ငှက်နဲ့လူသား မျှဝေခံစား မြို့ပြများ
သစ်တောမောင်
ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့ (World Migratory Bird Day) သည် ကမ္ဘာတစ်ဝန်း ရာသီအလိုက် မိုင်ရာထောင်ချီပြီး ရွှေ့ပြောင်းပျံသန်းသွားလာနေသော ထူးထူးခြားခြား အံ့ဩဖွယ်ငှက်များကို ကာကွယ်ထိန်းသိမ်းရန် ဂုဏ်ပြုသတ်မှတ်ထားသော နေ့ဖြစ်သည်။ တစ်နည်းအားဖြင့် ကမ္ဘာ့ရွှေ့ပြောင်း ငှက်များနေ့သည် ရွှေ့ပြောင်းငှက်များနှင့်၎င်းတို့၏ နယ်စပ်ဖြတ်ကျော် ခရီးစဉ်များကို ကာကွယ်ပေးရန် ရည်ရွယ်သည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လှုပ်ရှားမှုများ လည်းဖြစ်သည်။
ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့
ငှက်ရွှေ့ပြောင်းရာသီကွာခြားမှုကို အခြေခံပြီး ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့ကို နှစ်စဉ် မေလ ၁၀ ရက်နှင့် အောက်တိုဘာလ ၁၁ ရက်ဟူ၍ တစ်နှစ်လျှင် နှစ်ကြိမ်သတ်မှတ်ထားပြီး ကမ္ဘာ့ရွှေ့ပြောင်းငှက်များ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန် ဦးတည်ချက်များ ချမှတ်လျက် အခမ်းအနားများ ကျင်းပကြသည်။
၂၀၂၅ ခုနှစ်အတွက် ဆောင်ပုဒ်မှာ ငှက်နဲ့လူသား မျှဝေခံစား မြို့ပြများ (Shared Spaces: Creating Bird-Friendly Cites and Communities) ဖြစ်သည်။ လူတို့အခြေချနေထိုင်ရာ မြို့ပြများ၊ ရပ်ကွက်များ၊ ကျေးရွာများတွင် ငှက်များအတွက် နေထိုင်ကျက်စားနိုင်သော သဟဇာတမျှတကောင်းမွန်သည့် ဂေဟစနစ်ကို ဖန်တီးပေးခြင်းဖြင့် သဘာဝပတ်ဝန်း ကျင်နှင့် လူသားများအတွက် အကျိုးကျေးဇူးများစွာရှိကြောင်း ဖော်ညွှန်းသည့် ဆောင်ပုဒ်ဖြစ်ပါသည်။ လူသားများနှင့် ငှက်များ သဟဇာတမျှတစွာ ပူးတွဲနေထိုင်နိုင်မှု (coexistence) ပတ်ဝန်းကျင်ကို ဖန်တီးမြှင့်တင်နိုင်ရန် အဓိကရည်ရွယ်ပါသည်။
ရွှေ့ပြောင်းငှက်များအတွက် လုံခြုံစိတ်ချပြီး စားရေရိက္ခာပံ့ပိုးပေးနိုင်သော နေရင်းဒေသများနှင့် ပတ်ဝန်းကျင်များကို စတင်ဖန်တီးခြင်း၊ အဆိုပါ နေရာဒေသများကို ထိန်းသိမ်းကာကွယ်ခြင်း၊ မြို့ပြ စီမံခန့်ခွဲမှုများ၊ စက်မှုလုပ်ငန်းများ၊ လူနေထိုင် ပတ်ဝန်းကျင်များတွင် သဘာဝပတ်ဝန်းကျင်၊ သစ်တောသစ်ပင်များနှင့် ငှက်များကို ထိခိုက်မှုများ အနည်းဆုံးဖြစ်အောင် စီမံခန့်ခွဲရေးနည်းလမ်းများ ဖော်ဆောင်ခြင်းဖြင့် ငှက်များအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းနိုင်ပြီး ဒေသတွင်း လူမှုစီးပွား ဖွံ့ဖြိုးမှုဆိုင်ရာ အကျိုးကျေးဇူးများကို ဖော်ဆောင် နိုင်ရန်လည်း ရည်ရွယ်ပါ သည်။
ရွှေ့ပြောင်းငှက်များ ပျံသန်းရာလမ်းကြောင်း
မြန်မာနိုင်ငံသည် အရှေ့အာရှ-ဩစတြေးလျ ဒေသ ငှက်ပျံသန်းရာလမ်းကြောင်း (East Asian-Australasian Flyway Site Network-EAAF)နှင့် ဗဟိုအာရှလမ်းကြောင်း (Central Asian Flyway- CAF)တို့တွင် ကျရောက်သဖြင့် လည်းကောင်း၊ သဘာဝဂေဟစနစ်များ ကောင်းမွန်ပြီး အစားအစာ များနှင့် နားခိုရာနေရာပေါများသော ရေဝပ်ဒေသများ ပေါများသောကြောင့် လည်းကောင်း၊ ဘေးကင်း လုံခြုံစိတ်ချရသော နေရာဒေသ ပတ်ဝန်းကျင် ကောင်းဖြစ်၍ လည်းကောင်း ရွှေ့ပြောင်းငှက်များ၊ ဆောင်းခိုငှက်များ နှစ်စဉ်လာရောက် နားခိုကြ ပါသည်။
ငှက်များတွင် သတ္တုကွင်းတပ်ပြီး ခြေရာခံခြင်း (Ringing)၊ ပထဝီတည်နေရာပြကိရိယာဖြင့် ခြေရာ ခံခြင်း (Geolocator Tracking)နှင့် ဂြိုဟ်တုစနစ်ဖြင့် ခြေရာခံခြင်း (Satellite Tracking) နည်းလမ်းများကို အသုံးပြုပြီး ရွှေ့ပြောင်းငှက်များ၏ ပျံသန်းမှု လမ်းကြောင်း၊ အပြုအမူ၊ သားပေါက်မှုပုံစံများနှင့် ခရီးတစ်ထောက်နားခိုရာနေရာများ (Stopover Sites) ဆိုင်ရာ အချက်အလက်များကို သိရှိနိုင်ပြီဖြစ် သည်။ ရွှေ့ပြောင်းငှက်များသည် အရှေ့အာရှ-ဩစတြေး လျဒေသ ငှက်ပျံသန်းရာလမ်းကြောင်း (EAAF)နှင့် ဗဟိုအာရှလမ်းကြောင်း (CAF)လမ်းကြောင်း နှစ်ခုလုံးကို အသုံးပြုပျံသန်းကြပြီး တချို့ငှက်မျိုးစိတ်များမှာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှသို့ ရောက်ရှိရန် မိုင်ပေါင်း ထောင်သောင်းချီ ပျံသန်းလာကြရပြီး ရှည်လျား မတ်စောက်မြင့် မားသော ဟိမဝန္တာတောင်တန်းကို ဖြတ်ကျော်ပျံသန်းလာကြရကြောင်း သုတေသန တွေ့ရှိချက်များအရ သိရပါသည်။
ကမ္ဘာ့ရွှေ့ပြောင်းငှက်များ နားခိုရာ နေရာဒေသများ
ကမ္ဘာ့ရွှေ့ပြောင်းငှက်များ၊ ဆောင်းခိုငှက်များ သည် ကောက်ပဲသီးနှံများ၊ ငါး၊ ပုစွန် အပါအဝင် ရေသတ္တဝါငယ်များ၊ မြေတွင်းအောင်းသတ္တဝါများ အစရှိသည့် အစားအစာပေါများပြီး လုံခြုံစိတ် ချစွာ နားခိုနိုင်ရာ၊ သားပေါက်ပွားရန် သစ်တောသစ်ပင်များရှိရာ ရေဝပ်ဒေသများတွင် အများဆုံး နားခိုကြသည်။ ရေဝပ်ဒေသများဆိုသည်မှာ ဒီရေကျချိန်တွင်ရေအနက် ၆ မီတာထက် ပိုမနက်သည့် အဏ္ဏဝါရေပြင်များအပါအဝင် ရေသေ သို့မဟုတ် စီးဆင်းနေသော ရေချို၊ ရေငန်၊ ဆားငန်ရေများရှိသော ယာယီသို့မဟုတ် အမြဲတမ်းရှိနေသော သဘာဝ သို့မဟုတ် လူတို့ပြုလုပ် ဖန်တီးထားသော ရွှံ့ညွန်မြေ၊ သစ်ဆွေး မြေ၊ စိမ့်မြေနှင့် ရေပြင်ဧရိယာများဖြစ်သည်။
ရေဝပ်ဒေသများတွင် မြစ်ချောင်းများ၊ အင်း၊ အိုင်၊ ကန်နှင့် ရေအောင်းလွှာများ၊ နွံအိုင်များနှင့် ရွှံ့မြေများ၊ စိုစွတ်သည့် မြက်ခင်းလွင်ပြင်များ၊ ပင်လယ်သဲသောင်ကမ်းပါးများ၊ ကမ်းလွန်ကျွန်းစု ငယ်များ၊ ပင်လယ်ဝဧရိယာများနှင့် မြစ်ဝကျွန်းပေါ် ဒေသများ၊ ဒီရေရောက်ကမ်းခြေများ၊ ဒီရေတောများ၊ ကမ်းရိုးတမ်းဒေသများ၊ သန္တာကျောက်တန်းများ၊ ငါးကန်၊ ပုစွန်ကန်များ၊ စပါးကွင်းများ၊ ဆားကွင်း များ၊ ဆည်ရေလှောင်တမံများ၊ ဆည်ရေသောက်ဧရိယာများ စသည့်နေရာများပါဝင်ပါသည်။
မြန်မာနိုင်ငံတွင် စာရင်းကောက်မှတ်တမ်းတင် ထားသော ရေဝပ်ဒေသပေါင်း ၉၉ ခုရှိသည့်အနက် နိုင်ငံတကာအသိအမှတ်ပြု “ရမ်ဆာ (Ramsar) ရေဝပ်ဒေသများ” မှာ မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီး တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ မုတ္တမပင်လယ်ကွေ့ဒေသ (မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအပိုင်း)၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ နံ့သာကျွန်းနှင့် မေယုမြစ်ဝဒေသ၊ ပြူကန်ရေဝပ် ဒေသတို့ဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြု ရေဝပ်ဒေသ စုစုပေါင်းဧရိယာ ၂၇၈၆၉၇ ဟက်တာကျော်ကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။ ဧရာဝတီမြစ် စဉ့်ကူး-ပုဂံ အပိုင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေ၊ ခန္တီးမြို့အနီး ချင်းတွင်းမြစ် အထက်ပိုင်းဒေသတို့သည် အလွန်အရေးပါသော ရေဝပ်ဒေသများ ဖြစ်သည်။ မြန်မာနိုင်ငံ၌ အဆိုပါရေဝပ်ဒေသများတွင် ကမ္ဘာ့ရွှေ့ပြောင်းငှက်များ၊ ဆောင်းခိုငှက်များသည် အများဆုံးနားခိုလေ့ရှိကြောင်း လေ့လာသိ ရှိရပါသည်။
မြန်မာနိုင်ငံတွင် တွေ့ရသော ရွှေ့ပြောင်းငှက်များ
“အိမ်သာလျှင် ဧည့်လာသည်”ဆိုစကားနှင့်အညီ မြန်မာနိုင်ငံသည် ရွှေ့ပြောင်းငှက်များအတွက် ခေတ္တနားခိုရာနေရာ၊ ဆောင်းခိုရာနေရာ၊ သားပေါက် ရာနေရာများဖြစ်သည့် ဂေဟစနစ်အရ အရေးပါသော ရေဝပ်ဒေသများပေါများသဖြင့် ဒေသမျိုးရင်းဌာနေ ငှက်မျိုးစိတ်များ ပေါကြွယ်ဝ သကဲ့သို့ ကမ္ဘာ့အအေး ပိုင်းဒေသများမှ ဆောင်းခိုငှက်များ၊ ရွှေ့ပြောင်းငှက် များလည်း နှစ်စဉ်လာရောက်သည်ကို တွေ့နိုင်ပါသည်။ သစ်တောဦးစီးဌာန၏ နှစ်စဉ်ငှက်စာရင်း ကောက်ယူမှုများအရ မြန်မာနိုင်ငံသို့ လာရောက်သော ရွှေ့ပြောင်းငှက်မျိုးစိတ်များနှင့် အရေအတွက်ကို အောက်ဖော်ပြပါအတိုင်းတွေ့ရပါသည်-
မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ၌ ၂၀၂၄ ခုနှစ်တွင် ငှက်မျိုးစိတ် ၁၃၈ မျိုး၊ ကောင်ရေ ၄၈၄၆၄ ကောင်နှင့် ၂၀၂၅ ခုနှစ် (ဇန်နဝါရီလမှ စက်တင်ဘာလအထိ) ငှက်မျိုး စိတ် ၁၄၉ မျိုး၊ ကောင်ရေ ၄၉၇၈၂ ကောင် လေ့လာတွေ့ရှိရပါသည်။
အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ၂၀၂၄ ခုနှစ်တွင် ငှက်မျိုးစိတ် ၁၃၅ မျိုး၊ ကောင်ရေ ၁၈၈၇၀ နှင့် ၂၀၂၅ ခုနှစ် (ဇန်နဝါရီလမှ စက်တင် ဘာလအထိ) ငှက်မျိုးစိတ် ၁၂၂ မျိုး၊ ကောင်ရေ ၂၄၂၄၀ လေ့လာတွေ့ရှိရပါသည်။
မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ၂၀၂၄ ခုနှစ်တွင် ငှက်မျိုးစိတ် ၁၄၀၊ ကောင်ရေ ၇၈၂၅ ကောင်နှင့် ၂၀၂၅ ခုနှစ် (ဇန်နဝါရီလမှ စက်တင်ဘာလအထိ) ငှက်မျိုးစိတ် ၁၀၇ မျိုး၊ ကောင်ရေ ၁၀၆၀၆ ကောင် လေ့လာတွေ့ရှိရ ပါသည်။
အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ၌ ၂၀၂၄ ခုနှစ်တွင် ငှက်မျိုးစိတ် ၆၅ မျိုး၊ ကောင်ရေ ၁၂၀၂၇၈ ကောင်နှင့် ၂၀၂၅ ခုနှစ် (ဇန်နဝါရီလမှ စက်တင်ဘာလအထိ) ငှက်မျိုး စိတ် ၄၇ မျိုး၊ ကောင်ရေ ၆၉၀၃၂ ကောင်တို့ နေထိုင်ကျက်စားကြောင်း လေ့လာတွေ့ရှိရ ပါသည်။
ရွှေ့ပြောင်းငှက်များ၊ ဆောင်းခိုငှက်မျိုးစိတ်များ သည် မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများသို့ နှစ်စဉ် အောက်တိုဘာလမှ ဧပြီလအထိ ကျရောက်ကျက်စား ကြပါသည်။ အဆိုပါ ငှက်မျိုးစိတ် များအနက် ဇီဝ မျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာ ဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် စာရင်းဝင်နှင့် အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းရေးအဖွဲ့ (International Union for Conservation of Nature-IUCN)၏ Red list စာရင်းဝင်ဖြစ်သော ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်များ ဖြစ်သည့် မျိုးသုဉ်းလုနီးအန္တရာယ်ရှိနေသော မျိုးစိတ် ရေညှောင့်နုတ်သီးဝိုင်း (Spoon-billed Sandpiper- Calidris pygmaea : CR) မျိုးသုဉ်းရန် အန္တရာယ်ရှိ သောမျိုးစိတ်၊ နော်မန်ခြေစိမ်း (Nordmann's greenshank - Tringa guttifer : EN)၊ နော့ (Great Knot - Calidris tenuirostris : EN) မျိုးသုဉ်းရန် ခြိမ်းခြောက်မှုအဆင့်သို့ နီးကပ်နေသောမျိုးစိတ်၊ အမြီးနက်ဂေါ့ဒွစ် (Black-tailed Godwit - Limosa limosa: NT)များသည် မုတ္တမပင်လယ်ကွေ့ဒေသ၊ နံ့သာကျွန်းနှင့် မေယုမြစ်ဝ၊ မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောများတွင် တွေ့ရှိရပါသည်။
မျိုးသုဉ်းလုနီးအန္တရာယ်ရှိနေသော မျိုးစိတ် ပို့ချပ်ခေါင်းစိမ်း (Baer’s Pochard - Aythya baeri : CR)၊ မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နိုင်သော မျိုးစိတ်ပို့ချပ်ဘဲ (Common Pochard - Aythya ferina : VU)၊ မျိုးသုဉ်းရန်ခြိမ်းခြောက်မှုအဆင့်သို့ နီးကပ်နေသောမျိုးစိတ် ဘဲနီစပ် (Ferruginous Pochard - Aythay nyroca : NT)၊ ခရုစုတ်အနက် (Black-headed Ibis -Threskiornis melanoce-phalus : NT)၊ နှုတ်သီးကောက်ကြီး (Eurasian Curlew – Numenius arquata : NT)၊ ဘဲတောင်ရှည် (Falcated Duck- Anas falcate : NT)နှင့် ဌာနေ ရေပျော်ငှက်များတွင် မျိုးသုဉ်းရန် အန္တရာယ်ကျရောက် နိုင်သောမျိုးစိတ် ကြိုးကြာခေါင်းနီ (Sarus Crane- Antigone Antigone : VU)၊ မျိုးသုဉ်းရန်ခြိမ်းခြောက်မှု အဆင့်သို့ နီးကပ်နေသော မျိုးစိတ်ငှက်ကြီးဝန်ပို (Spot-billed Pelican- Pelecanus philippensis: NT)၊ ဥပန်း (Oriental Darter- Anhinga melano-gaster: NT) မျိုးစိတ်များကို အင်းတော်ကြီး၊ မိုးယွန်းကြီးအင်းနှင့် အင်းလေးကန်တောရိုင်း တိရစ္ဆာန်ဘေး မဲ့တောများတွင် တွေ့ရှိနိုင်ပါသည်။
ကမ္ဘာ့ရွှေ့ပြောင်းငှက်များနှင့် ငှက်ကြည့် ခရီးသွားလုပ်ငန်း (Bird Watching Tourism)
ငှက်ကြည့်ခရီးသွားလုပ်ငန်း (Bird Watching tourism)ကို avitourism သို့မဟုတ် birding ဟု လည်း ခေါ်ဆိုကြပြီး ငှက်မျိုးစိတ်များကို ၎င်းတို့၏ မူလနေထိုင် ကျက်စားရာဒေသများတွင် ငှက်များ၏ သဘာဝအတိုင်း နေထိုင်ကျက်စားမှုများ၊ ထူးခြားသောလက္ခဏာရပ်များကို လေ့လာကြည့်ရှုရန် ရည်ရွယ်သော ခရီးသွားလုပ်ငန်း အမျိုးအစားတစ်ခု ဖြစ်ပါသည်။ ဒေသတွင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ စင်ကာပူ၊ တရုတ်၊ တောင်ကိုရီးယား ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အီရန် စသည့်နိုင်ငံများတွင် ငှက်ကြည့် ခရီးသွားလုပ်ငန်းသည် အောင်မြင်သောသဘာဝ အခြေခံခရီးသွားလုပ်ငန်းတစ်ခုအဖြစ် ဖွံ့ဖြိုး တိုးတက်လျက်ရှိပါသည်။
ငှက်ကြည့်ခရီးသွားလုပ်ငန်းသည်အများအားဖြင့် ရေဝပ်ဒေသများကို အခြေခံသည့် သဘာဝ အခြေခံခရီးသွားလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ရေဝပ် ဒေသများသည် ၎င်းတို့အပေါ်တွင် မှီတင်းနေထိုင်သည့် ငှက်မျိုးစိတ်များ၊ ရွှေ့ပြောင်းငှက်များနှင့် ဆောင်းခိုငှက်များအား စိတ်ဝင်စားစွာ လေ့လာလျက်ရှိသည့် ငှက်ဝါသနာရှင်များ၊ သိပ္ပံပညာရှင်များ အတွက် မဖြစ်မနေ သွားရောက်လေ့လာရသည့် နေရာဒေသများ ဖြစ်ပါသည်။
ရေဝပ်ဒေသများသည် ငှက်ကြည့်ခရီးသွား လုပ်ငန်းအတွက် အချက်အချာကျသော နေရာဒေသ များဖြစ်ပါသည်။ ဥပမာ-နေပြည်တော် ပေါင်းလောင်း ဆည်ပတ်ဝန်းကျင်တွင် ဒေသမျိုးရင်း ဌာနေ ငှက်များဖြစ်သည့် တစ်တီတူး၊ ဗျိုင်း၊ မောက်ယောင်သိမ်း၊ ပုစဉ်းထိုး၊ ငှက်ခါး၊ ဗွတ်ဖင်နီငှက်များ ရွှေ့ပြောင်း ငှက်များဖြစ်သည့် ဝန်လက်၊ ရေညှောင့်ကောင်၊ မိုးကောင်းငှက်၊ တင်ကြီး၊ ဥပန်းငှက်များ၊ ဆင်သေ ဆည်ပတ်ဝန်းကျင်တွင် ဒေသမျိုးရင်းဌာနေ ငှက်မျိုး စိတ်များ ဖြစ်သည့် စစ်စလီ၊ စစ်စလီကြီး၊ နဖားကြူး၊ မိုးစွေငှက်၊ ဘုတ်ကြီး၊ ငဟစ်ငှက်များ ရွှေ့ပြောင်း ငှက်များဖြစ်သည့် ဥပန်း၊ ခရုစုတ်၊ တစ်တီတူးခေါင်းမွဲ၊ တလိုင်းလေး၊ စာဝါကြားငှက်မျိုးစိတ်များ၊ ငလိုက် ဆည်ပတ်ဝန်းကျင်တွင် ဌာနေငှက်များဖြစ်သည့် ထန်းစေ့မှုတ်၊ ဗျိုင်း၊ ပိန်ညှင်းရင်ဖြူ၊ ပုစဉ်းထိုး၊ မိုးစာ ငှက်မျိုးစိတ်များ၊ ရွှေ့ပြောင်းငှက်များဖြစ်သည့် ငှက်တော်၊ ငှက်မည်းတူး၊ ငှက်တော်၊ ဂျိုးနီပု၊ ဂျိုးသိမ်း မျိုးစိတ်များကို လေ့လာတွေ့ရှိနိုင်ပါသည်။
ကမ္ဘာ့ရွှေ့ပြောင်းငှက်များ၊ ဆောင်းခိုငှက်များ၊ ဌာနေငှက်များကို အခြေပြုလျက် ငှက်အခြေခံ ခရီးသွားလုပ်ငန်းနှင့် ဒေသဆိုင်ရာ ယဉ်ကျေးမှု၊ အမွေအနှစ် အချက်အလက်များကို ဆက်စပ်ပေး ခြင်း၊ အားပေးမြှင့်တင်ခြင်းဖြင့် ဆောင်းခိုငှက်များ ကာကွယ်ထိန်းသိမ်းရေးနှင့် ရေဝပ်ဒေသများ၏ တန်ဖိုးကိုလည်း အများပြည်သူ ပိုမိုသတိထားမိစေနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ငှက်ကြည့် ခရီးသွား လုပ်ငန်းသည် ဒေသခံများ၏ မိမိတို့ဒေသအပေါ် ဂုဏ်ယူစိတ်နှင့် ချစ်မြတ်နိုးစိတ်ကို ပိုမိုဖြစ်ထွန်းစေပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြု နိုင်မည်ဖြစ်ပါသည်။
ကျေးငှက်များနားခိုရာ မြို့ပြသစ်တောများနှင့် စိမ်းလန်းမြေများ
မြို့ပြသစ်တောများ (Urban Forests) နှင့် အစိမ်းရောင်မြို့ပြများ (Green City)သည် ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာသော မြို့ပြများအတွက် မရှိမဖြစ် အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်ပါသည်။ ကျေးရွာမြို့ပြများ၊ ကျေးရွာပတ်ဝန်းကျင်များတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ ဒေသမျိုးရင်း သီးပင်စား ပင်၊ အရိပ်ရအပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် အဆိုပါကျေးရွာ၊ ရပ်ကွက်၊ မြို့ပြများတွင် အပူချိန် ၈ ဒီဂရီဆဲလ်စီးယပ်အထိ လျှော့ချနိုင်ပြီး မြို့ပြ ဝန်းကျင် စိမ်းလန်းစိုပြည်ပြီး ရာသီဥတုမျှတ ကောင်းမွန်စေနိုင်ပါသည်။
ကျေးရွာနှင့် မြို့ပြပတ်ဝန်းကျင်တွင် စိုက်ပျိုး ထားသော သစ်ပင်များသည် တည်ဆောက်ရေး လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ အမှိုက်နှင့်စိုက်ပျိုး ရေးစွန့်ပစ်ပစ္စည်းများ မီးရှို့ခြင်း၊ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ စက်ယန္တယားအသီးသီးတို့မှ ထုတ်လွှတ် လိုက်သည့် အလွန်သေးငယ်သော အမှုန်အမွှားများ၊ လေထုအတွင်းရှိ အန္တရာယ်ဖြစ်စေသည့် ညစ်ညမ်းမှု များကို သန့်စင်ဖယ်ရှားပေးနိုင်ပါသည်။ သစ်တော သစ်ပင်များ၊ တစ်အုပ်တစ်မ စိုက်ခင်းများသည် အပင်များ၊ တိရစ္ဆာန်ငယ်များ၊ ဌာနေငှက်များ၊ ရွှေ့ပြောင်းငှက်များအတွက် နားခိုရာနေရာ၊ အကာ အကွယ်နှင့် အစားအစာများ ထောက်ပံ့ပေးနိုင်ပြီး ဇီဝ မျိုးစုံမျိုးကွဲများ တိုးပွားစေ နိုင်ပါသည်။ တစ်အုပ်တစ်မ သစ်တော သစ်ပင်များ၊ သစ်မျိုးစုံစိုက်ခင်း၊ မြို့ပြ ဥယျာဉ်ငယ်များ၊ ရုက္ခဗေဒ ဥယျာဉ်များ စိုက်ပျိုး တည်ထောင်ထားရှိခြင်းဖြင့် ဌာနေငှက်များ၊ ရွှေ့ပြောင်း ငှက်များ ပိုမိုတိုးပွားလာပြီး သဘာဝ အခြေခံခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးလာနိုင်ပါသည်။
ဌာနေငှက်များနှင့် ရွှေ့ပြောင်းငှက်များအတွက် အဓိက ခြိမ်းခြောက်မှုများ
ရွှေ့ပြောင်းငှက်များ (Migratory birds) နှင့် ဌာနေငှက်များ(Resident birds) နှစ်မျိုးလုံးအတွက် ခြိမ်းခြောက်မှုများ၊ အန္တရာယ်များကျရောက်မှု တူညီ သလို ကွာခြားသည်များလည်းရှိပြီး အဓိက ခြိမ်းခြောက်မှုများကို အောက်ပါအတိုင်း တွေ့နိုင် ပါသည်-
သစ်တောများနှင့် ရေဝပ်ဒေသ ဂေဟစနစ်များ ပျက်စီးပြုန်းတီးခြင်း၊ စိုက်ပျိုးမြေများ ကျယ်ပြန့် လာခြင်း၊ ဖွံ့ဖြိုးမှုဆိုင်ရာ အဆောက်အအုံ များ တိုးချဲ့လာမှုကြောင့် သဘာဝနားခိုရာ၊ သားပေါက်ရာနေရာများ ပျက်စီးခြင်းအပါအဝင် နေရင်းဒေသများဆုံးရှုံးခြင်း၊
ရာသီဥတုပြောင်းလဲမှုကြောင့် မိုးလေဝသ ဖြစ်စဉ်များ ကမောက်ကမ ဖြစ်ပေါ်ခြင်း၊ ရေကန်များ ခြောက်ခန်းခြင်း၊ မြစ်ချောင်းများ ရေနည်းလာခြင်းနှင့် တိမ်ကောခြင်း၊ အစား အစာရရှိမှု လျော့နည်းလာခြင်း၊
တောမီးလောင်ကျွမ်းခြင်းကြောင့် ငှက်များ အတွက် နားခိုရာ၊ သားပေါက်ရာနေရာများ ပျက်စီးခြင်း၊
ပလတ်စတစ်အမှိုက်များနှင့် ဓာတုညစ်ညမ်းမှု များကြောင့် ငှက်များသေဆုံးခြင်း၊
ငှက်များအား စီးပွားဖြစ် ဖမ်းဆီးရောင်းချခြင်း၊
မြို့ပြဖွံ့ဖြိုးမှုနှင့်အတူ ဖွံ့ဖြိုးလာသော အထပ်မြင့် တိုက်များ၊ တာဝါတိုင်များနှင့် ငှက်များ တိုက်မိခြင်း၊ အဆောက်အအုံမှန်များ၏ ရောင်ပြန်မှုများကြောင့် လမ်းမှားခြင်းနှင့် ထိခိုက်မိခြင်း။
ငှက်များနှင့် သဟဇာတဖြစ်သောပတ်ဝန်းကျင် (Bird-friendly Environment)
ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့သည် ကျေးရွာ၊ ရပ်ကွက်များမှ မြို့ပြများအထိ လူနေထိုင်ရာ အဖွဲ့အစည်းတိုင်း ရွှေ့ပြောင်းငှက်များအားကာကွယ်ရန်နှင့် ကူညီပံ့ပိုးနိုင်ရန်အတွက် အသိ ပညာပေးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် အရေးပါသော အခန်းကဏ္ဍကို မီးမောင်း ထိုးပြထားပါသည်။ ငှက်များနှင့် သဟဇာတဖြစ်သော ပတ်ဝန်းကျင် (Bird-friendly) များ ဖန်တီးခြင်း၊ ကောင်းမွန်သော မြို့စီမံခန့်ခွဲမှုများဖြစ်စေရန် ဆောင်ရွက်ခြင်း၊ လုံခြုံစိတ်ချသော ငှက်များ နားခိုရာ၊ သားပေါက်ရာနေရင်းဒေသများ ဖန်တီးခြင်း၊ စွန့်ပစ်အမှိုက်များ၊ အညစ်အကြေး စွန့်ပစ်မှုများ စနစ်တကျစီမံခန့်ခွဲဆောင်ရွက်ခြင်း၊ အဆောက်အအုံနှင့် တပ်ဆင်ထားသော မှန်များကြောင့် ငှက်များနှင့် ပွတ်တိုက်မှုဖြစ်ပြီး ငှက်များထိခိုက်သေဆုံး နိုင်သောကြောင့် အဆောက်အအုံပုံစံကို ကြိုတင်တွက်ချက် ကာကွယ်ဆောင်ရွက်ခြင်း စသည့် လုပ်ထုံးလုပ် နည်းများကို လက်ခံအသုံးချခြင်းဖြင့် လူနေထိုင်ရာနေရာ ဒေသများသည် ရွှေ့ပြောင်းငှက်များ နားခိုနိုင်ရေး၊ ကျန်းမာရေးနှင့် ဘဝရှင်သန် ရပ်တည်ရေးကို အထောက်အကူပြုနိုင် ပါသည်။
“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဟူသော မူဝါဒနှင့်အညီ ဒေသမျိုးရင်း အပင်များစိုက်ပျိုးခြင်း၊ ရထားလမ်းနှင့် ကားလမ်း ဘေးဝဲယာ အရိပ်ရအပင်များ စိုက်ပျိုးခြင်း၊ တောင် ကုန်းတောင်ထိပ်များတွင် သစ်ပင်စိုက်ပျိုးခြင်း၊ ကမ်းရိုးတန်းဒီရေတောများ စိုက်ပျိုးခြင်း၊ အပူပိုင်း ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များ စိုက်ပျိုးခြင်းလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ကြခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ပိုမိုကောင်းမွန်လာမည် ဖြစ်ပြီး ဂေဟစနစ် အမျိုးမျိုးတွင် မှီခိုနေထိုင်သော ဌာနေငှက်များနှင့် ရာသီအလိုက် ရွှေ့ပြောင်း ငှက်များအတွက်လည်း အကျိုးပြုနိုင်မည်ဖြစ်သည်။
ထို့ပြင် ရေအရင်းအမြစ်များ ထိန်းသိမ်းခြင်း၊ ရေဝေရေလဲဧရိယာများတွင် ကျေးငှက်တိရစ္ဆာန်များ စားသုံးနိုင်သော သီးပင်၊ စားပင်များ စိုက်ပျိုးခြင်း၊ ပြည်သူအများနှင့် မျှဝေသုံးစွဲသည့်နေရာများကို ဖန်တီးခြင်း၊ ငှက်များအတွက် အန္တရာယ်ဖြစ်စေနိုင် သော ဓာတုပစ္စည်းများ သုံးစွဲမှုများကို မသုံးစွဲခြင်း၊ ငှက်များကို နည်းလမ်းမျိုးစုံဖြင့် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ငှက်များခိုနားရာ၊ သားပေါက်ရာ နေရင်းဒေသများကို ဖျက်ဆီးခြင်း၊ ပျက်စီးစေသည့် လုပ်ငန်းများကို တားဆီး ကာကွယ်ခြင်း၊ ငှက်များအတွက် သင့်တင့်လုံခြုံသော ပတ်ဝန်းကျင်များကို ဖန်တီးခြင်းဖြင့် မိုင်ထောင် သောင်းချီရှည်လျားသော ခရီးစဉ်ကို ပျံသန်းရင်း ခေတ္တနားခိုလာသော ရွှေ့ပြောင်းငှက် များအတွက် ကူညီပေးနိုင်သည့် အပြင် ဌာနေငှက်များအတွက်ပါ သဘာဝပတ်ဝန်း ကျင် ဂေဟစနစ်များ ပိုမိုတည်ငြိမ်ပြီး နိုင်ငံတော် တစ်ဝန်း သာယာလှပလာမည် ဖြစ်သည်။ ထို့ကြောင့် အောက်တိုဘာလ ၁၁ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့ ဆောင်ပုဒ်ဖြစ်သည့် “ငှက်နဲ့လူသား မျှဝေခံစား မြို့ပြများ” ဆိုသည် နှင့် အညီ “ငှက်များနှင့် သဟဇာတဖြစ်သော ပတ်ဝန်း ကျင်” ကို ဖန်တီးပြီး ဌာနေငှက်များနှင့် ကမ္ဘာ့ ရွှေ့ပြောင်းငှက်များကို ကာကွယ်စောင့်ရှောက် ကြပါစို့ဟု တိုက်တွန်းနှိုးဆော် တင်ပြလိုက်ပါသည်။ ။