ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေး
ကြယ်စင်ဖေသင်
ဖွံ့ဖြိုးတိုးတက်မှုဟာ ဖြစ်ထွန်းမှုတွေ၊ အသစ်ဖန်တီးမှုတွေနဲ့ စည်စည်ကားကားရှိနေပေမယ့် စစ်ပွဲတွေကတော့ အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ကိုပဲ ဦးတည်နေပြီး တွေ့သမျှမြင်ကွင်းကို အနိဋ္ဌာရုံတွေနဲ့ ပြည့်နေစေတော့တာပါပဲ။ စစ်နဲ့ကြုံလိုက်ရင် ရုပ်ဝတ္ထုမှန်သမျှဟာ ပျက်စီးသွားနိုင်တယ်။ လူအပါအဝင် သက်ရှိအရာမှန်သမျှကို အပြင်ဒဏ်ရာတွေများစွာဖြစ်သွားစေနိုင်သလို ကုသရခက်တဲ့ နက်နက်ရှိုင်းရှိုင်း ကြေကွဲစရာဝေဒနာတွေကိုပါ ဖြစ်သွားစေပါတယ်။
စစ်ဟာ လူ့အသိုင်းအဝိုင်းတစ်ခုအပေါ် ဘယ်လောက်တောင်သက်ရောက်စေပါသလဲ။ ၂၀ ရာစု အစောပိုင်းကာလရဲ့ ဩဇာအရှိဆုံးစီးပွားရေးပညာရှင် ဂျွန်မေနတ်စ်ကိန်း (John Maynard Keynes ) ကတော့ ငြိမ်းချမ်းရေးရဲ့စီးပွားရေးအကျိုးဆက်များ (The Economic Consequences of the Peace) စာအုပ်ထဲမှာ “စစ်ဆိုသောအရာသည် မည်သူပင်နိုင်သည်ဖြစ်စေ ကျွန်ုပ်တို့၏ ယဉ်ကျေးမှုနှင့် မျိုးဆက်တို့၏ အနာဂတ်ကို ဖျက်ဆီးပစ်တတ်သည်” လို့ ရေးထားတယ်။
ပစ္စုပ္ပန်ရော အနာဂတ်ကိုပါ တစ်ပြိုင်နက် ဖျက်ဆီးပစ်နိုင်
စစ်ဟာ ပစ္စုပ္ပန်ရော အနာဂတ်ကိုပါ တစ်ပြိုင်နက် ဖျက်ဆီးပစ်နိုင်တဲ့အရာ ဖြစ်တယ်။ စစ်ပွဲအတွင်းမှာရော စစ်ပွဲကာလအလွန်မှာပါ ရုပ်ဝတ္ထုအပျက်အစီး တွေဖြစ်စေတယ်။ သက်ရှိသတ္တဝါ လူသားတွေကိုတော့ ကိုယ်ခန္ဓာအတွင်းအပြင် ဝေဒနာအစုံဖြစ်စေတယ်။ စစ်ပွဲတစ်ခုရဲ့ မြင်ကွင်းကို မှန်းဆမြင်ယောင်ကြည့်တဲ့အခါ သေနတ်သံ၊ ဗုံးသံတွေကြားမှာ ကြောက်လန့်တကြားနဲ့ ပြေးလွှားနေတာတွေ၊ ထိခိုက်ဒဏ်ရာရ ခံစားမှုဝေဒနာတွေ၊ သက်မဲ့ရုပ်အလောင်းတွေ၊ စစ်နဲ့ ဘယ်လိုမှမပတ်သက်တဲ့ ကလေးငယ်တွေ၊ သားသည်မိခင်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေရဲ့ စိုးရိမ်ထိတ်လန့်နေတဲ့မျက်နှာတွေ မြင်ကွင်းထဲရောက်လာပါလိမ့်မယ်။ စိတ်ကူးရုံနဲ့တင် စစ်ပွဲရဲ့ရက်စက်မှုတွေက နှလုံးသားကို တိုက်ရိုက်သက်ရောက်လာတတ်ပြီး ကြေကွဲစရာတွေ ခံစားသွားရနိုင်ပါတယ်။
စစ်ဖြစ်နေတဲ့ ဒေသတစ်ခုဟာ သုသာန်တစ်စပြင်လိုပါပဲ။ လူတွေ ကျီးလန့်စာစား ပြေးလွှားအသက်ရှင်နေရတဲ့ အရပ်ဖြစ်သွားတယ်။ စစ်ပွဲတွေပြီးသွားခဲ့ရင်လည်း စစ်ကပေးတဲ့ ဝေဒနာတွေက ချက်ချင်းရပ်သွားမှာ မဟုတ်ဘူး။ အပြင်ဒဏ်ရာတွေ ကျက်သွားတဲ့ ကာလတစ်ခု ကြာတဲ့အထိ စိတ်ဒဏ်ရာတွေက မပျောက်နိုင်သေးတာမျိုး၊ လူမှုရေး၊ စီးပွားရေးမတည်ငြိမ်မှုတွေနဲ့ အနာဂတ်မျှော်လင့်ချက်ကင်းမဲ့ပြီး အသက်ရှင်ရပ် တည်နေရတာမျိုးတွေလည်း ရှိနေတတ်ပါတယ်။ စစ်ပွဲကြောင့် တစ်စုံတစ်ယောက် သေကျေပျက်စီးခဲ့ရင်ဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခု ထိခိုက်ဒဏ်ရာရသွားတယ်ပဲဖြစ်ဖြစ် အကျိုးဆက်ကတော့ အဲဒီတစ်ယောက်မှာပဲ ပြီးဆုံးမသွားပါဘူး။ ထိခိုက်သွားတဲ့ လူတစ်ယောက်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ လူမှုအသိုက်အဝန်းအနာဂတ်ကိုပါ ထိခိုက်သွားပါတော့တယ်။
အဲဒီလူနဲ့ပတ်သက်တဲ့၊ သူ့ကိုမှီခိုနေတဲ့ ဘဝတွေအားလုံးအပေါ် ဆက်တိုက်သက်ရောက်သွားတတ်ပါတယ်။ လူမမည်လေးတွေ အားကိုးမဲ့သွားမယ်၊ မှီခိုသူ သက်ကြီးရွယ်အိုဘဝတွေ ပိုပြီးချည့်နဲ့သွားမယ်၊ ဖြစ်တည်ထားတဲ့ မိသားစုအသိုက်အမြုံလေး ပြိုကွဲပျက်စီးသွားပြီး သောကတွေ ပင်လယ်ဝေသွားမယ်၊ လူငယ်တွေ ကျန်ခဲ့မယ်ဆိုရင် အနာဂတ်ရည်မှန်းချက်တွေ မှေးမှိန်သွားသလို၊ ပျောက်ပျယ်သွားသလို ခံစားကြရပါလိမ့်မယ်။
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်စပ်ပြီးတွေးကြည့်ရင် စစ်ပွဲတွေဟာ နိုင်ငံ့စီးပွားရေးအခြေအနေတွေ၊ အရင်းအမြစ်ခွဲဝေမှုတွေ၊ ဝင်ငွေခွဲဝေမှုတွေကို မတည်မငြိမ်ဖြစ်စေပြီး အနုတ်လက္ခဏာကို ဦးတည်တဲ့အပြောင်းအလဲတွေ အများကြီးဖြစ်သွားစေနိုင်ပါတယ်။ ကုန်ထုတ်စွမ်းအားစုတွေ ရဲ့ တန်ဖိုးတွေပြောင်းလဲသွားတယ်၊ ကုန်စည်စျေးနှုန်းတွေလည်း အပြောင်း အလဲတွေဖြစ်လာပြီး စျေးကွက်အခြေအနေ အပြောင်းအလဲသိပ်မြန်တာတို့၊ မတည်မငြိမ်ဖြစ်တာတို့ပါ ကြုံလာရနိုင်တယ်။
စစ်ပွဲတွေဟာ ဒီမိုကရေစီတို့၊ စျေးကွက်စီးပွားရေးဆိုတဲ့အစီအစဉ်တွေအတွက်လည်း ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်စွမ်းမရှိဘူး။ ဥပဒေမဲ့ လှုပ်ရှားတတ်တဲ့ မြေအောက်စီးပွားရေးတို့၊ မှောင်ခိုစီးပွားရေးတို့ တွင်ကျယ်လာပြီး တစ်နပ်စားစီးပွားရေးလုပ်သူတွေ အလုပ်ဖြစ်စေတယ်။ စစ်ပွဲတွေရဲ့အကျိုး ဆက်တွေထဲမှာ စာနာသလိုလို၊ ကူညီသလိုလိုနဲ့ ဘေးပတ်ဝန်းကျင်ရဲ့ လူလည်ကျ၊ အနိုင်ကျင့်မှုတွေကလည်း ကြုံရနိုင်ပါသေးတယ်။ ဆိုလိုတာက စစ်ဒဏ်သင့်နေတဲ့နိုင်ငံ၊ ဒေသတွေက စီးပွားရေးအခွင့်အလမ်းတွေကို တခြားနိုင်ငံတွေက အချောင်လာနှိုက်တာမျိုး၊ လူမှုရေးကိစ္စတွေမှာ အနိုင်လာကျင့်တာမျိုးတွေ ရှိလာသလို နိုင်ငံရေးတွေမှာလည်း သိသိသာသာရော မသိမသာပါ ဝင်ရောက်ပတ်သက်၊ သွေးထိုးသပ်လျှိုမှုတွေလည်း ရှိလာတတ်ပါတယ်။
လူတွေဟာ စစ်ပွဲကို မကြိုက်ကြပါဘူး။ ဒါပေမဲ့ စစ်ပွဲကို မက်မက်မောမောနဲ့ ဖန်တီးနေတဲ့လူတွေလည်း ရှိကြတယ်ဆိုရင် ယုံချင်မှယုံကြပါလိမ့်မယ်။ လူတိုင်းမကြိုက်တဲ့ စစ်ပွဲတွေကို ကိုယ်ကျိုးစီးပွား၊ ကိုယ့်အတ္တအတွက် နှစ်နှစ်ခြိုက်ခြိုက် ဖန်တီးနေသူတွေ ဒီကမ္ဘာပေါ်မှာ ရှိနေပါတယ်။ ဘာလို့ ဒီလိုဖန်တီးနေကြပါသလဲ။ သေချာတာကတော့ တစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု၊ အဖွဲ့တစ်ဖွဲ့ရဲ့ ကိုယ်ကျိုးစီးပွားတွေအတွက်ကြောင့်ပါပဲ။ အဲဒီအကျိုးစီးပွားတွေရဲ့နောက်မှာ ထုထည်ကြီးမားတဲ့ လောဘ၊ ဒေါသတွန်းအားတွေရှိနေပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြားမှာဖြစ်နေတဲ့ စစ်ပွဲတွေမှာဆို ပယောဂတွေမျိုးစုံ ရှုပ်ယှက်ခတ်နေတာပဲ။ အဲဒီပယောဂတွေကိုက သေနတ်တွေ၊ အမြောက်တွေ၊ ကျည်ဆန်၊ ဗုံးဆန်တွေ ထပ်တိုးအင်အားဖြည့် ပေးတတ်ပြီး စစ်ပွဲတွေကို ပိုပြီးကြီးမား၊ အားကောင်းစေလာတော့တာပဲ။
ပန်းတိုင်အဖြစ် ထည့်သွင်းထား
ဖျက်ဆီးတတ်တဲ့သဘာဝရှိတဲ့ စစ်ပွဲတွေဟာ တစ်ကမ္ဘာလုံးက လိုလိုလားလား အားထုတ်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာနဲ့ ပြဒါးတစ်လမ်းသံတစ်လမ်း၊ တခြားစီပါပဲ။ ကမ္ဘာပေါ်က နိုင်ငံအများစုပါဝင်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကိုယ်တိုင်က ၂၀၁၅ ခုနှစ်မှာ ချမှတ်ထားတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင် ၁၇ ချက်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့အချက်ကို ပန်းတိုင်အဖြစ် ထည့်သွင်းထားတာကို တွေ့ကြရပါလိမ့်မယ်။
ဒီတော့ စစ်ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ငြိမ်းချမ်းရေးဆိုတာ တစ်ကမ္ဘာလုံးက လိုချင်နေတဲ့အရာဆိုတာ သေချာတဲ့ကိစ္စပါ။ ဒီလိုဆိုရင် အားလုံးလိုချင်တဲ့ ငြိမ်းချမ်းရေးဆိုတာကို ဘယ်လိုနားလည် ထားကြသလဲ။ ပညာရှင်တွေ၊ သုတေသီတွေကတော့ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုရှင်းပြထားပေမယ့် ကာလရှည် အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအရပ်ရပ် ဖြစ်ပေါ်နေတယ်ဆိုရင်ပဲ သာမန်လူတွေ လက်လှမ်းမီတွေးဆနိုင်တဲ့ ငြိမ်းချမ်းရေး လို့ဆိုရမှာပါ။
လက်နက်ကိုင်တိုက်ခိုက်မှုတွေ မရှိတာနဲ့ ငြိမ်းချမ်းပြီလို့ဆိုနိုင်ပေမယ့် ကာလရှည်ကတော့ မငြိမ်းချမ်းနိုင်ဘူး။ ရရှိထားတဲ့ငြိမ်းချမ်းမှုကလည်း မတည်တံ့နိုင်ဘူး။ ဒီတော့ ရေရှည်တည်တံ့မယ့် စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖြစ်ဖို့လိုပါတယ်။ အချိန်အကြာကြီး တည်တံ့တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ ကိုယ်ချင်းစာစိတ်၊ အမြော်အမြင်ရှိတဲ့ စိတ်ထားတွေ အားကောင်းနေတဲ့ နေရာမျိုးမှာမှ တည်ရှိနိုင်မှာပါ။ အဲဒီလိုငြိမ်းချမ်းရေးမျိုး ရခဲ့ရင်တော့ ဒေသတစ်ခု၊ နိုင်ငံတစ်ခုရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အားတက်စရာ ဖြစ်လာနိုင်တာပေါ့။
ဒီကမ္ဘာမြေပေါ်မှာ ရှင်သန်နေတဲ့ လူသားတွေ အတော်များများမှာ မွန်မြတ်တဲ့စိတ်ထား၊ နှလုံးသားတွေရှိနေပါသေးတယ်။ နှလုံးခုန်သံမရပ်သေးတဲ့ အချိန်လေးမှာရလာနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှု တွေကို ကိုယ်တိုင်ခံစားချင်တဲ့၊ အနာဂတ်မျိုးဆက်တွေအတွက် အမွေကောင်းတွေ ချန်ထားချင်တဲ့ မျှော်လင့်ချက်စိတ်ကူးတွေပါပဲ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဝါရင့်သမ္ဘာရင့် ဂျာမန်နိုင်ငံရေးသမား Willy Brandt ပြောခဲ့ဖူးတဲ့ စကားတချို့ ကို ပြန်စဉ်းစားမိတယ်။ Willy Brandt က “ ငြိမ်းချမ်းရေးဟာ အရာရာတိုင်းကို မလုပ်ပေးနိုင်ပေမယ့် ငြိမ်းချမ်းရေးမရှိရင်တော့ ဘာမှမဖြစ်နိုင်ဘူး” တဲ့။ ဒီတော့ လူတိုင်းဟာ ငြိမ်းချမ်းရေးကို မဖြစ်မနေ လိုချင်နေကြမှာပါပဲ။
စစ်ပွဲဆိုတဲ့အရာက ချုပ်နှောင်ထားဆဲဖြစ်
ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ အပြောလွယ်သလောက် လက်တွေ့မှာတော့ မလွယ်လှဘူး။ ငြိမ်းချမ်းရေးပန်းတိုင်ဟာ မမျှော်မှန်းရဲလောက်အောင် ခမ်းနားကြီးကျယ်နေသလား။ ငြိမ်းချမ်းရေးဆိုတာရဖို့ သိပ်ပြီးခက်ခဲနေတာလား။ ငြိမ်းချမ်းရေးချိုးငှက်ဟာ လွတ်လပ်စွာ ပျံသန်းပြီး တေးသီကျူးချင်ပေမယ့် စစ်ပွဲဆိုတဲ့ အရာက ချုပ်နှောင်ထားဆဲဖြစ်သတဲ့။
မေတ္တာရပ်ခံပါရစေ။ လူ့အဖွဲ့အစည်း တစ်ရပ်၊ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ ပစ္စုပ္ပန်ကာလ အမြော်အမြင်ရှိမှုတွေအပေါ်မှာ အများကြီးမူတည်နေပါတယ်။ ဒီတော့ နိုင်ငံ့အနာဂတ်၊ မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် မျက်တောင်မွေး တစ်ဆုံးထက် ကျော်လွန်တဲ့၊ မျက်စိ အမြင်တစ်ဆုံးထက် ကျော်လွန်မြင်နိုင်စွမ်းရှိတဲ့ စိတ်ထားတွေနဲ့ ငြိမ်းချမ်းရေးအတွက် အားထုတ်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။
လူသားအားလုံးဟာ မမြဲခြင်း အနိစ္စတရားကပ်လျက်နဲ့ အသက်ရှင်ရတဲ့သူတွေပါ။ နှလုံးသွေးလည်ပတ်မှုရပ်လို့ ရှင်သန်မှုရပ်တန့်သွားခဲ့တဲ့အခါ တမလွန်ဘဝဆီကို ပိုင်ဆိုင်ထားတဲ့အရာတွေ၊ ရုပ်ဝတ္ထုမှန်သမျှ ဘာကိုမှယူသွားလို့မရပါဘူး။ အသက်ရှင်သန်စဉ်က ပြုမူခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ နှလုံးသွင်းခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ အဆိုးအကောင်းတွေရဲ့ အကျိုးဆက်တွေပဲ ပါသွားမှာပါ။ စိတ်ကောင်း၊ နှလုံးကောင်းတွေနဲ့ လုပ်ခဲ့တာတွေကတော့ ကောင်းမှုအဖြစ်နဲ့ နောင်သံသရာအထိ အကျိုးသက်ရောက်မှုရှိနေမှာဖြစ်သလို ကျန်ရစ်ခဲ့တဲ့ကာယကံ ရှင်ရဲ့အသိုင်းအဝိုင်း၊ အနာဂတ်မျိုးဆက်တွေပါ ဂုဏ်ယူရမယ့် အမွေကောင်းတွေအဖြစ် ကျန်ရစ်ခဲ့မှာပါ။
စစ်ပွဲဆိုတာကို ကြားကို မကြားချင်တော့ပါဘူး။ ငြိမ်းချမ်းရေးစကားသံတွေကိုပဲ ကြားပါရစေတော့။ အမြန်ဆုံးပဲ ငြိမ်းချမ်းရေးဖြစ်ထွန်းစေချင်ပါတယ်။ ငြိမ်းချမ်းရေးတကယ်ရှိမှပဲ ဖွံ့ဖြိုးတိုးတက်မှုကို ပီပီပြင်ပြင် ထိထိရောက်ရောက် လှုပ်ရှားဆောင်ရွက်နိုင်မယ်။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာကို သေချာပေါက် ရရှိနိုင်မယ်လို့ယုံကြည်ပါတယ်။ ဒီတော့ အားလုံးဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးကို ဇွဲနပဲနဲ့ ဆက်ပြီးစောင့်နေကြပါပြီ။ ။