မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲအလွန် - စိန်ခေါ်မှုများကို ကျော်လွှားပြီး တည်ငြိမ်အေးချမ်းမှုဆီသို့ (၅)
ကောင်းပြည့်
ရွေးကောက်ပွဲနှင့် တိုင်းချစ်စိတ်ဓာတ်ဘယ်လိုချီတက်မလဲ
မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အန္တိမရည်မှန်းချက်ဖြစ်တယ်လို့ နိုင်ငံတော်အကြီးအကဲက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေနဲ့တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့ပါတယ်။ ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့်မဆုံးရှုံးစေဖို့နဲ့ စည်းစနစ်ကျနမှုရှိတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်မြောက်စေဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ကတိပြုထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာဖြစ်ပွားခဲ့တဲ့ မဲစာရင်းကတ်ပြားအတုတွေကင်းရှင်းစေဖို့နဲ့ မှန်ကန်တိကျမှုရှိစေဖို့အတွက် ကြိုးပမ်းခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ မြန်မာအီလက်ထရောနစ်မဲပေးစက်နဲ့ မဲပေးရမှာဖြစ်ပြီး မိုက်ထရိုကွန်ထရိုလာစနစ်ဖြစ်တဲ့အတွက် ရိုးရှင်းပြီး လုံခြုံစိတ်ချရတဲ့စနစ် ပါတယ်လို့ UEC က ထုတ်ပြန်ထားပါတယ်။ မဲဆန္ဒရှင်တွေ မဲပေးရာမှာ အဆင်ပြေစေဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်တွေမှာ မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine) နဲ့ စပ်လျဉ်းတဲ့ ရှင်းလင်းပြသခြင်း၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လေးနှစ်နှင့် ခြောက်လတာခရီး ဘယ်လောက်အောင်မြင်ခဲ့သလဲ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရဟာ နိုင်ငံ့တာဝန်ကို လေးနှစ်နဲ့ခြောက်လကြာ ထမ်းဆောင်ခဲ့ရာမှာ စိန်ခေါ်မှုမျိုးစုံကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းတွေမှာလည်း အတိုင်းအတာတစ်ခုအထိ ကျော်လွန်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရပါတယ်။
ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအခြေခံကုန်ထုတ်လုပ်ငန်းတွေမှာ ပါဝင်လာစေဖို့လည်း အားပေးခဲ့ပါတယ်။ လိုအပ်တဲ့ သွင်းအားစုတွေ၊ ဘဏ္ဍာငွေအကူအညီနဲ့ လူသားအရင်းအမြစ်တွေ ရရှိစေဖို့လည်း ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။
ဘဏ္ဍာရေးတိုးတက်မှုကို ကြည့်မယ်ဆိုရင်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်က စုစုပေါင်းရငွေကျပ် ၁၇၅၈၅ ဒသမ ၅၅ ဘီလီယံရှိခဲ့ရာကနေ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၃၄၅၅၃ ဒသမ ၅၀ ဘီလီယံအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ GDP တန်ဖိုးကလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်က ငွေကျပ် ၁၀၈၂၀၅ ဒသမ ၇၂ ဘီလီယံ ရှိခဲ့ရာကနေ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၁၆၀၆၅၄ ဒသမ ၈၂ ဘီလီယံအထိ တိုးလာပြီး GDP တိုးတက်နှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။
ပညာရေးမှာလည်း KG+9 (မူလတန်းမှ အလယ်တန်းအဆင့်) အထိ မသင်မနေရပညာရေးစနစ်ကို အနိမ့်ဆုံးပညာရေးရည်မှန်းချက်အဖြစ် ချမှတ်ပေးခဲ့ပါတယ်။ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်မှစလို့ KG+9 ပြီးမြောက်သူတွေ အသက်မွေးဝမ်းကျောင်းပညာသင်ယူနိုင်ဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုနည်းပညာဘာသာရပ်တွေကို သင်ကြားပေးတဲ့ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ အဆိုပါကျောင်းပေါင်း ၈၉ ကျောင်းကို ခရိုင် ၈၈ ခုမှာ ဖွင့်လှစ်နိုင်ခဲ့ပြီး ခေတ်မီနည်းပညာခေတ်အတွက် Polytechnic University ရှစ်ခုကိုလည်း ဖွင့်လှစ်ပေးခဲ့ပါတယ်။ ကျန်းမာရေးမှာလည်း လူတန်းစားပေါင်းစုံက အားကိုးနိုင်တဲ့ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေကို အားသွန်ခွန်စိုက်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
နိုင်ငံတကာဆက်ဆံရေးအောင်မြင်မှုအနေနဲ့ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း GMS၊ MLC ၊ ACMECS၊ CLMV ၊ BIMSTECS ၊ EURASIA ECONOMIC FORUM နဲ့ RUSSIAN VICTORY DAY အခမ်းအနားတွေမှာ ပါဝင်တက်ရောက်ခဲ့ပြီး နိုင်ငံများစွာမှ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာကို တွေ့ရှိရပါတယ်။
အောင်မြင်မှုကိုပြောရရင် ပြောမဆုံးနိုင်တော့ပါ။ “လယ်ပြင်မှာ ဆင်သွားသလို” မြင်နိုင်တယ်လို့ ဆိုရပါမယ်။ နိုင်ငံတော်ကိုအပေါ်သို့ ဆွဲတင်နေချိန်မှာ အဖျက်သမားတွေက ဘက်ပေါင်းစုံကနေ အောက်ကိုဆွဲချဖို့ ဝိုင်းဝန်းဆောင်ရွက်နေတဲ့တိုင်အတိုင်းအတာတစ်ခုကို ကျော်လွန်မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီနေရာမှာ စာရေးသူတစ်ခုသွားသတိရမိပါတယ်။ နိုင်ငံတော်အကြီးအကဲက နိုင်ငံ့တာဝန်ယူပြီးချိန်မှာ မြန်မာ့မီးရထားတိုးတက်ဖို့ လမ်းညွှန်ခဲ့တာကို သတိပြုမိကြမှာပါ။ ၂၀၂၅ ခုနှစ် သြဂုတ်လ ၂ ရက်နေ့မှာ နိုင်ငံတော်အကြီးအကဲက သူ့လက်ထက်မှာ မြန်မာ့မီးရထားဘယ်လောက်အထိ တိုးတက်မှုရှိတယ်ဆိုတာကို ကိုယ်တိုင်နေပြည်တော် - ရန်ကုန် အမြန်ရထားကို တောင်ငူကနေ ရန်ကုန်အထိ လိုက်ပါစီးနင်းပြခဲ့တာကို တွေ့ရပါတယ်။ အမှန်တရားကို မြင်သင့်ကြပါပြီ။ အမှန်တရားကို လက်ခံမယ်ဆိုရင် လူတိုင်းလိုချင်တဲ့၊ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးကို မကြာခင်မြင်တွေ့ရမှာ သေချာပါတယ်။
ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ကို တက်ရောက်လာတဲ့ ပညာရှင်တွေက နိုင်ငံတော်အကြီးအကဲနဲ့ တွေ့ဆုံခဲ့ရတဲ့အပေါ် အပြုသဘောဆောင်တဲ့ သုံးသပ်ချက်တွေပေးခဲ့ကြပါတယ်။ သူတို့ရဲ့အမြင်မှာ ညီလာခံကို ကိုယ်တိုင်တက်ရောက်မိန့်ခွန်းပြောကြားခြင်း၊ ပိုစတာပြပွဲတွေကို စိတ်ဝင်တစားလေ့လာပြီး ပညာရှင်တွေနဲ့ အပြန်အလှန်ဆွေးနွေးပြောဆိုခြင်းတို့ဟာ နိုင်ငံတော်အကြီးအကဲရဲ့ ခေါင်းဆောင်ကောင်းပီသမှုကို ပြသနေတယ်လို့ ဆိုခဲ့ကြပါတယ်။ အထူးသဖြင့် ပြည်သူလူထုနဲ့ သုတေသီတွေအပေါ် ဂရုစိုက်မှု၊ စိတ်ရင်းမှန်မှုနဲ့ ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်လိုစိတ်ရှိတဲ့ နိုင်ငံတော်အကြီးအကဲရဲ့ လုပ်ရပ်တွေက သက်သေပြနေတယ်လို့ နိုင်ငံတကာပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။ ဒီအချက်တွေက ညီလာခံရဲ့ အမှတ်တရအရှိဆုံးအစိတ်အပိုင်းတွေဖြစ်ခဲ့တယ်လို့လည်း ဖော်ပြခဲ့ကြပါတယ်။ အထူးသဖြင့် နိုင်ငံတော်အကြီးအကဲဟာ ပြည်သူလူထုနဲ့ ပညာရှင်တွေအပေါ် ဂရုစိုက်မှု၊ စိတ်ရင်းမှန်မှုနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတည်ဆောက်လိုစိတ်ရှိကြောင်းကို ခဏတာတွေ့ဆုံရတဲ့ နိုင်ငံတကာပညာရှင်တွေကတောင် သတိပြုမိခဲ့ကြပါတယ်။
နိုင်ငံတော်၏ အနာဂတ်က မည်သို့နည်း
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ နိုင်ငံတော်ရဲ့ အာဏာသုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတို့ကို ရွေးကောက်ပွဲမှ ပေါ်ထွက်လာမယ့် အစိုးရသစ်ဖွဲ့စည်းတဲ့အထိ ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ ကြားကာလအတွင်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ အမျိုးသားပညာရေးနဲ့ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးတို့ကို ဦးတည်ချက် (၄) ရပ် ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟာ ယနေ့ခေတ်ကာလမှာ အဓိကထားဆောင်ရွက်ရမယ့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတိုးတက်ဖို့အတွက် အခြေခံအကျဆုံးလိုအပ်ချက်က တိုင်းချစ် ပြည်ချစ် စိတ်ဓာတ်ပဲဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ မိမိတို့ရဲ့ အဖိုးတန်တဲ့ တိုင်းရင်းသားအရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရင်းအမြစ်တွေကို ပြုန်းတီးစေရုံသာမက နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်စေပါတယ်။ ဒါကြောင့်နိုင်ငံကိုချစ်မြတ်နိုးတဲ့စိတ်၊ ငြိမ်းချမ်းရေးကိုတောင့်တတဲ့စိတ်တို့ကို ဦးစားပေးဖို့ အထူးပဲအရေးကြီးပါတယ်။
အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေကို လေ့လာကြည့်ရင် မြန်မာနိုင်ငံမှာသာ ငြင်းခုံမှုတွေ၊ ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတာကို တွေ့မြင်နိုင်ပါတယ်။ အခြားနိုင်ငံတွေက နိုင်ငံတိုးတက်ရေးကို အဓိကထားပြီး နိုင်ငံသားတိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိကြပါတယ်။ ဥပမာအားဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံကို ကြည့်မယ်ဆိုရင် ပါတီရေးရာအစွဲအလမ်း၊ လူပုဂ္ဂိုလ်ရေးဆိုင်ရာ ဆွဲဆောင်မှုတွေထက် နိုင်ငံ့အနာဂတ်နဲ့ အကျိုးစီးပွားကိုသာ ပိုမိုဦးစားပေးကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒထက်၊ ပါတီတစ်ခုရဲ့ ဦးတည်ချက်ထက် ပိုမိုဦးစားပေးတဲ့ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်သာဓကတစ်ခုပဲ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ ဦးစားမပေးဘဲ မိမိတိုင်းပြည်ကိုသာ ကာကွယ်လိုတဲ့ စိတ်ဓာတ်ကို ထင်ရှားစွာ မြင်တွေ့နိုင်ပါတယ်။
“ကျွန်တော်တို့ဗျာ တကယ်ကို လက်တွဲလုပ်ဖို့ အသင့်တော်ဆုံးအချိန်ကို ရောက်နေပါပြီ။…………။ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေဘက်ကိုလည်း ဦးစားပေးပြီးတော့ ဆောင်ရွက်ပေးမယ်။ ကျွန်တော်ဆုံးဖြတ်ထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျပြီးကျန်ခဲ့တဲ့ တိုင်းရင်းသားနယ်မြေတွေ အားလုံးကို ဦးစားပေးပြီး ဆောင်ရွက်ပေးမယ်” ဆိုတဲ့ နိုင်ငံတော်အကြီးအကဲရဲ့ ပြောကြားချက်ဟာ ပြည်ထောင်စုတိုင်းရင်းသားအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုတဲ့ သူ့ရဲ့ရင်တွင်းခံစားချက်ကို ထင်ဟပ်နေပါတယ်။ ဒါဟာမှန်ပါတယ်။ ကျွန်တော်တို့ စည်းလုံးညီညွတ်ဖို့လိုပါပြီ။ မိမိတို့မြန်မာတိုင်းရင်းသားတွေအနေနဲ့ လူမျိုးစွဲစိတ်၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို စုံလုံးကန်းချစ်စိတ်၊ ပါတီစွဲစိတ်ဓာတ်တွေကို ရှေ့တန်းတင်မယ့်အစား တိုင်းပြည်ချစ်စိတ်ကိုသာ ပိုမိုဦးစားပေးဖို့ အထူးလိုအပ်လှပါတယ်။ နိုင်ငံ့အနာဂတ်နဲ့ နိုင်ငံသားတိုင်းရဲ့ ဘဝကို တိုးတက်ကောင်းမွန်စေဖို့အတွက် တိုင်းရင်းသားအားလုံး ပူးပေါင်းညီညွတ်စွာ လက်တွဲလုပ်ဆောင်မှသာရနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်တည်ဆောက်ရာမှာ မြန်မာလူမျိုးတို့ရဲ့ သမိုင်းကြောင်း၊ လူမှုဘဝပုံစံ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်တို့ကို ထည့်သွင်းစဉ်းစားဖို့ အလွန်အရေးကြီးပါတယ်။ နိုင်ငံရဲ့ထူးခြားတဲ့ နောက်ခံအခြေအနေကို လျစ်လျူရှုရင်ဘယ်ဒီမိုကရေစီစနစ်မှ ရေရှည်တည်တံ့ခိုင်မာနိုင်မှာ မဟုတ်ပါ။
ဒါ့အပြင် အယူဝါဒပိုင်းဆိုင်ရာ တင်းမာမှုထက်လက်တွေ့ကျတဲ့ရလဒ်ကို ဦးစားပေးဖို့လိုအပ်ပါတယ်။ လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်တဲ့စွမ်းရည်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ခိုင်မာပြည့်ဝတဲ့ ဒီမိုကရေစီစနစ်တစ်ရပ်တည်ဆောက်ဖို့ဆိုရင် တပ်မတော်နဲ့ နိုင်ငံသားအားလုံးရဲ့ ပူးပေါင်းပါဝင်မှုဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါမှသာ နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အမှန်တကယ်ကိုက်ညီပြီး ရေရှည်တည်တံ့တဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံတော်အကြီးအကဲ ပြောကြားခဲ့တဲ့အတိုင်း “နိုင်ငံတော်ရဲ့ ရှေ့ခရီးကတော့ အများကြီးကျန်ပါသေးတယ်။ ဒါတွေက ကျွန်တော်တို့က ဒုတိယစာမျက်နှာရဲ့အစဖြစ်ပါတယ်။ ပထမစာမျက်နှာကတော့ ကျွန်တော်တို့ ကျော်ခဲ့ပြီးပြီ။ ဒုတိယ စာမျက်နှာအစကို ကျွန်တော်တို့ သွားတာပေါ့။ ဒုတိယစာမျက်နှာအစမှာ ကျွန်တော်တို့ တကယ်ကောင်းမွန်လှတဲ့ လက်ရေးလှလှလေးနဲ့ရေးပြီးတော့မှ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အခက်အခဲပေါင်းစုံက ရင်ဆိုင်ပြီးတော့လုပ်ရတဲ့ လုပ်ရကျိုးကနေပိုပြီး လုပ်ရကျိုးနပ်မယ်” ဆိုတဲ့ ရည်မှန်းချက်နဲ့ ရွေးကောက်ပွဲကာလကို အောင်မြင်စွာ ကျော်ဖြတ်သွားမှာ မလွဲဧကန်ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲကြီးအပြီးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ တက်လာမယ့် ဘယ်အစိုးရသစ်နဲ့မဆို တပ်မတော်က ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုထားတာကို တွေ့ရပါတယ်။ တပ်မတော်ရဲ့အဓိကတာဝန်က နိုင်ငံတော်ကာကွယ်ရေးဖြစ်ပြီး နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်းမရှိဘဲ နိုင်ငံတော်အကျိုးအတွက် လုပ်ဆောင်သွားမယ်လို့လည်း အတိအလင်းဖော်ပြထားပြီးဖြစ်ပါတယ်။ အထွေထွေရွေးကောက်ပွဲကျင်းပပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တက်လာမယ့်အစိုးရက နိုင်ငံ့အကျိုးကို အမှန်တကယ်ထမ်းဆောင်နိုင်တဲ့ အစိုးရဖြစ်အောင် လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးသွားမှာ မလွဲမသွေဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကိုဖန်တီးဖို့ ကျွန်တော်တို့အားလုံး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကြားကနေ တည်ငြိမ်အေးချမ်းမှုဆီသို့ ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ နိုင်ငံတော်အကြီးအကဲ ပြောဆိုခဲ့တဲ့ “အမြင်သစ်မြန်မာနိုင်ငံ (A New Vision of Myanmar)” ဆိုတာဟာ ငြိမ်းချမ်းသာယာပြီး တိုးတက်ဖွံ့ဖြိုးတဲ့၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာတဲ့နိုင်ငံကို တည်ဆောက်ဖို့ ကျွန်တော်တို့ရဲ့ ပူးပေါင်းအိပ်မက်ပဲဖြစ်ပါတယ်။ ဒီအိပ်မက်ကြီးကို အကောင်အထည်ဖော်ဖို့အတွက် မကြာမီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးက အရေးကြီးပါတယ်။ စိန်ခေါ်မှုများစွာ ရှိနေသေးပေမယ့် လွတ်လပ်ပြီး တရားမျှတမှုအပြည့်နဲ့ ကျင်းပနိုင်မယ့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာစေဖို့ နိုင်ငံတော်က ဦးဆောင်နေသလို ပြည်သူအားလုံးကလည်း ဝိုင်းဝန်းဆောင်ရွက်ဖို့ အထူးလိုအပ်လှပါတယ်။
အမြင်သစ်မြန်မာနိုင်ငံကို တည်ဆောက်ရာမှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့အင်အားနဲ့ တပ်မတော်ရဲ့ စွမ်းပကားပူးပေါင်းပါဝင်မှုက အဓိကအကျဆုံး အုတ်မြစ်ဖြစ်ပါတယ်။ တစ်ဦးချင်းစီရဲ့ အားထုတ်မှုတွေ၊ စုပေါင်းစွမ်းအားတွေနဲ့သာ ကျွန်တော်တို့ လိုချင်တဲ့ အပြောင်းအလဲတွေကို ဖန်တီးနိုင်မှာပါ။ ဘယ်လိုနယ်ပယ်မှာမဆို၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်ဖို့နဲ့ အမြင်သစ်တွေဖော်ဆောင်ဖို့ လိုအပ်နေပါတယ်။ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ဒီမိုကရေစီလမ်းကြောင်းကို ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ဖို့အတွက် မြို့၊ ရွာဒေသတွေ အေးချမ်းသာယာရေးနဲ့ ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးရေးကို ပြည်သူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ အထူးလိုအပ်လှသလို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲကြီးအောင်မြင်ဖို့အတွက် အထူးပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးလှပါကြောင်း။ ။
