သဒ္ဓါကို ယုံကြည်စိတ်ချရမှုနဲ့ တုံ့ပြန်ကြစို့
မောင်ရှိန် (ဘောဂဗေဒ)
ကျွန်တော့်အသက် နှစ် ၇၀ နီးပါးကာလ တွေ့ကြုံခဲ့ရတဲ့သူတွေထဲမှာ သဒ္ဓါတရားရှိသူတွေကို တွေ့ရသလို သဒ္ဓါတရားမရှိတဲ့သူတွေကိုလည်း တွေ့ကြုံခဲ့ရပါတယ်။
“သဒ္ဓါ (Generosity)” ဝေါဟာရကို ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ မြန်မာအဘိဓာန်စာအုပ်မှာ “လိုလားကြည်ဖြူသည်၊ ရတနာသုံးပါး၊ ကံ၊ ကံ၏ အကျိုးကို ယုံကြည်မှု၊ လိုလားကြည်ဖြူခြင်း”၊ “သဒ္ဓါပေါက်”ကို “ပေးကမ်းလှူဒါန်းလိုသော စေတနာဖြစ်ပေါ်သည်” ဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
ပေးကမ်းလှူဒါန်းဖို့ဆိုတာ စေတနာရှိဖို့ကလည်း မဖြစ်မနေ လိုအပ်
အဲဒီအဓိပ္ပာယ်ဖွင့်ဆိုချက်တွေထဲမှာ ကျွန်တော်ပြောလိုတဲ့ အချက်နဲ့ အနီးစပ်ဆုံးအဓိပ္ပာယ်ကတော့ “ပေးကမ်းလှူဒါန်းလိုသော စေတနာဖြစ်ပေါ်သည်” ပါ။ ပေးကမ်းလှူဒါန်းဖို့ဆိုတာ ပေးကမ်းလှူဒါန်းနိုင် တဲ့ပစ္စည်း၊ ဥစ္စာရှိဖို့ကလည်း အခြေခံလိုအပ်ချက် တစ်ခုဖြစ်သလို ပေးကမ်းလှူဒါန်းလိုတဲ့ စေတနာရှိဖို့ကလည်း မဖြစ်မနေလိုအပ်ချက်ပါ။
သဒ္ဓါနဲ့ဆက်နွှယ်နေတဲ့ စကားလုံးကတော့ ဒါနဖြစ်ပါတယ်။ ဒါနကို ပါဠိ-မြန်မာ အဘိဓာန်မှာ “ပေးခြင်း၊ ပေးကမ်းခြင်း၊ အလှူပေးခြင်း”ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ အင်္ဂလိပ်လို charity, alms-giving, beneficence ဆိုပြီး ဘာသာပြန်ဆိုထားပါတယ်။ ပါဠိနဲ့ရင်းနှီးနေပြီဖြစ်တဲ့ မြန်မာတို့မှာ ဒါနဆိုတဲ့ ပါဠိစကားကို ပါဠိအတိုင်း ဒါနလို့သုံးရင် နားလည်ကြပါတယ်။
နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့တွေဖြစ်တဲ့ ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုကုသိုလ်တွေအနက် ဒါနဖြစ်ဖို့ မဖြစ်မနေလိုအပ်တဲ့ သဒ္ဓါနဲ့ပတ်သက်လို့ ကိုယ်တွေ့အတွေ့အကြုံလေးကို ပြောပြလိုပါတယ်။
ကျွန်တော်ဟာ ၁၉၉၆ ခုနှစ်လောက်က အဖွဲ့အစည်းတစ်ခုရဲ့ အားကစားကော်မတီမှာ တာဝန်ယူခဲ့ရတုန်းက အားကစားပြိုင်ပွဲပြီးလို့ ဌာနကို ပြန်ရောက်တော့ ပြေးခုန်ပစ်ပြိုင်ပွဲမှာ ဆုရရှိသူတွေကို သက်သာချောင်ချိရေးဆိုင်က ဆန်လေးတစ်အိတ်စီရောင်းပေးဖို့ တင်ပြတာကို တာဝန်ရှိတဲ့သူက ရန်ပုံငွေလည်းရှိ၊ လုပ်ပိုင်ခွင့်လည်းရှိပေမယ့် မသိချင်ယောင်ဆောင်နေလိုက်ပါတယ်။ ၁၉၉၉ ခုနှစ်လောက်မှာ မူလတန်းကျောင်းလေး တစ်ကျောင်းရဲ့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရတုန်းကလည်း အဲဒီကျောင်းဧရိယာအပါအဝင် စီမံအုပ်ချုပ်ရတဲ့တာဝန်ရှိသူကို ပညာရည်ထူးချွန်ဆုရတဲ့ ကျောင်းသားတွေကို ဆုချီးမြှင့်ဖို့အတွက် ကျောင်းရန်ပုံငွေနည်းပါးနေလို့ ကူညီထောက်ပံ့ပေးဖို့ တင်ပြတာကိုလည်း အဲဒီသူက မသိလိုက်မသိဘာသာနေခဲ့ပြီး ကူညီထောက်ပံ့မှုမပြုခဲ့ပါဘူး။
မကြာသေးမီကလည်း အသိမိတ်ဆွေတစ်ဦးဆီက သဒ္ဓါတရားနဲ့ပတ်သက်လို့ သတင်းတစ်ခုကြားရပြန်ပါတယ်။ ကုမ္ပဏီသူဌေးလုပ်တဲ့သူက သူ့ကုမ္ပဏီရဲ့ ငွေရေးကြေးရေး အကျပ်အတည်းကြောင့် ဝန်ထမ်းတွေကိုလျှော့ချင်တာ တည်ဆဲအလုပ်သမားဥပဒေ၊ လုပ်ထုံးလုပ်နည်းအရ ဝန်ထမ်းကို အလုပ်ကထုတ်ချင်ရင် သုံးလစာပေးပြီးမှ ထုတ်ရမှာကို မပေးချင်လို့ ရုံးနောက်ကျတဲ့ဝန်ထမ်းတွေကို စာရင်းကောက်နေကြောင်း၊ အခြားအပြစ်တွေလည်း ရှာပြီးအလုပ်ကထုတ်ဖို့ ဆောင်ရွက်နေကြောင်း ကြားသိရပါတယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတွေကို ရဲဘော်ရဲဘက်တွေလိုသဘောထား၊ မိဘဆရာသမားလိုသဘောထားပြီး ပြုမူဆက်ဆံရမှာကို သဒ္ဓါတရားချို့တဲ့မှုကြောင့် မလုပ်သင့်၊ မလုပ်ထိုက်တာတွေ လုပ်ကိုင်နေတာကို ကြားသိရလို့ စိတ်မကောင်းဖြစ်မိပါတယ်။
စေတနာ သဒ္ဓါတရားထက်သန်သူတွေ အမြောက်အမြားရှိခဲ့
သဒ္ဓါတရားချို့တဲ့သူတွေရှိသလို သဒ္ဓါတရားထက်သန်သူတွေကိုလည်း အများအပြားတွေ့ရှိ ရပါတယ်။ အနီးဆုံးကာလကိုကြည့်ရင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း၊ ၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ရောဂါကပ်ဆိုး၊ ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်း နေပြည်တော်တပ်ကုန်းပတ်ဝန်းကျင် စတဲ့ဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီး၊ မြေပြိုမှုများ၊ ၂၀၂၅ ခုနှစ် မန္တလေးငလျင်ဘေးကြီး စသဖြင့် သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရစဉ်တုန်းက စေတနာသဒ္ဓါတရားထက်သန်သူတွေကို သတင်းစာ၊ ဂျာနယ်၊ တီဗွီသတင်းတွေမှာ ဖတ်ရှုသိရှိရသလို ကမ္ပည်းမတင်အသိမပေးဘဲ လှူဒါန်းခဲ့ကြတဲ့သူတွေလည်း အမြောက်အမြားရှိခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ အလှူအတန်းနဲ့ ပတ်သက်လို့ အင်မတန်သဒ္ဓါတရားရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလှူအတန်းအရက်ရောဆုံး ၁၀ နိုင်ငံစာရင်းမှာ နံပါတ် ၂ နေရာမှာရှိကြောင်း သိရပါတယ်။
သဒ္ဓါတရားနဲ့ပတ်သက်လို့ တခြားကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတွေကို တင်ပြလိုပါတယ်။ ကျွန်တော်ဟာ ပရဟိတအဖွဲ့အစည်းတစ်ခုရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေစဉ်အခြားအသိအဖွဲ့ အစည်းတစ်ခုကို Printer (used) လေးတစ်လုံးအသင်းအတွက် အဆင်ပြေရင် ကူညီပေးဖို့ မေတ္တာရပ်ခံစာလေးပို့ခဲ့ပါတယ်။ အသုံးပြုပြီးသား (used) အကူအညီတောင်းရတာက လုပ်ငန်း/အဖွဲ့အစည်းတွေလည်း စီးပွားရေးအခြေအနေ ရုန်းကန်ကြိုးစားနေကြရတာဖြစ်လို့ အားနာလို့ အသုံးပြုပြီးသားစက်လေးကိုပဲ အကူအညီတောင်းခံရတာပါ။ အဲဒီစာကိုလက်ခံရရှိတော့ အဲဒီအဖွဲ့အစည်းရဲ့ တာဝန်ရှိသူက သုံးပြီးသားကို မလှူလိုပါ။ စက်အသစ်တစ်လုံး လှူပါ့မယ်ပြောပြီး လှူခဲ့ပါတယ်။
နောက်ပြီး အဖွဲ့အစည်းတစ်ခုမှာ ကျွန်တော်တာဝန်ထမ်းဆောင်နေတုန်းက အဖြစ်အပျက်လေးတစ်ခုပါ။ တစ်နေ့အစည်းအဝေးကျင်းပနေစဉ် တာဝန်ရှိသူက ဝန်ထမ်းတွေကို ဘဏ္ဍာနှစ်ကုန်မှာ ဆုကြေးငွေ (Bonus) တွေပေးခဲ့ကြောင်း၊ လက်ရှိ စားသောက်ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုကြောင့် ဝန်ထမ်းလစာတွေကိုလည်း တစ်နည်းတစ်လမ်းနဲ့ တိုးမြှင့်ပေးဖို့ စဉ်းစားနေကြောင်း ပြောပါတယ်။ အဲဒီလို ရှင်းလင်းတင်ပြပြီးလို့ အထွေထွေဆွေးနွေးခြင်း အပိုင်းရောက်တဲ့အခါ ကျွန်တော်က အခုလို ဝန်ထမ်းတွေကို နှစ်စဉ်ဆုကြေးငွေပေးတာ အလွန်ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ ထပ်ပြီးဝန်ထမ်းတွေရဲ့ လစာကိုလည်းတိုးပေးဖို့ စဉ်းစားနေတယ်ဆိုလို့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ ဒီလိုအချိန်မှာ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ဆရာကြီး မင်းသုဝဏ်ရဲ့ မောင်ခွေးဖတ်ဖို့ ကဗျာများထဲက ဆွမ်းအုပ်နီနီကဗျာလေးကို သတိရမိပါကြောင်းပြောပြီး ကဗျာလေးကို အောက်ပါအတိုင်း ဆိုပြမိပါတယ်-
“ဆွမ်းအုပ်နီနီ အမေရွက်လို့ မနက်ဖြန်သဘက် ကျောင်းတက်မယ် …..
မောင်လည်းလိုက်မယ် ...... ချန်မထားနဲ့ အမေသွားတော့ ပျင်းလှတယ် …..
ကျောင်းကြီးပေါ်မှာ မောင်မဆော့နဲ့ ...... ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ် .....
မောင်မဆော့ပါ..... စိပ်ပုတီးနဲ့ ဘုန်းတော် ကြီးလို နေပါ့မယ် ... လိုက်မယ် ... လိုက်မယ် …”
ကျွန်တော်အဲဒီကဗျာလေးလည်း ဆိုပြီးရော တာဝန်ရှိသူက ဝမ်းသာအားရနဲ့ လက်ခုပ်လက်ဝါးတီးပြီး ဟား ... ဟား ... ဟား မောင်လည်းလိုက်မယ် ချန်မထားနဲ့၊ မောင်လည်းလိုက်မယ်ချန်မထားနဲ့ ဆိုပါတယ်။ နောက် “ကျွန်တော်တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး ဘုတ်အဖွဲ့ဝင်တွေကို ဆုကြေးပေးဖို့ ဆောင်ရွက်ပါ့မယ်” ပြောပြီး အဲဒီနေ့ညနေပိုင်းမှာပဲ ဘုတ်အဖွဲ့ဝင်တွေကို ဆုကြေးငွေတွေပေးခဲ့ပါတယ်။ သဒ္ဓါတရားရှိသူတွေကျတော့ အခြေခံကောင်းကြလို့ အရိပ်ပြရုံနဲ့ အကောင်ထင်ကြပါတယ်။
သဒ္ဓါတရားနဲ့ပတ်သက်လို့ ဓမ္မပဒမှာ “သဒ္ဓါတရားသည် နိဗ္ဗာန်သို့သွားရာ တံတားကြီးဖြစ်၏” လို့ ဖော်ပြထားပါတယ်။ သဒ္ဓါတရားအရင်းခံ မျိုးစေ့မှာ အတိတ်ကံနှင့် ပစ္စုပ္ပန်အားထုတ်မှုနှစ်ခု ပေါင်းစပ်မှုဖြစ်ကြောင်း၊ သဒ္ဓါတရားပြင်းထန်သူများသည် ရှေးဘဝများစွာတွင် ဒါန၊ သီလ၊ ဘာဝနာ ပါရမီများ ဖြည့်ကျင့်ခဲ့ကြသူများဖြစ်ကြောင်း၊ ဥပမာပါရမီဆယ်ပါးဖြည့်ခဲ့သော ဝေဿန္တရာမင်း၏ ဘဝကဲ့သို့ဖြစ်ကြောင်း၊ ယခုဘဝတွင်လည်း ရတနာသုံးပါးကို ကိုးကွယ်ခဲ့သည့်ပုဂ္ဂိုလ်များ၊ ရဟန်းတော်များ၊ သီလရှင်များနှင့် ဆက်သွယ်မှုရှိလေ့ရှိသူများဖြစ်ကြောင်း ဖတ်ရှုမှတ်သားခဲ့ဖူးပါတယ်။
သဒ္ဓါတရားနဲ့ ပတ်သက်လို့ရေးနေရင်း ၁၇-၇-၂၀၂၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ “အင်အားပြင်း မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ ကြီးကြပ်မှုဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးကျင်းပ” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ကို ဖတ်ရှုလိုက်ရပါတယ်။
သတင်းမှာ ဖော်ပြထားတာက အင်အားပြင်း မန္တလေးငလျင်ကြီး
ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေကြီးကြပ်မှု ဗဟိုကော်မတီပထမအကြိမ်အစည်းအဝေးကို ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဦးစီး၍ ၁၆-၇-၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နေပြည်တော်၌ ကျင်းပခဲ့ကြောင်း၊ အဆိုပါရန်ပုံငွေထူထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရန်၊ ပြည်သူများ၏ အိုးအိမ်များ ပြန်လည်ထူထောင်ရန်နှင့် နေထိုင်မှုအဆင်ပြေစေရန် သက်သာသောအတိုးနှုန်းဖြင့် တစ်ဖက်တစ်လမ်းမှ ချေးငွေပံ့ပိုးပေးနိုင်ရန်၊ ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက် အထူးချေးငွေအစီအစဉ်တွင် ပါဝင်သည့် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများမှတစ်ဆင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ ပံ့ပိုးမှုတို့ဖြင့် ရန်ပုံငွေအား စုစုပေါင်း ငွေကျပ် ဘီလီယံ ၇၀၀ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆောက်အအုံနှင့် နေအိမ်များ ပြန်လည်တည်ဆောက်မွမ်းမံရေးအတွက် အတိုးနှုန်းသုံးရာခိုင်နှုန်း၊ MSME များ၏ လုပ်ငန်းလည်ပတ် ရင်းနှီးငွေ (Working Capital)နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအတွက် အတိုးနှုန်းငါးရာခိုင်နှုန်း၊ စက်ရုံလုပ်ငန်းကြီးများ၏ စက်ယန္တရားများနှင့် ရင်းနှီးမြှုပ်နှံမှုစရိတ်အတွက် အတိုးနှုန်းခုနစ်ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ယာယီချေးငွေ (Bridging Loan) အတွက် အတိုးနှုန်းခုနစ်ရာခိုင်နှုန်းတို့ဖြင့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း။
ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်
နိုင်ငံတော်ရန်ပုံငွေဖြင့် ထုတ်ချေးသည့်အတွက် ဆုံးရှုံးနိုင်ခြေမရှိအောင် ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဆွေးနွေးအကြံပြုချက်များအရ ဦးစားပေးကဏ္ဍများအနေဖြင့် MSME လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ပုဂ္ဂလိကစာသင်ကျောင်းများ၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏ ပျက်စီးသွားသော လူနေအိမ်များအား ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ အမြန်ဆုံးထုတ်ချေးသွားနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားတာကို ဖတ်ရှုလိုက်ရပါတယ်။
အဲဒီသတင်းမှာ ငလျင်ဘေးဒဏ်သင့် စီးပွားရေးလုပ်ငန်းတွေနဲ့ ဝန်ထမ်းတွေ၊ ပြည်သူတွေအပေါ် နိုင်ငံတော်အစိုးရရဲ့ စေတနာ၊ သဒ္ဓါတရားကို အထင်အရှားတွေ့မြင်ရလို့ ဝမ်းသာပီတိဖြစ်ရသလို ၁၁-၇-၂၀၂၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ ခေါင်းစဉ်နဲ့လည်း သတင်းတစ်ပုဒ်ဖတ်လိုက်ရလို့ ချေးငွေတွေနဲ့ ပတ်သက်လို့ သတိထားဆောင်ရွက်ဖို့ လိုအပ်တာကိုလည်း သတိပြုမိပါတယ်။
အဲဒီသတင်းမှာ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၅) ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ချေးငွေအတိုး၊ အရင်းမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်းများမှ ငလျင်ဘေးဒဏ်အမှန်တကယ်ထိခိုက်ခံစားခဲ့ရသည့် ကုမ္ပဏီ/လုပ်ငန်းများကို ချန်လှပ်၍ ကျန်လုပ်ငန်းများကို စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူရန်ကိစ္စ၊ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးကဏ္ဍနှင့် ရုပ်ရှင်၊ ဂီတ၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍတို့သည် ချေးငွေသက်တမ်းကာလပြည့်မြောက်နေပြီဖြစ်သည့်အတွက် ချေးငွေများ ပြန်လည်ကောက်ခံရန်ကိစ္စတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း ဖတ်ရှုရပါတယ်။
ချေးငွေအရင်း/အတိုးတွေကို ပြန်လည်ရရှိအောင် အထူးဂရုပြုကြပ်မတ်သွားဖို့ လိုအပ်
ဒါကြောင့် ချေးငွေရယူခဲ့တဲ့၊ ချေးငွေရယူမယ့် စီးပွားရေးလုပ်ငန်းတွေနဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ စေတနာနဲ့ သဒ္ဓါတရားကို ယုံကြည်စိတ်ချရမှု (Trust, Faith)နဲ့ တုံ့ပြန်ဖို့ လိုအပ်တာကို တွေ့ရပါတယ်။ ကြွေးယူတော့ပြုံးပြုံး၊ တောင်းတော့မုန်းဆိုတဲ့ ဆိုရိုးစကားလိုမဖြစ်ဖို့၊ မင်းဘဏ္ဍာကိုယ့်ဟာမှတ်လို့ မလုပ်မိဖို့၊ ကြွေးတင်ရှင်ဘုရင်ဆပ်လိမ့်မယ်ဆိုပြီး ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်မလုပ်မိကြဖို့ အထူးလိုအပ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ စေတနာ၊ သဒ္ဓါတရားနဲ့ပေးတဲ့ ချေးငွေတွေကို ချေးငွေရယူသူတွေအနေနဲ့ စနစ်တကျ စီမံခန့်ခွဲအသုံးချဖို့ လိုအပ်သလို သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်အနေနဲ့လည်း ချေးငွေအရင်း/ အတိုးတွေကို သတ်မှတ်ချိန်အတိုင်း ပြန်လည်ရရှိအောင် အထူးဂရုပြုကြပ်မတ်သွားဖို့ လိုအပ်ပါတယ်။
အချုပ်အားဖြင့်တင်ပြရရင် နိုင်ငံတော်အစိုးရရဲ့ သဒ္ဓါတရားကို ကိုယ်ရယူထားတဲ့ ချေးငွေတွေအတွက် သတ်မှတ်ချက်နဲ့အညီ အရင်း/အတိုးတွေကို စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပြည်သူတွေနဲ့ဝန်ထမ်းတွေက အချိန်မီပေးဆပ်ခြင်းတည်းဆိုတဲ့ ယုံကြည်စိတ်ချရမှုနဲ့ တုံ့ပြန်ကြပါစို့လို့ အသိ၊ သတိပြုနိုင်ပါရန် ရေးသားတင်ပြလိုက်ရပါတယ်။ ။