ဘက်လိုက်ခြင်းကင်း ပညာခင်း၍ အမှားမီဒီယာမှာ မမျှော်နှင့် …
မိုးမြင့်
ယနေ့ ကမ္ဘာ့နိုင်ငံအများစုဟာ မီဒီယာရဲ့သက်ရောက်မှုဒဏ်ကို အကြီးအကျယ်ခံနေရပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေပါပဲ၊၊ တည်ငြိမ်မှုနဲ့ အချုပ်အခြာကို အသည်းအသန်ကာကွယ်နေရတဲ့ နိုင်ငံအများစုဟာ မီဒီယာတွေရဲ့ခြိမ်းခြောက်မှုကို တစ်ဖက်သတ်အခံရဆုံးဖြစ်နေပါတယ်။ မီဒီယာတွေဟာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုခု၊ နိုင်ငံရဲ့ဆန့်ကျင်ဘက်မှာ တစ်ဖက်သတ်ရပ်တည်ခွင့်ရသွားခဲ့ရင် ထိုနိုင်ငံ၊ ထိုလူ့အဖွဲ့အစည်းအတွက် အနုတ်လက္ခဏာ ဖြစ်သွားပါတယ်။
BBC ထိပ်သီးနှစ်ဦးနုတ်ထွက်မှုကနေ
ယနေ့ခေတ်မှာ သတင်းတု fake news၊ သတင်း မှား misinformations နဲ့ လုပ်ကြံသတင်း disinformations တွေရဲ့ ထိုးနှက်မှုဒဏ်ကို နိုင်ငံအတော်များများဟာ ပြင်းပြင်းထန်ထန်ခံစားကြရပါတယ်။ မိမိနိုင်ငံအတွင်းထဲအထိ စိမ့်ဝင်ဖျက်ဆီး ပျက်စီးမှုအကြောင်းတရားများစွာမှာ မီဒီယာဖိအားက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ BBC, VOA, RFA, DVB စတဲ့ မီဒီယာတွေရဲ့ ထိုးနှက်တိုက်ခိုက်မှုဒဏ်ကိုခံစားခဲ့ရတာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ယခုတော့ အမေရိကန်အလှည့်ဖြစ်သွားပါပြီ၊၊ အမှန်က BBC ဟာ တစ်ကမ္ဘာလုံးကို ဂြိုဟ်မွှေနေခဲ့တာပါ။ ယခုအချိန်မှာတော့ မြန်မာပြည်သူတွေ အနေနဲ့ BBC ရဲ့ အတွင်းသရုပ်မှန်ကို ပိုပြီးသိသင့်ပါတယ်။ အချက်ပေးခေါင်းလောင်းသံအဖြစ် ဒီအသံကို ပိုပြီးကြားစေချင်ပါတယ်။
အဖြစ်အပျက်ကတော့ ယခုရက်ပိုင်းအတွင်းထွက်ပေါ်လာတဲ့ သတင်းတွေကြောင့်ပါ။ BBC ရဲ့ ထိပ်ပိုင်းခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ် Tim Davie နဲ့ သတင်းဆိုင်ရာ CEO Deborah Turness တို့ဟာ သတင်းတင်ဆက်ရာမှာ အဂတိအမှားတွေရှိခဲ့တဲ့အတွက် တာဝန်ယူနုတ်ထွက်လိုက်ရပြီ ဆိုတဲ့အကြောင်းပါ။ သူတို့တွေ ဦးဆောင်တဲ့ BBC ဟာ တစ်ကမ္ဘာလုံးကို အထင်အမြင်မှားအောင် မျက်လှည့်ပြခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ်က US ကယ်ပီတယ်မှာ ဆူပူဆန္ဒပြမှုတွေမဖြစ်ပွားခင် သမ္မတထရမ့်ရဲ့မိန့်ခွန်းတစ်ခုကို BBC ကနေ ဖြတ်၊ ညှပ်၊ ကပ်တည်းဖြတ်ခဲ့ကြတယ်။ လွှတ်တော်စီးနင်းမှုက သမ္မတထရမ့်ရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်ရကြောင်း ထရမ့်မပြောတဲ့စကားကို ပြောသယောင် လိုသလို ဖြတ်၊ ညှပ်၊ ကပ်နဲ့ တည်းဖြတ်ထုတ်လွှင့်ခဲ့ကြတယ်။ အမှန်ကိုအမှား၊ အမှားကိုအမှန် လုပ်ခဲ့ကြခြင်းဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။
မီဒီယာတွေဟာ အများပြည်သူကို ဘယ်လိုများလှည့်စားတတ်ကြပါသလဲ၊၊ ယခင်က ဖြတ်၊ ညှပ်၊ ကပ်ကနေ ယနေ့ AI ကိုပါအသုံးပြုပြီး ယုတ်ယုတ်မာမာ အသုံးချနေကြပါပြီ။ သတင်းအချက်အလက်ကို လိုသလိုဖြတ်တောက်မယ်၊ ကိုယ်လိုချင်တဲ့အပိုင်း အစကိုယူမယ်၊၊ သတင်းတု၊ သတင်းမှားအဖြစ် ပုံသွင်းမယ်။ သတင်းတွေကို AI နဲ့ပြင်ယူမယ်။ သူတို့ ပစ်မှတ်က ခံစားလွယ်ပြီး အကဲဆတ်တဲ့အုပ်စုတွေ ဖြစ်မယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အထင်လွဲအောင် ဝါဒဖြန့်မယ်၊ သွေးခွဲမယ်၊ တစ်စိတ်ကို တစ်အိတ်လုပ်မယ်။ လစ်ဘရယ် အယူနဲ့အတူ ယဉ်ကျေးမှု၊ ပညာရေးနဲ့ ဘာသာတရားကို ဖျက်ဆီးပစ်မယ်ဆိုတဲ့ စိတ်ဓာတ် စစ်ဆင်ရေးအထိပါပဲ။
ဘာကြောင့် ဘက်လိုက်ခဲ့ကြပါသလဲ
ဒီ့အတွက်လည်း BBC အကြီးအကဲတွေက သမ္မတထရမ့်ကိုတောင်းပန်ခဲ့ရတယ်။ သူတို့ရဲ့ ဘက်လိုက်ဖော်ပြချက်အတွက် BBC သတင်းဌာနကို သမ္မတထရမ့်က ဒေါ်လာတစ်ဘီလီယံ ရလိုမှုနဲ့ တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်စာတစ်စောင် ပေးပို့ထားတယ်လို့လည်း သတင်းတွေမှာဖတ်ရပါတယ်။ သတင်းမီဒီယာကျင့်ဝတ်ရှိရတယ်ဆိုတာကို ဒီလိုသက်ရင့်ဝါရင့်အကြီးအကဲတွေအနေနဲ့ ဘာကြောင့်သတိမထားမိခဲ့ကြပါသလဲ၊ သတိမထားမိလောက်အောင်ဖြစ်ခဲ့ကြတဲ့ အကြောင်းတရားတွေကို သံဝေဂယူဆင်ခြင်ရမှာ ဖြစ်ပါတယ်။ အဂတိတရားတွေက သူတို့ကိုဘယ်လောက်တောင် အမှောင်ဖုံးခဲ့ကြသလဲ။ နိုင်ငံရေးအာဃာတတွေက သူတို့မျက်စိတွေကို ကန်းသွားစေခဲ့တယ်၊ ဘက်မလိုက်ရမှာကို ဘက်လိုက်ခဲ့ကြတယ်၊ ထရမ့်ကိုဆန့်ကျင်ပြီး ဘိုင်ဒင်ဘက်ကိုအားပေးခဲ့ကြတယ်၊ ရီပတ်ဘလစ် ကန်တွေနေရာမှာ ဒီမိုကရက်တွေကို အစားထိုးချင်ပုံရတယ်။ ပုဂ္ဂိုလ်အစွဲနဲ့ ဘက်လိုက်မှန်း အလွန်သိသာခဲ့ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့သတင်းဌာနကြီး တစ်ခုအနေနဲ့ ယခုအချိန်မှာကမ္ဘာ့ပြည်သူတွေရဲ့ ယုံကြည်မှုကိုဆုံးရှုံးလိုက်ရတယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေအနေနဲ့ကတော့ အတွေ့အကြုံတွေအပေါ်မှာအခြေခံပြီး သင်ခန်းစာများရခဲ့ကြပြီးဖြစ်လို့ ပညာသိနောက်မှာ ပယောဂကင်းစွာနဲ့ အမှန်မြင်ကြရန်သာ လိုပါတယ်။
နိုင်ငံအတွေ့အကြုံနှင့်အတူ
အခုလို အဖြစ်အပျက်တွေက ကမ္ဘာတစ်လွှားကျော်ကြားလှတဲ့ သတင်းဌာနကြီးတစ်ခုအတွက် ဖြစ်သင့်ပါရဲ့လား။ မြန်မာနိုင်ငံအနေနဲ့က နှစ်ပေါင်း များစွာကတည်းက တစ်သက်လုံး မုသားတွေနဲ့ ပြည့်နေတဲ့ ထွင်လုံးဖြီးလုံးတွေနဲ့ BBC ကို မိုးလုံးပြည့် မုသာဝါဒီအဖြစ် ယခင်ကတည်းက တံဆိပ်တပ်ခဲ့တာပါ။ "BBC ညာနေသည်၊ VOA လိမ်နေသည်၊ RFA ရန်တိုက်ပေးနေသည်၊ မိုးလုံးပြည့်မုသာဝါဒီ၊ လေလှိုင်းပေါ်က လူသတ်သမားများ" စတဲ့ Slogan ဟာ ထိုစဉ်က အလကားမဟုတ်ခဲ့ပါ၊ အမှန်တရားတစ်ခုပါ။ တစ်ကမ္ဘာလုံးကိုပတ်ပြီး ဒုက္ခပေးနေတဲ့၊ သွေးထိုးလှုံ့ဆော်နေတဲ့ သတင်းဌာနကြီးအဖြစ် ကမ္ဘာကြီးက အခုမှသာ ထင်ထင်ရှားရှား သိရတာပါ။ သူတို့လို သတင်းဌာနတွေဟာ အမှန်တရားဘက်က ဘယ်တုန်းကမှ မရပ်တည်ခဲ့ကြကြောင်း မြန်မာပြည်သူတွေကိုယ်တိုင်က သိနေတာ ကြာခဲ့ပါပြီ။
BBC ဟာ အမှားတွေအောက်မှာ အကြမ်းဖက်တွေအတွက် အကွယ်အကာသက်သက် ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအတွက် တော့ BBC နဲ့ပတ်သက်ရင် အလွန်နာကြည်းဖွယ် အဖြစ်အပျက်များစွာ ယနေ့တိုင်ရှိဆဲပါ။ ၁၉၈၈ အရေးအခင်းမှာ BBC စနက်တံက မီးပွားတစ်ခုဖြစ်ခဲ့တယ်။ ထိုအချိန် ထိုကာလမှာ BBC သတင်းထောက် ခရစ်စတိုဖာဂဲနက်စ်နဲ့ သပိတ်ကျောင်းသားတွေပေါင်းပြီး ကျောင်းသူတစ်ဦးကို လုံထိန်းတွေက မတရားပြုကျင့်ကြကြောင်း ယုတ္တိရှိရှိ လိမ်ညာဇာတ်တိုက်ပြီး အင်တာဗျူးခဲ့ကြဖူးတယ်။
အဲဒီ အင်တာဗျူးကြောင့်ပဲ ကျောင်းသားတွေသွေးဆူပြီး ဆူပူဆန္ဒပြမှုဟာ ပိုမိုပြင်းထန်သွားခဲ့ရပါတယ်။ နောက်ဆုံး တပ်မတော်က အာဏာသိမ်းခဲ့ရတဲ့အခြေအနေအထိရောက်ခဲ့ရပါတယ်။ နောက်ပိုင်းကာလမှာ ထိုကျောင်းသူကပဲ သူကိုယ်တိုင် BBC နဲ့ ကျောင်းသားတွေပေါင်းပြီး လုပ်ကြံခဲ့ကြခြင်းဖြစ်ကြောင်း ဝန်ခံခဲ့တဲ့ အထောက် အထားတွေ ရှိခဲ့တယ်။ ထို့အပြင် သတင်းထောက် ဂဲနက်စ်ကိုယ်တိုင်က ထိုလုပ်ကြံဇာတ်လမ်းကနေ လူထုအုံကြွမှုဖြစ်အောင် ကိုယ်တိုင်လုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဝန်ခံခဲ့ကြောင်းကို မှတ်သားမိခဲ့ဖူးတယ်။ ဒါတွေက ကျွန်တော်တို့ကိုယ်တိုင် အသိမှား၊ အမြင်မှားနဲ့ ကိုယ်တိုင်ဂျင်းထည့်ခံခဲ့ကြရတဲ့ ဥပမာများထဲက တစ်ခုပါ။ BBC ဟာ လူတွေကို ထင်ယောင်ထင်မှား၊ အမြင်မှားအောင် သိမ်းသွင်းရာမှာ အလွန်တော်ပါပေတယ်။ BBC ကြောင့် မြန်မာပြည်သူတွေ သွေးကွဲခဲ့ရတယ်။ လူငယ်တွေကို လမ်းမှားတွန်းပို့ပြီး အကြမ်းဖက်ဘဝရောက်စေခဲ့တယ်။ လူအမြောက်အမြား သေကျေပျက်စီးခဲ့ရပြီး နိုင်ငံပါသွက်သွက်ခါသွားခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတယ်။
ဒီနေရာမှာ မီဒီယာဆိုတာနဲ့ BBC တစ်ခုတည်း ကို ဆိုလိုနေတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံကို ဒုက္ခ ပေးနေတဲ့ မီဒီယာတွေမှာ BBC အပြင် ပြင်ပက VOA, RFA, DVB တို့လည်း ပါပါတယ်။ အတွင်းကဆိုရင် အဆင့်အတန်းနိမ့်လွန်းလှတဲ့ ခေတ်သစ်၊ မဇ္ဈိမ၊ မြန်မာနောင်း၊ ဧရာဝတီသတင်းဌာနတို့လို ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်အဆင့်ထက်မပိုတဲ့ ပုလင်းတူဘူးဆို့ မီဒီယာတွေပါပါတယ်။ အားလုံးဟာ မြန်မာနိုင်ငံအတွက် အဖျက်သက်သက် အပျက်သဘောချည်းပါပဲ။ အထူးသဖြင့် ပြည်တွင်း သတင်းဌာနတွေဟာ နိုင်ငံရေးအကျိုးအမြတ် ထင်ပေါ်လိုမှုတင်မက ငွေကြေးအမြတ်အစွန်းအထိ အရှက်တရားမရှိ ကျင့်ဝတ်သိက္ခာ မဲ့လွန်းလှကြောင်း တွေ့ရပါတယ်။
ယနေ့ အမေရိကန်နိုင်ငံရေးလောကကို ကြည့်ရင် BBC လို သတင်းဌာနတွေဟာ ဘယ်လောက်တောင် အဖျက်အမှောင့်လုပ်ခဲ့ကြပါသလဲ၊၊ အမှန်တရားအတွက်ဆိုရင်လည်း ဘာကြောင့် တွန့်ဆုတ်ခဲ့ကြပါသလဲ။ မြန်မာ ရေးရာနဲ့ပတ်သက်ရင် BBC အပါအဝင် သတင်းဌာနတွေဟာ သူတို့လိုရာကိုသာ ဇောင်းပေးဖော်ပြ လေ့ရှိကြတယ်။ မီဒီယာတွေပေါ်မရောက်တဲ့ အမှန်တရားတွေ၊ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အပြုသဘော သတင်းအချက်အလက်တွေများစွာရှိပေမဲ့ သူတို့မဖော်ပြဝံ့ခဲ့ပါဘူး။ နိုင်ငံတော်အစိုးရရဲ့ ဆန့်ကျင်ဘက်အဖွဲ့တွေရဲ့ အမှားအယွင်းတွေကိုလည်း မထောက်ပြဝံ့ခဲ့ကြပါဘူး။ ယခု BBC နဲ့ ပတ်သက်တဲ့ အရှုပ်အရှင်း သတင်းအချက်အလက်ကိုတောင် အင်တာနက်စာမျက်နှာတွေမှာ ပြည့်ပြည့် စုံစုံ ဖော်ပြထားတာ မတွေ့ရပါဘူး။
ဒီလိုအနေအထားကို အမေရိကန်နိုင်ငံရေး လောကမှာ မကြာမကြာတွေ့ရလေ့ရှိတယ်။ ဥပမာဆိုပါစို့.. အမေရိကန်သမ္မတထရမ့်ကို ရုရှားနိုင်ငံက ထိန်းချုပ်ထားတယ်ဆိုတဲ့သတင်းကို မီဒီယာတွေမှာ ဖော်ပြလေ့ရှိပေမယ့် ဟီလာရီကလင်တန် တစ်ယောက် အရှေ့အလယ်ပိုင်းက အကြမ်းဖက်တွေနဲ့ ၂၀၂၁ ခုနှစ်အတွင်း အီဂျစ်မှာတွေ့ဆုံခဲ့ပြီး အကြမ်းဖက်တွေနဲ့ပတ်သက်ခဲ့ပုံနဲ့ အကြမ်းဖက်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့တဲ့ပုံရိပ်ကိုတော့ အမေရိကန်မီဒီယာတွေမှာ ဖော်ပြထားတာမရှိခဲ့ကြောင်း သတိထားမိပါတယ်။ သေချာတာကတော့ အမေရိကန် CIA နဲ့ အယ်လ်ခိုင်ဒါလို အကြမ်းဖက်တွေ အဆက်အသွယ်ရှိခဲ့ခြင်းကတော့ အမှန်အကန်ပါ။ ယနေ့အစွန်းရောက်ဘာသာရေးမှိုင်းတိုက်တဲ့ လှုပ်ရှားမှုကြီးရဲ့ နောက်ကွယ်မှာ အမေရိကန် CIA ရှိနေပါတယ်၊ BBC လို သတင်းဌာနတွေနဲ့ ပတ်သက်မှုရှိတယ်လို့ ဆိုလာရင်လည်း ငြင်းဖို့ရန် အထောက် အထား ရှိမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် လစ်ဘရယ်ဆန်လွန်းတဲ့ BBC ဟာ OIC ရဲ့ လက်ဝေ ခံ ရုပ်သေးရုပ်အဖြစ် ဝေဖန်မှုတွေရှိနေလို့ပါပဲ။ ဒီလိုပဲ အဖြေထွက်ပါတယ်။
အချုပ်အားဖြင့်တော့ ဘယ်လိုအနေအထားမှာ ဖြစ်ဖြစ် မီဒီယာအမျိုးမျိုး၊ ပါတီအဖွဲ့အစည်းအသီးသီး မှာ နောက်ခံတွေ၊ ပံ့ပိုးမှုတွေ၊ ကူညီသူတွေဆိုတာ ရှိတတ်ကြတာ သဘာဝပါ။ ဘက်လိုက်မှုမကင်းနိုင် တာလည်း သဘာဝပါ။ သတိထားရမှာက အဲဒီနောက်ခံတွေရဲ့ လက်ဝေခံမဖြစ်ဖို့၊ ကြိုးဆွဲရာ ရုပ်သေးရုပ်မဖြစ်ဖို့၊ ခိုင်းဘက်ကျွန်ဖြစ်မသွားဖို့ အရေးကြီးတာတစ်ခုပါပဲ။ ဘက်လိုက်မှုမကင်းနိုင်ရင်တောင် မယုတ်မာမိဖို့ လိုပါတယ်။ တာဝန်ယူ တာဝန်ခံမှုရှိဖို့ လိုပါတယ်။ နိုင်ငံနဲ့ပြည်သူ အကျိုးစီးပွားကနေမသွေဖည်ဖို့လိုပါတယ်။ ဖော်ပြပါ မကောင်းတဲ့အချက်တွေနဲ့ အစွန်းရောက်သွားခဲ့ရင် မိမိရဲ့ မီဒီယာသတင်းဌာနတစ်ခုဟာ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားနိုင်ကြောင်းကို သတိချပ်ရပါမယ်။ ထို့အတွက် သတိဉာဏ်ပညာနဲ့ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ဆက်စပ်သုံးသပ် နိုင်စွမ်းဆိုတဲ့ ပညာကိုယ်ခံအားက အလွန်အရေး ကြီးပါတယ်။
ပညာကိုယ်ခံအားကသာ ဖောက်ပြန်တဲ့မီဒီယာတွေရဲ့ထိန်းချုပ်မခံရအောင် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ မီဒီယာတွေအနေနဲ့ ဉာဏ်အားအရေးကြီး သလို ငွေနဲ့ခင်းတဲ့လမ်းအမှား မလျှောက်မိစေဖို့လည်း လိုပါတယ်။ အများစုဒုက္ခရောက်အောင်လုပ်ပြီး မိမိတစ်ဦးတည်း ကောင်းစားရေးကြည့်တဲ့ ယနေ့ အဖျက်အမှောင့်မီဒီယာတွေကို မြင်ရကြားရတာလည်း အလွန်အော့နှလုံးနာစရာ ကောင်းလွန်းနေပါတယ်။ အကုသိုလ်လည်း ကြီးလှတယ်။ တစ်ဦးချင်းကို လိမ်တာထက် လူများစွာကို နိုင်ငံပတ် ကမ္ဘာပတ်လိမ်ခြင်းက လူ့အဖွဲ့အစည်းကြီးထိ ပျက်စီးဒုက္ခရောက်စေတဲ့ အကုသိုလ်ထက် ကြီးတဲ့ အကုသိုလ် မရှိပါဘူး။
ဆင်ခြင်ရမှာက ယနေ့ ဖြစ်နေပျက်နေတဲ့ BBC ကို သံဝေဂယူပြီး Fake news မှာ မရူးမိဖို့ပါ၊ disinformation မှာ ဘယာကင်းဖို့နဲ့ mis-information မှာ ဘေးကင်းဖို့ရန်ပါပဲ။ အထက်က BBC အကြီးအကဲနှစ်ဦးလို သမ္မတထရမ့်ရဲ့ ဒဏ်တပ်ခြင်းခံနေရပုံကိုကြည့်ပြီး နောင်မှာ နောင်တမရစေချင်ပါ။ သံသရာမှာ အပါယ်မလားစေလိုပါ။ သာယာနေတဲ့ ကမ္ဘာကြီး သင့်ရဲ့မုသားများအောက်မှာ မပျက်စီးစေလိုပါ၊ ဤသို့သာလျှင် ဆန္ဒဖြစ်မိပါတယ်။ ။
