ရန်ကုန်တက္ကသိုလ် ကျောင်းဆောင်နေ ကျောင်းသားဘဝဖြတ်သန်းမှု
အောက်တိုဘာ ၃၁ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ဒေါက်တာဦးသန်းဦးက “ရန်ကုန် တက္ကသိုလ်နေ ကျောင်းသား ဘဝ”ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားခဲ့ရာတွင် “အချုပ်အားဖြင့် စာရေးသူအနေဖြင့် တင်ပြဆွေးနွေးလိုသည်မှာ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ စသည့် ကျောင်းသား ဘဝတွင် စာသင်သားဘဝသက်သက်ဖြင့် ပြည့်စုံလုံလောက်မှု မရှိပါ၊ အဆောင်နေဘဝပါ တစ်ပါတည်း ထည့်သွင်းပါဝင်မှုပြုပါမှ ပြည့်စုံသောဘဝကို မုချရရှိကြရလိမ့်မည်ဖြစ်ပါသည်”ဟု ရေးသားထားသည်ကို တွေ့ရပါသည်။
ကျောင်းသားများအတွက် အထူးတန်ဖိုးရှိ
ဤရေးသားချက်သည် မှန်ကန်ပါသည်။ မြန်မာ့ ပညာရေးလောကမှ ပုဂ္ဂိုလ်များ တက္ကသိုလ်ပညာကို ဆက်လက် သင်ကြားနိုင်မည့် ကျောင်းသားများအတွက် အထူးတန်ဖိုးရှိပါသည်။ ကျွန်တော့် မြေးတစ်ဦးသည် စက်မှုတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပါသည်။ တက္ကသိုလ်ကျောင်းဆောင်မရှိသဖြင့် တက္ကသိုလ်အနီး ရပ်ကွက်ထဲရှိ အိမ်မှာငှားနေပြီး ကျောင်းတက်ပါသည်။ သူ့မိဘက ငွေလုံလုံလောက်လောက် ပေးပါသည်။ တစ်ပတ်တစ်ခါ အစားကောင်းများ ပို့ပေးပါသည်။ သူ သုံးနှစ်နေပြီး ကျောင်းမှ ထွက်လိုက်ရပါသည်။ အကြောင်း ကတော့ မူးယစ်ဆေးဝါးသုံးသဖြင့် ကျောင်းလည်းမမှန်၊ စာမေးပွဲလည်း မအောင်၍ ကျောင်းမှ ထွက်ခဲ့ရခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ ဆရာကြီး ဒေါက်တာဦးသန်းဦး၏ ရေးသားချက်ကို လက်ခံတန်ဖိုးထားခြင်း ဖြစ်ပါသည်။
ကျောင်းသားဘဝဖြတ်သန်းမှု
ဆရာကြီးက တက္ကသိုလ် သစ်သားကျောင်းဆောင် များနှင့် ကျောင်းဆောင်ဟောင်းများအကြောင်းကို ပြည့်ပြည့်စုံစုံ ရေးပြခဲ့ ပါသည်။ ကျွန်တော်က ကျောင်း ဆောင်သစ်တွင် ပညာသင်ကြားခဲ့ရသူဖြစ်သဖြင့် ကျောင်း ဆောင်သစ်နေ ကျောင်းသားဘဝကို တင်ပြလိုပါသည်။ တက္ကသိုလ်ကျောင်းသားများအတွက် ကျောင်းဆောင် သစ်များကို ၁၉၅၄ ခုနှစ်မှစ၍ အဆောင်လေးဆောင် ဖွင့်လှစ်ပေးခဲ့ပါသည်။ ရာမည၊ အမရကျောင်းဆောင် တို့မှာ အင်ဂျင်နီယာနှင့် သစ်တောကျောင်းသားများ အတွက် ဖြစ်သည်။ မန္တလေးဆောင်နှင့် တောင်ငူဆောင် ၌ ဝိဇ္ဇာသိပ္ပံနှင့် ပထမ၊ ဒုတိယနှစ် ဆေးကျောင်းသား များကို နေစေပါသည်။ ယခုအခါ ထိုအဆောင် လေးဆောင်မှာ ကျောင်းနေသောအဆောင် မဟုတ်တော့ ပါ။ တက္ကသိုလ်ပညာရပ်ဌာနများ ဖြစ်နေပါသည်။ သို့ဖြစ်၍ ၁၉၆၂ ခုနှစ်နောက်ပိုင်း ကျောင်းသားများ အဆိုပါ ကျောင်းဆောင် လေးဆောင်ကို မသိကြတော့ပေ။
မန္တလေးဆောင်မှာနေခဲ့
ကျွန်တော်က မန္တလေးဆောင်မှာ ၁၉၅၆ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ နေခဲ့ပါသည်။ မန္တလေးဆောင်၏ ထူးခြားချက်များကို တွေ့ခဲ့ရပါသည်။ ဝိဇ္ဇာ၊ သိပ္ပံ ကျောင်းသားများနေသော မန္တလေးဆောင်နှင့် တောင်ငူ ဆောင် အဆောင်မှူးများမှာ အားကစား သမားများ ဖြစ်ကြပါသည်။ တောင်ငူအဆောင်မှူးမှာ အလေးမသမား ဖြစ်ပြီး မန္တလေးအဆောင်မှူးမှာ ဆရာငြိမ်း ဖြစ်ပါ သည်။ ဆရာငြိမ်းသည် ရန်ကုန်တက္ကသိုလ် အားကစား အရာရှိ ဖြစ်ပါသည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်းသည် အောင်ဆန်းဒိုင်းကိုပင် ရထား ပါသည်။ တက္ကသိုလ်ဘောလုံးအသင်း၏ နည်းပြမှာ ဆရာငြိမ်း ဖြစ်ပါသည်။ ဆရာငြိမ်းသည် ထိုစဉ်က အိမ်ထောင်မရှိသေး၍ သူ၏အခန်းကို တက္ကသိုလ် ဘောလုံးအသင်းသားများကို နေစေပါသည်။ ထိုစဉ်က လက်ရွေးစင်များနေရာ၌ ကောလိပ်ဂျင်နေဝင်း၊ ကိုညို၊ အီယန်ကဲတို့ နေကြပါသည်။ မန္တလေးကျောင်းဆောင် တွင် မြန်မာနိုင်ငံအနှံ့မှ ကျောင်းသားများ ရှိကြပါသည်။ ရှမ်းပြည်နယ်မှ ကိုချစ်ထူး၊ ကိုစန်းမောင်၊ ကချင် ပြည်နယ်မှ ကိုညို၊ တနင်္သာရီတိုင်းမှ ကိုစိုးမောင်၊ မော်လမြိုင်မှ ကိုမောင်မောင် (ရှေ့နေသထုံမောင်မောင်)၊ ကိုအုန်းခိုင်(လေတပ်မှ ဗိုလ်မှူးကြီး အုန်းခိုင်)၊ ရခိုင် ပြည်နယ်မှ ကိုအောင်ဘန်း၊ ကိုခင်အောင်။ ချင်း ကျောင်းသားများလည်း ရှိပါသည်။ ကရင်အမျိုးသား ဖြစ်သော ကျွန်တော်၊ ဒေါက်တာဆိုင်းမွန်သာ၊ မန်းစိန် သောင်းကြွယ်နှင့် စောလိုင်နာတို့ရှိကြပါသည်။ နောင်တွင် နိုင်ငံ့တာဝန်ကြီးများကို ဖော်ဆောင်ကြသော ဗိုလ်မှူးကြီး အောင်ဖုန်း(ဝန်ကြီး-ငြိမ်း)၊ ဦးပန်းအောင် (ပညာရေး ဝန်ကြီး-ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း(ငြိမ်း)၊ ဒေါက်တာမြဦး ဒုဝန်ကြီး-(ငြိမ်း)၊ ဗိုလ်မှူးကြီး ကျော်ရှိန် (ငြိမ်း)၊ ဗိုလ်မှူး တင်အုန်း(ငြိမ်း)၊ ဦးဝင်းကြည် ဟိုတယ် လုပ်ငန်းမန်နေဂျာ(ငြိမ်း)၊ ဦးအုန်းခင် ပညာဌာန(ငြိမ်း)၊ ဒေါက်တာခင်မောင်ဝင်း (ပညာရေးဝန်ကြီး-ငြိမ်း)၊ ဒေါက်တာတင်အောင် အေး (တက္ကသိုလ်ပါမောက္ခချုပ်-ငြိမ်း)တို့ နေခဲ့ကြပါသည်။
မန္တလေးဆောင်၏ ထူးခြားချက်တစ်ခုမှာ ရန်ကုန် တက္ကသိုလ်နိုင်ငံရေးကို ဦးဆောင်သည့်တပ်ဦးမှ ပုဂ္ဂိုလ် များဖြစ်သော ဦးဘဆွေလေး၊ ဦးသာဘန်း၊ ဦးခင်အောင် စသည့် မန္တလေးကျောင်းသား တပ်ဦးအဖွဲ့၏ အမာခံ ကျောင်းဆောင် ဖြစ်ပါသည်။ မန္တလေးကျောင်းဆောင်သို့ မော်လမြိုင် ဥပစာကောလိပ်အောင်ပြီး ၁၉၅၆ ခုနှစ် စရောက်စဉ်က အဆိုးဆုံး Dark room 50 မှာ နေရပါ သည်။ ဒုတိယနှစ်တွင် ဒုတိယထပ် အခန်း (၈၃) တွင် လည်းကောင်း၊ တတိယနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူး) အုပ်ချုပ် ရေးသင် တန်းတက်သည့်အခါ အပေါ်ဆုံးထပ် အခန်း (၁၀၃) တွင်လည်းကောင်း နေခဲ့ရပါသည်။ ကျွန်တော် မန္တလေးဆောင်တွင်နေစဉ် တက်ထရွန်ရှပ်အင်္ကျီ ခုနစ် ထည်၊ မော်လမြိုင် နှစ် ၁၀၀ လုံချည် ခုနစ်ထည်နှင့် Alparker အနက်ရောင် တိုက်ပုံအင်္ကျီကိုသာ ဝတ်ဆင်ခဲ့ ပါသည်။ တက္ကသိုလ်ပညာသင်စရိတ်ကို အိမ်မှ တစ်လ လျှင် ၁၂၀ ကျပ် ပို့ပါသည်။ လစဉ် Mess fee ကျပ် ၆၀ ၊ Tuition fee ကျပ် ၄၀ သွင်းပြီး ကျန်သည်ကို ရုပ်ရှင် ကြည့်၊ မြို့ထဲရှိ British Council နှင့် US Library သို့ သွားရာတွင် သုံးပါသည်။ အခါအားလျော်စွာ တက္ကသိုလ် ဓမ္မာရုံရှေ့ဆိုင်မှ ထမင်းကြော်ဝယ်စားခြင်း၊ ကျောင်း ဆောင်ရှေ့ရှိ တကသလက်ဖက်ရည်ဆိုင်တွင် စားသောက် ပါသည်။ ထိုစဉ်က မန္တလေးဆောင်တွင် S & R (Social & Reading Club) ရှိပါသည်။ ထို Club တွင် ပါဝင်ပြီး ၁၉၅၈ ခုနှစ်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့ ပါသည်။ ကျွန်တော်တို့ S & R က ကျောင်းစားသောက် ခြင်းကို ကူညီပါသည်။ နံနက်စာတွင် ကော်ဖီ ပေါင်မုန့် ထောပတ်သုပ်၊ ထမင်းကြော်၊ ကြာဆန်/ခေါက်ဆွဲကြော် ကို စီစဉ်ပေးပါသည်။ နေ့လယ်နှင့် ညတွင် ထမင်း၊ ဟင်းချို၊ ဝက်သား၊ ငါး၊ ကြက်၊ ဘဲဥဟင်းတို့ကို အခါအားလျော်စွာ တွဲဖက်စီစဉ်ပေးပါသည်။ ထိုစဉ်က ကမ္ဘောဒီးယားမှ ပညာသင်မိတ်ဆွေကို ကျောင်းတော် ခေါ်လာပြီး နေ့လယ်ထမင်းကျွေးပါသည်။ အပိုဆောင်း အနေဖြင့် ရာမညနှင့် မန္တလေးဆောင်ကြား အကြော်ဆိုင်မှ ကြက်ဥကြော်နှင့် မြေပဲကြော်ကိုကျွေးရာ ၎င်းက ကျွန်တော့်အဆောင်ကို အတော်ပင် သဘောကျသွား ပါသည်။ မန္တလေးဆောင်သည် အခြားအဆောင်များ နည်းတူ Annual Dinner ကို ၁၉၅၈ ခုနှစ်၌ ပြုလုပ်ရာ မာမာအေးက စန္ဒရားချစ်ဆွေနှင့် သက်တန့်ပေါ်မှာ ကစားမယ်သီချင်းကို စဆိုပြီး နိုင်ငံကျော် ဖြစ်သွားခဲ့ပါ သည်။ မန္တလေးဆောင်တွင်နေစဉ် ကိုနေဝင်းနှင့် ပေါင်းသင်းပါသည်။ သူက ကျွန်တော့်ထက် ကြီးပါသည်။ သူက ခရစ်ယာန်ဖြစ်၍ အပတ်စဉ် Judson Church သွားပြီး Choir ဆိုပါသည်။ ကျွန်တော် ၁၉၅၉ ခုနှစ် ဘွဲ့ရပါသည်။
ကျောင်းသားဟောင်းများ၏ ထူးခြားမှု
ကျွန်တော်တို့ မန္တလေးဆောင် ကျောင်းသားဟောင်း များ၏ ထူးခြားမှုမှာ နှစ်စဉ် ဒီဇင်ဘာ ၁၄ ရက်ညတွင် အင်းလျားကန်ပေါင်ရှိ IBC တွင် Dinner ရှိပြီး ပြန်ဆုံကြ ပါသည်။ မစားသောက်မီ သီချင်းများဆိုကြပါသည်။ ဆရာငြိမ်းနှင့် ကျောင်းသား ဟောင်းများဖြစ်သော ဦးတင် အောင်အေး၊ ဦးတင်အုန်း(ဗိုလ်မှူးကြီး)၊ ဦးပန်းအောင်၊ ဒေါက်တာမောင်မောင်ညိုတို့ လာရောက် ဆုံကြပါသည်။ ယင်းညစာစားပွဲများကို ဗိုလ်မှူးကြီး အောင်ဖုန်းနှင့် ဒုတိယဗိုလ်ချုပ် ကြီး ကျော်ဝင်းတို့က ဦးဆောင်ပါသည်။ မန္တလေးကျောင်းတော်သားများမှာ အသက် ၈၀ ကျော်ပြီ ဖြစ်၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တွေ့ဆုံစဉ်က ၂၀၂၀ ပြည့်နှစ်တွင် မန္တလေးကျောင်းဆောင်ရှေ့၌ Dinner လုပ်ရန် ရည်မှန်းပြောဆိုခဲ့ကြပါသည်။ ယခုတော့ ဤမျှော်လင့်ချက်မှာ အကောင်အထည်ဖော်ရန် ခက်ခဲနေ ပါသည်။ နှစ် (၁၀၀)ပြည့်တွင် မန္တလေးကျောင်းဆောင်နေ ကျောင်းသားဟောင်းများ ဘယ်လိုဆုံကြမလဲဆိုတာ တော့ တမ်းတနေရ ပါသည်။ ။
ပဒိုဂျူဘလီစံလှ