Skip to main content

လေ့လာမှတ်သား SCO အပေါ်ထားတဲ့ အိန္ဒိယနိုင်ငံရဲ့ ရည်မှန်းချက်နဲ့သဘောထားများ

ထက်မြတ်

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organisation-SCO) ဆိုတာ အဓိပ္ပာယ်များစွာရှိတဲ့၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာကောင်းများစွာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ ရှန်ဟိုင်းစိတ်ဓာတ်အပေါ်အခြေခံထားတဲ့ SCO အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကို ဩဂုတ်လ ၃၁ ရက်နဲ့ စက်တင်ဘာလ ၁ ရက်တုန်းက တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါပြီ။ အဲဒီအစည်းအဝေးကို အိမ်ရှင်ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၊ အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာနာရန်ဒရာမိုဒီတို့လိုမျိုး ဂုဏ်သိက္ခာမြင့်မားတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ ခေါင်းဆောင်များအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များကိုယ်တိုင် တက်ရောက်ခြင်းဖြင့် အစည်းအဝေးက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့အောင်မြင်ခဲ့ပါတယ်။ ဒါသည်လည်း SCO အဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုအားကို ဖော်ပြနေတာဖြစ်တယ်လို့ ဆိုရမှာပါ။

ဒီနေရာမှာ SCO အဖွဲ့တည်ထောင်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ရှန်ဟိုင်းစိတ်ဓာတ်ဆိုတာလေးကို အနည်းငယ်ပြောချင်ပါတယ်။ “ရှန်ဟိုင်းစိတ်ဓာတ်” ဆိုတာ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်အကျိုးပြုမှု၊ တန်းတူညီမျှမှု၊ ညှိနှိုင်းတိုင်ပင်မှု၊ မတူကွဲပြားတဲ့ယဉ်ကျေးမှုအပေါ်လေးစားမှုနဲ့ ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးတည်ဆောင်ရွက်မှုတို့ဖြစ်ပါတယ်။ တကယ်တော့ ရှန်ဟိုင်းစိတ်ဓာတ်ဆိုတာဘယ်လိုအဖွဲ့အစည်းမဆိုအတွက်သာမက တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြားမှာ ရှိသင့်ရှိထိုက်တဲ့ အခြေခံစိတ်ဓာတ်လည်းဖြစ်ပါတယ်။

“ရှန်ဟိုင်းစိတ်ဓာတ်” ဆိုတဲ့အထဲမှာမှ အပြန်အလှန်ယုံကြည်မှုဆိုတာကို ရှေ့တန်းတင်ထားတာကိုကြည့်ခြင်းအားဖြင့်လည်း တစ်ဦးနဲ့တစ်ဦးကြား၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား၊ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုကြား ရေရှည်လက်တွဲပူးပေါင်းဆောင်ရွက်ကာ အောင်မြင်မှုအသီးအပွင့်များကို အတူတကွ ရယူဆွတ်ခူးပိုင်ဆိုင်နိုင်စေဖို့အတွက် အခြေခံအကျဆုံးဖြစ်တယ်ဆိုတာကိုလည်း အားလုံးအသိပဲဖြစ်ပါတယ်။ လက်ရှိ SCO အဖွဲ့ဝင်နိုင်ငံများကြားမှာသာမက အဖွဲ့ဝင်နိုင်ငံများနဲ့ ဆွေးနွေးဖက်နိုင်ငံများ၊ လေ့လာသူနိုင်ငံများကြားမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေကို အောင်မြင်စွာဆောင်ရွက်နိုင်နေတာဟာ အပြန်အလှန်ယုံကြည်မှုကြောင့်ပါပဲ။

အပြန်အလှန်ယုံကြည်မှုရှိတဲ့အတွက် SCO အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ၂၄ နှစ်ကျော်ကာလအတွင်းမှာ ယူရေးရှားဒေသတစ်လျှောက်မှာရှိတဲ့ နိုင်ငံများကြား အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှုတွေမှာ အောင်မြင်မှုများစွာရရှိခဲ့ပါတယ်။ ဒီနေရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေသူက SCO အဖွဲ့ကိုယ်တိုင်ပါပဲ။ ဒီလိုမျိုးအဓိကအခန်းကဏ္ဍကနေ ပါဝင်နေတဲ့ SCO အဖွဲ့အပေါ်ထားတဲ့သဘောထားက တစ်နိုင်ငံနဲ့တစ်နိုင်ငံမတူပါဘူး။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့လေ့လာမှတ်သားမိတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ရည်မှန်းချက်နဲ့ သဘောထားကို တင်ပြသွားလိုပါတယ်။ အဲဒီနိုင်ငံကတော့ အိန္ဒိယနိုင်ငံပါပဲ။

အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာနာရန်ဒရာမိုဒီက SCO ထိပ်သီးအစည်းအဝေးမှာမိန့်ခွန်းပြောတဲ့အခါ SCO အဖွဲ့အပေါ် အိန္ဒိယနိုင်ငံရဲ့ရည်မှန်းချက်များနဲ့ မူဝါဒများက လုံခြုံရေး (S-Security)၊ ဆက်သွယ်ရေး (C-Connectivity)၊ အခွင့်အလမ်း (O-Opportunity) ဆိုတဲ့ အဓိကမဏ္ဍိုင် ၃ ရပ်အပေါ်အခြေခံထားတယ်လို့ဆိုပါတယ်။ ဒါက တော်တော်လေးအဓိပ္ပာယ် ပြည့်ဝတယ်လို့ မြင်မိပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်မှုရှိစေဖို့အတွက် လုံခြုံရေးကအခရာကျပါတယ်။ လုံခြုံရေးကောင်းမွန်တဲ့အခါ တစ်ဦးနဲ့တစ်ဦးကြားအပြန်အလှန်ဆက်သွယ်မှုများကို ကောင်းစွာလုပ်ဆောင်နိုင်မှာဖြစ်ပြီး အဲဒီကနေမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းကောင်းများ ပေါ်ထွန်းလာမှာပါ။

လက်ရှိနိုင်ငံတကာကရင်ဆိုင်နေရတဲ့ အဓိကစိန်ခေါ်မှုများထဲမှာ လုံခြုံရေးနဲ့စပ်လျဉ်းတဲ့ အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒနဲ့ အစွန်းရောက်ဝါဒတို့က ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းမှာ ကြီးမားတဲ့အဟန့်အတားတစ်ခုဖြစ်နေပါတယ်။ အထူးသဖြင့် အကြမ်းဖက်ဝါဒဆိုတာ လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ခြိမ်းခြောက်နေတာပါ။ အကြမ်းဖက်ဝါဒကိုစွဲကိုင်ထားတဲ့ အကြမ်းဖက်သမားဆိုသူများရဲ့ဦးတည်ချက်က တစ်ခုတည်းရှိပါတယ်။ အဲဒါကတော့ အလုံးစုံပျက်သုဉ်းရေးပါ။ အလုံးစုံပျက်သုဉ်းရေးကိုဦးတည်ထားတဲ့ အကြမ်းဖက်သမားတွေကိုချေမှုန်းဖို့ဆိုရင် တစ်ဦးတစ်ယောက်ချင်းမှသည် နိုင်ငံအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်းကြား စည်းလုံးညီညွတ်မှုရှိဖို့ အရေးကြီးပါတယ်။ ဒါကြောင့်လည်း အိန္ဒိယနိုင်ငံက အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာမှာ စည်းလုံးညီညွတ်မှုရဲ့ အရေးပါပုံကို အစဉ်တစိုက်အလေးပေးပြောကြားခဲ့တာဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။

အိန္ဒိယဝန်ကြီးချုပ်အနေနဲ့ အခုလိုမျိုးပြောရခြင်းက အကြောင်းရင်းရှိပါတယ်။ အိန္ဒိယနိုင်ငံကပြီးခဲ့တဲ့နှစ်ပေါင်း ၄၀ အတွင်း အကြမ်းဖက်ဝါဒရဲ့ရက်စက်ကြမ်းကြုတ်မှုကို ခံစားခဲ့ရတဲ့နိုင်ငံပါ။ အဲဒီကာလအတွင်းမှာ အားကိုးစရာလင်ယောကျ်ားမဲ့သွားတဲ့၊ ချစ်ကြည်နူးစရာသားသမီးများကို ဆုံးရှုံးလိုက်ရတဲ့ အမျိုးသမီးများ၊ ရွှေတောင်ကြီးပြိုလဲသလိုမျိုး မိဘနှစ်ပါးစလုံးကိုဆုံးရှုံး လိုက်ရတဲ့ကလေးငယ်များစွာရှိခဲ့ပါတယ်။ မကြာသေးမီကဆိုရင်ပဲ အိန္ဒိယနိုင်ငံ ပါဟယ်ဂမ်ဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုကြီးတစ်ခုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပြီဆိုတာနဲ့ ဒါဟာတစ်မျိုးသားလုံးအတွက် စိန်ခေါ်မှုကြီးအဖြစ်မှတ်ယူရမှာဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်ဝါဒနဲ့ပတ်သက်လာရင် ခွဲခြားပြီးကျင့်သုံးတဲ့စံနှုန်းထားရှိခြင်းက လက်ခံနိုင်စရာမရှိကြောင်း၊ ဒီလိုစံနှုန်းထားရှိခြင်းကို ပြတ်သားစွာနဲ့ ညီညွတ်မှုရှိစွာဆန့်ကျင်ရပ်တည်ရန်လိုကြောင်း၊ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမဆို တိုက်ဖျက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမယ့်တာဝန်က အားလုံးအတူတကွထမ်းဆောင်ရမယ့်တာဝန်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်ကအလေးပေးပြောခဲ့တာတွေ့ရပါတယ်။

နောက်ထပ်မဏ္ဍိုင်တစ်ခုကတော့ ဆက်သွယ်မှုဆိုတဲ့မဏ္ဍိုင်ဖြစ်ပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြားဆက်သွယ်မှုက အပြန်အလှန်ယုံကြည်မှုအပေါ် အခြေခံထားပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးကြား၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား၊ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုကြား ကောင်းမွန်ခိုင်မာမှုရှိတဲ့ ဆက်သွယ်မှုက အပြန်အလှန်ကုန်သွယ်မှုကို ချောမွေ့စေရုံသာမက ယုံကြည်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း တံခါးဖွင့်ပေးရာရောက်ပါတယ်။ ဒါပေမဲ့ ဘယ်လိုမျိုးဆက်သွယ်မှုအတွက် ကြိုးပမ်းဆောင်ရွက်မှုတိုင်းမှာမဆို အချုပ်အခြာအာဏာနဲ့နယ်မြေတည်တံ့ခိုင်မြဲမှုတို့ကို မဖြစ်မနေလေးစားရမှာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံကယုံကြည်ထားပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာနာရန်ဒရာမိုဒီက “နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကျော်လွန်ရှောင်လွှဲပြီး လုပ်ဆောင်သည့်ဆက်သွယ်မှုမျိုးသည် ယုံကြည်မှုနှင့်အဓိပ္ပာယ်ရှိမှုတို့ကို ထိခိုက်ပျောက်ဆုံးစေမည်ဖြစ်သည်” ဆိုပြီး အလေးပေးပြောခဲ့တာပါ။

တတိယမဏ္ဍိုင်ဖြစ်တဲ့ အခွင့်အလမ်းဆိုတာက ပူးပေါင်းဆောင်ရွက်မှုနဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အခွင့်အလမ်းကိုဆိုလိုတာဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ်ကပြောပါတယ်။ လုံခြုံရေးဆိုတာရှိလာရင် ဆက်သွယ်မှုကိုလုပ်လာနိုင်ပါမယ်။ ဆက်သွယ်မှုလုပ်ဆောင်နိုင်မှုနဲ့အတူ ပူးပေါင်းဆောင်ရွက်နိုင်လာမယ်။ တစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနည်းလမ်းများကိုရယူပြီး ကိုယ့်နိုင်ငံရဲ့အခြေအနေများနဲ့ ကိုက်ညီမယ့် နည်းလမ်းကို ကျင့်သုံးခြင်းအားဖြင့် သမားရိုးကျနည်းလမ်းကနေခွဲထွက်ပြီး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အိန္ဒိယနိုင်ငံက နယ်ပယ်စုံ၊ ကဏ္ဍစုံနဲ့ပတ်သက်ပြီး SCO အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်နိုင်ခဲ့ပါတယ်။ လူငယ်များ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များကြား ပူးပေါင်းဆောင်ရွက်မှုအတွက်လိုအပ်တဲ့ တံတားတစ်စင်းကို ထိုးပေးနိုင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ လက်ရှိစွဲကိုင်ထားတဲ့ဆောင်ပုဒ်က “ပြုပြင်၊ ဆောင်ရွက်၊ ပြောင်းလဲ” ဆိုတဲ့ဆောင်ပုဒ်ဖြစ်ပါတယ်။ အဲဒီဆောင်ပုဒ်အတိုင်းပဲ ရှေ့ဆက်လျှောက်လှမ်းသွားနေတယ်လို့ အိန္ဒိယဝန်ကြီးချုပ်ကဆိုပါတယ်။ ဆိုလိုတာက ကိုဗစ်ကပ်ရောဂါနဲ့တွေ့တွေ့၊ ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုနဲ့တွေ့တွေ့ အခက်အခဲအတားအဆီးတိုင်းကို အခွင့်အလမ်းများအဖြစ်ပြောင်းလဲပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရမှာပါ။ ဒါကြောင့် အိန္ဒိယနိုင်ငံက ကျယ်ပြန့်လှတဲ့နယ်ပယ်ပေါင်းစုံမှာ ပြုပြင်ပြောင်းလဲမှုများစွာကို ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခြင်းကြောင့်ပဲ နိုင်ငံအတွင်းမှာသာမက နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမှာပါ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းကောင်းများစွာကို လမ်းဖွင့်ပေးနိုင်တာဖြစ်တယ်လို့လည်း   အိန္ဒိယဝန်ကြီးချုပ်က ပြောထားပါတယ်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာနာရန်ဒရာမိုဒီရဲ့ SCO ထိပ်သီးအစည်းအဝေးမှာပြောဆိုခဲ့တဲ့ မိန့်ခွန်းကိုပြန်ခြုံကြည့်ရင် အားလုံးအတွက် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းမှာ အဓိကစိန်ခေါ်မှုဖြစ်နေတဲ့ လုံခြုံရေးရဲ့အရေးပါမှု၊ ဆက်သွယ်မှုရဲ့တန်ဖိုးနဲ့ အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်တဲ့ အကျိုးများကို အဓိကထားပြီးပြောသွားတာတွေ့ရပါတယ်။ မှတ်သားရတဲ့စကားတချို့ကတော့ “ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမဆို တိုက်ဖျက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမယ့် တာဝန်က အားလုံးအတူတကွထမ်းဆောင်ရမယ့်တာဝန်ဖြစ်တယ်”၊ “နိုင်ငံတစ်နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကျော်လွန်ရှောင်လွှဲပြီးလုပ်ဆောင်တဲ့ ဆက်သွယ်မှုမျိုးကယုံကြည်မှုနဲ့ အဓိပ္ပာယ်ရှိမှုတို့ကို ထိခိုက်ပျောက်ဆုံးစေမယ်”၊ “ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခြင်းကြောင့်ပဲ နိုင်ငံအတွင်းမှာသာမက နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမှာပါ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းကောင်းများစွာကို လမ်းဖွင့်ပေးနိုင်တာဖြစ်တယ်” ဆိုတဲ့စကားများဖြစ်ကြောင်း လေ့လာမှတ်သားဖွယ်ရာ ရေးသားတင်ပြလိုက်ရပါတယ်။     ။

Ref: NDTV