူဒါန်းပေးခဲ့သောကြောင့် သင်တန်းကျောင်းအတွက် အထောက်အကူဖြစ်စေခဲ့ပါသည်။

သင်တန်းများဖွင့်လှစ်ပို့ချ

သင်တန်းကျောင်းတည်ထောင်ခဲ့သည့် ရည်ရွယ်ချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသည် သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး စတင်ပြင်ဆင်ခဲ့ပါသည်။ ပထမဦးစွာ အလုပ်ရှင်၊ အလုပ်သမားများအား လေ့ကျင့်သင်ကြားပေးမည့် ဘာသာရပ်ကို ရွေးချယ်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် မလွဲမသွေဆောင်ရွက်သင့်သည့် တစ်နည်းအားဖြင့် အခြေခံအကျဆုံးဖြစ်သည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကျရောက်မှု စီမံခန့်ခွဲခြင်း ဘာသာရပ်အား သင်ကြားပို့ချရန် ရွေးချယ်ခဲ့ပါသည်။ ထို့နောက် ဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိများအနက်မှ သင့်တော်သူများကို သင်တန်းနည်းပြအဖြစ် ရွေးချယ်လေ့ကျင့်ခြင်း၊ သင်ရိုးညွှန်းတမ်းများရေးဆွဲပြုစုခြင်း၊ လက်တွေ့ဆောင်ရွက်မည့် လေ့ကျင့်ခန်းများနှင့် ဆန်းစစ်အကဲဖြတ်မည့် မေးခွန်းလွှာများပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

သင်တန်းဖွင့်လှစ်နိုင်ရေး လိုအပ်သည်များ ပြင်ဆင်ရေးဆွဲပြီးနောက် ၂၀၁၉ ခုနှစ် စက်တင်ဘာလမှစတင်၍ လုပ်ငန်းခွင်ဘေးအန္တရာယ်ကျရောက်မှု စီမံခန့်ခွဲခြင်းသင်တန်း (Training on Risk Management)ကို ဖွင့်လှစ်ခဲ့ရာ မန်နေဂျာများနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆောင်ရွက်သူများ တက်ရောက်ခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် မတ်လအထိ လုပ်ငန်းခွင်ဘေးအန္တရာယ်ကျရောက်မှု စီမံခန့်ခွဲခြင်းသင်တန်း ခြောက်ကြိမ်ဖွင့်လှစ်ခဲ့ပြီး မန်နေဂျာနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်သူ ၂၉၂ ဦးကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ခဲ့သည်။ သင်တန်းများကို ၂၀၁၉ ခုနှစ် စက်တင်ဘာလမှစ၍ လစဉ်ဖွင့်လှစ်ပို့ချပေးခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေကြောင့် ခေတ္တရပ်နားခဲ့ရလေသည်။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသည် ဘေး/ကျန်းကော်မတီတွင် ပါဝင်ဆောင်ရွက်နေသည့် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၏ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအသိအမြင်များ တိုးတက်လာစေရန် လေးနှစ်ကျော်ကြာ တိတ်ဆိတ်နေခဲ့သည့် အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ သင်တန်းများကို လစဉ်ပြန်လည်ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ သင်တန်း ၂၃ ကြိမ် ဖွင့်လှစ်၍ ဘေး/ကျန်းကော်မတီဖွဲ့စည်းထားသည့် စက်ရုံ ၈၁၇ ရုံမှ ဘေး/ကျန်းကော်မတီဝင်များကို လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်ခန်းစာများ ပို့ချပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။

အဆိုပါသင်တန်းတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် အမျိုးအစားများ၊ အန္တရာယ်ကျရောက်မှု စီမံခန့်ခွဲခြင်းဆိုင်ရာ အခြေခံအကြောင်းအရာများ၊ စက်ကိရိယာအန္တရာယ်ကင်းရှင်းရေး၊ မီးဘေးအန္တရာယ် ကင်းရှင်းရေးဘာသာရပ်တို့အား အလုပ်ရုံ နှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ သင်တန်းနည်းပြက ဆွေးနွေးပို့ချပေးလျက်ရှိသည့်အပြင် ဓာတုပစ္စည်းအန္တရာယ်ကင်းရှင်းရေး ဘာသာရပ်အား ရန်ကုန်တက္ကသိုလ်မှ သင်တန်းနည်းပြများကလည်းကောင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဘာသာရပ်အား စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သင်တန်းနည်းပြကလည်းကောင်း၊ လုပ်ငန်းခွင်ကျန်းမာရေးဆိုင်ရာ အခြေခံအကြောင်းအရာများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သင်တန်းနည်းပြကလည်းကောင်း ဆွေးနွေးပို့ချပေးလျက်ရှိပါသည်။

သင်တန်းတွင် သင်တန်းသားများကပါ မေးမြန်းဆွေးနွေးနိုင်သည့်ပုံစံဖြင့် သင်ကြားပို့ချပေးလျက်ရှိပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကျရောက်မှုများကို ဆန်းစစ်အကဲဖြတ်နိုင်ရေး လက်တွေ့လေ့ကျင့်ခန်းများကိုပါ ထည့်သွင်းပို့ချပေးခြင်းဖြစ်ပါသည်။ သင်တန်းတစ်ကြိမ်လျှင် သင်တန်းကာလငါးရက်ကို နံနက်ပိုင်းတွင် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်သည့်အတွက် သင်တန်းတက်ရောက်သည့် စက်ရုံများမှ ဘေး/ကျန်းကော်မတီဝင်များ၏ လုပ်ငန်းခွင်မပျက် တက်ရောက်နိုင်မည်ဖြစ်ပါသည်။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် သင်တန်းဖွင့်လှစ် ပို့ချရုံသာမက သင်တန်းနှင့်ပတ်သက်၍ ထိရောက်မှုအခြေအနေကိုသိရှိနိုင်ရေး ဆန်းစစ်အကဲဖြတ်ခြင်းများဆောင်ရွက်၍ သင်တန်းတစ်ကြိမ်နှင့် တစ်ကြိမ်ပို၍ကောင်းမွန်မှုရှိစေရေး စီမံဆောင်ရွက်လျက်ရှိပါသည်။ စက်ရုံမှ စီမံခန့်ခွဲရေးတာဝန်ရှိသူများအနေဖြင့် သင်တန်းတစ်ကြိမ်လျှင် သင်တန်းသားတစ်ဦးနှင့်အထက်ပို၍ တက်ရောက်လိုကြောင်းနှင့် သင်တန်းကာလအား တိုးမြှင့်ပေးစေလိုကြောင်း အကြံပြုချက် များရရှိခဲ့သည့်အတွက် ၂၀၂၅ ခုနှစ် ဧပြီလမှစ၍ သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား ၄၀ တက်ရောက်စေခဲ့ပါသည်။

သင်တန်းဖွင့်လှစ်ခြင်းမှ ရရှိသည့်အကျိုးကျေးဇူးများ

သင်တန်းကာလအတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ်များ၊ ကျန်းမာရေးဆိုင်ရာအန္တရာယ်များ၊ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် အခြေခံသဘောတရားများကို သိရှိနားလည်နိုင်မည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်ခဲ့သည့် ဘေး/ကျန်းကော်မတီဝင်များအား သင်တန်းပြီးမြောက်ပြီး တစ်လအကြာတွင် ဆန်းစစ်အကဲဖြတ်ခဲ့ရာ ယင်းတို့၏ လုပ်ငန်းခွင်ရှိ အလုပ်သမားများအား ဆင့်ပွားသင်တန်းများပို့ချခဲ့ခြင်း၊ သင်တန်းမှရရှိခဲ့သည့် အသိအမြင်များဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များချမှတ်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်အတွင်း တစ်လလျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေး/ကျန်းကော်မတီ ဖွဲ့စည်းထားသည့် စက်ရုံများ၏ ၅၀ ဒသမ ၃၇ ရာခိုင်နှုန်းသာ ပို့ချပေးနိုင်ခဲ့သည့်အတွက် ကျန်ရှိသည့် စက်ရုံများအား ၂၀၂၆ ခုနှစ်တွင် ဆက်လက်ပို့ချပေးသွားမည်ဖြစ်ပါသည်။ အလုပ်ရှင်၊ အလုပ်သမားများအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းသည် လုပ်ငန်းခွင်များအတွက် အကျိုးရှိရုံသာမက လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ကိုပါ ဖွံ့ဖြိုးတိုးတက်စေပါသည်။

လက်ရှိအချိန်တွင် ဦးစီးဌာနရှိ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို စစ်ဆေးသည့် စစ်ဆေးရေးအရာရှိအရေအတွက်နှင့် ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေနှင့် အကျုံးဝင်သည့် စက်ရုံ၊ အလုပ်ရုံအရေအတွက်သည် ၇ : ၁၀၀,၀၀၀ ဖြစ်သည့်အတွက် စက်ရုံများအားလုံးရှိ အလုပ်ရှင်၊ အလုပ်သမားများအား အသိပညာပေးဖြန့်ဝေပေးရန် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ပါသည်။ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းကြောင့် သင်တန်းတက်ရောက်ခဲ့သည့် ဘေး/ကျန်းကော်မတီဝင်ဦးရေ များပြားလာသည်နှင့်အမျှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိအမြင်များကို ဆင့်ပွားဖြန့်ဝေပေးနိုင်ခြင်းကြောင့် လုပ်ငန်းခွင်အန္တရာယ်များကို သတိပြုလာနိုင်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ ချမှတ်ဆောင်ရွက်လာနိုင်ခြင်းတို့ကြောင့် လုပ်ငန်းခွင်ထိခိုက်မှု ဖြစ်ပွားနိုင်သည့်အခြေအနေများ လျော့နည်းလာမည်ဖြစ်ပါသည်။

လုပ်ငန်းခွင်များတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အလုပ်ရှင်၊ အလုပ်သမား၏ ပူးပေါင်းဆောင်ရွက်မှု၊ ဘာသာရပ်ဆိုင်ရာ သိမြင်ကျွမ်းကျင်မှုတို့သည် အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ ဘေး/ ကျန်းကော်မတီဝင်များတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် အသိအမြင်များတိုးတက်လာပါက လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းလာနိုင်ပြီး ကုန်ထုတ်စွမ်းအား တိုးတက်လာနိုင်မည်ဖြစ်ပါသည်။

လုပ်ငန်းခွင်တိုင်းတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများ ချမှတ်ဆောင်ရွက်လာမည်ဆိုပါက အလုပ်သမားများ၏ လူမှုစီးပွားဘဝကို ကာကွယ်စောင့်ရှောက်နိုင်သည့်အပြင် မြန်မာနိုင်ငံ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်လာမည်ဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလမှစ၍ ရပ်နားခဲ့ရသော အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းကျောင်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ သက်ဝင်လှုပ်ရှားလာခဲ့ပြီး ၂၀၂၆ ခုနှစ်တွင်လည်း သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ရာ အမျိုးသားလုမပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်းသည် သင်တန်းတက်ရောက်မည့် သင်တန်းသား သင်တန်းသူများဖြင့် စဉ်ဆက်မပြတ် သက်ဝင်လှုပ်ရှားနေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။