Skip to main content

သည်ဟိတ်ဂ်ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ တစ်မျိုးသားလုံးက ဝန်းရံရပ်တည်နေပါသည်

စွမ်းပြည့်

မြန်မာနိုင်ငံမှာ အများစုဗုဒ္ဓဘာသာဝင်ပြည်သူ​တွေက အနည်းစုအခြားဘာသာဝင်​တွေနဲ့အတူ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြပါတယ်။ အရေးကြုံတိုင်းအပြန်အလှန်ကူညီထောက်ပံ့ အားပေးကြပါတယ်။ ၁၃၅ မျိုးမည်သောတိုင်းရင်းသားမျိုးနွယ်စုတွေဟာ အေးအတူ၊ ပူအမျှ လက်တွဲ နေထိုင်ကြပါတယ်။ ပြဿနာ​တွေဖြစ်လာတိုင်းလည်း လက်တွဲဖြေရှင်းလေ့ရှိကြတယ်။ ဒါ​ပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်တစ်ခုဖြစ်တိုင်း ယှဉ်တွဲပါလာလေ့ရှိတဲ့ အချုပ်အခြာဆိုင်ရာပြဿနာတစ်ခုက အမြဲရှိနေတတ်ပါတယ်။ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှု၊ လူမျိုးတုံးသတ်ဖြတ်မှု စတဲ့၊ စတဲ့ အကြောင်းအမျိုးမျိုးပြ ခေါင်းစဉ်အမျိုးမျိုးအောက်မှာ ပွဲလန့်ဖျာခင်းပြီး နိုင်ငံရဲ့တစ်စိတ်တစ်ဒေသကို ချိုးဖဲ့သိမ်းယူလိုတဲ့ အကြံအစည်​တွေ အမြဲပါလာလေ့ရှိပါတယ်။ ဒါကြောင့် အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်နေတဲ့ အဲဒီအမျိုးသားအရေးကို ကျွန်တော်တို့မြန်မာပြည်သူတွေ အမြဲနားစွင့်ထားရပါမယ်။ အထူး သတိထားကြရပါမယ်။

အကျိုးစီးပွား၊ အချုပ်အခြာနှင့် ဂုဏ်သိက္ခာအတွက်

ယခုလည်း နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဇန်နဝါရီလ ၁၂ ရက်ကနေ ၂၉ ရက်နေ့အထိ ပြုလုပ်နေတဲ့ မြန်မာနဲ့ဂမ်ဘီယာတို့ရဲ့ အမှုနဲ့ပတ်သက်တဲ့ကြားနာပွဲကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ​ဒေါက်တာသီတာဦးတို့ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေကြပြီး နှစ်ကြိမ်လျှောက်လဲချက်များပေးသွားမှာဖြစ်ပါတယ်။ မြန်မာတိုင်းရင်းသားလူမျိုးမှာ ဘယ်တုံးကမှမပါဝင်ခဲ့တဲ့ လူမျိုးတစ်ခုအရေးကိစ္စမှာ ဘယ်ကိုယ်ကျိုးစီးပွားမှထိခိုက်မှုမရှိတဲ့ အနောက်အာဖရိကက ဂမ်ဘီယာဆိုတဲ့ နိုင်ငံငယ်တစ်နိုင်ငံက ICJ မှာ အာရှတိုက်က မြန်မာနိုင်ငံအပေါ် တရားစွဲခဲ့တဲ့အပေါ်မှာ လျှောက်လဲမှာဖြစ်ပါတယ်။ ဆင်ခြင်တုံတရား ရှိမှု/မရှိမှု၊ လွတ်လပ်မှု ရှိ/မရှိ၊ တရားမျှတမှု ရှိ/မရှိ၊ ဓမ္မနဲ့အဓမ္မအကြား ရင်ဆိုင်ဖြေရှင်းရတဲ့ အမျိုးသားအကျိုးစီးပွားဆိုင်ရာ တိုက်ပွဲတစ်ခုဖြစ်တဲ့အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် အစွမ်းကုန်ကြိုးစားမယ့်သူတွေဖြစ်ပါတယ်။ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်ကြမယ့် သူတွေပါ။ ဒါကြောင့်လည်း မြန်မာပြည်သူတစ်ရပ်လုံးက မှန်ကန်တဲ့ ဓမ္မဘက်မှာသာ အခိုင်အမာရပ်တည်နေကြခြင်းဖြစ်ပါတယ်။

မဝေးလှတဲ့ အတိတ်ကိုပြန်လှန်ရရင် ဒီဇာတ်လမ်းက ၂၀၁၆-၁၇ ဘင်္ဂလားဒေ့ရှ်ကနေ ARSA အကြမ်းဖက်သမားတွေ ရခိုင်ဒေသမြောက်ပိုင်းက ရဲစခန်း ၃၀ ခန့်ကို ဝင်ရောက်ကျူးကျော်တိုက်ခိုက်မှု​ကြောင့် မြန်မာ့တပ်မတော်က ပြန်လည်တွန်းလှန်တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်​ချေမှုန်း​​ရေးစစ်ဆင်​ရေး (Counter - TerrorisOperation) လုပ်ချိန်မှာ ARSA က ဘင်္ဂါလီတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ပြီး တစ်ဖက်နိုင်ငံထဲကိုလည်း သူတို့ကိုယ်တိုင် ​ခြိမ်းခြောက်မောင်းထုတ်ခဲ့တဲ့အတွက် ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်နယ်ထဲ ထွက်ပြေးခဲ့ရာက စခဲ့တဲ့ဇာတ်လမ်းပါ။

ဒီဖြစ်စဉ်ကို ဘုမသိဘမသိဘဲ Genocide ခေါင်းစဉ်တပ်ပြီး OIC ကိုယ်စား ဂမ်ဘီယာက ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်​နေ့မှာမြန်မာနိုင်ငံကို တရားစွဲဆိုခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၊ ပထမဆုံးကြားနာပွဲမှာ မြန်မာကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ သွားရောက်ပြီး ဖြေရှင်းခဲ့တယ်။ ထိုအချိန် ထိုအခါက သွားရောက်ဖြေရှင်းခဲ့မှုရဲ့ ရလဒ်အနေနဲ့တော့ မြန်မာ့တပ်မတော်အပေါ် နိုင်ငံတကာဖိအား တစ်ခုပိုတိုးလာခဲ့ကြောင်းသာ ထင်မြင်မိတယ်။ ကြားနာဆဲကာလတစ်လျှောက်မှာ ချမှတ်ခဲ့တဲ့ ကြားဖြတ်အမိန့်ကိုလည်း မြန်မာဘက်က တိတိကျကျ လိုက်နာဆောင်ရွက်ခဲ့တယ်။ ပေးပို့ရမယ့် အစီရင်ခံစာ​တွေကိုလည်း ပေးပို့ခဲ့တယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာဘက်က ဥပ​ဒေကြောင်းအရ ကနဦးကန့်ကွက် ​လျှောက်လဲချက်​တွေ တင်ပါတယ်။

မြန်မာဘက်မှာ ခိုင်လုံသော သက်သေအထောက်အထားများ ရှိပြီးဖြစ်

ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့်သာ မြန်မာဘက်က အကြမ်းဖက်​ချေမှုန်းရေး စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာဘက်ကစခဲ့တဲ့ ပဋိပက္ခမဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ အကြမ်းဖက်သမား​တွေကိုသာ ပြန်လည်တိုက်ခိုက်ခဲ့ပြီး လူမျိုးစုတွေကိုဖျက်ဆီးဖို့ ကြံရွယ်ချက်လည်း မရှိခဲ့ပါ။ ဖျက်ဆီးဖို့အကြောင်းလည်းမရှိပါ။ အကြမ်းဖက်​ချေမှုန်း​ရေးစစ်ဆင်ရေးမှာ ARSA ရဲ့ လူသားဒိုင်းအဖြစ် အသုံးပြုခံရတာ​ကြောင့် ဘင်္ဂါလီအချို့သေကျေထိခိုက်မှု​တွေ ရှိခဲ့ပါတယ်။

အခု ​တွေ့ရတဲ့ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေဟာ မြန်မာနိုင်ငံကို ဆန့်ကျင်တဲ့လူတစ်ဦးချင်းရဲ့ပုဂ္ဂလိက အမြင်တွေနဲ့ တစ်ဖက်သတ်ပြောစကားတွေကို အခြေခံထားတာဖြစ်တယ်။ မြေပြင်ကို ကွင်းဆင်းစစ်ဆေးထားခြင်းမရှိ၊ ခိုင်လုံမှုမရှိ၊ အထောက်အထားမဲ့တွေဖြစ်နေတယ်။ အချို့အချက်အလက်တွေဟာ လုပ်ကြံဖန်တီးချက်တွေဖြစ်နေတယ်။ မြန်မာဘက်က မွတ်ဆလင်တွေကို ဖျက်ဆီးတယ်၊ ဘင်္ဂါလီတွေကို ဖျက်ဆီးတယ်ဆိုရင် ယခုအချိန်ထိ ရခိုင်ပြည်နယ်မှာ ဘာကြောင့် မွတ်ဆလင်တွေရှိနေသေးသလဲ၊ ဘာကြောင့် သူတို့တွေအကြောက်အလန့်မရှိ မြန်မာနိုင်ငံမှာ နေထိုင်ရဲကြပါသလဲ၊၊ ကြောက်စရာကောင်းတယ်ဆိုတဲ့ ဒီလိုနိုင်ငံထဲဘာကြောင့် အတင်းဝင်ချင်နေကြရတာလဲ။ ထိုအချက်များက ရခိုင်ပြည်နယ်မှာ Genocide ဖြစ်စဉ် လုံးဝမရှိခဲ့ဘူးဆိုတဲ့ သက်သေသာဓက​တွေပါပဲ။

ဒါ​ပေမယ့် မခိုင်လုံတဲ့ အရင်းအမြစ်ပေါင်းစုံကနေ အထောက်အထားများစွာနဲ့ တင်သွင်းလာတဲ့ ဂမ်ဘီယာနဲ့ ပြန်လည်ချေပလွှာတင်သွင်းမယ့် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့တွေဟာ သည်ဟိတ်ဂ်မှာ နှစ်ဖက်ရင်ဆိုင်တွေ့နေကြပါပြီ။ မြန်မာဘက်က ယခုလို အရေးတယူသွားရောက် ဖြေရှင်းပေးတာကိုက မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်မှာ သိစေချင်တဲ့သဘောကို ဆောင်နေပါတယ်။ နိုင်ငံတကာဥပဒေ​တွေကို လေးစားလျက်ရှိကြောင်း သက်သေပြရာလည်း ရောက်ပါတယ်။ တရားရုံးကိုလည်း ယုံကြည်ချက်ရှိစွာနဲ့ မြန်မာဘက်က အပြုသဘောဆောင်ရွက်နေကြောင်း ပြသဖို့ရည်ရွယ်ပါတယ်။ မြန်မာကိုယ်စားလှယ်များအနေနဲ့ တစ်ဖက်က အသေးစိတ်ပြုစုပြီး ဘက်ပေါင်းစုံကနေ စွပ်စွဲထားတဲ့ လျှောက်လဲချက်တွေကို အစွမ်းကုန်ခုခံ ကာကွယ်သွားမှာဖြစ်ပါတယ်။ သူတို့ကိုးကားတဲ့ အချက်အလက်များ မှားယွင်းကြောင်း ငြင်းပယ်ချေဖျက်မှာဖြစ်ပါတယ်။ ၂၀၁၆-၁၇ ခုနှစ်က ARSA အကြမ်းဖက်သမားတွေနဲ့ ဘင်္ဂါလီ​အချို့က ရခိုင်၊ မြန်မာလူနည်းစုတွေနဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် တွေအပေါ် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြတဲ့ သက်သေအထောက်အထား​တွေကိုလည်း ပြသပြီး ရင်ဆိုင်ဖြေရှင်းကြမယ်လို့ ယူဆရပါတယ်။

ဒါကြောင့်လည်း မြန်မာပြည်သူ​တွေက မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ပြီး တိုင်းပြည်တာဝန်ထမ်းရွက်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံအားပေးကြခြင်း ဖြစ်ပါတယ်။ မလွယ်မှန်းသိပေမဲ့ နိုင်ငံနဲ့ပြည်သူအတွက်၊ အနာဂတ်သားစဉ်မြေးဆက်​တွေအတွက်ပါ ဖြေရှင်းနေကြတဲ့ သည်ဟိတ်ဂ်ရောက် မြန်မာကိုယ်စားလှယ်​တွေကို သူရဲကောင်းပညာရှင်များသဖွယ် အားကိုးယုံကြည်ပါကြောင်းပြောပါရစေ။ အမှန်တရားနတ်စောင့်တဲ့အတွက် အောင်မြင်ပါစေလို့လည်း ဆုတောင်းပါတယ်။ ပြည်သူနဲ့တစ်သားတည်းရှိတဲ့ သစ္စာတရားကြောင့် အကောင်းဆုံးဆောင်ရွက်နိုင်ကြမယ်လို့လည်း ယုံကြည်ပါတယ်။ သည်ဟိတ်ဂ်မှာ သွားရောက်ဖြေရှင်းနေကြတဲ့ ကိုယ်စားလှယ်များဟာ သူတို့အကျိုးအတွက် မဟုတ်ဘဲ နိုင်ငံနဲ့လူမျိုး အကျိုးအတွက်သာ ဖြစ်ပါတယ်။ နိုင်ငံနဲ့ပြည်သူရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ဖြစ်ပါတယ်။ အချုပ်အခြာနဲ့ သာသနာတော်ကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်ပါတယ်။ OIC က ပုံအောထားတဲ့ ဒေါ်လာနဲ့ နိုင်ငံနဲ့လူမျိုး၊ ဘာသာသာသနာကိုချနင်းပြီး ခိုင်းသမျှလုပ်နေကြတဲ့ လူတစ်သိုက်ရဲ့ လိုလားချက်တွေ အောင်မြင်မှုမရအောင် သွားရောက်ဖြေရှင်းနေကြခြင်းဖြစ်ပါတယ်။ နိုင်ငံတကာအလယ်မှာ မိမိဘက်က မှန်ကန်ကြောင်း သက်သေပြခွင့်ရမယ်ဆိုတဲ့ အခိုင်အမာယုံကြည်ချက်ကြောင့်လည်း ဖြစ်ပါတယ်။

ယခုတစ်ကြိမ်မှာ ဂမ်ဘီယာဘက်ကလျှောက်လဲသူ လူတစ်စုဟာ ဗုဒ္ဓဘာသာရဲ့ အသည်းနှလုံးကိုပါ လှံနဲ့ထိုးဆွသလို တိုက်ခိုက်လာကြပြန်ပါပြီ။ တစ်ပြိုင်တည်း ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ စည်ပင်ဖွံ့ဖြိုးရေးလှိုင်းနဲ့အတူ တရိပ်ရိပ်တက်လာနေတဲ့ ဗုဒ္ဓသာသနာ အညွန့်အရွက်တွေ မစည်ပင်၊ မဝေဆာအောင် ကြိုးစားနေဟန်ရှိပါတယ်။ ထေရဝါဒမြန်မာနိုင်ငံနဲ့ ကမ္ဘာ့ဗုဒ္ဓမဏ္ဍိုင်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖြိုလှဲဖို့ မိစ္ဆာဒိဋ္ဌိတို့ရဲ့ ကြိုးစားအားထုတ်မှုတစ်ခုအဖြစ် မြင်နိုင်ပါတယ်။ ယူဆမိတာက ပြည်တွင်းပြည်ပ အဖျက်အုပ်စုတွေဟာ မြန်မာနိုင်ငံက လူတစ်ဦးချင်းကို ပစ်မှတ်ထားတာထက် တပ်မတော်ကြီးကို ပြိုကွဲအောင်အပြင် မြန်မာနိုင်ငံမှာ ဘာသာသနာပါ ပျောက်ကွယ်အောင် ဟန်ချက်ညီညီ ကြံစည်နေကြတယ်ဆိုတဲ့ သဘောကိုဆောင်နေကြောင်း သတိပြုရမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာရဟန်းတော်​တွေကို စော်ကားခြင်းဟာ နိုင်ငံသားအားလုံးကို စော်ကားလိုက်ခြင်းအဖြစ်ခံယူထားပြီး ဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့် ယနေ့ ICJ မှာ ရင်ဆိုင်နေရတဲ့အရေးက မြန်မာတစ်မျိုးသားလုံးရဲ့ အရေးဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွားနဲ့ အမျိုးသားဂုဏ်သိက္ခာကို ထင်ဟပ်နေတဲ့၊ အမျိုးသားရေးဖြစ်တဲ့အတွက် မြန်မာပြည်သူတစ်ရပ်လုံးက နိုင်ငံတော်ဘက်မှာသာ ရပ်တည်နေခြင်းဖြစ်ပါတယ်။ လူမျိုးခြား​တွေနဲ့ အရေးမို့ အလေးထားရမယ့်တာဝန်တစ်ရပ်လည်း ဖြစ်ပါတယ်။ လူမျိုးခြားတွေရဲ့ စနစ်တကျ နယ်မြေပိုင်နက် စိုးမိုးရေးလုပ်ဆောင်ချက်​တွေကို အစွမ်းရှိသမျှ ကာကွယ်တိုက်ဖျက်ကြရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအမည် ဖြစ်ခွင့်မရှိတဲ့ ခိုးဝင်လူမျိုးတို့ရဲ့ အမည်ကို လုံးဝလက်ခံလို့ မရပါဘူး။ ထိုလူမျိုး​တွေကိုလည်း မြန်မာနိုင်ငံသားဖြစ်ခွင့် လုံးဝမပေးလို့မရပါ။ ထိုအမည်နဲ့ ပြည်နယ်ထူထောင်ခွင့် စိတ်ကူးယဉ်ခွင့်မရှိပါ။ ယခုအချိန်မှာ အနောက်ဘက်က တို့မီးရှို့မီး မီးပွားတစ်စမှ၊ ဘယ်နည်းနဲ့မှလက်မခံနိုင်ပါ။ ဂမ်ဘီယာဘက်က လျှောက်လဲကြတဲ့ ဥပဒေပညာရှင်​တွေအားလုံးဟာ ဒေါ်လာစားတွေရဲ့ အစေခံ​တွေသာဖြစ်ပြီး မြန်မာပြည်ကြီး ပျက်စီးသွားစေဖို့ နှပ်ကြောင်းပေး ကြိုတင်စီစဉ်ထားတဲ့အကွက်တွေသာ ဖြစ်ပါတယ်။ တိုက်ဆိုင်စွာပဲ ဆရာတော်၊ သံဃာတော်​တွေကို စော်ကားခြင်းဖြင့် မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်ပြီး ပဋိပက္ခတွေ ဖြစ်ပွားလာအောင် ဖန်တီးနေခြင်းကိုလည်း သတိထားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ယခုအချိန်မှာ ပြည်သူအားလုံးက သတိဝီရိယရှိကြရပါမယ်။ ဘယ်လိုဖြစ်ဖြစ် အစမကောင်းခဲ့တဲ့ ဆိုးကျိုးဖြစ်စဉ်ဖြစ်ရပ်တစ်ခုအတွက် အဆုံးသတ်ကောင်းအောင်လုပ်ဖို့တော့ တစ်မျိုးသားလုံးမှာ တာဝန်ရှိလာပါပြီ။ ဒီအချက်ကို သင်ခန်းစာယူပြီး အဆိုးထဲက အကောင်းဖြစ်ဖို့ရာ၊ အနာဂတ်နိုင်ငံတော်နဲ့ အနာဂတ်သားစဉ်မြေးဆက်များအတွက်၊ အားလုံးအတွက် ဦးတည်ကြိုးစားကြရမှာပါ။ ယခုအချိန်မှာ မတူကွဲပြားမှုတွေကို ဘေးချိတ်ပြီး လတ်တလော နိုင်ငံအပေါ်ကျရောက်နေတဲ့ မဟုတ်မမှန် မတရားစွပ်စွဲတိုက်ခိုက်မှုများကို ပြည်သူတစ်ရပ်လုံးက ပြန်လည်ခုခံကာကွယ်ရင်ဆိုင်ကြဖို့ အချိန်တန်ပြီဖြစ်ကြောင်းသာ ဆိုရပါတော့မယ်။ ။