Skip to main content

NCA ငြိမ်းချမ်းရေး အနိမ့်အမြင့် အတက်အကျနှင့် ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝ

NCA (၁၀) နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

ဇာနည်ဘွား

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးချုပ်ဆိုခဲ့တဲ့ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။

မင်္ဂလာရှိတဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ်အခါသမယမှာ NCA ရဲ့ ပကတိအနှစ်သာရနဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို မြန်မာပြည်သူတွေနဲ့ မျိုးဆက်သစ်လူငယ်မောင်မယ်တွေ ပိုမိုသဘောပေါက်သိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ NCA စာချုပ်နဲ့ပတ်သက်လို့ ပြန်ပြောင်းတင်ပြချင်ပါတယ်။

ကနဦးတင်ပြရရင် NCA စာချုပ်ဆိုတာ ဘာလဲ။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ဆိုတာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းသက်သေများရှေ့မှောက်မှာ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်က Union Accord အဖြစ် အတည်ပြုပေးခဲ့တဲ့ သမိုင်းဝင်စာချုပ်တစ်ခု ဖြစ်ပါတယ်။

NCA ဘယ်လိုပေါ်ပေါက်လာသလဲ။

၂၀၁၀-၂၀၁၅ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလမှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရသစ်ဟာ “ငြိမ်းချမ်းရေးမရှိဘဲ ဒီမိုကရေစီစနစ် မထွန်းကားနိုင်၊ ငြိမ်းချမ်းရေးမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုမဖြစ်နိုင်”ဆိုတဲ့ အတွေးအခေါ်အယူအဆကို အခြေခံပြီး ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာချက်ဖြစ်တဲ့ “နိုင်ငံတော်အစိုးရသည် ဒို့တာဝန်အရေး(၃)ပါးကို ထိန်းသိမ်းပြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရန်အတွက် နိုင်ငံအတွင်းရှိ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ကာ နေရာဒေသအနှံ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းတည်ဆောက်သွားရန် အထူးလိုအပ်သည်ဟု ယုံကြည်ပါသည်။

လက်နက်ကိုင်ပဋိပက္ခများဖြေရှင်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်လိုသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့တစ်ဖွဲ့ချင်းအလိုက် ပထမအဆင့်အနေဖြင့် ပဏာမဆောင်ရွက်ရန် လိုအပ်သောလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

ပဏာမဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက်ပြီးစီးပါက နိုင်ငံတော်အစိုးရဘက်မှ ဆွေးနွေးမည့် အဖွဲ့အစည်းဖွဲ့စည်းပြီး သက်ဆိုင်ရာ ငြိမ်းချမ်းရေးဖော်ဆောင်မည့် အဖွဲ့အစည်းနှင့် ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်”ဆိုတဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းချက်က အစပြုခဲ့တယ်လို့ဆိုရမှာ ဖြစ်တယ်။

ထိုစဉ်က နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းချက်အပေါ် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ(RCSS)နဲ့ ကယန်းပြည်သူ့ပါတီ(KNPP)စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးဆွေးနွေးဖို့ စတင်ကမ်းလှမ်းလာခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင်အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုဆောင်ရွက်ခဲ့သလဲ။

သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းများစတင်နိုင်ဖို့အတွက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ထိုစဉ်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ “ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့”ကို ဖွဲ့စည်းပေးခဲ့ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ထာဝရငြိမ်းချမ်းရေးအတွက် ပထမအဆင့်မှာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ဒုတိယအဆင့်မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ တတိယအဆင့်မှာ လွှတ်တော်တွင် ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းရေးအတွက် သဘောတူလက်မှတ်ရေးထိုးရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဆိုတဲ့ နိုင်ငံတော်ရဲ့ လမ်းပြမြေပုံ(Road Map)ကို ချမှတ်ခဲ့ပါတယ်။

ဆက်လက်ပြီး ၂၀၁၂ ခုနှစ် မေလ ၃ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အဖွဲ့ဝင် ၁၁ ဦးပါ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ (UPCC)နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ဒုတိယသမ္မတဦးဆောင်တဲ့ အဖွဲ့ဝင် ၅၂ ဦးပါ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UWPC)တို့ကို ဖွဲ့စည်းပြီး ၂၀၁၃ ခုနှစ် ဇူလိုင် ၅ ရက်နေ့မှာ UWPC ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)ကို ဖွဲ့စည်းခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်ကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီးနောက် နိုင်ငံတော်အစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့မှာ ကချင်ပြည်နယ် လိုင်ဇာမှာပြုလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများညီလာခံကနေ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)ကို အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လ ၂ ရက်မှ ၉ ရက်အထိ ကျင်းပတဲ့ လော်ခီးလာညီလာခံက အဖွဲ့ဝင် ၁၅ဦးပါ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)ကို ဖွဲ့စည်းခဲ့ကြပါတယ်။

UPWC မှ ကိုယ်စားလှယ်တွေနဲ့ NCCT မှ ကိုယ်စားလှယ်တွေဟာ ၂၀၁၄ ခုနှစ် မတ်လ ၉ ရက် မှ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်အထိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အတည်ပြုမူကြမ်းရရှိရေး တရားဝင်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသလို UPWC နဲ့ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)တို့ကလည်း ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်မှ ၂၄ ရက်နေ့ အထိတစ်ကြိမ်၊ ဩဂုတ်လ ၆ ရက်မှ ၇ရက်နေ့အထိတစ်ကြိမ် ထပ်မံတွေ့ဆုံပြီး အခန်း(၇)ခန်း၊ အပိုဒ် ၃၃ ပိုဒ်ပါ သဘောတူ စာချုပ် (မူကြမ်း)ကို ၂၀၁၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှာ အချောသပ်အတည်ပြုခဲ့ပါတယ်။ ပါဝင်ရေးဆွဲသူအားလုံး သဘောတူညီမှု ရရှိခဲ့ပြီးနောက်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုနိုင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ဟာ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းသက်သေများ ရှေ့မှောက်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)မှာ သမိုင်းဝင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မွန်ပြည်သစ်ပါတီ(NMSP)နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDC)တို့ကလည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတဲ့အတွက် NCA မှာ လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၀ ဖွဲ့အထိ ရှိလာခဲ့ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆိုနိုင်ဖို့ ဘယ်လောက်အထိကြိုးပမ်းခဲ့ရသလဲ။

သမ္မတ ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးအတွက် စတင်ဖိတ်ခေါ်ကမ်းလှမ်းတဲ့နေ့မှ NCA စာချုပ်ချုပ်ဆိုနိုင်တဲ့နေ့အထိ ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့တယ်။ ငြိမ်းချမ်းရေးကြိုးပမ်းစဉ်ကာလအတွင်း အစည်းအဝေးစုစုပေါင်း ၅၀၀၀ ခန့်အထိရှိခဲ့တယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဟာ နိုင်ငံတော်၊ ပြည်သူနဲ့တပ်မတော်တို့ရဲ့ အောင်မြင်မှုတစ်ရပ်ဖြစ်တယ်။ အထူးသဖြင့် ဒေသခံပြည်သူများရဲ့အောင်ပွဲဖြစ်ပါတယ်။

ထိုစဉ်က မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်တွင်းနေရပ်စွန့်ခွာနေထိုင်သူ အရေအတွက် ခြောက်သိန်းကျော်ခန့်ရှိပြီး မြန်မာနိုင်ငံရှိ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းခန့် နေထိုင်လျက်ရှိတဲ့ဒေသတွေဟာ ပဋိပက္ခဖြစ်ပွားရာဒေသ သို့မဟုတ် ပဋိပက္ခသင့်ဒေသနဲ့ ဆက်စပ်တဲ့နေရာတွေ ဖြစ်ခဲ့ပါတယ်။

ဒီအတွက် ငြိမ်းချမ်းမှုနဲ့ကင်းဝေးနေခဲ့တဲ့ ဒေသခံပြည်သူတွေဟာ ငြိမ်းချမ်းရေးကို အလွန်အမင်း ဆာလောင်မွတ်သိပ် တောင့်တလျက်ရှိကြပါတယ်။ အထူးသဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ ဒေသခံပြည်သူတွေဟာ ဘားအံမြို့ကနေ မြို့လုံးကျွတ်မျှ ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပါတယ်။ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပွဲ အောင်မြင်တဲ့အခါမှာတော့ ဒေသခံပြည်သူတွေမဆိုထားဘိ၊ ကမ္ဘောဒီးယားနိုင်ငံမှ လေ့လာသူအဖြစ်တက်ရောက်လာတဲ့ ကိုယ်စားလှယ် အမျိုးသမီးကြီးကလည်း ဝမ်းသာလွန်းလို့ ချုံးပွဲချငိုကြွေးခဲ့တယ်လို့ သိရပါတယ်။

ထိုစဉ်က ကရင်အမျိုးသားအစည်းအရုံး(KNU)ခေါင်းဆောင်ကြီး စောမူတူးစေးဖိုးရဲ့ “တိုက်ပွဲတိုက်နေတာကြာပြီ၊ ဘယ်သူ့ဘယ်သူမှ နိုင်အောင်မတိုက်နိုင်ကြပါဘူး၊ ဆုံးရှုံးရတာတော့ နှစ်ဖက်စလုံးပါပဲ” ဆိုတဲ့စကားကလည်း နိုင်ငံရေးသံဝေဂပွားစရာပါပဲ။

ဒါပေမယ့် ၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်မှာ တချို့သော EAO တွေအနေနဲ့ NCA မှာ လက်မှတ်ရေးထိုးထားရှိခဲ့တဲ့ ကတိကဝတ်ကို ဖောက်ဖျက်ပြီး NUG ၊ CRPH အမည်ခံ အကြမ်းဖက်အဖွဲ့တို့ကို တစ်ဖက်လှည့်နည်းနဲ့ ထောက်ခံအားပေးခဲ့ကြသလို လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကိုလည်း ထောက်ပံ့မှုမျိုးစုံနဲ့ အားပေးအားမြှောက် ပြုလုပ်လာခဲ့ကြတဲ့အတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုတွေ အားနည်းခဲ့ရပြီး ပြည်သူလူထုဟာလည်း အကြောက်တရားများနဲ့ ကျီးလန့်စာစားတဲ့ဘဝကို ရောက်ရှိခဲ့ရပြန်တယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ MNDAA ၊ TNLA နဲ့ AA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကလည်း ပြည်သူတွေရဲ့ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေသလို ဒီမတိုင်မီမှာလည်း KNPP၊ KNDF၊ KIA လက်နက်ကိုင်သောင်းကျန်းသူတွေဟာ နယ်မြေဒေသအသီးသီးမှာ အဖျက်အမှောင့်လုပ်ရပ်များစွာကို ဆောင်ရွက်ခဲ့ကြတဲ့အတွက် အပြစ်မဲ့ပြည်သူများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရပါတယ်။

အဆိုပါ ဖြစ်ရပ်ဖြစ်စဉ်တွေကို သမိုင်းသင်ခန်းစာတစ်ရပ်အဖြစ် ဖော်ထုတ်ရရင် NCA ငြိမ်းချမ်းရေး အနိမ့်အမြင့် အတက်အကျဖြစ်စဉ်ဟာ ဒေသခံပြည်သူလူထုရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လူမှုစီးပွားဘဝအပေါ် တိုက်ရိုက်ရိုက်ခတ်လျက်ရှိကြောင်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။

အမှန်တကယ်အားဖြင့်လည်း NCA သဘောတူစာချုပ်ဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ တစ်ခုတည်းသော စာချုပ်ဖြစ်သလို ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့အညီ ပြင်ဆင်ဖြည့်စွက်သွားနိုင်ရေးတို့အတွက် လွှတ်တော်ပြင်ပက ဆောင်ရွက်နိုင်တဲ့လမ်းကြောင်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမိန့်ခွန်းမှာ “တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ဟာ သက်ဆိုင်ရာအဖွဲ့အသီးသီးမှ တာဝန်ရှိသူများရဲ့ တွေ့ဆုံမှုပေါင်းများစွာ၊ ညှိနှိုင်းဆွေးနွေးမှုပေါင်းများစွာကနေ အခြေတည်ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့သမိုင်းဝင်စာချုပ်သစ်တစ်ခုပဲဖြစ်ပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့ပါတယ်။

ထို့အတူ နိုင်ငံတော်အကြီးအကဲက “NCA ကို လက်မှတ်ရေးထိုးရခြင်းရဲ့ ရည်ရွယ်ချက်ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအရေးနဲ့ ဒီမိုကရေစီအရေးတွက်ပဲဖြစ်ပါတယ်။ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးဆိုရာမှာ ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါတယ်။ တပ်မတော်အနေနဲ့ NCA စာချုပ်ဖြစ်ပေါ်လာပြီး (၃)နှစ်အကြာမှာပဲ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်လိုလားတဲ့စိတ်နဲ့ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲတာတွေကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာပြီး လိုက်လျောဆောင်ရွက်ပေးတာကို အားလုံးသိရှိပြီးဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မူဝါဒတွေကိုချမှတ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားတာတွေ၊ လိုက်ပါဆောင်ရွက်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ကြဖို့လည်း ဖိတ်ခေါ်မှုများကို ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခများဟာ နိုင်ငံရေးအမြင်မတူမှုများကနေ ပေါ်ပေါက်လာခြင်းဖြစ်တာကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းကြဖို့ ဖိတ်ခေါ်မှုများပြုလုပ်လျက်ရှိပါတယ်။ အားလုံးက နိုင်ငံ့အကျိုးအတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းမှာ ပါဝင်လျှောက်လှမ်းကြဖို့ ပြောကြားလိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ နိုင်ငံတော်အကြီးအကဲက “လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာမဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကိုလည်း နိုင်ငံတော်အစိုးရက နေပြည်တော်မှာ နိုင်ငံရေးအနှစ်သာရရှိရှိ၊ အသွင်သဏ္ဌာန်နဲ့အနှစ်သာရရှိရှိ ခမ်းနားစွာကျင်းပသွားမယ်လို့ သိရပါတယ်။

ဒါကြောင့်မို့ NCA စာချုပ်မှာ မူလက ကိုယ်တိုင်ပါဝင်ရေးဆွဲသဘောတူညီခဲ့ပြီး လက်မှတ်ရေးထိုးချိန်ရောက်မှ အကြောင်းအမျိုးမျိုးပြ လက်မှတ်မရေးထိုးခဲ့သော EAO တွေနဲ့ NCA မှာ လက်မှတ်ရေးထိုးခဲ့ပြီးမှ ထားရှိခဲ့တဲ့ကတိကဝတ်တွေကို ဖောက်ဖျက်နေတဲ့ တချို့သော EAOတွေအနေနဲ့ NCA အပါအဝင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့ရဲ့ အကျိုးစီးပွားအတွက် နိုင်ငံရေးအမြတ်ထုတ်ရမယ့် နိုင်ငံရေးကစားကွင်းမဟုတ်ဘဲ နိုင်ငံတော်နဲ့နိုင်ငံသားများ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသ၊ ပဋိပက္ခသင့်ဒေသနဲ့ ဆက်စပ်တဲ့နေရာက ဒေသခံပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်တယ်ဆိုတာကို မှန်ကန်စွာ ရှုမြင်လုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ။