Skip to main content

ကိုလိုနီခေတ် ဒီစီလျှပ်စစ်စနစ်မှ အေစီလျှပ်စစ်စနစ်သို့

သီပေါမင်းလက်ထက်က အထက်မြန်မာနိုင်ငံတွင် လျှပ်စစ်မီးစက်တစ်ခုကို တည်ထောင်ခဲ့သည်။ အောက်မြန်မာနိုင်ငံတွင်မူ ၁၈၇၀ ပြည့်နှစ်ဝန်းကျင်ကပင် ရန်ကုန်မြို့ရှိ ဥရောပတိုက်သားပိုင် ဆန်စက်ကြီး လေးလုံးတွင် လျှပ်စစ်မီးများ ထွန်းလင်းနိုင်ခဲ့ကြပြီဖြစ်ရာ ရေနွေးငွေ့သုံး ကိုယ်ပိုင် လျှပ်စစ်ဓာတ် အားပေးစက်များဖြင့် ထွန်းလင်းစေခဲ့ခြင်းဖြစ်သည်။ အများပြည်သူသုံး နေအိမ် လျှပ်စစ်မီး ထွန်းရန်အတွက် လျှပ်စစ်ဓာတ်အားကို ၁၉၀၅ ခုနှစ်ခန့်က ရန်ကုန်မြို့တွင် စတင်ရရှိခဲ့သည်။ ထိုနှစ်က ဖွဲ့စည်းတည်ထောင်သော Rangoon Electric Tramway and Supply Company Ltd. က ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခဲ့သည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်

လူဦးရေတိုးပွားပြီး မြူနီစီပယ်ဧရိယာ ကျယ်ဝန်းလာ သော ရန်ကုန်မြို့တွင် ဓာတ်ရထားပြေးဆွဲနိုင်ရန် ရည်ရွယ်ပြီး အာအီးတီကုမ္ပဏီက လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ရာတွင် ရန်ကုန်မြို့ လူနေအိမ်ခြေများ၌ လျှပ်စစ်မီးထွန်းရန်အတွက်ပါ လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးရောင်းချခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ထုတ်လုပ် သော လျှပ်စစ်ဓာတ်အားမှာ Direct Current (D.C.) သာ ဖြစ်ပြီး အိမ်သုံးနှင့် ဓာတ်ရထားအတွက် D.C. လျှပ်စစ် ကိုသာ အသုံးပြု နေရာမှ ၁၉၂၂ ခုနှစ်တွင် Alternation Current (A.C.) လျှပ်စစ်သို့ပြောင်း၍ 400 Volt, 3 Phase, 50 Hz, 4 Wire စနစ်ကို အသုံးပြုခဲ့သည်။ ထိုကဲ့သို့ ပြောင်းလဲမှုကြောင့် ဓာတ်ရထားအတွက် လိုအပ်သော လျှပ်စစ်ကို ပြဒါးသုံး Mercury Rectifier ဖြင့် A.C မှ D.C 100 Volt သို့ ပြောင်းလဲအသုံးပြုခဲ့သည်။ ၁၉၃၀ ပြည့်နှစ် နောက်ပိုင်းတွင်မူ မော်တော်ကားများကိုလည်း အသုံးပြု လာပြီဖြစ်သည့် အားလျော်စွာ နေရာယူမှု များပြားသော ဓာတ်ရထားများနေရာတွင် ထရော်လီ ဘတ်စ်ကားများ ဖြင့် အစားထိုးခဲ့သည်။

အိမ်သုံးလျှပ်စစ်မီး ထွန်းလင်းရန်အတွက် လည်းကောင်း၊ စက်မှုလက်မှုလုပ်ငန်းများအတွက် လည်းကောင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းမှာ ပုဂ္ဂလိကအရင်းရှင်များနှင့် ကုမ္ပဏီများ ၏ လက်ထဲတွင်သာရှိခဲ့သည်။ အရင်းရှင်စီးပွားရေး လုပ်ငန်းကြီးများကို လုပ်ကိုင်ကြသည့် ဘီအိုစီနှင့် ဘားမားကော်ပိုရေးရှင်း ဘော်တွင်းမိုင်းတို့တွင် ၁၁၅၀၀၀ ကီလိုဝပ်စွမ်းအား ထုတ်ပေးနိုင်သော လျှပ်စစ် ဓာတ်အားပေးစက်ကို ကိုယ်ပိုင်တည်ထောင်ထားခဲ့ကြ သည်။ ရေနံချောင်းရှိ ဘီအိုစီ၏ လျှပ်စစ်ဓာတ်အားပေးစက် တွင် 400 Volt, 3 Phase, 50 Hz, 3 Wire စနစ်ကို အသုံးပြုခဲ့သည်။ ဘော်တွင်းမိုင်းတွင် မန်းစံရေတံခွန်မှ ရေအားကို အသုံးချကာ လျှပ်စစ်ဓာတ်ကို ထုတ်ယူ အသုံးပြုခဲ့သည်။ ထိုစဉ်က ဘီအိုစီ၏ ရေနွေးငွေ့သုံး လျှပ်စစ်ဓာတ်အား ပေးစက်မှာ အရှေ့တောင်အာရှတွင် အကြီးဆုံးစက်ဖြစ်ခဲ့သည်။ ဘားမားရူဘီမိုင်းတွင် ရေအားဖြင့် လျှပ်စစ်ကို ထုတ်ယူကာ A.C500 Volt , 2 Phase, 50 Hz, 4 Wire စနစ်ဖြင့် ဓာတ်အားဖြန့်ဝေ သုံးစွဲခဲ့သည်။ ထို့ပြင် ကံဘောက်ရှိ ဟိန္ဒားသတ္တုတွင်း၌ လည်း ရေအားဖြင့်ပင် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ် သုံးစွဲခဲ့သည်။

ကိုလိုနီခေတ်က လျှပ်စစ်ဓာတ်အားပေးစက်များ

ကိုလိုနီခေတ်က လျှပ်စစ်ဓာတ်အားပေးစက်များမှာ ရေနွေးငွေ့သုံးစက်များ၊ ရေအားသုံးစက်များ၊ ဒီဇယ်ဆီ သုံးအင်ဂျင်စက်များ ဖြစ်ကြသည်။ ၁၉၃၉ ခုနှစ်က မြန်မာ နိုင်ငံတွင် အိမ်သုံးလျှပ်စစ်မီး ထွန်းလင်းစေနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချသော စက် ၁၀၂ လုံးနှင့်၊ စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းများအတွက် စက် ၇၇ လုံးရှိခဲ့သည်။ အိမ်သုံးမီးထွန်းလင်းရန် လျှပ်စစ် ဓာတ်အားပေးသော စက် ၁၀၂ လုံး အနက်အများစုမှာ ၁၀ ကီလိုဝပ်မှ ၅၀၀ ကီလိုဝပ်အထိရှိသော ဒီဇယ်ဆီသုံး စက်ငယ်များ ဖြစ်ကြကာ ကိုးလုံးမှာ ရေအားဖြင့် လျှပ်စစ် ထုတ်သော စက်နှင့် ရေနွေးငွေ့သုံးစက်များ ဖြစ်ကြသည်။

ရန်ကုန်မြို့ရှိ အာအီးတီကုမ္ပဏီပိုင် ရေနွေးငွေ့သုံး စက်မှာ ၂၄၀၀၀ ကီလိုဝပ် စွမ်းအားရှိသည်။ စက်မှုလက်မှု လုပ်ငန်းသုံးအတွက် စက် ၇၇ လုံးတွင် ရေအားဖြင့် လျှပ်စစ်ထုတ်သောစက် ခြောက်လုံးပါရှိပြီး ၃၀၀ ကီလိုဝပ်မှ ၁၀၀၀၀ ကီလိုဝပ်အထိ စွမ်းအားရှိကြသည်။ စက် ၂၄ လုံးက ၁၃၀၀ ကီလိုဝပ်စွမ်းအားရှိသော ဒီဇယ်ဆီ သုံးစက်များ ဖြစ်ကြကာ ကျန်စက်များက ၂၀၀၀၀ ကီလိုဝပ်ရှိ ရေနွေးငွေ့သုံးစက်များဖြစ်ကြသည်။ ၁၉၃၉ ခုနှစ်က ထိုစက်အသီးသီးတို့မှ အိမ်သုံးမီးထွန်းလင်းရန် အတွက် ကီလိုဝပ်နာရီပေါင်း ၄၈၀၀၀၀၀၀ ထုတ်လုပ်ပြီး စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းများအတွက် ကီလိုဝပ် နာရီပေါင်း ၁၈၅၀၀၀၀၀၀ ထုတ်လုပ်ပေးနိုင်ခဲ့ သည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များက စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချကြခြင်းဖြင့် မြို့ကြီးပေါင်း ၅၀ ခန့်၌ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားသည့် အချိန်ကာလအထိ လျှပ်စစ်မီး များ ထွန်းလင်းနိုင်ခဲ့သည်။ ရွှေတိဂုံနှင့် ရွှေစည်းခုံအစရှိ သော တန်ခိုးကြီးဘုရားများနှင့် စေတီတော်များတွင်လည်း ပုဂ္ဂလိကပိုင် လျှပ်စစ်ဓာတ်အားထုတ် စက်ငယ်များဖြင့် လျှပ်စစ်မီး ပူဇော်ခဲ့ကြသည်။

အကုန်အကျများစွာသက်သာ

လျှပ်စစ်ဓာတ်အားကို အဖိုးနှုန်းချိုသာစွာဖြင့် လွယ်ကူပေါများစွာ ရရှိနိုင်ခြင်းသည် စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်း တစ်ရပ်ဖြစ်သည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာ၌ ရေအားဖြင့် လျှပ်စစ်ဓာတ်ထုတ်လုပ်ခြင်းက ဒီဇယ်ဆီ သုံးစက်နှင့် ရေနွေးငွေ့သုံးစက်များထက် အကုန်အကျ များစွာသက်သာသည်။ ထို့ကြောင့်ပင် ၁၉၂၀ ပြည့်နှစ်မှ ၁၉၂၃ ခုနှစ်များအတွင်း လျှပ်စစ် စစ်ဆေးရေးအရာရှိ Mr.B. Raikes က မြန်မာနိုင်ငံအတွင်း၌ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးအတွက် လေ့လာစူးစမ်းမှုများကို ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံအရပ်ရပ်ရှိ မြစ်၊ ချောင်း၊ ရေတံခွန်များက ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန် အလားအလာ အလွန်ကောင်းသော်လည်း Mr.B. Raikes က အဆိုပြုတင်ပြသော နေရာများမှာ လူနေဝန်းကျင်နှင့် ဝေးကွာလွန်းပြီး သွားလာရန် ခက်ခဲသော နေရာများ ဖြစ်နေခဲ့သည်။

ထိုနေရာအများအပြားအနက် စစ်တွေစီရင်စုအတွက် စိုင်တင်ရေတံခွန်၊ မန္တလေးဒေသအတွက် ရှမ်းပြည် မြောက်ပိုင်း နမ္မတူမြစ်မှ ပြောင်ရှားရေတံခွန်၊ မြောက်ပိုင်း ရှမ်းပြည်အတွက် နမ့်ဆန်ရေတံခွန်၊ လွိုင်ကော်ရှိ ဘီလူး ချောင်း၊ ရန်ကုန်ဒေသအတွက် ဘောဂတချောင်းနှင့် ပဲခူးမြစ်၊ ကျိုက္ခမီ လမ်ဖချောင်း၊ ထားဝယ်ဒေသရှိ ဖောင်တော်ချောင်းတို့မှာ အလားအလာရှိသောနေရာ များ ဖြစ်ကြသည်။ သို့ရာတွင် ကိုလိုနီခေတ်အတွင်းက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေးသည် ပုဂ္ဂလိကအရင်းရှင်များ၏ စီးပွားရေးလုပ်ငန်းသာ ဖြစ်သဖြင့် အကျိုးအမြတ် ကိုတွက်ဆကာ လုပ်ဆောင် သော စီးပွားရေးသမား အရင်းရှင်များက စိတ်ဝင်စားမှု မရှိခဲ့သောကြောင့် အကောင်အထည် မပေါ်ခဲ့ပေ။

ကိုလိုနီခေတ်မြန်မာနိုင်ငံတွင် ဆန်စက်နှင့် သစ်စက် များ တည်ထောင်ခြင်းဖြင့် စက်မှုလုပ်ငန်းများကို အစပျိုး ခဲ့သည်။ မြန်မာဘုရင်ပိုင် အထက်မြန်မာနိုင်ငံတွင် မင်းတုန်းမင်းနှင့် သီပေါမင်းတို့လက်ထက်က စတင် တည်ထောင်သော စက်မှုလုပ်ငန်းများမှာ ဗြိတိသျှတို့က အထက်မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်သည့် ၁၈၈၅ ခုနှစ်တွင် ဇာတ်သိမ်းသွားခဲ့ကြသည်။ ကိုလိုနီခေတ် အောက်မြန်မာနိုင်ငံ၌ ၁၈၈၅ ခုနှစ်မတိုင်မီကာလတွင် ဆန်စက်၊ သစ်စက်တို့အပြင် မော်လမြိုင်၌ သင်္ဘော တည်ဆောက် သောလုပ်ငန်းနှင့် ကျိုက္ခမီတွင် သကြားစက်တစ်ခုလည်း ရှိခဲ့သည်။ နှစ်ဆယ်ရာစု နှစ်ဆန်းလာသော အခါ ဆန်စက် နှင့်သစ်စက်များ တိုးပွားလာခဲ့သည်။ ထို့ပြင် ရေနံ၊ ကျောက်သံပတ္တမြား၊ ဓာတ်သတ္တု တူးဖော်ကျိုချက် သန့်စင်ရေးဆိုင်ရာ စက်များ၊ ကုန်းလမ်းနှင့် ရေလမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် စက်ယန္တရားသုံး ယာဉ်များ၊ လျှပ်စစ်ဓာတ်အားပေးစက်များလည်း တစ်စတစ်စ ပေါ်ထွန်းလာခဲ့သည်။ ထိုစက်ယန္တရားများနှင့် စက်မှုလုပ်ငန်းများမှာ Processing Industry များသာ ဖြစ်ခဲ့ကြသည်။ ရေနံချက်စက်၊ ဖယောင်းတိုင်လုပ်စက် စသည်တို့မှအပ စားဝတ်နေရေးဆိုင်ရာ ကုန်ချောပစ္စည်း ထုတ်လုပ်သည့် ကျန်လုပ်ငန်းများမှာ Manufacturing Industry များမဟုတ်ခဲ့ကြပေ။ ၁၉၂၀ ပြည့်နှစ် ကျော်လွန် လာသောအခါ၌မူ စားကုန်ထုတ်လုပ်ရေး၊ ဝတ်ကုန် ထုတ်လုပ်ရေး၊ သုံးကုန်ထုတ်လုပ်ရေးဆိုင်ရာ ကုန်ချော ထုတ်လုပ်သောစက်များနှင့် စက်မှုလုပ်ငန်းများ ပေါ်လာခဲ့ သော်လည်း အရေအတွက်က မများလှပေ။

ကြံသကာလုပ်ငန်းများရှိခဲ့

မြန်မာနိုင်ငံတွင် ကြံစိုက်ပျိုးခြင်းနှင့်အတူ ယင်းနှင့် ဆက်နွှယ်သော ကြံသကာလုပ်ငန်းများရှိခဲ့သည်။ ဗြိတိသျှ တို့ လက်အောက်၌ နိုင်ငံခြားသားလူဦးရေ တိုးပွား များပြားလာသောအခါ သကြားစားသုံး မှုနှုန်းက တိုးတက် လာသဖြင့် လိုအပ်သောသကြားကို နိုင်ငံခြားမှ မှာယူ တင်သွင်းခဲ့ရသည်။ ကျိုက္ခမီတွင် ပထမဆုံးတည်ထောင် သော သကြားစက် ရပ်သွားပြီးနောက် နှစ်ပေါင်းငါးဆယ် ကျော်ကြာသည်အထိ နောက်ထပ်သကြားစက် တည်ထောင်မှုမရှိဘဲ ဖြစ်နေခဲ့သည်။ ၁၉၁၉-၁၉၂၀ ပြည့်နှစ်တွင် မစ္စတာအေဂနီက တောင်ငူစီရင်စု ကညွတ် ကွင်းတွင် သကြားစက်တည်ထောင်ရန် ကြိုးစားခဲ့ဖူးသော် လည်း ဂရန်ခံယူသောမြေမှာ သစ်တောကြိုးဝိုင်းဖြစ်နေ သဖြင့် သစ်တောများ ပြုန်းတီးမည်ဟူသော အကြောင်းပြ ချက်ဖြင့် အစိုးရက ခွင့်မပြုခဲ့ပေ။ ထို့နောက် ရန်ကုန်မြို့ရှိ ကုမ္ပဏီကြီးတစ်ခုက မန္တလေးမြို့အနီး အမရပူရနှင့် လမိုင်းရွာတို့တွင် ၁၉၂၂ ခုနှစ်ခန့်က သကြားစက် နှစ်လုံးကို တည်ဆောက်ခဲ့သော်လည်း လုပ်ငန်းအောင်မြင်မှုမရှိ၍ နောက်ပိုင်းတွင် ဖျက်သိမ်းခဲ့ရသည်။

ထို့နောက် ၁၉၂၅-၁၉၂၆ ခုနှစ်ခန့်က မြစ်ကြီးနား စီရင်စု ဆားမော်ဒေသ၌ သကြားစက်တစ်လုံး ပေါ်ပေါက် လာခဲ့ပြန်သည်။ Finlay Fleming Co., Ltd. U Burma Sugar Company Ltd. ကို တည်ထောင်ပြီးနောက် တည်ဆောက်ခဲ့သော သကြားစက်ဖြစ်သည်။ စက်ရုံ အတွက်စက်များကို အင်္ဂလန်နိုင်ငံ Belliss and Morcom Ltd. က ပေးသွင်းရန် စီစဉ်ခဲ့သော်လည်း ထိုကုမ္ပဏီပျက် သွားသဖြင့် The Mirrless, Watson Co., Ltd. 45 Scotland Street, Glasgow C.5 က ဆက်လက်ပေးသွင်း ခဲ့သည်။ ဆားမော်သကြားစက်မှာ တစ်ရက်လျှင် ကြံတန်ချိန် ၁၀၀၀ ခန့် ကြိတ်ဝါးနိုင်သော စက်ဖြစ်ပြီး မြစ်ကြီးနားတစ်ဝိုက်ရှိ ကြံများကိုအခြေခံကာ ဒုတိယ ကမ္ဘာစစ်ဖြစ် ချိန်အထိ လည်ပတ်ထုတ်လုပ်ခဲ့သည်။ သကြားစက်လည်ပတ်စဉ်က မစ္စတာချက်ပလက် ဆိုသူ သည် နမ္မတီးဒေသတွင် ကြံစိုက်ခင်းများကို အကြီး အကျယ် ပျိုးထောင်စိုက်ပျိုးကာ မီးရထားသံလမ်းပိုင်းငယ် တစ်ခုကို ဖန်တီးဖောက်လုပ်ပြီး ဆားမော် သကြားစက်သို့ ကြံများ ပေးသွင်းခဲ့သည်။

အောက်မြန်မာနိုင်ငံရှိ ရွှေကျင်၊ ဘီးလင်း၊ သဲဖြူဒေသ တို့သည်လည်း ကြံစိုက်ပျိုးဖြစ်ထွန်းရာ နယ်မြေများ ဖြစ်ကြသဖြင့် ထိုဒေသမှကြံများကို အခြေခံ၍ ၁၉၃၄ ခုနှစ်တွင် Robinson & Company ပိုင်ရှင် မစ္စတာ ရော်ဘင်ဆင်သည် နှင်းပုလဲ၌ သကြားစက်တစ်ခုကို တည်ထောင်ခဲ့သည်။ သကြားစက်မှာ မဒရပ်စ်မှ ဝယ်ယူ လာသော စက်ဖြစ်ပြီး မန်နေဂျာနှင့် စက်မှုအင်ဂျင်နီယာ များက အင်္ဂလိပ်လူမျိုးများ ဖြစ်ကြသည်။ သကြားချက် သူမှာ ဂျာဗားအမျိုးသားတစ်ဦးဖြစ်ပြီး သကြားစက်မှ သကြားနီသာထွက်သဖြင့် အရှုံးပေါ်ခဲ့သည်။ တစ်နှစ်ခန့် စက်ရုံလည်ပတ်ပြီးနောက် ပိုင်ရှင်ဖြစ်သူ မစ္စတာ ရော်ဘင်ဆင် ကွယ်လွန်သွားသောကြောင့် စက်ရုံဆောက် ပေးသော ဂလပ်အင်ဂရိတ်ကုမ္ပဏီအား အကြွေးပေးဆပ် နိုင်ရန်အတွက် စက်ရုံကို လေလံတင်ရောင်းချခဲ့ရသည်။ အိန္ဒိယနိုင်ငံသား အင်းမရစ်ပိုင် သကြားကုမ္ပဏီက ထိုစက်ရုံကို ဝယ်ယူပြီး စက်များကို ပြန်လည်ပြုပြင် လည်ပတ်စေခဲ့ရာ သကြားဖြူများထွက်ရှိလာခဲ့သည်။ ၁၉၃၈ မှ ၁၉၄၁ ခုနှစ်အထိ စက်လည်ပတ်ကာ သကြား ထုတ်လုပ်နိုင်ခဲ့ရာမှ ဒုတိယကမ္ဘာစစ်ကာလအတွင်း ကုမ္ပဏီပိုင်ရှင်က အိန္ဒိယသို့ ပြန်သွားသဖြင့် သကြားစက် ကို ပိတ်ထားလိုက်ရသည်။

ဇေယျဝတီသကြားစက်

ကိုလိုနီခေတ်က မြန်မာနိုင်ငံတွင် တည်ဆောက်သော သကြားစက်များအနက် ဇေယျဝတီသကြား စက်သည် အကြီးဆုံးနှင့် အအောင်မြင်ဆုံးစက်ဖြစ်သည်။ သကြား စက်တည်ရှိရာ ဇေယျ၀တီတစ်ဝိုက် ရှိ နယ်မြေကို ဗြိတိသျှ အစိုးရက ဘီဟာနယ်မဟာရာဂျာ၏ မဟာဒေဝီအား အပိုင်စားပေးခဲ့ရာ မဟာဒေဝီက ထိုမြေကို စီပီဆင်ဟား မိသားစုသို့ လွှဲပေးလိုက်သည်။ အိန္ဒိယပြည် ဘီဟာနယ်မှ အလုပ်သမားများဖြင့် ထိုနယ်မြေကို ခုတ်ထွင်ရှင်းလင်း ကာ လယ်ယာမြေအဖြစ်သို့ ပြောင်းလဲစေခဲ့သော်လည်း ၁၉၃၂ ခုနှစ်ခန့်တွင် စပါးဈေးကျဆင်းသွားသဖြင့် ကြံကို ပြောင်းလဲစိုက်ပျိုးသည်မှ အစပြု၍ သကြားစက် တည်ထောင်သည့် အခြေအနေဆီသို့ ဆိုက်ရောက်သွားခဲ့ သည်။ သကြားစက် တည်ဆောက်လိုက်သောအခါ တောင်ငူ-ရမည်းသင်းဝန်းကျင်မှ ကြံစိုက်ပျိုးရေးလုပ်ငန်း များလည်း တိုးတက်ခဲ့သည်။

ဇေယျဝတီသကြားစက်ကို တည်ထောင်သော ရွိုင်ဘဟာဒူးရီကာပရာဆပ်သည် စကော့တလန်နိုင်ငံ ဒန်ကန်စတီးဝပ်ကုမ္ပဏီထံမှ တစ်ရက်လျှင် ကြံတန်ချိန် ၁၀၀၀ ကြိတ်ဝါးနိုင်သော စက်တစ်လုံးကိုဝယ်ယူပြီး ၁၉၃၄ ခုနှစ်တွင် စက်ရုံကိုတည်ဆောက်ကာ ၁၉၃၄-၁၉၃၅ ခုနှစ် ကြံရာသီမှစတင်၍ လည်ပတ်ခဲ့သည်။ ထိုစဉ် က မြန်မာနိုင်ငံ၏ သကြားစားသုံးမှုမှာ တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် ၂၇၀၀၀ ခန့်ရှိပြီး ပြည်တွင်းရှိစက်များမှ ထုတ်လုပ်နိုင်မှုက တစ်နှစ်လျှင် ပျမ်းမျှ ၁၅၇၅၃ တန်မျှ သာရှိသောကြောင့် ပြည်ပမှ တစ်နှစ်လျှင် ပျမ်းမျှ တန် ၁၁၂၀၀ ခန့် တင်သွင်းခဲ့ရသည်။ ထို့ကြောင့်ပင် ဇေယျဝတီ သကြားစက်ပိုင်ရှင် စီပီဆင်ဟားသည် ၁၉၄၀ ပြည့်နှစ်တွင် သကြားစက်ကို တိုးချဲ့ရန် စီစဉ်ပြီး ချက်ကို စလို ဗက်ကီးယားနိုင်ငံ စကိုဒါကုမ္ပဏီထံမှ တစ်ရက်လျှင် ကြံတန်ချိန် ၁၅၀၀ ကြိတ်ဝါးနိုင်သော စက်တစ်လုံးကို ဝယ်ယူခဲ့သည်။ သို့ရာတွင် ထိုစက်အသစ်မှာ မြန်မာနိုင်ငံ သို့ ရောက်မလာဘဲ စစ်အတွင်းက အိန္ဒိယတွင် သောင်တင်နေခဲ့သည်။ ။

သိပ္ပံစာရေးဆရာ ကိုကိုအောင်