Skip to main content

မြန်မာနယ်စပ်ဒေသတွေမှာ ရာဇဝတ်ဂိုဏ်းတွေ ဘယ်လိုရောက်လာသလဲ

မင်းသော်

ယနေ့ကမ္ဘာ့သတင်းတွေမှာ KK Park၊ ရွှေကုက္ကိုလ်၊ မြဝတီနဲ့ လောက်ကိုင်လို့ ပြောလိုက်တာနဲ့ အွန်လိုင်းလိမ်လည်မှုတွေရဲ့ ဗဟိုအချက်အချာဆိုပြီး ဖော်ပြကြတာမျိုး မြင်တွေ့ရပါတယ်။ ဒီမှာ လူတွေ အလိမ်အညာခံရတယ်၊ ထိခိုက်ခံစားကြရတယ်လို့ သတင်းတွေကဖော်ပြပြီး တည်နေရာကတော့ မိမိတို့နိုင်ငံနယ်စပ်ဒေသတွေပေါ့။ ဒါပေမယ့် အရင်းအမြစ်ကို ဖော်ထုတ်ရေးသားတဲ့မီဒီယာအချို့ တွေ့ရပေမယ့် အတော်လေး နည်းပါတယ်။ မြေပြင်အခြေအနေမှန်ကို ထင်ဟပ်နိုင်တာမရှိဘဲ မြန်မာနိုင်ငံက လူဆိုးဂိုဏ်းတွေ တည်ထောင်၊ တစ်ကမ္ဘာလုံးကလူတွေကို ခေါ်၊ ဒုက္ခပေးနှိပ်စက်ညှဉ်းပန်းနေသယောင်ပါပဲ။

ရာဇဝတ်ဂိုဏ်းကြီးတွေ မြန်မာ့မြေပေါ်မှာ မည်သို့မည်ပုံ အခြေချလာကြသလဲ။ မြန်မာအစိုးရကရော ဘယ်လိုတွေလုပ်ဆောင်နေသလဲ စတဲ့မေးခွန်း တွေကို သူတို့သိစေလို၊ ချင့်ချိန်စေလိုပါတယ်။

အမှန်တရားကတော့ မြန်မာနိုင်ငံဟာ အခုလို ဒုစရိုက်လုပ်ငန်းတွေကို စတင်ခဲ့တာ၊ ပံ့ပိုးပေးတာနဲ့ ခွင့်ပြုခဲ့တာ လုံးဝ (လုံးဝ) မရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါဖြင့် လက်ရှိ မှိုလိုပေါက်လာခဲ့တဲ့ ဒုစရိုက်မှုအားလုံးက ဘယ်ကလာသလဲဆိုရရင် ပြည်ပအခြေစိုက် ရာဇဝတ်အုပ်စုတွေရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိပြီး သူတို့ဟာ မငြိမ်းချမ်းတဲ့ မြန်မာနယ်စပ်ဒေသတွေကို ဦးတည်၊ မြန်မာ့ပိုင်နက်နယ်မြေတွေကို အလွဲသုံးစား လုပ်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအပေါ်မှာ ရာဇဝတ်မှုတွေ ကျူးလွန်နေတာပဲဖြစ်ပါတယ်။

မငြိမ်းချမ်းတဲ့ နယ်မြေဖန်တီး၊ ဒုစရိုက်မှုတွေ လုပ်ဆောင်

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ အများစုခြေကုပ်ယူရာနေရာတွေကို လေ့လာကြည့်မယ်ဆိုရင် နယ်စပ်ဒေသတွေနဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ခံထားရတဲ့ ပဋိပက္ခတို့ တည်ရာနေရာတွေမှာ ရှိနေတာကို ထင်ရှားစွာ မြင်တွေ့ရပါတယ်။ ဒီလို နိုင်ငံတကာက ဥပဒေမဲ့ နယ်မြေတစ်ခုလို့မြင်လာတဲ့နေရာဟာ KNU လို အကြမ်းဖက်သောင်းကျန်းသူအချို့ရဲ့ ကိုယ်ကျိုးစီးပွားကို မျက်နှာမူပြီး နိုင်ငံခြားရာဇဝတ်ဂိုဏ်းတွေကို ဖိတ်ခေါ်ခွင့်ပြုခဲ့ခြင်းရဲ့ အကျိုးဆက်ပဲဖြစ်ပါ တယ်။

ဥပမာအားဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်လောက်မှာ စတင်အမြစ်တွယ်တဲ့ ရွှေကုက္ကိုလ်၊ ၂၀၂၀ ပြည့်နှစ်မှာစတင်တဲ့ KK park စတင်ပေါက်ဖွားရာမှာ KNU ခေါင်းဆောင်ပိုင်းအချို့ ပါဝင်ပတ်သက်နေတာကို ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။ သူတို့ဟာ သူတို့ရဲ့စီးပွားရေးအမြတ်အစွန်းအတွက် နိုင်ငံတော်နဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို စတေးပြီး ပြည်ပရာဇဝတ်သားတွေကို သူတို့ရဲ့ဩဇာခံနယ်မြေ တွေမှာ တံခါးဖွင့်ပေးခဲ့တာကြောင့်ပါပဲ။ ဒါကြောင့်ပဲ အခုလိုကြီးမားတဲ့ ဥပဒေမဲ့ ဒုစရိုက်ဇုန်ကြီးတွေဖြစ် လာတဲ့အထိ ကြီးမားလာခဲ့ရခြင်းလို့ ယူဆမိ ပါတယ်။

အမျိုးသားရေးတာဝန်အနေနဲ့ စစ်ဆင်ရေးဆင်နွှဲ

ဒီလိုဒုစရိုက်လုပ်ငန်းတွေဟာ နိုင်ငံရဲ့ဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်စေတဲ့အပြင် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများလည်း ဖြစ်ပေါ်စေတယ်ဆိုတာ မြန်မာနိုင်ငံအနေနဲ့ ကောင်းမွန်စွာသဘောပေါက်နားလည်တဲ့အတွက် မြန်မာအစိုးရအနေနဲ့ ဒုစရိုက်ကွန်ရက်တွေကို မြန်မာ့မြေပေါ်ကနေ ပပျောက်စေဖို့ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ စစ်ဆင်ရေးအသွင် အားသွန်ခွန်စိုက်နှိမ်နင်းလျက်ရှိတာကို မြင်တွေ့ရပါတယ်။

အနီးစပ်ဆုံးတင်ပြရရင် ၂၀၂၃ ခုနှစ်နှောင်းပိုင်း ကနေစတင်လို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ဒေသမှာ ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်မှုတွေကိုကြည့်ရင် သိနိုင်ပါတယ်။ လောက်ကိုင်ဒေသဟာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) တွေ တွင်ကျယ်နေတဲ့အတွက် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်ပဲ လိမ်လည်မှုတွေမှာ ဦးဆောင်သူတွေနဲ့ ပါဝင် ဆောင်ရွက်သူတွေကို အချိန်နဲ့တစ်ပြေးညီ ပြန်လည်လွှဲပြောင်းပေးခြင်းတွေကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါတယ်။

နိုင်ငံတော်က အလေးထားဆောင်ရွက်မှုတွေကြောင့် နိုင်ငံခြားသားအပါအဝင် လိမ်လည်ခံရသူ ၄၀၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းကလည်း နိုင်ငံတကာရာဇဝတ်မှုတွေကို အမှန်တကယ်တိုက်ဖျက် လိုတဲ့ မြန်မာတို့ရဲ့ဆန္ဒမှန်ကို ပြသတာပဲ မဟုတ်ပါလား။

နိုင်ငံခြားသား ခြောက်သောင်းကျော် လွှဲပြောင်းပေးပြီးဖြစ်

လက်ရှိမှာတော့ ကရင်ပြည်နယ် မြဝတီနယ်စပ်မှာရှိတဲ့ KK Park နဲ့ ရွှေကုက္ကိုလ်ဒေသတွေမှာ တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) နဲ့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေး အကြိမ်ပေါင်း ၂၅ ကြိမ် ဆင်နွှဲခဲ့ပြီလို့ သိရပါတယ်။ အဲဒီဒေသတွေမှာ ဥပဒေမဲ့လုပ်ရပ်တွေဖြစ်တဲ့ လောင်းကစားနဲ့ လိမ်လည်မှုတွေ ကျူးလွန်ဖို့ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေကို စနစ်တကျဖြိုဖျက်လိုက်ခြင်းဟာ ဒုစရိုက်လုပ်ငန်းတွေရဲ့အရင်းအမြစ်တွေ မြေလှန်ပစ်လိုက်သလိုမို့ အရင်းအမြစ်တွေ အတော် လေး ခြောက်ခန်းသွားစေခဲ့ပါပြီ။

နိုင်ငံတော်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေ အရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့အထိ KK Park အတွင်းမှာ အဆောက်အအုံအလုံးပေါင်း ၆၃၅ လုံးအနက် ၂၉၃ လုံး ဖြိုချဖျက်ဆီးပြီးစီးကာ ရွှေကုက္ကိုလ်မှာ အဆောက်အအုံ ၁၆၁ လုံးကို ချိပ်ပိတ်သိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။ အဲဒီမှာ အသုံးပြုနေတဲ့ ကွန်ပျူတာ ၃၃၁၀၊ မိုဘိုင်းဖုန်း ၂၁၈၇၀ သိမ်းဆည်းရမိဖျက်ဆီးခဲ့ခြင်းက မြန်မာနိုင်ငံအတွက်ရော၊ ကမ္ဘာ့ဒုစရိုက်မှုပပျောက်ရေးအတွက်ပါ ကြီးမားတဲ့အောင်မြင်မှုကြီးပါ။ ဆက်လက်ပြီး တော့လည်း အပြီးတိုင်ပပျောက်ရေးအတွက် အမြစ်ပြတ်ချေမှုန်းပစ်ဖို့လိုအပ်ပါတယ်။ ဒါမှသာ မြဝတီဒေသတစ်ဝိုက်မှာ အခုလိုလိမ်လည်မှုတွေ၊ လောင်းကစားမှုတွေစတဲ့ ဒုစရိုက်လုပ်ငန်းအားလုံး ပြန်လည်ခြေချခွင့်မရမှာဖြစ်ပါတယ်။

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ အတင်းအဓမ္မလုပ်ကိုင်နေရပြီး ပိတ်မိနေကြတဲ့ နိုင်ငံခြားသားတွေကို စနစ်တကျနဲ့ ကယ်ဆယ်ပေးခဲ့တာကလည်း မြန်မာနိုင်ငံနဲ့ မြန်မာအစိုးရပဲဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့အတွင်း နိုင်ငံ ပေါင်း ၅၂ နိုင်ငံက နိုင်ငံခြားသား စုစုပေါင်း ၆၈၅၈၂ ဦးကို ပြန်လည်လွှဲပြောင်းနိုင်ခဲ့တယ်လို့ သိရပါ တယ်။

ထိုဒေသတွေမှာ ရောက်နေကြတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံတော်ကတာဝန်ယူပြီး သူတို့ရဲ့သက်ဆိုင်ရာနိုင်ငံက ပြန်လည်မခေါ်ယူမချင်း ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းနဲ့ နိုင်ငံကြီးသားပီသစွာ တာဝန်ယူ စောင့်ရှောက်ပေးနေတာကိုလည်း ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။

ပွဲလန့်တုန်းဖျာဝင်ခင်း

ဒါပေမယ့် ယခုလို နှိမ်နင်းမှုတွေကြောင့် သူတို့ရဲ့အကျိုးစီးပွားပျက်စီးရကိန်းကြုံလာတဲ့အခါ အနာရှိသူအချို့က စပ်ကြသလို ပွဲလန့်တုန်းဖျာခင်းကြသူများကိုလည်း ဒီအခင်းအကျင်းမှာ မြင်တွေ့ရပါတယ်။ KNU/ KNLA နဲ့ PDF အမည်ခံအကြမ်းဖက်သမားတွေဟာ သူတို့ကသာ အွန်လိုင်းလောင်းကစားမှုတွေ တိုက်ဖျက်သယောင်အမည်ခံပြီး အချို့ကျေးရွာတွေကို ပစ်ခတ်ထိန်းချုပ်တာ၊ တရားမဝင် နိုင်ငံခြားသားအချို့ကို မြန်မာအစိုးရနဲ့တပ်မတော်ကို မအပ်နှံဘဲ ဖမ်းဆီးထိန်းသိမ်းထားခြင်းတွေကို ဆောင်ရွက်နေပြီး အသေအပျောက်လည်းရှိတယ်လို့ ဒေသခံတွေထံက သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကတော့ အွန်လိုင်းလိမ်လည်မှုတွေကို သူတို့ကပဲ တိုက်ဖျက်နေသယောင် နိုင်ငံတကာကိုတောင် လိမ်လည်ဖို့ကြိုးစားလျက်ရှိတာကိုလည်း မြင်တွေ့ရပါတယ်။

ထို့အတူပဲ အမေရိကန်နိုင်ငံက သူတို့နိုင်ငံသားတွေကို အွန်လိုင်းလိမ်လည်မှုတွေကနေ ကာကွယ်ဖို့ Scam Center Strike Force (SCSF) ဖွဲ့စည်းဆောင်ရွက်နေတယ်လို့သိရပြီး အောက်လွှတ်တော်မှာလည်း မြန်မာ့အရေး ဆွေးနွေးမှုတွေလုပ်ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုနှိမ်နင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ ပြောဆိုနေတာကို တွေ့ရပါတယ်။

မြန်မာဘက်ကို လွယ်လွယ်ကူကူအပြစ်တင်နေကြပေမယ့် တစ်ဖက်မှာ လူကုန်ကူးခံရသူတွေရဲ့ ထွက်ဆိုချက်တွေကတော့ စိတ်ဝင်စားစရာကောင်း ပါတယ်။ သူတို့ရဲ့ ထွက်ဆိုချက်တွေဟာ ဒုစရိုက်မှုတွေရဲ့ အစပြုရာနေရာတွေကို ရှင်းရှင်းလင်းလင်း ညွှန်ပြနေတယ်ဆိုတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်တွင်းသတင်းဌာနတွေရဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ကင်ညာနိုင်ငံသားတစ်ဦးက ဖြေဆိုထားတာကတော့ သူက ထိုင်းနိုင်ငံကနေ အလုပ်ခေါ်ယူ တာ ခံရပါတယ်လို့ ဖြေကြားထားပါတယ်။

ဘယ်နေရာမှာ လူကုန်ကူးခံရမှန်းတောင် မသဲကွဲကြသူများ

နိုင်ငံသားသတင်းဌာနတစ်ခုမှာလည်း ဖိလစ်ပိုင်နိုင်ငံသား လူကုန်ကူးခံရသူက “ကျွန်တော့်ကို ခေါ်လာခဲ့တဲ့သူက ထိုင်းနိုင်ငံသားဖြစ်ပါတယ်။ ကျွန်တော်မြန်မာနိုင်ငံကို အရင်က မရောက်ခဲ့ဖူးပါဘူး”လို့ ဖြေကြားထားခဲ့ပါတယ်။ အဲဒါအပြင် ဗီယက်နမ်နိုင်ငံသားတစ်ဦးကလည်း “မြန်မာနိုင်ငံမှာ နေရပေမယ့် ကျွန်တော့်ကို ရိုက်နှက်တဲ့သူတွေက မြန်မာနိုင်ငံသားမဟုတ်ဘူး”လို့ ထွက်ဆိုခဲ့တာကို နိုင်ငံတကာသတင်းဌာနတွေမှာ ဖတ်ရှုခဲ့ရပါတယ်။

နိုင်ငံတကာသတင်းတွေနဲ့ လူကုန်ကူးမှုသတင်းတွေကို လေ့လာကြည့်တဲ့အခါ ဥပဒေစိုးမိုးမှုမရှိတဲ့ ဒီလိုနေရာတွေကိုရောက်လာတဲ့ နိုင်ငံခြားသားအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ မြန်မာနိုင်ငံမှာ လုပ်ရမယ်ဆိုတာကို မသိခဲ့ကြတဲ့အပြင် မြန်မာနိုင်ငံအတွင်း ရောက်ရှိနေတယ်ဆိုတာကိုလည်း အချိန်လွန်မှသိကြရတယ်လို့ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံကနေတစ်ဆင့် တရားမဝင် ဖြတ်သန်းဝင်ရောက်လာကြတယ်ဆိုတာ အထင်အရှားလို့ ဆိုရမှာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံက နိုင်ငံတကာရာဇဝတ်မှုကို တိုက်ဖျက်ရာမှာ နယ်စပ်တစ်ဖက်ကမ်းက ထိုင်းနိုင်ငံရဲ့ ထိရောက်တဲ့ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးတကြီး လိုအပ်နေတယ်လို့ သုံးသပ်မိပါတယ်။ ဒီလို အကြမ်းဖက်သောင်းကျန်းသူတွေ ခြေကုပ်ယူထားတဲ့ မငြိမ်းချမ်းတဲ့နေရာမှာ ဒုစရိုက်မှု ပြုလုပ်တဲ့ အဆောက်အအုံတွေ မှိုလိုပေါက်လာနိုင်တာ၊ ဆက်သွယ်ရေးကွန်ရက်တွေ ရရှိလာတာ၊ အခြေခံအဆောက်အအုံ ရေ၊ မီးစတဲ့အရာတွေဟာ နောက်ကွယ်မှာရှိတဲ့ လောဘသားကောင်စီးပွား ရေးသမားတွေရဲ့ ပံ့ပိုးမှုဖြစ်နိုင်ပြီး ဒါကိုလည်း နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံက တာဝန်ရှိသူတွေ ပူးတွဲဖော်ထုတ်ကြရမယ်လို့ နားလည်မိပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ တရားမဝင်ကုန်သွယ်နေတဲ့ စီးပွားရေးသမားတွေကို ထိရောက်စွာ ဖမ်းဆီးအရေးယူပေးဖို့၊ လူမှောင်ခိုကူးရာမှာ အသုံးပြုနေတဲ့ တရားမဝင် လမ်းကြောင်းတွေကို အမှန်တကယ် ပိတ်ဆို့ပေးဖို့နဲ့ အွန်လိုင်းလိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ထိုင်းရင်းနှီးမြှုပ်နှံသူတွေကို စုံစမ်း ဖော်ထုတ်အရေးယူပေးဖို့ လိုအပ်တယ်လို့ မြန်မာ ပြည်သူတစ်ဦးအနေနဲ့ မျှော်လင့်ပါတယ်။

အခုလို ဒုစရိုက်လုပ်ငန်းတွေဖြစ်ပေါ်နေတဲ့နေရာဒေသတွေဟာ မြန်မာနိုင်ငံအတွင်းက တရားဥပဒေစိုးမိုးပြီး ငြိမ်းချမ်းတဲ့မြို့တော်တွေမှာမဟုတ်ပါဘူး။ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေကြားက မငြိမ်းချမ်းတဲ့အရပ်ဒေသတွေမှာသာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြားထဲက တပ်မတော် ဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို မြန်မာ့မြေပေါ်က အမြစ်ပြုတ်အောင် မြေလှန်ရှာဖွေဖော်ထုတ်နေတာပါ။ ဆောင်ရွက်တဲ့အခါ KNU အပါအဝင် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်းတွေက သူတို့ကိုယ်ကျိုးထိခိုက်လာမှာစိုးရိမ်မှုနဲ့အတူ လုပ်ကြံဖန်တီးမှုမျိုးစုံနဲ့ ပြန်လည်ခုခံမှုတွေ၊ ပြည်ပက ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားမှုတွေကိုလည်း ကြံ့ကြံ့ခံ ကျော်လွှားနေရပါသေးတယ်။

နိုင်ငံတော်အနေနဲ့ ဒီလိုနိုင်ငံဖြတ်ကျော်ဒုစရိုက်လုပ်ငန်းတွေကို မြန်မာ့မြေပေါ်ကနေ အမြစ်ပြတ် ဖယ်ရှားဖို့အတွက် ခိုင်မာတဲ့စိတ်ဆုံးဖြတ် ပိုင်းဖြတ်ထားပြီးဖြစ်ပါတယ်။ ကမ္ဘာ့အသိုင်းအဝိုင်းက မြန်မာနိုင်ငံကို ဝေဖန်ခြင်းမပြုခင်မှာ မြန်မာ့မြေပေါ်က စစ်မှန်တဲ့ နှိမ်နင်းမှုတွေ၊ တရုတ်နိုင်ငံနှင့်အတူ လက်တွဲပြီး နိုင်ငံဖြတ်ကျော်အွန်လိုင်းလိမ်လည်မှုတွေကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်နေတဲ့အခြေအနေ၊ လူကုန်ကူးခံရသူတွေရဲ့ ထွက်ဆိုချက်တွေနဲ့ ပြဿနာရဲ့ အရင်းအမြစ်တွေကို မှန်ကန်မျှတတဲ့အမြင်နဲ့ ကြည့်ရှုသုံးသပ်သင့်ပါပြီလို့ တိုက်တွန်းလိုက်ရပါတယ်။ ။