Skip to main content

သစ်ပင်စိုက်ပျိုးခြင်းဖြင့် အနာဂတ်ကို စောင့်ရှောက်ကြပါစို့

ကိုဘုန်း(ထုတ်လုပ်)

လူ၊ ကျေးငှက်တိရစ္ဆာန်နှင့် သစ်တောသစ်ပင်တို့သည် ခွဲခြား၍မရနိုင်သော လက်တွဲဖော်များဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ကူးလူးယှက်နွှယ် ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ အတူတကွယှဉ်တွဲတည်ရှိကြသည်။ တိရစ္ဆာန်နှင့်သစ်တောသစ်ပင်တို့သည် ကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည် တည်တံ့ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြမည့် သယံဇာတအရင်းအမြစ်များ ပင်ဖြစ်သည်။

ကမ္ဘာ့လူဦးရေ တိုးတက်လာသည်နှင့်အမျှ ရုပ်ကြွင်းလောင်စာကို အလွန်အကျွံထုတ်ယူသုံးစွဲမှု၊ သဘာဝသယံဇာတအရင်းအမြစ်များကို ပိုမိုအသုံးပြုလာမှု၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျမစွန့်ပစ်မှု၊ စက်ရုံ၊ အလုပ်ရုံများနှင့် ယာဉ်များမှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု စသည်တို့ကြောင့် ကမ္ဘာ့နေရာ အနှံ့အပြားတွင် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့်မုန်တိုင်းများကဲ့သို့ ပြင်းထန်သောရာသီဥတုဖြစ်စဉ်များကို ကြုံတွေ့နေကြရပါသည်။ ထိုသို့ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာမှုများကို ထိန်းသိမ်းရာတွင် သစ်ပင်စိုက်ခြင်းမှာ အရေးကြီးသော အခန်းကဏ္ဍဖြစ်ပါသည်။

သစ်ပင်များ၏ အရေးပါသောအခန်းကဏ္ဍကို မီးမောင်းထိုးပြ

ကမ္ဘာ့ကုလသမဂ္ဂသည် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံး သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လှုံ့ဆော်တိုက်တွန်းခဲ့ပါသည်။ သစ်တော၊ သစ်ပင်ပြုန်းတီးမှုကိုကာကွယ်ရန် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများအား ဇူလိုင်လကို သစ်ပင်စိုက်ပျိုးရေးလအဖြစ် သတ်မှတ်ပေးခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့ကိုလည်း ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့သည် သစ်ပင်များ၏အရေးပါမှုကို အသိပညာ မြှင့်တင်ရန်၊ ကမ္ဘာတစ်ဝန်းရှိ လူများအားသစ်ပင် စိုက်ပျိုးရန်နှင့် သစ်တောပြုန်းတီးမှုကို ဆန့်ကျင်ရေး တွန်းအားပေးရန်အတွက် သတ်မှတ်ခြင်းဖြစ်သည်။ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်၊ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူခြင်း၊ တောရိုင်း တိရစ္ဆာန်များနေထိုင်ရာနေရာများ ပံ့ပိုးပေးခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် သစ်ပင်များ၏ အရေးပါသောအခန်းကဏ္ဍကို မီးမောင်းထိုးပြရန် ရည်ရွယ်ပါသည်။

ကမ္ဘာမြေပေါ်တွင် သစ်တောသစ်ပင်များ ပြုန်းတီးလာခြင်းသည် ရာသီဥတုဖောက်ပြန်မှုအတွက် အဓိကတွန်းအားပေးနေသည့် အကြောင်း ရင်းတစ်ရပ်ပင်ဖြစ်သည်။ “ဥတုရာသီတောကိုမှီ၏” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရာသီဥတုဖောက်ပြန်မှု ကို ဟန့်တားရာတွင်လည်း သစ်တောသစ်ပင်များ သည် အဓိကကျသော အခန်းကဏ္ဍမှပါဝင်သည်။ သစ်ပင်များကို စည်းကမ်းမဲ့ခုတ်လှဲကြသဖြင့် သစ်တောများပြုန်းတီးကာ သစ်ပင်များ ရှားပါးလာရုံသာမက ကမ္ဘာကြီးပူနွေးလာမှု၊ မိုးခေါင်ရေရှား မှု၊ အစာရေစာငတ်မွတ်ခေါင်းပါးမှု စသည်တို့နှင့် ရင်ဆိုင်နေကြရပါသည်။ သို့ဖြစ်၍ ဤကမ္ဘာမြေသာယာလှပစိမ်းလန်းစိုပြည်ရန်၊ လူသားများနှင့် အတူ မျှဝေနေထိုင်သော သတ္တဝါများ၏ ဂေဟစနစ် မှန်ကန်စေရန် သဘာဝတောများကို ထိန်းသိမ်း ကြရမည်ဖြစ်ပါသည်။

သစ်ပင်များသည် ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီး အလင်းပြန်ခြင်းမှတစ်ဆင့် အောက်ဆီဂျင် ထုတ်လွှတ်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သောကြောင့် ရာသီဥတုပြောင်းလဲမှုကို လျော့ပါးစေပြီး လေထုအရည်အသွေးကို မြှင့်တင်ပေးပါသည်။ ဂေဟစနစ်ပံ့ပိုးရာတွင် သစ်ပင်များသည် ဇီဝမျိုးစုံမျိုးကွဲများကို မြှင့်တင်ပေးပြီး ဂေဟဗေဒဆိုင်ရာ ဟန်ချက်ညီမှုကို ပံ့ပိုးပေးသည့် တောရိုင်းတိရစ္ဆာန်မျိုးစိတ် အမျိုးမျိုးအတွက် နေထိုင်ရာနှင့်အစာကို ထောက်ပံ့ပေးပါသည်။

ထို့အပြင် သစ်ပင်အမြစ်များသည် မြေဆီလွှာ တိုက်စားခြင်းမှ ကာကွယ်ပေးပြီး မြေဆီဩဇာကို ထိန်းသိမ်းပေးသည်။ ၎င်းတို့သည် ရေလည်ပတ်မှုကို ထိန်းညှိရန်နှင့် ရေလွှမ်းမိုးမှုအန္တရာယ်ကို လျှော့ချရန် လည်း အထောက်အကူပြုပါသည်။ သစ်ပင်များသည် အရိပ်အာဝါသကိုပေးကာ အပန်းဖြေရန်အတွက် ငြိမ်းချမ်းသောပတ်ဝန်းကျင်ကို ဖန်တီးသောကြောင့် သစ်ပင်များအနီးတွင်ရှိနေခြင်းသည် စိတ်ဖိစီးမှုကို လျှော့ချ၍ စိတ်ကျန်းမာရေးကို ကောင်းမွန်စေပါသည်။ ထို့ပြင် သစ်၊ သစ်သီးများ၊ အခွံမာသီးများနှင့် ဆေးဖက်ဝင်အပင်များကဲ့သို့သော ထုတ်ကုန်များမှ တစ်ဆင့် ဒေသတွင်းစီးပွားရေးကိုလည်း အထောက်အကူပြုသည့် အကျိုးကျေးဇူးများကိုရရှိသည်။

သစ်တောစိုက်ခင်းများ တည်ထောင်

ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း သစ်တောသယံဇာတများ ရေရှည်တည်တံ့ စေရေးအတွက် သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရေးနှင့် သစ်တောပြုန်းတီးမှုလျော့နည်းစေရေးကို အထူးအလေးပေးလုပ်ဆောင်လျက်ရှိသည်။ သစ်ပင်စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သော မိုးတွင်းကာလ ဇွန်၊ ဇူလိုင်လများတွင် နှစ်စဉ်သစ်ပင်သိန်းပေါင်းများစွာ စိုက်ပျိုးလျက်ရှိသည်။ မြန်မာနိုင်ငံသည် သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များ ပြုစုထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိရာ ၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ သစ်တော စိုက်ခင်းလေးသိန်းကျော် စိုက်ပျိုးတည်ထောင်ခြင်း၊ သဘာဝတောဧက ၂ ဒသမ ၂၅ သန်းကို ကာကွယ်ထိန်းသိမ်းခြင်းတို့ ဆောင်ရွက်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအပါအဝင် ၁၃ ခရိုင် စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်တမ်း နှစ်နှစ်အထက် ပျိုးသက်ရင့်ပျိုးပင်များနှင့် ရွာတစ်ရွာနှစ်ဧက စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ၂၀၂၅ မိုးရာသီတွင် စိုက်ခင်းမျိုးစုံနှင့် တစ်ရွာနှစ်ဧက ကျေးရွာထင်းစိုက်ခင်းအပါအဝင် အပင်ပေါင်း နှစ်သန်းကျော် စိုက်ပျိုးခဲ့ရာ ကျေးရွာပေါင်း ၈၀၉ ရွာကို အကျိုးပြုစေမည်ဖြစ်သည်။ တစ်နိုင်ငံလုံး အနေဖြင့် သစ်တောစိုက်ခင်းမျိုးစုံအပါအဝင် သစ်ပင်ပေါင်း ၂၂ သန်းကို စိုက်ပျိုးမည်ဖြစ်သည်။

ထို့အပြင် ၂၀၃၀ ပြည့်နှစ်တွင် ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောကို နိုင်ငံ့ဧရိယာ၏ ၃၀ ရာခိုင်နှုန်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေကို နိုင်ငံ့ဧရိယာ၏ ၁၀ ရာခိုင်နှုန်း သတ်မှတ်ဖွဲ့စည်းရန် လျာထား ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဧပြီလအထိ သစ်တောနယ်မြေ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တော ၁၃၀၄ ခု၊ နိုင်ငံ့ဧရိယာ၏ ၂၅ ဒသမ ၈၈ ရာခိုင်နှုန်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၅၉ ခု၊ နိုင်ငံ့ဧရိယာ ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်းဖွဲ့စည်းထားပြီး ကာလခြောက်နှစ်ကျော်ခန့်အတွင်း လျာထားချက်ပြည့်မီအောင် ကာကွယ်ထိန်းသိမ်းခြင်းနှင့် စိုက်ပျိုးပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

အစားထိုးစိုက်ပျိုးရမည်

မြန်မာနိုင်ငံ၌ ပေါက်ရောက်သည့်အပင်မျိုးစုံတို့၏ အသုံးဝင်မှု၊ ဆေးဖက်ဝင်မှု၊ လူသုံးပစ္စည်းဖန်တီးနိုင်မှုတို့မှာ များလှသည်။ မြန်မာ့သစ်တောကြီးများ၏ ဇီဝမျိုးစုံကြွယ်ဝမှုမှာ ကြီးမားသော အမျိုးသားအမွေ ရတနာသိုက်ကြီးဖြစ်သည်။ ထို့ကြောင့် သဘာဝသယံဇာတများနှင့် ဇီဝမျိုးစုံ တို့ကို ပြုန်းတီးကွယ်ပျောက်ခြင်းမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရန် တိကျသော ဥပဒေများပြဋ္ဌာန်းထားပါသည်။ စိုက်သမျှသစ်ပင်များအားလုံး ရှင်သန်စေရန်အတွက်လည်း ဒေသနှင့်ကိုက်ညီသော အပင်များကို ရွေးချယ်တတ်ရန်လိုသည်။ သစ်ပင်တစ်ပင် ကိုခုတ်လှဲရန် မိနစ်ပိုင်းမျှပင် မကြာမြင့်သော်လည်း အရွယ်ရောက်သည့် သစ်ပင်တစ်ပင်ဖြစ်လာရန်မှာ နှစ်ပေါင်းများစွာ စောင့်ဆိုင်းကြရသည်။ သို့ဖြစ်၍ သစ်ပင်တစ်ပင်အား အလွယ်တကူမခုတ်လှဲသင့်သလို မဖြစ်မနေ ခုတ်လှဲမည်ဆိုပါက ခုတ်လှဲမည့်သစ်ပင်နေရာတွင် နောက်တစ်ပင် အစားထိုးစိုက်ပျိုး ရမည်ဖြစ်သည်။

ကမ္ဘာမြေပေါ်ရှိ လူများ၊ သတ္တဝါများနှင့် အပင်များအားလုံးသည် တစ်ခုနှင့်တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသကဲ့သို့ အပြန်အလှန် အမှီသဟဲပြုနေကြသည်ဖြစ်ရာ သက်ရှိသတ္တဝါအားလုံး ရေရှည် ရပ်တည်နိုင်ရန်မှာ သစ်တောသစ်ပင် ဇီဝမျိုးစုံမျိုးကွဲများကလည်း အရေးကြီးသည့်အခန်းကဏ္ဍ၌ ပါဝင်နေပါသည်။ သစ်တောရတနာသည် လူသားတို့အတွက် အမှန်တကယ် တန်ဖိုးကြီးမားလှသည်။ သစ်တောသစ်ပင်များမှငွေကြေးနှင့် တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအထောက်အပံ့များစွာကို ရရှိစေပါသည်။

ထို့ကြောင့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများစွာကို ဖြေရှင်းရန်၊ ကမ္ဘာမြေအစဉ်ထာဝရ လှပနေစေရန်အတွက် တစ်ဦးချင်းတစ်ယောက်ချင်းမှ အဖွဲ့အစည်းများ အားလုံးအထိ တစ်ပင်စိုက် တစ်ပင်ရှင်သစ်ပင်များကို ပူးပေါင်းပါဝင် စိုက်ပျိုးကြပါရန် တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။