ငြိမ်းချမ်းသည့်ကွေ့လင်၊ တောက်ပသည့် လီမြစ်နှင့် အစိမ်းရောင်ရေပြင်ပေါ်က အတွေးတစ်စ
မေဦးမိုး
ပြီးခဲ့တဲ့လက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးပြည်နယ်နန်နင်းမြို့မှာ (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ကျင်းပခဲ့ပါတယ်။ ပြပွဲကာလအတွင်း တရုတ်နိုင်ငံကို မီဒီယာဖလှယ်မှုအစီအစဉ်နဲ့ ရောက်ရှိနေကြတဲ့ နိုင်ငံအသီးသီးက သတင်းထောက်တွေဟာ လေ့လာသတင်းယူခွင့်ရရှိခဲ့သလို ကွမ်ရှီးပြည်နယ်အတွင်းက ထင်ရှားတဲ့ နန်နင်းမြို့၊ လျူကျိုးနဲ့ ကွေ့လင်မြို့တွေကို သွားရောက်လည်ပတ်ခွင့်ရခဲ့ပါတယ်။ အဲဒီမြို့တွေမှာ သဘာဝအလှတရား၊ စီးပွားရေးလုပ်ငန်းတွေနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။
ဒီအထဲကမှ သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေပြီး နှစ်စဉ် ခရီးသွားလူဦးရေ သန်း ၁၃၀ လောက်ကို ဆွဲဆောင်ထားနိုင်တဲ့ ခရီးသွားမြို့တော်ကွေ့လင်အကြောင်းကို ပြန်လည်မျှဝေပေးလိုပါတယ်။
တရုတ်နိုင်ငံနဲ့ အာဆီယံကို ချိတ်ဆက်ပေးထားတဲ့ အချက်အချာဒေသ
ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့အစည်းက ကွေ့လင်မြို့ကို ခရီးသွားလာရေးနဲ့ ပြည့်စုံတဲ့နေရာ၊ ရေမြေသဘာဝ၊ လူသားယဉ်ကျေးမှု၊ ငြိမ်းချမ်းမှုအရှိဆုံးနေရာစံနမူနာလို့ ချီးကျူးတင်စားခဲ့ပါတယ်။ ကွေ့လင်မြို့က တရုတ်နိုင်ငံရဲ့ ပထမဆုံး သတ်မှတ်ခံရတဲ့မြို့တွေထဲက သမိုင်းဝင်ယဉ်ကျေးမှု အထင်ကရ မြို့လည်းဖြစ်ပါတယ်။ မြို့တည်သမိုင်းသက်တမ်း နှစ်ပေါင်း ၂၁၀၀ ကျော်ရှိပြီး တရုတ်နိုင်ငံရဲ့အရေးပါတဲ့ သမိုင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးနေရာဖြစ်တယ်လို့ ဆိုကြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ ကျော်ကတည်းက အလှဆုံးရေမြေသဘာဝလို့ သတ်မှတ်ခဲ့ပြီး ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့အစည်းက ပထမဆုံး ထုတ်ပြန်တဲ့ခရီးသွားနေရာကြီးလေးခုမှာ ပါဝင်ပါတယ်။ ပြည်ပခရီးသွားဧည့်သည်လာရောက်မှု ပမာဏဟာ နှစ်ပေါင်းများစွာတိုင်အောင် တရုတ်နိုင်ငံရဲ့ အလားတူမြို့ပြများ ထိပ်တန်း ၁၀ ခု စာရင်းဝင်ဖြစ်ခဲ့တဲ့ ကွေ့လင်မြို့ဟာ ရေမြေသဘာဝ ဂေဟမြို့ဖြစ်တာနဲ့အညီ သစ်တောဖုံးလွှမ်းမှု ၅၅ ဒသမ ၀၄ ရာခိုင်နှုန်းရှိပြီး မြေပြင်ဇလဗေဒ အရည် အသွေးက တရုတ်နိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင်ပါ တယ်။ ၂၀၂၃ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ လူအခြေချနေထိုင်ရာ ပတ်ဝန်းကျင်ဆုကို ရရှိထားတာမို့ စတင်ရောက်ရှိကတည်းက စိမ်းလန်းစိုပြည်တဲ့ သဘာဝအလှ၊ အပူအအေးမျှတမှုနဲ့ လတ်ဆတ်တဲ့ အစားအသောက်တွေကလည်း စိတ်လှုပ်ရှားစေပါတယ်။
ကွေ့လင်မြို့က ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသရဲ့ မြောက်ပိုင်းမှာရှိတဲ့ အရေးပါတဲ့ သယ်ယူပို့ဆောင်ရေးဗဟိုဖြစ်တဲ့အပြင် ကွမ်းတုံ-ဟောင်ကောင်-မကာအိုဒေသကြီး၊ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနဲ့ အာဆီယံစီးပွားရေးရပ်ဝန်းကြီး သုံးခုပေါင်းစည်းရာအရပ်မှာ တည်ရှိပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနဲ့တောင်ပိုင်း ဒေသတစ်လျှောက် ပင်လယ်ကမ်းရိုးတန်း စီးပွားရေးကို ချိတ်ဆက်ပေးထားတဲ့ ပေါင်းကူးတံတားဖြစ်ပြီး တရုတ်နိုင်ငံနဲ့ အာဆီယံကို ချိတ်ဆက် ပေးထားတဲ့ အချက်အချာဒေသလို့လည်း ဆိုရမှာပါ။
နေ့စဉ်နဲ့အမျှ များပြားလှတဲ့ ပြည်တွင်း ပြည်ပခရီးသွားတွေဟာ ကွေ့လင်ရဲ့လမ်းမထက်မှာ အစဉ်ပြည့်နှက်နေသလို ညမီးရောင်တွေအောက်မှာ ညသန်းခေါင်တိုင် စားသောက်ဆိုင်တန်းတွေနဲ့ ညဘက်လမ်းပေါ်က တီးဝိုင်းငယ်တွေနဲ့ အစဉ်အမြဲစည်ကားနေသလို အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုရဲ့ ပြယုဂ်အဖြစ် အားလုံးဟာ ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေကြတာကို မြင်တွေ့ရပါတယ်။
East and West Street လို့ နိုင်ငံခြားသားတွေ ခေါ်ကြတဲ့ ကွေ့လင်မြို့လယ်ကောင်က ကျင်းယန်း လျှောက်လမ်းဟာ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ် လက်ရာအချို့ကို ပေးစွမ်းပါတယ်။ ပြည်တွင်း ပြည်ပ ခရီးသွားတွေဟာ နေ့ညမပြတ်တရုတ်ရိုးရာအစား အစာဆိုင်တွေ၊ ဖျော်ဖြေရေးတွေနဲ့ သမိုင်းယဉ်ကျေး မှုလက်ရာတွေ၊ ရိုးရာအိမ်တွေကို အဲဒီမှာမြင်တွေ့နိုင်သလို လက်မှုပစ္စည်းတွေ ဝယ်ယူနိုင်တာ၊ ကွမ်ရှီးလူမျိုးတွေရဲ့ ရိုးရာဝတ်စုံတွေ မြည်းစမ်းဝတ်ဆင် တာမျိုးတွေကို ပြုလုပ်ကြပါတယ်။
နောက်ထပ် ထင်ရှားတဲ့နေရာကတော့ ကျင်းကျန်းနန်းတော်ကြီးရဲ့ တံခါးပေါက်ဖြစ်ခဲ့တဲ့ ဒွါန်လီဂိတ်တံခါးကြီးဟာ ညအချိန်မှာတောင် မီးရောင်ထိန်ထိန်ညီးလို့ ကြည့်ရှုလို့မဝနိုင်အောင် ဆွဲဆောင်မှုရှိပါတယ်။ ဒွါန်လီဂိတ်တံခါးကိုမြင်ရတာ မိမိတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ် ပုဂံရှေးဟောင်း မြို့တော်ကြီးက သရပါတံခါးကြီးကို တွဲလို့တောင် မြင်ယောင်မိပါတယ်။ ဒွါန်လီဂိတ်တံခါးဟာရိုးရာ တရုတ်ဗိသုကာကို ထင်ရှားစွာပြသလို့နေပါတယ်။
စိတ်လှုပ်ရှားဖွယ် တောက်ပလို့နေ
မီဒီယာအဖွဲ့သားတွေ နောက်ထပ်ရောက်ရှိခဲ့တဲ့ နေရာတစ်ခုကတော့ မင်မင်းဆက်ကာလ ခရစ်နှစ် ၁၃၇၂ ခုနှစ် ဟန်ဝူဧကရာဇ်လက်ထက်က တည်ဆောက်ခဲ့တဲ့ သက်တမ်း နှစ်ပေါင်း ၆၅၀ ကျော် ရှိပြီဖြစ်တဲ့ ကျင်းကျန်းနန်းတော်ကြီးအတွင်းက ရှေးဟောင်းမျှော်စင်ပဲ ဖြစ်ပါတယ်။ ပကတိကျောက်သားပေါ်မှာ တည်ဆောက်ထားပြီး တက်ရောက်တဲ့ သစ်သားလှေကားထစ်တွေ တိုင်းဟာ ပြည်တွင်း ပြည်ပခရီးသည်တွေကို ဆွဲဆောင်ထားသလို နံရံပေါ်က ပန်းချီပန်းပုတွေ ကလည်း သမိုင်းကြောင်းကို ဖော်ပြပေးနေပါတယ်။ အဲဒီအပေါ်ကနေ ကွေ့လင်မြို့ကို ပတ်ရံကာဆီးနေတဲ့ နာမည်ကျော်တောင်ခုနစ်လုံးကို အစဉ်လိုက်ကြည့်ရှုနိုင်တာကြောင့် ရှေးဟောင်းယဉ်ကျေးမှုကိုထိန်းသိမ်းတဲ့နေရာမှာ ယနေ့ခေတ်လက်ရာ အထပ်မြင့်အဆောက်အအုံ တည်ဆောက်မှုကိုလည်း သေချာစိစစ်သတ်မှတ်ခဲ့ပုံရတယ်လို့ အသိအမှတ်ပြုမိပါတယ်။
ဒါ့အပြင် ကွေ့လင်မြို့ပေါ်က ထင်ရှားတဲ့ Shanhu ရေကန်ကြီးအတွင်း ဗိမာန်မျှော်စင်နှစ်ခု ယှဉ်လျက်ရှိပြီး ကမ္ဘာပေါ်မှာတစ်ခုတည်းသော ကြေးဝါတစ်ခု လုံးနဲ့ တည်ဆောက်ထားတဲ့ နေဗိမာန်နဲ့ ကျောက်စိမ်းဖန်သားတို့နဲ့ တည်ဆောက်ထားတဲ့ လဗိမာန်တို့ကို တွေ့မြင်ရပါတယ်။ ညဘက်မှာ အရောင်အမျိုးမျိုး ထွန်းညှိထားတဲ့ မီးအလင်းတွေကြောင့် ကန်ရေပြင်မှာ ဗိမာန်တွေရဲ့ ရောင်ပြန်ဟပ်မှုနဲ့အတူ စိတ်လှုပ်ရှားဖွယ် တောက်ပနေပါတယ်။
ထင်ရှားတဲ့နေရာတစ်နေရာလည်း ရှိပါသေးတယ်။ ဆင်တောင်ပန်းခြံနဲ့ ဆင်ကျောက်တောင်ရှိရာ လီကျန်းမြစ်နဖူးက ပန်းခြံဖြစ်ပါတယ်။ တရုတ် ဒဏ္ဍာရီအရ ဆင်တောင်နဲ့ ပတ်သက်လို့ ပုံပြင်ဆန်တဲ့ အပြောနှစ်ခုရှိပြီး တစ်ခုက ကျိုင်းတီယွမ်နတ်ဘုရားရဲ့ဆင်က မိုးခေါင်မှုကြောင့် လူတွေ ဒုက္ခဆင်းရဲကို ကယ်တင်ဖို့ သူ့နှာမောင်းနဲ့ မြစ်ရေကိုခပ်ယူပြီး လယ်ကွင်းတွေဆီ ပို့ပေးတယ်။ ဒါကို နတ်ဘုရား သိတော့ နတ်ဆင်ကြီးကို ကျောက်ဖြစ်စေလိုက်တယ်။ သူဟာ ကျောက်ဖြစ်သွားပေမယ့် သူ့နှာမောင်းက မြစ်ထဲကိုထိုးစိုက်နေတဲ့ကျောက် ဆောင်အဖြစ် တည်ရှိတယ်လို့ ဆိုကြပါတယ်။ နောက်တစ်ပုဒ်ကတော့ ဟောင်တီနတ်ဘုရားရဲ့ နတ်စစ်သည်စီးတော်ဆင်ကြီးဟာ နတ်စစ်ပွဲမှာ ပါဝင်ပြီး ဒဏ်ရာရသွားတော့ လီကျန်းမြစ်နံဘေးကို ပြုတ်ကျခဲ့ရတယ်။ ဒါကိုကွေ့လင်က လူသားတွေက ဆေးဖက်ဝင်အပင်တွေနဲ့ ကုသပေးကြတာမို့ ကျေးဇူးတင်တဲ့အတွက် သူ့ခန္ဓာကိုယ်ကို ကျောက် တောင်အသွင်ပြောင်းပြီး မိုးခေါင်ရေရှားမှုမဖြစ်အောင် နှာမောင်းကို မြစ်ထဲထည့်ပြီး ကာကွယ်ပေးသတဲ့။ ဒဏ္ဍာရီနှစ်ခုလုံးမှာ လူသားနဲ့သဘာဝအကြား ရင်းနှီးမှုနဲ့ အပြန်အလှန်ဆက်နွှယ်နေမှု၊ ရေအရင်းအမြစ်ရဲ့ အရေးပါမှုတွေကိုတွေ့ရပြီး ယနေ့တိုင် လာရောက်လည်ပတ်သူတွေရဲ့ စိတ်နှလုံး ကို ဖမ်းစားတဲ့နေရာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့အလှပဆုံး မြစ်ကြောင်း
လီကျန်းမြစ်ဟာ ကမ္ဘာ့အလှပဆုံးမြစ်ကြောင်း ၁၅ ခုမှာ ပါဝင်ပြီး ထုံးကျောက်တောင်တန်းတွေရဲ့ အလှပဆုံးနမူနာအနေနဲ့ ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်ခဲ့တာပါ။ စုန့်မင်းဆက်ခေတ်ကတည်းက တရုတ်အနုပညာရှင်တို့ မျက်စိကျရာနေရာလည်း ဖြစ်ပါတယ်။ လက်ရှိတရုတ်နိုင်ငံရဲ့ ယွမ် ၂၀ တန်မှာ ကွေ့လင်မြစ်ရဲ့အလှကို ဖော်ကျူးထားတာ တွေ့ရပါတယ်။ ထုံးကျောက်ကုန်းပြင်မြင့်မှာ ရေတိုက်စားမှုကြောင့် စပါးပုံသဏ္ဌာန် တောင်စုတွေက ကြည်လင်စိမ်းမြတဲ့မြစ်ရေနဲ့ အလွန်လိုက်ဖက်လှပါတယ်။
ဒါပေမယ့် ခေတ်အဆက်ဆက်လှပခဲ့တာတော့ မဟုတ်ပါဘူး။ မဆင်မခြင်ငါးဖမ်းမှုတွေနဲ့ စက်ရုံတွေ ကနေ ရေဆိုးရေညစ်တွေ ထုတ်လွှတ်ခဲ့ဖူးလို့ မြစ်ရေတွေ နောက်ကျိခဲ့ရဖူးပါတယ်။ ၂၀၁၇ ခုနှစ်မှာ တရုတ်ခေါင်းဆောင်ကြီး ရှီကျင့်ဖျင်က လာရောက်ခဲ့ရင်း လီကျန်းမြစ်ဝှမ်းဒေသရဲ့ ဂေဟစနစ်ပတ်ဝန်းကျင်ကို ထိန်းသိမ်းရမှာဖြစ်ပြီး အဲဒီရှုခင်းသာကို ထာဝရတည်ရှိစေရမယ်လို့ ညွှန်ကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက လီကျန်းမြစ်ကို ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး အခုမြင်ရတဲ့ လီကျန်းမြစ်က စိမ်းလန်းစိုပြည်တဲ့ တောင်တန်း၊ ကြည်လင်တဲ့ရေ၊ လေကောင်းလေသန့်နဲ့ ပြန်လည်ဆန်းသစ်လာပါတော့တယ်။ မိုင် ၁၀၀ ရှည်လျားတဲ့ လီကျန်းမြစ်တစ်လျှောက်မှာ ပန်းချီကား တစ်ချပ်သဖွယ် ပြန်လည်တောက်ပလာခဲ့ပါတယ်။
လီကျန်းမြစ်ဟာ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့ခရိုင်လေးခုကို ဖြတ်သန်းသွားပါတယ်။ ထူးခြားချက်ကတော့ မြစ်ကြောင်းတစ်လျှောက် သစ်ပင်တွေ မပြတ်စိုက်ပျိုးတာ၊ သန့်ရှင်းရေးကို အထူးဂရုပြုတာနဲ့ ရေအရည်အသွေး စောင့်ကြည့်တာ၊ ဇီဝမျိုးစုံကို ထိန်းသိမ်းတာတွေ မြင်ရတယ်။ ဂေဟစနစ်ပညာ ပေးခြင်းတွေအပြင် ဒေသခံတွေအတွက် ကျေးလက်ဒေသထွက်ကုန်တွေပြသဖို့ ကူညီပေးတာ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတွေ ဆောင်ရွက်တာတွေကိုလည်း မြင်တွေ့ရပါတယ်။
မြစ်ကြောင်းအတွင်း ရှုခင်းကြည့်လှေစီးခရီးစဉ်တွေက အစအဆုံးဆိုရင် ကွေ့လင်ကနေယန်းရှူ ကျေးရွာအထိ ကီလိုမီတာ ၉၀ နီးပါး အချိန် ၅ နာရီ ဝန်းကျင်လောက် ကြာမြင့်ပါတယ်။ ဒါ့အပြင် လှေငယ်တွေနဲ့ ခရီးစဉ်အတိုလေးတွေလည်း သွားလာနိုင်ပါတယ်။ ကျေးလက်ရွာငယ်လေးတွေ၊ ထုံးကျောက်တောင်တွေနဲ့ စိမ်းညို့နေတဲ့ မြစ်ရေ၊ သဘာဝငါးမျှားမှုတွေကို မြင်တွေ့ရပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ကို ထိန်းသိမ်းစောင့်ရှောက်ရင်း အပြန်အလှန် အားဖြင့် ပြည်တွင်း ပြည်ပ ခရီးသွားလုပ်ငန်းကိုအောင်မြင်စေပြီး တိုင်းပြည်ရဲ့ဝင်ငွေ၊ ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ ကျွဲကူးရေပါ ဆိုသလို ပြည့်ဝလာတာကို မြင်တွေ့ရပါတယ်။ မိမိတို့နိုင်ငံမှာလည်း သာယာလှပတဲ့ သဘာဝရှုခင်းတွေ၊ စိမ်းညို့တဲ့သစ်တောတွေနဲ့ ရှားပါးမျိုးစိတ်တွေ၊ ကြည်လင်တဲ့ရေချိုမြစ်၊ ချောင်းတွေ ပေါကြွယ်ဝပါတယ်။ ဒါတွေဟာ နိုင်ငံသားတိုင်း စောင့်ရှောက် ရမယ့်တာဝန်ရှိပြီး ထိန်းသိမ်းစောင့်ရှောက်မှု အားကောင်းလာတာနဲ့အမျှ ပြည်တွင်း ပြည်ပခရီးသွားတွေ အနားယူအပန်းဖြေနိုင်မယ့် နေရာတွေအဖြစ် ဖန်တီးကြရမှာဖြစ်တယ်။
တသွင်သွင်စီးဆင်းနေတဲ့ လီကျန်းမြစ်ရဲ့အလှလို အလှတရားကို ရှမ်းပြည်နယ်အတွင်း မြစ်ဖျားခံစီးဆင်းတဲ့ ဒုဋ္ဌဝတီ(မြစ်ငယ်)မြစ်မှာ မြင်တွေ့ခဲ့ရဖူးပါတယ်။ စပါးပုံလို ထုံးကျောက်တောင်တွေ မရှိပေမယ့် ရင်သပ်ရှုမောဖွယ်ရာ စိမ်းညို့နေတဲ့ တောင်တန်းကြီးတွေရဲ့အနီးအဝေးမြင်ကွင်းအလှ၊ ကြည်လင်စိမ်းမြနေတဲ့ရေပြင်၊ တစ်ဖက်တစ်ချက်ဆီမှာ လှမ်းကြည့်လိုက်ရင် အသည်းတယားယား ရင်ဖိုရစေမယ့် ရေတံခွန်တွေနဲ့ မြစ်ကြမ်းပြင်အထိ မြင်တွေ့နိုင်တဲ့ ရေပြင်ရဲ့သန့်ရှင်းမှုကို ဒုဋ္ဌဝတီမှာလည်း မြင်တွေ့နိုင်ပါတယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)သိန္နီအရှေ့ဘက် တောင်တန်းတွေကနေ ကွေ့ကောက်စီးဆင်းလာတဲ့ ဒုဋ္ဌဝတီဟာ သီပေါမြို့ ပတ်ဝန်းကျင်မှာတော့ အလွန်လှပတဲ့ရှုခင်းတွေနဲ့သိပ်ကို ပနံရပါတယ်။ မြစ်ငယ်ဟာလည်း မိုင်ပေါင်း ၁၃၀ လောက် ရှည်လျားတဲ့ မြစ်တစ်ခုဖြစ်ပါတယ်။
မိမိတို့တိုင်းပြည်မှာ အခြားသော သဘာဝကပေးတဲ့ လက်ဆောင်သာယာလှပတဲ့ နေရာမျိုးစုံကို ပိုင်ဆိုင်ထားပါတယ်။ ရေပေါ်ရေအောက် သယံဇာတ မျိုးစုံတဲ့ ပင်လယ်ရေပိုင်နက်၊ ကမ်းရိုးတန်းအလှတရား၊ တောင်တန်းတွေနဲ့ ရေတံခွန်တွေ၊ များပြားလှတဲ့ ရေချိုမြစ်တွေစတဲ့ သဘာဝအလှတွေများစွာဟာ အခုအချိန်မှာ ထုတ်ဖော်ပြသခွင့်မရဘဲ ငုပ်လျှိုးနေကြရတယ်။
မငြိမ်းချမ်းနိုင်သေးတဲ့ ပြည်တွင်းပဋိပက္ခမီးတွေဟာ မိမိတို့နိုင်ငံရဲ့ အလှအပကို ဖော်ထုတ်ဖို့၊ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးဖို့ ဆုတ်ယုတ်စေတဲ့အရာတွေ ဖြစ်ပါတယ်။ ထို့အတူ ပဋိပက္ခကြောင့် ဒေသခံတွေဟာ မူလလက်ငုပ်လက်ရင်း တောင်ယာတွေကို ပစ်ခွာသွားခဲ့ကြရသလို မငြိမ်းချမ်းတဲ့ဒေသကို စွန့်ခွာရင်း ဇာတိမြေကိုလွမ်းဆွတ်နေကြရတာတွေကို မကြာခဏမြင်တွေ့နေရတယ်။ ပျက်စီးသွားခဲ့ရတဲ့ စာသင်ကျောင်းတွေ၊ ကျေးရွာတွေနဲ့ ဒေသခံတွေရဲ့ နှလုံးသားတွေဟာ ပြန်လည်ကုစားဖို့ လိုအပ်နေကြပါပြီ။ မကြာသေးမီက အကြမ်းဖက်သမားတွေ ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို မြန်မာ့တပ်မတော်က ပြန်လည်တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ မြင်ကွင်းတွေက ပြည်သူတွေအတွက်တော့ မျှော်လင့်ချက် ရောင်ခြည်ပါပဲ။
အကြမ်းဖက်သမားတွေ အပြီးတိုင်ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု ရှိလာတာ နဲ့အမျှ နယ်စပ်ကုန်သွယ်ရေးတွေ ဖွံ့ဖြိုးလာမယ်၊ တိုင်းပြည်ရဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာမယ်။ ဒီလိုနည်းနဲ့ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အတူ ပြည်သူတစ်ရပ်လုံးရဲ့ လူမှုစီးပွားဘဝမြင့်မားလာမယ့်တစ်နေ့ကို မျှော်လင့်ရင်း လီကျန်းမြစ်ကဲ့သို့ ဒုဋ္ဌဝတီပေါ်မှာ လူးလာတုံ့ခေါက်သွားလာကြမယ့် အပန်းဖြေခရီးသွား သင်္ဘောတွေကို မြင်ယောင်ကြည့်မိပါတော့တယ်။ ။