Skip to main content

စဉ်းစဉ်းစားစား လုပ်ကြပါစို့

အေးချမ်း

ကျွန်တော်တို့နိုင်ငံ၌ ဆိုးရွားလွန်းလှသော အကြမ်းဖက်မှုများနှင့် မြို့ရွာအချို့အထိ ရောက်လာသည့် တိုက်ပွဲများကြောင့် တိုင်းရင်းသားပြည်သူများ ဒုက္ခရောက်နေရသည်မှာ ကြာပါပြီ။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲလိမ်၊ မဲခိုးမှုကြောင့် ဖြစ်ခဲ့သည်မှအစ ယခုဆိုလျှင် နယ်စပ်ဒေသများသာမက မြို့အချို့တွင် ပါ အကြမ်းဖက်အဖျက်သမားများနှင့် တိုင်းရင်းသားလက်နက်ကိုင်တချို့ တိုက်ပွဲဖော်၊ နယ်မြေအချို့သိမ်း၊ ဥပဒေမဲ့လုပ်ချင်ရာ လုပ်နေကြသည်ကို အားလုံးအသိပင် ဖြစ်ပါသည်။

အသက်အိုးအိမ်စည်းစိမ်များ တစ်ခဏအတွင်း ပျက်စီး

နှစ်ပေါင်းများစွာရှိခဲ့သည့် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံအဆောက်အအုံ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ တစ်ခဏအတွင်း ပျက်စီးကုန်ပြီဖြစ်သည်။ ယင်းတို့ကို မူလအတိုင်းပြန်ဖြစ်အောင် ပြန်လည်တည်ဆောက်ရသည့်ကာလ၊ ကုန်ကျမည့် နိုင်ငံတော်ဘဏ္ဍာငွေ၊ ထိုသို့မူလအခြေအနေမရောက်မီ ပြည်သူများ ဆက်လက်ခံစားရမည့် ဆင်းရဲဒုက္ခစသည်တို့ကို စဉ်းစားလိုက်လျှင် ပြည်သူတစ်ယောက်အနေဖြင့် အလွန်ရင်မောရပါသည်။

တိုင်းရင်းသားပြည်သူအားလုံး မြေစာပင်ဖြစ်

အာဏာထိန်းစဉ် စကတည်းက နိုင်ငံတော်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ဒီမိုကရေစီလမ်းကြောင်းမှ မကင်းကွာအောင် ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ခဲ့သည်။ ညင်ညင်သာသာ၊ ပျော့ပျော့ပျောင်းပျောင်း၊ အေးချမ်းစွာ အခြေအနေကောင်းတစ်ခုကို ကူးပြောင်းနိုင်ရန် ကြိုးစားခဲ့သည်။ အုပ်ချုပ်မှုတွင်လည်း တပ်မတော်က တာဝန်ယူခြင်းမျိုးမဖြစ်အောင် အရပ်ဘက်မှ အတွေ့အကြုံရှိသူများ၊ တတ်သိပညာရှင်များပါ ပူးပေါင်းပါဝင်စီမံဆောင်ရွက်ခဲ့သည်။ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ချက်ချင်းပင် တိုင်းရင်းသားပြည်သူအားလုံးသိအောင် ဦးတည်ချက်၊ ရည်မှန်းချက်များ ချပြခဲ့သည်။ ထိုအတိုင်းလည်း ကြိုးပမ်းအကောင်အထည်ဖော်နေသည်။ သို့သော်လည်း ပညာမဲ့သူများ၊ အတ္တကြီးသူများ၊ သဘောထားမမှန်သူများ၊ အာဏာကို မတရားဖြတ်လမ်းမှ ရယူလိုသူများ၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို မစောင့်သိကြသူများကြောင့်ဖြစ်လာသည့် ဆူပူအကြမ်းဖက်မှုများအောက်ဝယ် တိုင်းရင်းသား ပြည်သူများ မြေစာပင်ဖြစ်ကြရသည်။ ဒုက္ခရောက်ကြရသည်။

ပြောရလျှင်တော့ အားလုံးလည်းသိပြီးဖြစ်ပါသည်။ မဲလိမ်မဲခိုးမှုကို ရှင်းပေးဖို့၊ ဥပဒေနှင့်အညီလုပ်ဖို့ ဆွေးနွေးညှိနှိုင်းခဲ့တာတွေ၊ လက်မခံတာတွေ၊ ဥပဒေမဲ့ လုပ်ချင်ရာဆက်လုပ်ခဲ့တာတွေ မပြောလိုတော့ပါ။ နောက်ဆက်တွဲဖြစ်လာမည့် ပြဿနာ၊ ဝင်လာမည့် ပြည်ပစွက်ဖက်မှုများ၊ နိုင်ငံ၏ အနာဂတ်။ ဆက်မရေးလိုတော့ပါ။ အဆိုးတွေပဲဖြစ်မည်။ အကောင်းနည်းသည်။ ရေရှည်မှာ နိုင်ငံ့ အန္တရာယ်ပင် ဖြစ်သည်။

တိုင်းပြည်ပျက်စီးမည့် နည်းလမ်းမှန်သမျှကို ဘက်ပေါင်းစုံမှ လုပ်နေကြ

သူတို့မိုက်မဲရက်စက်သည်က ပြည်သူလူထုအပေါ်ဖြစ်သည်။ သို့ရာတွင် သူတို့ကိုယ် သူတို့အတွက်ကြတော့ လိမ္မာပါးနပ်ကြသည်။ ကိုယ်တိုင် ဒုက္ခမခံစားကြ။ ပြည်ပထွက်ပြေးကြပြီး အဝေးမှ ဒုက္ခပေးသည်။ တိုင်းရင်းသားလက်နက်ကိုင်များထံ ဝင်ရောက်မှီခို၊ တပည့်ခံကြသည်။ နိုင်ငံတကာထံမှာ အလှူခံကြသည်။ တောင်းရမ်းကြသည်။ ရတာတွေ ဖြတ်စားလတ်စား စီးပွားရှာကြသည်။ မိသားစုများကို ပြည်ပပို့သည်။ အလုပ်ဖြစ်ကြသည်။ ပြည်တွင်းက လူငယ်များ၊ မနူးမနပ်များကို မြှောက်ပင့်ပေး သည်။ လက်နက်ခဲယမ်း ထောက်ပံ့သည်။ မစားရ ဝခမန်း၊ မစို့မပို့ ထောက်ပံ့သည်။ နောက်ပိုင်း ဖြစ်ချင်ရာဖြစ် ပစ်ထားလိုက်သည်။ တိုင်းပြည်ပျက်စီးမည့် နည်းလမ်းမှန်သမျှကို ဘက်ပေါင်းစုံမှ လုပ်နေကြ သည်။ ယုတ်မာရက်စက်ကြသည်။ ယခုအထိလည်း ဤအတိုင်းလုပ်နေကြဆဲ။

ထိုသို့စဉ်းစားဆင်ခြင်မှုကင်းမဲ့ပြီး နိုင်ငံကို ဖျက်ဆီးသည့် သစ္စာဖောက်များ၏ သွေးထိုး မြှောက်ပင့်မှုကို ပြည်တွင်းမှလူငယ်အချို့၊ ပြည်သူအချို့က အဟုတ်မှတ်ပြီး ဇာတ်ကြမ်းထဲတွင် ပါဝင်ကပြကြသည့် လူကြမ်းများ ဖြစ်လာကြသည်။ သနားစရာကောင်းသည်။ အရေးယူခံရ၊ အသက်ဆုံးရှုံးကြရ၊ ဘဝပျက်ကြရသည်။ ပြည်ပြေးဖြစ်ပြီး ဇာတိပျောက်ကြရပြီ။ အသိပညာ၊ အတွေးအခေါ်နည်းပါးစွာဖြင့် မလုပ်သင့်တာ လုပ်လာကြသည်။ စိတ်ရိုင်းများ ဝင်လာကြသည်။ လုပ်မှု၊ ကိုင်မှု လွဲမှား လာကြသည်။ လုပ်သည့်လူရော၊ ခံရသည့် ပြည်သူပါ ဒုက္ခရောက်ကြရသည်။ စဉ်းစားတွေးခေါ်မှုနည်း၍၊ အသိပညာ နည်းပါး၍ဟု ပြောလျှင်လည်း ခံရခက်ကြလိမ့်မည်။ သို့သော် အမှန်ပင်ဖြစ်သည်။

ပညာနည်းပါးသူများကို မြှောက်ပင့်ပေးပြီး နိုင်ငံကို ဖျက်ဆီးနေကြ

အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ၊ အတွေးအခေါ်၊ စဉ်းစားဆင်ခြင်ဉာဏ်နည်းပါး သူတွေနှင့် ဆိုလျှင်တော့ နိုင်ငံ၏အနာဂတ်က ကောင်းစရာမမြင်ပါ။ ယခုလည်း အထက်က ရေးခဲ့သလို စဉ်းစားတွေးခေါ်ဉာဏ်နည်းပါးခဲ့သူများက ပညာနည်းပါးသူများကို မြှောက်ပင့်ပေးပြီး နိုင်ငံကို ဖျက်ဆီးနေ ကြသည်။ သတိထားသင့်ကြပြီ။ ပိုဆိုးသည်က နိုင်ငံတွင် ပညာမဲ့သူများအောင် သူတို့လုပ်နေကြသည်။ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ခြင်းနှင့် အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် ယနေ့ ပိတ်ထားရသည့် ကျောင်းအချို့ ရှိနေသည်။ ပညာမဲ့သူ များလာတော့မည်။ နိုင်ငံ့ရှေ့ရေး ရင်လေးဖွယ်ရာဖြစ်သည်။

နိုင်ငံတော်က ပညာရေးကဏ္ဍနှင့် လူငယ်ကဏ္ဍကို ဘက်ပေါင်းစုံမှ မြှင့်တင်ပေးလျက်ရှိသည်။ PDF အမည်ခံ အကြမ်းဖက်သမားများက ကျောင်းမဖွင့်ရန်၊ ဆရာ ဆရာမများ စာမသင်ရန်၊ ကျောင်းသား ကျောင်းသူများ ကျောင်းမတက်ရန် ခြိမ်းခြောက်သည်။ ဆရာ ဆရာမများကို ဖမ်းပြီး ပြန်ပေးဆွဲသည်။ ငွေတောင်းသည်။ အကြောင်းမဲ့ သတ်ပစ်သည်။ မိသားစုကိုပါ ဒုက္ခပေးသည်။ မိဘများကို သားသမီးတွေ ကျောင်းမထားရန် ခြိမ်းခြောက်သည်။ နယ်မြေအလှမ်းဝေးကွာခြင်းနှင့် အခက်အခဲအချို့ကြောင့် ကျေးလက်မှပြည်သူအချို့ နီးရာဓားကြောက်ရသလို ဖြစ်နေသည်။ ပြည်သူကို အကြောက်တရားဖြင့် ဖိနှိပ်ပြီး ပညာမဲ့သည့် နိုင်ငံဖြစ်အောင်လုပ်တာ၊ အယုတ်မာဆုံး၊ အရက်စက်ဆုံး၊ သစ္စာအမဲ့ဆုံးဟု ဆိုချင်သည်။

ပြည်သူ့အတွက်ဟု ပြောသည့် ယင်းအကြမ်းဖက်များ ပြည်သူကို ဒုက္ခပေးတာ များလာပြီ။ အစကတော့ နိုင်ငံရေးအရ၊ အမြင်မတူ၊ သဘောထားကွဲလွဲလို့ ဆန္ဒပြတာ၊ ဆူပူအကြမ်းဖက်တာ၊ အစိုးရနှင့် တပ်မတော်ကို ဦးတည်လုပ်ခဲ့ကြတာ၊ ယခုတော့ သူတို့တစ်တွေ လက်နက်ကိုင်အကြမ်းဖက်ရသည့်အရသာကို ကောင်းကောင်းသိသွားပြီ။ ထို့ကြောင့် လမ်းကြောင်းက ပြောင်းသွားပြီ။ ဓားပြတိုက်၊ ပြန်ပေးဆွဲ၊ လူသတ်၊ အကြမ်းဖက်၊ ဆက်ကြေး ကောက်၊ တရားမဝင်အခွန်အမျိုးမျိုးကောက်ခြင်းဖြင့် တိုင်းရင်းသားပြည်သူအားလုံးကို ဒုက္ခမျိုးစုံပေး နေကြပြီ။ သတိထားသင့်ကြပါပြီ။

တိုင်းရင်းသားပြည်သူများကို သတ်ဖြတ်၊ အိုးအိမ်များကို မီးရှို့ဖျက်ဆီးလုပ်နေကြ

ကိုယ်ကျိုးစီးပွားရှာပြီး နိုင်ငံကို ပြိုကွဲပျက်စီးအောင် လုပ်နေကြသည့် သဘောထားမမှန်သော တိုင်းရင်းသားလက်နက်ကိုင်တချို့ မီးလောင်ရာ လေပင့်လုပ်နေသည်။ PDF များကို ရှေ့တန်းမှ အသေခံစေပြီး မြို့ရွာအချို့ကို တိုက်ခိုက်၊ တိုင်းရင်းသားပြည်သူများကို သတ်ဖြတ်၊ အိုးအိမ်များကို မီးရှို့ဖျက်ဆီးလုပ်နေကြသည်။ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထုအကျိုးစီးပွားကို လုံးဝမစဉ်းစားကြ။ တချို့က မူးယစ်ဆေးဝါးအရောင်းအဝယ်ဖြင့် စီးပွားရှာကြသည်။ အခုတစ်လော မူးယစ် ဆေးဝါးမိတာ အဆက်မပြတ်၊ တစ်ခါတစ်ခါ ဖမ်းမိလျှင် ဆေးပြားသန်းနှင့်ချီ၊ ကီလိုများစွာ။ တန်ဖိုးက ဘီလီယံချီရှိနေသည်။ ခဏခဏမိသည်။ ဒါတောင် ဖမ်းဆီးရမိတာပဲ ရှိသေးသည်။ နည်းမျိုးစုံဖြင့် လွတ်နေခြင်းကလည်း ရှိနေနိုင်သေးသည်။

သူတို့စီးပွားဖြစ်ဖို့ ၊ လက်နက်ခဲယမ်းဝယ်ဖို့အတွက်ဖြစ်သလို ပြည်သူကို မူးယစ်ကျေးကျွန်ဖြစ်အောင်၊ လူညွန့်ကျိုးအောင် လုပ်နေခြင်းဖြစ်သည်။ အဓိကလူငယ်များကို ဖျက်ဆီးနေခြင်းဖြစ်သည်။ သတိထားသင့်ကြသည်။ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သက်ဆိုင်သူများ၊ ပါဝင်ပတ်သက်နေသူများ ရပ်တန်းက ရပ်သင့်ကြပြီ။ နိုင်ငံတော်ကလည်း ဖိဖိစီးစီး ဖမ်းဆီးပြီး ထိရောက်သော ပြစ်ဒဏ်များ ပေးနေသည်။

ကာလရှည်ကြာလာပြီမို့ ပြည်တွင်းပြည်ပ အဖျက်အမှောင့်သမားများက နိုင်ငံမတည်ငြိမ်အောင် လုပ်နေတာ၊ ပြည်သူတွေ လူမှုစီးပွားဘဝ ပျက်စီးအောင် လုပ်နေတာ၊ နိုင်ငံကို ပညာမဲ့တွေ များလာအောင်လုပ်နေတာ၊ နိုင်ငံတော်ကို ပြိုကွဲပျက်စီးအောင် လုပ်နေတာတွေ သိသာမြင်သာကြလောက် ပါပြီ။

ရွေးကောက်ပွဲသည် နိုင်ငံ့ရှေ့ရေးအတွက် ကောင်းမွန်သောရလဒ်ကို ပေးနိုင်မည်ဖြစ်

နောက်ဆုံးပြောချင်သည်မှာ နိုင်ငံတော်က သူ့ဦးတည်ချက်၊ ရှေ့လုပ်ငန်းစဉ်အတိုင်း မကြာခင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးတော့မည်။ ပြီးလျှင် ရွေးကောက်ပွဲရလဒ်အပေါ် မူတည်၍ ဖြစ်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်အာဏာ ပြန်လည်လွှဲပြောင်းပေးမည်။ အရေးပေါ်ကာလ ပြီးဆုံးပြီး တပ်မတော်က နိုင်ငံတော်တာဝန်ယူရတာ အဆုံးသတ်မည်။ ပြည်သူတို့လိုချင်သည့် အရွေးချယ်ခံဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာမည်။ ယင်းမှာ အလွန်ကောင်းသည့် လုပ်ငန်းစဉ်ဖြစ်သည်။ ယခုလို ဆူပူအကြမ်းဖက်မှုများ၊ လက်နက်ကိုင်တိုက်ပွဲများနှင့် ဒီမိုကရေစီကို ဖော်ဆောင်၍မရတာ၊ မတည်ငြိမ် မအေးချမ်းပါက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင် လုပ်မရတာ လက်ရှိဖြစ်ရပ်များက သက်သေပြပြီးပြီ။ ရွေးကောက်ပွဲသည် နိုင်ငံ့ရှေ့ရေးအတွက် ကောင်းမွန်သောရလဒ်ကို ပေးနိုင်မည် ဖြစ်သည်။

ရွေးကောက်ပွဲမလုပ်ဖြစ်အောင်၊ ပျက်အောင် တချို့က ကဖျက်ယဖျက် လုပ်နေကြသည်။ ပြည်ပအားကိုးလုပ်နေခြင်းများလည်းရှိသည်။ ရွေးကောက်ပွဲ မဖြစ်စေချင်သည်က မည်သည့်ရည်ရွယ်ချက်လဲ၊ အကောင်းလား၊ အဆိုးလား၊ ဝေဖန်ပိုင်းခြား ဆန်းစစ်ကြစေချင်သည်။ နိုင်ငံ ယခုလို မတည်မငြိမ်ဖြစ်နေမှ၊ အချင်းချင်းတိုက်နေမှ၊ ဆူပူအကြမ်းဖက်မှုတွေရှိမှ သူတို့အဆင်ပြေကြမည်ဟု ထင်နေသူများ၊ အဖွဲ့အစည်းများ၏ ရည်ရွယ်ချက်ကို သိသင့်ကြပြီ။ နိုင်ငံ့အနာဂတ်အတွက် စဉ်းစားလုပ်ဆောင်ကြသင့်ပါပြီ။ ရွေးကောက်ပွဲကျင်းပဖြစ်လျှင် နိုင်ငံ့အတွက် ဘယ်လိုအကျိုးကျေးဇူးများရမလဲ၊ မကျင်းပနိုင်လျှင် ဘာဆက်ဖြစ်မလဲ၊ စဉ်းစားကြည့်လျှင် ရှင်းလင်းစွာ မြင်နိုင်ကြပါလိမ့်မည်။ ထို့ကြောင့် ရွေးကောက်ပွဲကျင်းပရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူအားလုံး ပူးပေါင်းပါဝင် လုပ်ဆောင်ကြပါဟု တိုက်တွန်းလိုပါသည်။

အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကိုတည်ဆောက်ရန်၊ လက်ရှိ အကျပ်အတည်း၊ အခက်အခဲများကြားမှ မှန်ကန်သော လမ်းကြောင်းပေါ်ရောက်ရန် ပြည်သူလူထု၏အား များစွာလိုပါသည်။ အဖျက်အမှောင့်သမား၊ ၎င်းတို့ကို အားပေးထောက်ခံသူများလည်း အသိဉာဏ်ပညာဖြင့် ရေရှည်အကျိုးကို စဉ်းစားကာ အတွေးအခေါ်မှန်ပြီး လုပ်ဆောင်မှုများ မှန်ကန်လာရန် လိုပါသည်။ အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံ့ရှေ့ရေးကို စဉ်းစား၍ လုပ်သင့်လုပ်ထိုက်တာ၊ ပြောင်းလဲသင့်တာ ပြောင်းလဲပြီး နိုင်ငံ့အကျိုးအတွက် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို ရောက်သင့်ကြပါပြီ။

အဖျက်အမှောင့် အကြမ်းဖက်မှုများကို ပြည်သူ့အင်အားဖြင့် ပူးပေါင်းဖြေရှင်းကြပြီး နိုင်ငံ့ရှေ့ရေး၊ ကောင်းမွန်သည့် အနာဂတ်ကို ဖော်ဆောင်နိုင်ကြဖို့ စဉ်းစားတွေးခေါ် ဆောင်ရွက်နိုင်ကြပါစေကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။