မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲအလွန် - စိန်ခေါ်မှုများကို ကျော်လွှားပြီး တည်ငြိမ်အေးချမ်းမှုဆီသို့ (၁)
ကောင်းပြည့်
၂၀၂၀ ပြည့်နှစ် နိုင်ငံတော်အရေးပေါ် အခြေအနေ ဘာကြောင့်ပေါ်ပေါက်ခဲ့သလဲ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ မဲမသမာမှုဖြစ်နိုင်တဲ့ စာရင်း ၁၀၄၈၂၁၁၆ (သန်းတစ်ဆယ့်လေးသိန်းကျော်) ပြဿနာကို ထိုစဉ်က ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းမပေးခဲ့တာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ဆန္ဒပြမှုတွေ၊ ပါတီတွေက ဖြေရှင်းပေးဖို့ တောင်းဆိုမှုတွေဖြစ်ပွားပြီး နိုင်ငံရေးအရ တည်ငြိမ်မှုမရှိတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ မဲမသမာမှုတွေကို ဖြေရှင်းနိုင်ဖို့နဲ့ ဒုတိယအကြိမ်လွှတ်တော်မှာ မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေဆွေးနွေးနိုင်ဖို့ အဲဒီအချိန်က လွှတ်တော်ကိုယ်စားလှယ် ၂ဝ၃ ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဥပဒေပုဒ်မ ၈၄ အရ ဥပဒေနဲ့အညီ တောင်းဆိုတာကို ငြင်းပယ်ခဲ့တာကြောင့် ဥပဒေပြုရေးမဏ္ဍိုင်ယိမ်းယိုင်ခဲ့ကာ အငြင်းပွားမှုတွေကတစ်ဆင့် တည်ငြိမ်မှုပျက်ပြားခဲ့ရပါတယ်။
ဒါ့အပြင် အဲဒီအချိန်က တာဝန်ရှိသူအဆင့်ဆင့်နဲ့ အဖွဲ့အစည်းတွေက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် တတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမပုံမှန် အစည်းအဝေး၊ ပထမနေ့အစီအစဉ်မှာ သဘာပတိကသစ္စာပြုခြင်းအစီအစဉ်သာမကဘဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကတိသစ္စာပြုခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်မှုအစီအစဉ်အပါအဝင် အစီအစဉ် ၁၅ ရပ်နဲ့ ဆောင်ရွက်စီစဉ်ထားပြီး လွှတ်တော်ကို အတင်းအဓမ္မခေါ်ယူအာဏာရယူဖို့ ကြံစည်မှုဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ-၄၀(ဂ)နဲ့ ပုဒ်မ - ၄၁၇ ပါ “နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း” ကို ကြံစည်ကြိုးပမ်းရယူဖို့ ဆောင်ရွက်ခဲ့တာဖြစ်လို့ နိုင်ငံတော်အရေးပေါ်အခြေအနေ ပေါ်ပေါက်ခဲ့ရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀ (ဂ) နှင့် ၄၁၇ က မည်သို့ဆိုထားပါသနည်း
ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀ (ဂ) မှာ “နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုစသောအဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း၊ သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်” ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန်ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းတွေ့ရှိလျှင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန် ၍ အရေးပေါ်အခြေအနေကြေညာနိုင်သည်။ ယင်းအမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံတစ်ဝန်းလုံးဖြစ်ကြောင်းနှင့် အချိန်ကာလသတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ်အထိဖြစ်ကြောင်း ဖော်ပြရမည်” လို့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ မှာ ပြဋ္ဌာန်းထားပါတယ်။
တပ်မတော်က ရွေးကောက်ပွဲကိစ္စ ဘာကြောင့် ပါရတာလဲ
တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄ အရ “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်”၊ ပုဒ်မ-၆ (ဃ) နဲ့ ပုဒ်မ-၇ တို့အရ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး”၊ ပုဒ်မ-၆ (စ) အရ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်” ပုဒ်မ-၂၀(စ) အရ “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်” လို့ ပြဋ္ဌာန်းထားတဲ့အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့ အညီ ပါဝင်ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှုအမှန်တကယ် ဖြစ်ခဲ့သလား
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့တဲ့ မြို့နယ် ၃၁၅ မြို့နယ်မှ ဆန္ဒမဲလက်မှတ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာမြို့နယ်ရှိ တာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမေးမြန်း စစ်ဆေးခြင်းတွေဆောင်ရွက်ခဲ့တဲ့အခါ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးခဲ့သူ ၄၆၄၈၂၇၀ (၄ ဒသမ ၆ သန်းကျော်) အသက် ၁၈ နှစ်မပြည့်ဘဲ မဲပေးခဲ့သူ ၁၄၄၁၂ ဦး၊ အသက် ၁၀၀ နဲ့အထက် မဲပေးခဲ့သူ ၂ဝ၅၆၆ ဦး၊ ၂ ကြိမ်နဲ့ ၃ ကြိမ်အထက် မဲပေးခဲ့သူ ၃၈၉၁၆၁၁ ဦးအပါအဝင် မဲမသမာမှု စုစုပေါင်း ၁၁၃၀၅၃၉၀ (၁၁ သန်း ၃ သိန်းကျော်) ရှိတာကို အမှန်တကယ်တွေ့ရှိခဲ့ရပါတယ်။
ယခင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ များမှာကော ပြဿနာတွေ ရှိခဲ့ဖူးသလား
မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ်ရွေးကောက်ပွဲကျင်းပဖို့ မြို့နယ် ၃၃၀ ရှိတဲ့အနက် ၂ဝ၁ဝ ပြည့်နှစ်မှာ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်၊ ၂ဝ၁၅ ခုနှစ်မှာ မြို့နယ်ပေါင်း ၃၂၃ မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုအချို့ရှိခဲ့ပေမယ့် ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂ဝ၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ၃၁၅ မြို့နယ်ပဲ ကျင်းပခဲ့တာမို့ ရွေးကောက်ပွဲတွေအနက် မြို့နယ်အနည်းဆုံးဖြစ်ပြီး မကျေနပ်မှု အများဆုံးဖြစ်ပေါ်စေခဲ့ပါတယ်။
အထွေထွေရွေးကောက်ပွဲက ဘယ်လောက်အရေးကြီးလဲ
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို ၅ နှစ်တစ်ကြိမ်ပြုလုပ်ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကို တစ်ပြိုင်တည်းရွေးချယ်တဲ့ အထွေထွေရွေးကောက်ပွဲဖြစ်ပါတယ်။ အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်ထောင်စုလွှတ်တော်ကျင်းပပြီး နိုင်ငံတော် ဒုတိယသမ္မတသုံးဦးကို ရွေးချယ်ရပါတယ်။ အဲဒီအထဲကမှ နိုင်ငံတော်သမ္မတကို ရွေးချယ်ရပြီး သမ္မတက အစိုးရအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းရပါတယ်။
ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင် စတဲ့မဏ္ဍိုင်ကြီးသုံးရပ်ရဲ့ အကြီးအကဲတွေ၊ ပါဝင်ကြသူတွေဟာ ရွေးကောက်ပွဲကနေတစ်ဆင့် တိုက်ရိုက်/သွယ်ဝိုက်ရွေးချယ်/ တာဝန်ပေးခံရသူတွေဖြစ်တဲ့အတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဟာ မြန်မာ့ဒီမိုကရေစီစနစ်၊ နိုင်ငံရေးစနစ်ရဲ့ အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။ နိုင်ငံတော်အတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲဖြစ်တယ်ဆိုတာ ငြင်းပယ်လို့ မရနိုင်ပါဘူး။
တပ်မတော်အနေဖြင့် နိုင်ငံတော်အရေးပေါ်အခြေအနေ မပေါ်ပေါက်စေရန် ကြိုးစားခဲ့ပါသလား
တပ်မတော်အနေနဲ့ နိုင်ငံတော်အရေးပေါ် အခြေအနေမပေါ်ပေါက်စေဖို့ ကြိုးစားခဲ့ပါတယ်။ လုပ်ဆောင်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာလျက် လွတ်လပ်၍ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ ဥပဒေပြဋ္ဌာန်းချက်တွေကို မကျော်လွန်စေဘဲ
(က) သဘောထားထုတ်ပြန်ချက် ၆ ကြိမ် ထုတ်ပြန်ပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ဖြေရှင်းပေးဖို့ လုပ်ဆောင်ခြင်း၊
(ခ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးဖို့ ငြင်းဆန်တဲ့အခါ ပြည်ထောင်စုလွှတ်တော်ကတစ်ဆင့် ဖြေရှင်းပေးနိုင်ဖို့ ဆောင်ရွက်ခြင်း၊
(ဂ) ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးခေါ်ယူဖို့ ငြင်းဆန်တဲ့အခါ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကို နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တစ်ခုခုက နည်းလမ်းရှာ ဖြေရှင်းပေးဖို့ တောင်းဆိုခြင်း၊
(ဃ) ၎င်းအဆင့်အားလုံး ငြင်းပယ်ခံရတဲ့အခါ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အဓိကတာဝန်ရှိတဲ့ သမ္မတဦးစီးတဲ့ အရပ်ဘက်၊ စစ်ဘက်အားလုံးကို ကိုယ်စားပြုတဲ့ အမျိုးသားကာကွယ် ရေးနဲ့ လုံခြုံရေးကောင်စီမှာ အဓိကတာဝန်ရှိတဲ့ သမ္မတဦးစီးတဲ့ အရပ်ဘက်၊ စစ်ဘက်အားလုံးကို ကိုယ်စားပြုတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး တွေ့ဆုံဆွေးနွေးဖို့ ၂ ကြိမ် တင်ပြခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ပါတယ်။
တပ်မတော်အပြင် အခြားအဖွဲ့အစည်းများက ကန့်ကွက်မှုများရောရှိခဲ့ပါသလား
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီ ၂၀ က ကြေညာချက် ၂၆ စောင် ထုတ်ပြန်ပြီး ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုပြုနိုင်တဲ့ စာရင်းကို ရှင်းလင်းပြီးစီးမှုမပြီးမချင်း တတိယအကြိမ် လွှတ်တော်ကို ဆိုင်းငံ့ထားဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီအချိန်က တာဝန်ယူတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီးလည်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့အထိ မြို့နယ် ၉၉ မြို့နယ်မှာ ဆန္ဒဖော်ထုတ်မှု ၁၂၄ ကြိမ် ပြုလုပ်ခဲ့တာကို တွေ့ရှိရပါတယ်။
တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ဘာကြောင့်ငြင်းပယ်ရပါသလဲ
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အဲဒီအချိန်က တာဝန်ရှိတဲ့ NLD အစိုးရနဲ့ တာဝန်ပေးထားသူတွေက ရှင်းလင်းသင့်တဲ့ ပြဿနာတွေကို မရှင်းလင်းတဲ့အပြင် အထောက်အထားမဲ့ ငြင်းဆိုခဲ့ပါတယ်။ တာဝန်ရှိသူအဆင့်ဆင့်က သက်ဆိုင်သူတွေအနေနဲ့ မဲမသမာမှုမလုပ်ခဲ့၊ မရှိခဲ့ပါက တပ်မတော်က ထုတ်ပြန်တဲ့ မဲမသမာမှုအထောက်အထားနဲ့ စာရင်းကို မမှန်ကန်ကြောင်း လုပ်ထုံးလုပ်နည်းနဲ့အညီ သက်သေပြရမှာဖြစ်ပါတယ်။
ဒီလိုပြနိုင်ဖို့ မဲစာရင်းတွေကို စစ်ဆေးရမယ်။ ဒါပေမယ့် မလုပ်ခဲ့ပါ။ တပ်မတော်အနေနဲ့ မဲစာရင်းနဲ့ ပတ်သက်လို့ တွေ့ရှိတဲ့အချက်အလက်နဲ့ ပကတိအခြေအနေတွေအပေါ် မူတည်ပြီး မဲမသမာမှုစာရင်းကို ခိုင်ခိုင်မာမာပွင့်လင်းမြင်သာစွာ ဖော်ပြခဲ့ပါတယ်။ သူတို့အနေနဲ့ တပ်မတော်ထုတ်ပြန်တာတွေမှားကြောင်း၊ သူတို့သာမှန်ကြောင်း သက်သေမပြခဲ့ပါဘူး။ ဒါ့အပြင် တရားဝင်စစ်ဆေးစိစစ်ချက် သက်သေတွေထွက်လာရင် မဲမသမာမှုတွေကြောင့် မဲမသမာမှုပြုလုပ်ခဲ့တဲ့ ပါတီအနေနဲ့ ပြည်တွင်းသာမက နိုင်ငံတကာနိုင်ငံရေးနယ်ပယ်မှာ၊ နိုင်ငံရေးမှာ သေသွားမှာကို သိရှိတဲ့အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ မျက်စိစုံမှိတ်ငြင်းပယ်ခဲ့ခြင်းသာ ဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ်။
နိုင်ငံတော်တာဝန်ကို မည်သို့လွှဲအပ်တာဝန်ပေးထမ်းဆောင်စေခဲ့ပါသလဲ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ မဲမသမာမှုပြဿနာကို မှန်ကန်စွာ ဖြေရှင်းပေးခြင်းမပြုခဲ့၊ တာဝန်ရှိသူအဆင့်ဆင့်နဲ့ အဖွဲ့အစည်းတွေက တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခဲ့ဘဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပြုလုပ်မယ့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ ပထမနေ့အစီအစဉ်မှာ သဘာပတိကသစ္စာပြုခြင်းအစီအစဉ်သာမကဘဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကတိသစ္စာပြုခြင်းနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်မှုအစီအစဉ်အပါအဝင် အစီအစဉ် ၁၅ ရပ်နဲ့ ဆောင်ရွက်ဖို့ လွှတ်တော်ကို အတင်းအဓမ္မခေါ်ယူအာဏာရယူဖို့ ကြံစည်မှုဟာ ပုဒ်မ-၄၀(ဂ)နဲ့ ပုဒ်မ - ၄၁၇ ပါ “နိုင်ငံတော် အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း” ကို ကြံစည်ကြိုးပမ်းမှုမြောက်လို့ ဆောင်ရွက်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၂၊ ၆၃၊ ၆၄ တို့အရ ဦးဝင်းမြင့်ဟာ ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်ဖြစ်နေခြင်း၊ ပါတီတာဝန်ထမ်းဆောင်နေခြင်း၊ ဥပဒေအရ အမှုဖွင့်အရေးယူခံထားရခြင်းတို့ကြောင့် သမ္မတအဖြစ် ရပ်တည်ပိုင်ခွင့်မရှိပါ။ ဒါကြောင့် မဲမသမာမှုဖြစ်စဉ်အပေါ် ဥပဒေနဲ့အညီ ဖြေရှင်းဖို့ လိုအပ်တဲ့အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အရေးပေါ်ခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ-၄၁၇ အရ နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ရပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို တက်ရောက်လာတဲ့ အကြီးအကဲတွေရဲ့ သဘောတူညီမှုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ–၄၁၈၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်တာဝန်ပေးအပ်ပြီး ထမ်းဆောင်စေခဲ့ခြင်းသာဖြစ်ပါတယ်။ ။