Skip to main content

အောင်ပွဲနှင့်အတူ မျှော်နေမည်

အားကစားဝါသနာရှင်တစ်ဦး

၂၀၂၅ ခုနှစ် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိကျင်းပသွားမည်ဖြစ်သည်။ ယခုပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် (၇)ကြိမ်မြောက် လက်ခံကျင်းပခြင်းဖြစ်သည်။ အားကစားနည်း ၅၃ မျိုးထည့်သွင်းထားပြီး ပြိုင်ပွဲကို Bangkok, Chonburi နှင့် Songkhla မြို့တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံက အားကစားနည်း ၄၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်းလေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်မူ အားကစားနည်း ၃၆ မျိုး ထည့်သွင်းကျင်းပခဲ့ရာ မြန်မာနိုင်ငံကအားကစားနည်း ၁၉ မျိုးသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သည်။

သို့ရာတွင် မြန်မာအားကစားအဖွဲ့သည် ဗိုဗီနမ်အားကစားနည်းမှ ရွှေလေးဆု၊ ငွေသုံးဆု၊ ကြေး ၁၇ ဆု၊ ဗိုဗီနမ်(ခွန်ဘိုကာတာ)ကစားနည်းမှ ရွှေတစ်ဆု၊ ငွေ နှစ်ဆု၊ ကြေး ခြောက်ဆု၊ ဗိုဗီနမ်(အားနစ်) ကစားနည်းမှ ရွှေနှစ်ဆု၊ ငွေနှစ်ဆု၊ ကြေးရှစ်ဆု၊ ပိုက်ကျော်ခြင်းကစားနည်းမှ ရွှေနှစ်ဆု၊ ငွေနှစ်ဆု၊ ကြေးတစ်ဆု၊ ခြင်းလုံးအားကစားနည်းမှ ရွှေလေးဆု၊ ငွေသုံးဆု၊ ကြေးတစ်ဆု၊ ဘီလိယက်/စနူကာကစားနည်းမှ ရွှေသုံးဆု၊ ကြေးနှစ်ဆု၊ ရိုးရာလှေကစားနည်းမှရွှေတစ်ဆု၊ ငွေငါးဆု၊ ကြေးနှစ်ဆု၊ ဝူရှူးကစားနည်းမှရွှေတစ်ဆု၊ ငွေသုံးဆု၊ ကြေးသုံးဆု၊ တိုက်ကွမ်ဒိုကစားနည်းမှရွှေ တစ်ဆု၊ ကြေးလေးဆု၊ အလေးမကစားနည်းမှ ရွှေတစ်ဆု၊ ကြေးနှစ်ဆု၊ ပီတန်းကစားနည်းမှ ရွှေတစ်ဆု၊ ခွန်ခမာကစားနည်းမှ ငွေနှစ်ဆု၊ ကြေးခုနစ်ဆု၊ ဂျူဒိုကစားနည်းမှငွေ တစ်ဆု၊ ကြေးသုံးဆု၊ ဘောလုံး(အမျိုးသမီး) အသင်းက ငွေတစ်ဆု၊ ကြက်တောင်ကစားနည်းမှ ငွေတစ်ဆု၊ လက်ဝှေ့ကစားနည်းမှ ကြေးခြောက်ဆု၊ စစ်တုရင်ကစားနည်းမှ ကြေးနှစ်ဆု၊ ပြေးခုန်ပစ်ကစားနည်းမှ ကြေးတစ်ဆု၊ E Sports ကြေးတစ်ဆုတို့ဖြင့် စုစုပေါင်း ရွှေတံဆိပ် ၂၁ ဆု၊ ငွေတံဆိပ် ၂၅ ဆုနှင့် ကြေးတံဆိပ် ၆၈ ဆု ဆွတ်ခူးရယူနိုင်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ၁၉၈၁ ခုနှစ်နောက်ပိုင်းအဝေးကွင်းတွင် ဧည့်နိုင်ငံအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် SEA GAMES ပြိုင်ပွဲများအနက် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်အများဆုံးရယူဆွတ်ခူးနိုင်ခဲ့သည့် ပြိုင်ပွဲအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့သည်။

ဆုတံဆိပ်အများဆုံး ပြန်လည်ဆွတ်ခူးနိုင်ခဲ့

ထို့အတူ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနောက်ပိုင်း ဆုတံဆိပ်အများဆုံး ပြန်လည်ဆွတ်ခူးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာအားကစားအဖွဲ့သည် ၂၀၁၃ ခုနှစ် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် ရွှေ ၈၄ ဆု၊ ငွေ ၆၃ ဆု၊ ကြေး ၈၄ ဆု စုစုပေါင်း ဆုတံဆိပ် ၂၁၃ ဆုဖြင့် နိုင်ငံအလိုက် ဒုတိယနေရာ တွင် ရပ်တည်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် (၂၈)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၆ ဆု၊ ငွေ ၂၅ ဆု၊ ကြေး ၃၂ ဆုဖြင့် စုစုပေါင်းဆုတံဆိပ် ၆၈ ဆု၊ ၂၀၁၇ ခုနှစ် (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ခုနစ်ဆု၊ ငွေ ၁၀ ဆု၊ ကြေး ၂၀ ဆုဖြင့် စုစုပေါင်းဆုတံဆိပ် ၃၇ ဆု၊ ၂၀၁၉ ခုနှစ် အကြိမ်(၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲတွင်ရွှေ လေးဆု၊ ငွေ ၁၉ ဆု၊ ကြေး ၅၁ ဆုဖြင့် စုစုပေါင်းဆုတံဆိပ် ၇၃ ဆု၊ ၂၀၂၁ ခုနှစ် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေကိုးဆု၊ ငွေ ၁၈ ဆု၊ ကြေး ၃၅ ဆုဖြင့် စုစုပေါင်းဆုတံဆိပ် ၆၂ ဆုဖြင့် တဖြည်းဖြည်းလျော့ကျလာခဲ့ရာမှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ တွင် ရွှေ ၂၁ ဆု၊ ငွေ ၂၅ ဆု၊ ကြေး ၆၈ ဆု စုစုပေါင်း ဆုတံဆိပ် ၁၁၄ ဆုဖြင့် ဆုတံဆိပ်အများဆုံး ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးအပ်

၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ ရွှေတွဲလွဲ၊ ငွေတွဲလွဲဖြင့် ပြန်လည်အောင်မြင်မှုများရရှိခဲ့သည့် နောက်ကွယ်တွင် နိုင်ငံတော်ကအားကစားကို အထူးအလေးထား အားပေးမြှောက်စားမှုနှင့်အတူ ဆုရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးအပ်ခဲ့ခြင်းတို့ကလည်း တစ်ကြောင်းပါဝင်ပါသည်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သမိုင်းတွင် ရွှေတံဆိပ်အနည်းဆုံးပြိုင်ပွဲဟုဆိုရမည့် ရွှေတံဆိပ်လေးခုသာ ဆွတ်ခူးနိုင်ခဲ့သော ၂၀၁၉ ခုနှစ် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအပြီး ကျင်းပခဲ့သော ၂၀၂၁ ခုနှစ် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့အားကစားအဖွဲ့သည် ရွှေတံဆိပ်ကိုးခု၊ ငွေ တံဆိပ် ၁၈ ခုနှင့် ကြေးတံဆိပ် ၃၅ ခု ဆွတ်ခူးရရှိခဲ့ရာ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား နိုင်ငံတော်က တစ်ဦးချင်းပြိုင်ပွဲများအတွက် ရွှေတံဆိပ်တစ်ဆုလျှင် ကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်တစ်ဆုလျှင် ကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်တစ်ဆုလျှင် ကျပ်သိန်း ၁၀၀၊ အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်အတွက် တစ်ဦးလျှင် ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်အတွက်တစ်ဦးလျှင် ကျပ်သိန်း ၇၀ နှင့် ကြေးတံဆိပ်အတွက်တစ်ဦးလျှင် ကျပ် ၃၅ သိန်းတို့ဖြင့် ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကိုလည်း နိုင်ငံတော်ကအလားတူ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပေသည်။

ထိုသို့ပေးအပ်ချီးမြှင့်ရာတွင် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား တစ်ဦးချင်းနှင့် အသင်းလိုက် ဂုဏ်ပြုဆုများအပြင် နည်းပြနှင့်အုပ်ချုပ်သူများကိုလည်း ရွှေတံဆိပ်ဆုအတွက် တစ်ဦးလျှင် ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ဆုအတွက် တစ်ဦးလျှင် ကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ဆုအတွက် တစ်ဦးလျှင် ကျပ်သိန်း ၃၀ စီ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်အကြီးအကဲက အထူးဆုအဖြစ်(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် အမျိုးသမီးဘောလုံးအသင်းအား အမေရိကန်ဒေါ်လာ ၅၀၀၀၀ နှင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် အမျိုးသားဘောလုံးအသင်းအား အမေရိကန်ဒေါ်လာ ၂၀၀၀၀ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများအား နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့်ငွေမှာ ငွေကျပ်စုစုပေါင်း ၃၃၃၃ သန်းနှင့် အမေရိကန်ဒေါ်လာ ၇ သောင်းဖြစ်ကြောင်း သိရသည်။

အောင်မြင်မှုများ ဆက်လက်ရယူမည်

ထိုင်းနိုင်ငံတွင် မကြာမီကျင်းပတော့မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်လည်း မြန်မာနိုင်ငံအနေဖြင့် အောင်မြင်မှုဆက်လက်ရယူနိုင်ရန် မြန်မာနိုင်ငံအိုလံပစ် ကော်မတီ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အားကစားအဖွဲ့ချုပ်အလိုက် အားကစားသမားများအား စိစစ်ရွေးချယ်စခန်းသွင်းလေ့ကျင့်ခြင်း၊ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားသမားများအား အားကစားနည်းအလိုက် လိုအပ်သည့် ကယ်လိုရီပမာဏနှင့် အာဟာရပြည့်ဝစေရေးတို့အတွက် Sport Nutrition အာဟာရပိုင်းဆိုင်ရာ တွက်ချက်မှုနှင့်အညီ ချက်ပြုတ်ကျွေးမွေးဆောင်ရွက်ခြင်း၊ Joint Training ပူးတွဲသွားရောက်လေ့ကျင့်နိုင်ရေးနှင့် နည်းပြခေါ်ယူရေးအပါအဝင် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာအားကစားဝါသနာရှင်ပရိသတ်များကလည်း လာမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ အားကစားနည်းအလိုက် ဆုတံဆိပ်များဆွတ်ခူးပြီး အောင်မြင်မှုရရှိနိုင်ရန် ငံ့လင့်လျက်ရှိသည်။

အထူးသဖြင့် တစ်ချိန်က အရှေ့တောင်အာရှနှင့် အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုသမိုင်း အစဉ်အလာကြီးမားခဲ့သော ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ အလေးမနှင့် လက်ဝှေ့ပြိုင်ပွဲများတွင် တစ်ကျော့ပြန်အောင်မြင်မှုများ ဆွတ်ခူးရရှိနိုင်ရန် မွတ်သိပ်တောင့်တလျက်ရှိပေသည်။

ရွှေတံဆိပ်များလွှမ်းနိုင်အောင်ကြိုးပမ်း

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က ကျင်းပခဲ့သော (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့် ခြင်းအခမ်းအနားတွင် အမှာစကားပြောကြားရာ၌-

“အားကစားပြိုင်ပွဲများ၌ အောင်မြင်မှုရခြင်းအတွက် ဝမ်းသာဂုဏ်ယူမိသကဲ့သို့ မြန်မာနိုင်ငံသားအားလုံးက လိုလားတောင့်တနေသည့် ဘောလုံးပြိုင်ပွဲရွှေတံဆိပ်ဆုရရှိရေးကိုလည်း အမျိုးသားရေးအဖြစ် ဦးတည်ကြိုးပမ်းကြရန် တိုက်တွန်းလိုပါကြောင်း၊ အလားတူ အရှိန်အဝါကြီးခဲ့သော အစဉ်အလာရှိခဲ့သည့် ဘော်လီဘော၊ ပြေးခုန်ပစ်၊ အလေးမနှင့် လက်ဝှေ့ပြိုင်ပွဲများတွင်လည်း ရွှေတံဆိပ်များလွှမ်းနိုင်အောင် ကြိုးပမ်းကြရန် အားကစားသမားများနှင့် အဖွဲ့ချုပ်များကိုပါ တိုက်တွန်းလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

အားကစားဝါသနာရှင်တစ်ဦးအနေဖြင့်လည်း ထိုင်းနိုင်ငံက (၇)ကြိမ်မြောက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အထူးသဖြင့် ပြေးခုန်ပစ်၊ အလေးမနှင့်လက်ဝှေ့အားကစားနည်းများ၌ ရွှေတံဆိပ်ဆုများ ပြန်လည်ရယူဆွတ်ခူးစေချင်ပါသည်။

အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးလက်ခံကျင်းပခဲ့သော ၁၉၅၉ ခုနှစ် ပထမအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေ ၁၁ ဆု၊ ငွေ ၁၅ ဆု၊ ကြေး ၁၄ ဆုတို့ဖြင့် နိုင်ငံအလိုက် ဒုတိယရရှိခဲ့ရာတွင် ပြေးခုန်ပစ်ပြိုင်ပွဲမှ ရွှေတံဆိပ်ငါးဆု၊ အလေးမပြိုင်ပွဲမှ ရွှေတံဆိပ်နှစ်ဆု၊ လက်ဝှေ့ပြိုင်ပွဲမှ ရွှေတံဆိပ်နှစ်ဆု၊ ရေကူးပြိုင်ပွဲမှ ရွှေတံဆိပ်နှစ်ဆု ဆွတ်ခူးရယူနိုင်ခဲ့၍ ဖြစ်ပေသည်။

မမေ့နိုင်သော ရွှေရောင်နေ့ရက်များ

ဗွေဆော်ဦး ပထမအကြိမ်ကျင်းပခဲ့သည့် ပြိုင်ပွဲတွင် အမိမြန်မာနိုင်ငံတော်အတွက် ရွှေတံဆိပ်ဆုကို ပထမဆုံးဗွေဆော်ဦးရယူဆွတ်ခူးပေးခဲ့သော မီတာ ၅၀၀၀ တာဝေးအပြေးပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် ကချင်တိုင်းရင်းသား အာဖူးနှင့် အမျိုးသမီးမီတာ ၈၀ တန်းကျော်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် ဂရေစီကား၊ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်ခင်ခင်ထွေး၊ အမျိုးသမီးအမြင့်ခုန်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် မေမေရီ၊ အမျိုးသမီးသံလုံးပစ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်နော်ဖား၊ ဖယ်သာဝိတ်တန်းနှင့် မစ်ဒယ်လ်ဝိတ်တန်း အလေးမပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်များဖြစ်ကြသည့် ထွန်းကြွယ်နှင့် မောင်ဘု၊ မီတာ ၁၀၀ နှင့် မီတာ ၂၀၀ ရေကူး ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ဆုဆွတ်ခူးပေးခဲ့သော ရွှေတံဆိပ်ဆုရှင် တင်မောင်နီ၊ ဖယ်သာဝိတ်တန်းနှင့် မစ်ဒယ်လ်ဝိတ်တန်းလက်ဝှေ့ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်များဖြစ်ကြသည့် အောင်ထွန်းနှင့် စတန်လေမဂျစ် စသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားတို့၏ ပုံရိပ်များကိုလည်း ပြန်လည်မြင်ယောင်လာမိသည်။

သို့ဖြင့် လာမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစား နည်းများအလိုက်သာမက တစ်ခေတ်တစ်ခါက အရှိန်အဝါနှင့် သမိုင်းအစဉ်အလာကြီးမားခဲ့သော ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ အလေးမနှင့် လက်ဝှေ့အားကစားနည်းများလည်း တစ်ကျော့ပြန် ပြန်လည်အောင်မြင်စေကြောင်း ဆုမွန်တောင်းရင်း ရင်ခုန်မျှော်လင့်မိပါသည်။ ။