Skip to main content

ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်ကောင်းများ

ဌေးဌေးဦး(YAU)

မြန်မာနိုင်ငံအတွင်းရှိ မှီတင်းနေထိုင်လျက်ရှိကြသော လူသားအားလုံး၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက်သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်တို့ကို ထိန်းသိမ်းကြရန် လွန်စွာအရေးကြီးလှပါသည်။

ပတ်ဝန်းကျင်ဆိုသည်မှာ မြေထု၊ ရေထု၊ လေထု၊ ရာသီဥတု၊ အသံ၊ အနံ့၊ အရသာတို့ ပါဝင်သည့် လူသားတို့ဝန်းကျင်ရှိ ရုပ်ပိုင်းဆိုင်ရာအကြောင်း အချက်များကိုလည်းကောင်း၊ တိရစ္ဆာန်နှင့်အပင် အမျိုးမျိုးတို့၏ သက်ရှိဇီဝဆိုင်ရာ အကြောင်းအချက်များကိုလည်းကောင်း၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ပသာဒအလှအပဆိုင်ရာ အကြောင်းအချက်များကိုလည်းကောင်း ဆိုလိုပါသည်။

လူသားတို့တည်မှီရာ ဂေဟစနစ်ဆိုသည်မှာ ဇီဝမျိုးကွဲတို့သည် ၎င်းတို့တည်မှီရာ ပတ်ဝန်းကျင်နှင့် အပြန်အလှန်ဆက်နွှယ်မှုရှိကြပြီး သက်ရှိသတ္တဝါများ၊ သက်မဲ့ရုပ်ဝတ္ထုများနှင့်အပင်များ သဟဇာတဖြစ်လျက် အပြန်အလှန်တည်မှီ၍ ဖြစ်ပေါ်ပြောင်းလဲနေခြင်းကို ဆိုလိုပါသည်။ ထို့ကြောင့် ဂေဟစနစ်နှင့်သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန် လူသားတိုင်းပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများကို သေချာစွာနား လည်သဘောပေါက်တတ်ကျွမ်းနေဖို့ လိုအပ်ပါသည်။ ဂေဟစနစ်များကို သစ်တောဂေဟစနစ်၊ ရေချိုဂေဟစနစ်၊ အဏ္ဏဝါနှင့် ကမ်းရိုးတန်းဂေဟစနစ်စိုက်ပျိုးမြေနှင့် မြက်ခင်းပြင်ဂေဟစနစ်၊ တောင်တန်းဂေဟစနစ်၊ သစ်ဆွေးမြေဂေဟစနစ်နှင့် မြို့ပြဂေဟစနစ်ဟူ၍ ခွဲခြားထားပါသည်။ ဂေဟစနစ်များသည် အပင်များနှင့်သတ္တဝါများအတွက် ရှင်သန်ပေါက်ပွားရန်၊ ကြီးထွားရန်၊ ရွေ့လျားရန်နှင့် မျိုးပွားရန်အတွက် အမယ်မျိုးစုံကို ထောက်ပံ့ပေးပါသည်။

ယခုအခါ ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် သန့်ရှင်းသောသောက်သုံးရေနှင့် ကောင်းမွန်သော မြေဆီလွှာတို့ကို ရရှိအသုံးပြုနိုင်သော အခွင့်အလမ်းများဆုံးရှုံးနေရခြင်းမှာ ဂေဟစနစ်ယိုယွင်းပျက်စီးမှုများကြောင့်ဖြစ်သည်ဟု ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်၏ တင်ပြချက်များအရ သိရှိရပါသည်။ ၁၉၅၀ ပြည့်လွန်နှစ်များမှစ၍ လူသားများသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖြစ်ပေါ်လာခြင်း၊ မြေထု၊ ရေထု၊ လေထုများ ညစ်ညမ်းလာခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာ ယိုယွင်းပျက်စီးလာခြင်း၊ သဘာဝသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးပျောက်ကွယ်မှုများ တိုးပွားဖြစ်ပေါ်လျက်ရှိခြင်းနှင့် ဂေဟစနစ်ယိုယွင်းပျက်စီးလာခြင်း စသည့်အန္တရာယ်များဖြင့် ရင်ဆိုင်ကြုံတွေ့ နေရပေသည်။

ထို့အပြင် စားရေရိက္ခာမလုံလောက်ခြင်း၊ ဆင်းရဲမွဲတေခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းစသော လူမှုစီးပွားရေးပြဿနာများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေကြရသည်။ သို့သော် ကမ္ဘာ့မြေ၏ ၉၀ ရာခိုင်နှုန်းသည် သီးနှံတစ်မျိုးတည်း စိုက်ပျိုးသောစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးပြီး အထွက်နှုန်းကောင်းစေရန် ပြင်ပသွင်းအားစုများဖြစ်သည့် မြေဩဇာနှင့် ပေါင်းသတ်ဆေးတို့ကို အမြောက်အမြားထည့်သွင်း၍ စိုက်ပျိုး လာကြသည်။

ဤစနစ်ကိုကျင့်သုံးရာ၌ ဖျက်ပိုးနှင့်ရောဂါများကျရောက်ပါက သွင်းအားစုကုန်ကျစရိတ်များကို အဆုံးအရှုံးမခံနိုင်သောကြောင့် ဓာတုပိုးသတ်ဆေးများကို မဖြစ်မနေ အလွန်အကျွံအသုံးပြုလာကြသည်။ ထိုကဲ့သို့ ဓာတုဆေးများကို အတိုင်းအဆမရှိ အသုံးပြုလာကြသောကြောင့် စိုက်ခင်းအတွင်း ကြွင်းကျန်ခဲ့သော ဓာတုဆေးများကြောင့် မြေကြီး နှင့် အပင်ဂေဟစနစ်များ ပျက်စီးရုံသာမက မြေကြီးအတွင်း မှီတင်းနေထိုင်သော ဇီဝမျိုးကွဲမျိုးစုံ လျော့နည်းလာမှုနှင့် မျိုးသုဉ်းပျောက်ကွယ်မှု၊ ရှင်သန်ပေါက်ပွား နေထိုင်ရာမူရင်းဒေသများ ဆုံးရှုံး ပျောက်ကွယ်မှုများဖြစ်ပေါ်လာရပေသည်။

အဆိုပါဖြစ်ရပ်များသည် စိုက်ပျိုးရေး အခြေခံသော စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ချိတ်ဆက်၍ သီးနှံတစ်မျိုးတည်းကိုသာ စက် စွမ်းအားအသုံးပြုပြီး ဆက်တိုက်စိုက်ပျိုးလာကြခြင်း ကြောင့်ပေါ်ပေါက်လာသော နောက်ဆက်တွဲပြဿနာ များဖြစ်သည်။ ဂေဟစနစ် ယိုယွင်းပျက်စီးမှုများ မဖြစ်ပေါ်စေရန် သဘာဝပုံစံအတိုင်း ညီညွတ်မျှတစွာ လည်ပတ်ဆောင်ရွက်မှုရှိသော သဘာဝဂေဟစနစ်ကို စံနမူနာပြု၍ ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ် များကို ဖော်ဆောင်ရန် လိုအပ်လာပါသည်။

စိုက်ပျိုးရေးသည် နိုင်ငံတော်အတွက် အခြေခံကျသောအရေးကြီးသည့် အသက်သွေးကြောဖြစ် သောကြောင့် ရေရှည်တည်တံ့သောထုတ်လုပ်မှုကို ပေးနိုင်မည့် သဘာဝဂေဟစနစ်ကို စံပြုထားသော စိုက်ပျိုးနည်းစနစ်ကောင်းများ တစ်နည်းဆိုရသော် ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်များကို နိုင်ငံ တစ်ဝန်း လိုက်နာကျင့်သုံးလာကြရန် လွန်စွာအရေး ကြီးလှပါသည်။

ထို့ကြောင့် ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ် များနှင့် ယင်းနည်းစနစ်များကို ကျင့်သုံးပါက ရရှိစေ နိုင်သည့် အကျိုးကျေးဇူးများကို ဖော်ပြအပ်ပါသည်။

သီးလှည့်စိုက်ပျိုးခြင်း

သီးလှည့်စိုက်ပျိုးခြင်းဆိုသည်မှာ သီးနှံနှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပို၍စိုက်ပျိုးသော သီးနှံပုံစံတစ်ခုဖြစ်သည်။ မြေတစ်နေရာတည်း၌ နှစ်စဉ်စပါးသီးနှံကို ဆက်တိုက်စိုက်ပျိုးခြင်းကြောင့် မြေထဲရှိ အာဟာရဓာတ်များ လျော့နည်းလာတတ်သဖြင့် မြေဆီလွှာအာဟာရဓာတ်ထိန်းသိမ်းရန် မိုးစပါးအပြီး မိုးနှောင်းတွင် ပဲသီးနှံကို သီးလှည့်အနေဖြင့် စိုက်ပျိုးပေးသင့်ပါသည်။ ထိုကဲ့သို့စိုက်ပျိုးခြင်းအားဖြင့် ပဲသီးနှံရိတ်သိမ်းချိန်တွင် သီးနှံ၏အရိုးအမှော် များကို မြေတွင်းသို့ ပြန်လည်ထယ်ထိုးမြေမြှုပ်ခြင်းအားဖြင့် မြေဆီလွှာအာဟာရဓာတ်နှင့် နွေစပါး၏ အထွက်နှုန်းတို့ကို တိုးစေနိုင်ပါသည်။ ထို့အပြင်ဖျက်ပိုးနှင့် ရောဂါကွင်းဆက်များ ပြတ်တောက်စေပြီး ပေါင်းပေါက်ရောက်မှုကို လျော့နည်းသက်သာစေသည်။

သီးနှံစုံရောနှောစိုက်ပျိုးခြင်း

သီးနှံစုံရောနှောစိုက်ပျိုးခြင်းသည် တူညီသောစိုက်ပျိုးမြေကွက်တွင် တိကျသောအတန်းလိုက် အစီအစဉ်မရှိဘဲ နှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပိုသောသီးနှံများကို ရောနှော၍ စိုက်ပျိုးခြင်းဖြစ်သည်။ ယင်းနည်းစနစ်ကိုကျင့်သုံးပါက မြေဆီလွှာအာဟာရဓာတ်ထိန်းသိမ်းပေးခြင်း၊ ဖျက်ပိုးနှင့်ရောဂါ ကွင်းဆက်များ ပြတ်တောက်စေပြီး ပေါင်းပေါက်ရောက်မှုကို လျော့နည်းသက်သာစေသောကြောင့် သီးနှံအထွက်ကို ရေရှည်ထိန်းထားနိုင်စေသည်။

သီးနှံသစ်တောရောနှောစိုက်ခင်းများ

သီးနှံသစ်တောရောနှော စိုက်ခင်းဆိုသည်မှာ မြေဧရိယာတစ်ခုတည်းပေါ်တွင် နှစ်ရှည်သစ်ပင်များကို ရာသီသီးနှံများနှင့်ရောနှော၍ ရံဖန်ရံခါတိရစ္ဆာန်များကိုပါ တစ်ချိန်တည်းသော်လည်းကောင်း၊ အချိန်မျှ၍သော်လည်းကောင်း စိုက်ပျိုးမွေးမြူ၍ မြေဧရိယာပေါ်တွင် အကျိုးအမြတ်အများဆုံးရရှိရန် ရေရှည်တည်တံ့သောစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နိုင်သော မြေယာအသုံးချမှုစနစ်တစ်ခုဖြစ်သည်။ တိရစ္ဆာန်များမှရရှိသော အော်ဂဲနစ်မြေဩဇာသည် သီးနှံပင်အတွက် အကျိုးရှိစေခြင်း၊ နှစ်ရှည်ပင် မှသစ်ရွက်ဆွေးများသည် မြေကြီးအတွင်း အာဟာရဓာတ်ဖြည့်တင်းပေးခြင်းနှင့် လွှတ်ကျောင်းတိရစ္ဆာန်များအတွက် အရိပ်ရစေခြင်းအစရှိသော အပြန်အလှန် မှီခိုအကျိုးပြုခြင်းတို့ကိုရရှိစေသည်။

အကန့်လိုက်စိုက်ပျိုးခြင်း

အကန့်လိုက်စိုက်ပျိုးခြင်းသည် အကွက်ကျယ်အတွင်း အလျားရှည်၍ အနံတိုသောအကန့်များကို ပြုလုပ်ပြီးအကန့်တစ်ခုစီတွင် သီးနှံတစ်မျိုးကို အတန်းလိုက်စိုက်ပျိုးခြင်းဖြစ်သည်။ တစ်လှည့်စီထား သောအကန့်များ၌ နှစ်မျိုး သို့မဟုတ် ထိုထက်ပိုသော သီးနှံမျိုးများကို တစ်ပြိုင်နက်စိုက်ပျိုးခြင်းဖြင့် ဖျက်ပိုးနှင့်ရောဂါများကျရောက်မှုကို လျော့ကျစေပြီး ပေါင်းပေါက်ရောက်မှုကို လျော့နည်းသက်သာစေသောကြောင့် သီးနှံများ၏ အထွက်နှုန်းကို ရေရှည်ထိန်းထားနိုင်စေသည်။

ဘက်စုံစိုက်ပျိုးမွေးမြူရေး

ဘက်စုံစိုက်ပျိုးမွေးမြူရေးဆိုသည်မှာ ရရှိနိုင်သောအရင်းအမြစ်များကို အလေအလွင့်မရှိစေဘဲ ပြန်လည်အသုံးပြုကာ သီးနှံများစိုက်ပျိုးခြင်းနှင့်တိရစ္ဆာန်များ မွေးမြူခြင်း စနစ်တစ်ခုဖြစ်သည်။ ဤစနစ်တွင် စိုက်ပျိုးရေးမှထွက်ရှိသော ဘေးထွက်ပစ္စည်းများကို တိရစ္ဆာန်မွေးမြူရေးအတွက် အသုံးပြုပြီး မွေးမြူရေးမှရရှိသော ဘေးထွက်ပစ္စည်းများကို စိုက်ပျိုးရေးတွင် ပြန်လည်အသုံးပြုသည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းအားဖြင့် စိုက်ပျိုးသဘာဝပတ်ဝန်းကျင်ကို သဘာဝပုံစံအတိုင်း ညီညွတ်မျှတစွာ လည်ပတ်စေပြီး ဂေဟစနစ်ယိုယွင်းပျက်စီးမှုများ လျော့နည်းစေသည်။

သစ်စိမ်းမြေဩဇာသီးနှံစိုက်ပျိုးခြင်း

ယခုအခါဓာတ်မြေဩဇာရှားပါးပြီး အဆမတန်ဈေးကြီးလာသောအခြေအနေတွင် စိုက်ပျိုးသူတောင်သူများအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်နှင့် စိုက်ပျိုး သူတောင်သူများ ဝင်ငွေရရှိစေရန်အတွက် မြေသားဖွဲ့စည်းတည်ဆောက်မှုကို ကောင်းမွန်စေသည့် သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းကို တောင်သူများ လက်တွေ့အသုံးချစိုက်ပျိုးသင့်ပါသည်။ သစ်စိမ်းမြေဩဇာတွင် ပဲမျိုးရင်းဝင်အပင်နှင့်ပဲမျိုးရင်းဝင် မဟုတ်သောသီးနှံဟူ၍ သစ်စိမ်းမြေဩဇာသီးနှံ နှစ်မျိုးရှိပါသည်။ ပဲမျိုးရင်းဝင်အပင်များသည် မြေဆီလွှာရှိ ဗက်တီးရီးယားများနှင့် ပူးပေါင်းပြီး နိုက်ထရိုဂျင်ကိုထိန်းညှိပေးသည့် လုပ်ငန်းစဉ်တွင် နိုက်ထရိုဂျင်စုဆောင်းခြင်း လုပ်ငန်းစဉ်ဖြင့် မြေဆီလွှာရှိ ဗက်တီးရီးယားများနှင့် ပူးပေါင်းလုပ်ဆောင် သည့် အမြစ်ဖုများပါသည့်အပင်များ ဖြစ်ပါသည်။ အချို့သော ပဲမျိုးရင်းဝင် သစ်စိမ်းမြေဩဇာသီးနှံ များမှာ ပဲလွမ်း၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပိုက်ဆံလျှော်၊ ဉာဏ်ပင်စသည်တို့ ပါဝင်ပါသည်။ သီးနှံပင်များ ရိတ်သိမ်းပြီးနောက် သစ်စိမ်းမြေဩဇာစိုက်ပျိုး၍ မြေတွင်းသို့ထယ်မှောက်ကာ ပြန်လည်ထည့်သွင်း ပေးခြင်းဖြင့် သစ်ဆွေးဓာတ်ပါဝင်မှု တိုးလာကာ မြေဆီလွှာအာဟာရဓာတ်နှင့် သီးနှံထုတ်လုပ်မှုကို တိုးတက်စေခြင်း၊ မြေနှင့်ရေတိုက်စားမှုအားလျော့ကျစေခြင်း၊ အာဟာရဓာတ်များ ရေစီးကြောင်းဖြင့် တိုက်စားသွားခြင်းနှင့် မြေအောက်သို့စိမ့်ဝင်ဆုံးရှုံးသွားခြင်းတို့ကို လျော့ကျသွားစေသည့်အပြင် ပေါင်းမြက်ပင်များ ပေါက်ရောက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

သီးနှံစိုက်တန်းကြားဖုံးအုပ်ခြင်း

သီးနှံပင်များစိုက်ပျိုးရာတွင် ကောက်ရိုး၊ နှမ်းရိုး၊ ပြောင်းရိုးအစရှိသော သီးနှံအကြွင်းအကျန်များကို သီးနှံစိုက်တန်းများကြားတွင် ဖုံးအုပ်၍စိုက်ပျိုးခြင်းအားဖြင့် ပေါင်းပေါက်ရောက်မှု လျော့နည်းစေသည်။ ထို့အပြင် လေဒဏ်၊ မိုးဒဏ်ကြောင့် မြေကြီးအပေါ်ယံ လွှာတိုက်စားခံရမှုများ လျော့နည်းသက်သာစေခြင်းနှင့် အစိုဓာတ်ထိန်းထားနိုင်မှုများခြင်းတို့ ကြောင့် သီးနှံ၏အထွက်နှုန်းကို တိုးတက်စေနိုင်ပါသည်။ မြေဖုံးခြင်းနည်းစနစ်များ အသုံးပြုစိုက်ပျိုးခြင်းသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိကြောင်း တွေ့ရှိရပါသည်။

နိဂုံးချုပ်အနေဖြင့် အထက်ဖော်ပြပါ နည်းလမ်းကောင်းများကို ကျင့်သုံးခြင်းဖြင့် ဆုတ်ယုတ် ပျောက်ကွယ်စဖြစ်နေသော ဂေဟစနစ်များ ပြန်လည်ဖော်ထုတ်ရန်အတွက် တိုက်ရိုက်အကျိုးပြုစေပြီး ပစ္စုပ္ပန်နှင့်အနာဂတ်မျိုးဆက်များ၏ အကျိုးအတွက် ကောင်းမွန်ပြီးသန့်ရှင်းသည့် ပတ်ဝန်းကျင်ဖြစ်ပေါ် လာစေရန်၊ ကျေးလက်နှင့် မြို့ပြပတ်ဝန်းကျင်နေ ပြည်သူများ၏ ကျန်းမာရေးပိုမိုကောင်းမွန်ကာ သန့်ရှင်းသောရေရရှိနိုင်မှု၊ ရေရှည်တည်တံ့သော အစားအစာစားသုံးမှုနှင့် ထုတ်လုပ်မှုပုံစံတို့ကိုလည်း ထောက်ပံ့ပေးနိုင်ပေမည်။ ရာသီဥတုပြောင်းလဲမှုကို သွယ်ဝိုက်သောနည်းအားဖြင့် လျှော့ချပေးပြီး လိုက်လျောညီထွေနေထိုင်နိုင်ရေးတို့ကိုလည်း ပံ့ပိုးပေးမည်ဖြစ်သည်။

ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်များဆိုင်ရာ အသိအမြင်များ ပြန့်ပွားရေးအတွက် ပညာသင်ကြားရေးအစီအစဉ်များကို စိုက်ပျိုးသူတောင်သူများသိရှိပြီး ပူးပေါင်းပါဝင်မှု ပိုမိုတိုးတက်လာစေရေး မြန်မာနိုင်ငံရှိသုတေသနနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းရပ်များကို တိုးမြှင့်လုပ်ဆောင်ကာ အဆိုပါနည်းစနစ်ကောင်းများကို ထိရောက်စွာအကောင် အထည်ဖော်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။