Skip to main content

“မြန်မာ့တန်ဖိုး... မြန်မာ့အနာဂတ်” (Myanmar’s Value – Myanmar’s Future)

မောင်မိုး

(ယမန်နေ့မှ အဆက်)

အစမ်းသပ်ခံ မြန်မာ့တန်ဖိုး

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တာဝန်ယူကျင်းပခဲ့သည့် အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့သည် မဲဆန္ဒရှင်စာရင်းကို မမှန်ကန်သောနည်းလမ်းများဖြင့် မဲအရေအတွက် တိုးမြှင့်ခဲ့ခြင်း၊ အချို့သော မဲဆန္ဒနယ်များတွင် မဲပေးခြင်းလုပ်ငန်းစဉ်များကို ဥပဒေနှင့်မညီဘဲ ဆောင်ရွက်ခြင်း၊ မဲရလဒ်များကို မှတ်တမ်းတင်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းစသည်တို့ကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အာဏာကို မတရားနည်းဖြင့် ရယူရန် ကြိုးပမ်းခဲ့ကြသည်။ ဤအခြေအနေတွင် မြန်မာ့တပ်မတော်အနေဖြင့် အခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဒီမိုကရေစီစနစ်ကို ကာကွယ်ရန်အလို့ငှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးတာဝန်များကို လက်လွှဲယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

တစ်ပြိုင်နက်တည်းတွင်ပင် ပယောဂမကင်းသော မူဝါဒကွဲပြားမှုများ၊ လူမျိုးရေးကွဲပြားမှုများ၊ နိုင်ငံရေးစနစ်ကွဲပြားမှုများကို ပုံကြီးချဲ့ပြီး ပဋိပက္ခပိုမိုကြီးထွားအောင် ဆောင်ရွက်နေကြသည်ကိုလည်း မြင်တွေ့နေရပါသည်။ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးစိန်ခေါ်မှုများနှင့် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲနေသော အင်အားစုများကြောင့် မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေရဆဲဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်ငြိမ်မှုများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးစားထိန်းသိမ်းဆောင်ရွက်ကာ ရှေ့လုပ်ငန်းစဉ်များအတိုင်း မဆုတ်မနစ် ချီတက်လျက်ရှိပါသည်။ သို့ရာတွင် အမျိုးမျိုးသော သွေးထိုးလှုံ့ဆော်အားပေးအားမြှောက်မှုများကြောင့် ယနေ့ထက်တိုင် အကျိုးဆက်အနေဖြင့် ပြည်သူလူထု၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအပေါ် အနည်းနှင့်အများ ထိခိုက်စေခဲ့ပါသည်။ တစ်နည်းဆိုရသော် အခြေအနေအရပ်ရပ်ကြားတွင် မြန်မာ့တန်ဖိုးစံနှုန်းများ ဆေးရေးမှေးမှိန်ခဲ့ရပါသည်။

နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ မြန်မာနိုင်ငံ၏ ခံနိုင်ရည်နှင့် ပြန်လည်ထူထောင်ရေးစွမ်းရည်ကို စမ်းသပ်ခဲ့သည့် ပြင်းထန်သော သဘာဝဘေးအန္တရာယ်များကိုလည်း ကြုံတွေ့ခဲ့ရသည်။ ယနေ့မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကြောင့် ဖြစ်ပေါ်လာသည့် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များကို ကမ္ဘာ့နိုင်ငံအားလုံးက ရင်ဆိုင်တွေ့ကြုံနေရပြီး မြန်မာနိုင်ငံမှာလည်း ၂၀၂၃ ခုနှစ်၊ မေလမှာ ‘မိုခါ’မုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ‘ရာဂီ’ မုန်တိုင်း၏ အကြွင်းအကျန်တိမ်တိုက်များကြောင့် ရေကြီးရေလျှံဘေးများကို ရင်ဆိုင်ကျော်လွှားခဲ့ကြရပါသည်။

ထို့အတူ ၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့ မွန်းလွဲပိုင်း၌ အင်အား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် အယုတ်အလတ်အမြတ်မရွေး၊ ဆင်းရဲချမ်းသာမရှိ၊ လူမျိုးဘာသာအသွေးအရောင်မခွဲခြား၊ အသက်အရွယ်မပိုင်းခြား၊ နိုင်ငံရေးအရောင်အသွေးမသိ နိုင်ငံတစ်ဝန်းရှိ သက်ရှိလူသားအားလုံးနှင့် တိရစ္ဆာန်များအပေါ် သက်ရောက်မှုကြီးမားစွာ ဖြစ်ပေါ် ခဲ့ရပါသည်။ ငလျင်ဘေးသင့်ဒေသများမှ ပြည်သူများ၏ လူမှုစီးပွားဘဝများ၊ အခြေခံ အဆောက်အအုံ၊ လမ်း၊ တံတားအပါအဝင် အမြတ်တနိုး တန်ဖိုးထားကိုးကွယ်ရာဖြစ်သည့် ဘုရား၊ စေတီ၊ ကျောင်း၊ ကန်၊ ပုထိုးတွေ များစွာမြေခလဲပြိုခဲ့ရမှုအပေါ် နိုင်ငံသားများအနေဖြင့် ယူကျုံးမရ မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ကြရသည်။ ဤသည်မှာလည်း သဘာဝတရားကြီးက မြန်မာ့တန်ဖိုးများအပေါ် စမ်းသပ်လိုက် ခြင်းပင်ဖြစ်သည်။

ငလျင်လှုပ်ခတ်ပြီးချိန်မှစ၍ နိုင်ငံတော်အကြီးအကဲနှင့် အစိုးရအဖွဲ့များသည် ချက်ချင်းလှည့်လည်ကြည့်ရှုကာ ပျက်စီးမှုဒဏ်သင့်ဒေသများသို့ အရေးပေါ်အကူအညီများပေးပို့ခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာပိတ်မိနေသူများကို အမြန်ဆုံး ကယ်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ ဒုက္ခသည်များအား ယာယီခိုလှုံရန် စခန်းများဖွင့်လှစ်ပေးခဲ့ခြင်းနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဆင့်လိုက် စနစ်တကျ ဆောင်ရွက်ခဲ့ရာ ပထမအဆင့်တွင် ပျက်စီးသောလမ်းများ၊ တံတားများနှင့် အခြေခံအဆောက်အအုံများကို အရေးပေါ်ပြုပြင်မှုများ ပြုလုပ်ခဲ့ပြီး ဒုတိယအဆင့်တွင် ဆက်သွယ်ရေးလိုင်းများ၊ လျှပ်စစ်နှင့် ရေသွယ်စနစ်များကို ပြန်လည်ဖော်ဆောင်ခဲ့သည်။

တတိယအဆင့်အနေဖြင့် အန္တရာယ်ရှိအဆောက်အအုံများကို ဖြိုဖျက်ကာ ရေရှည်တည်တံ့သော ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို စတင်ခဲ့သည်။

အာဆီယံနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူအညီများကို လက်ခံရယူကာ နည်းပညာ၊ ကျွမ်းကျင်မှုနှင့် ငွေကြေးအထောက်အပံ့များ ရရှိအောင် ဆောင်ရွက်ခဲ့သည်။ နိုင်ငံတကာ မီဒီယာများတွင် မြန်မာပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းကို မီးမောင်းထိုးပြခဲ့သည်။ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးအတွက် ငလျင်ဒဏ်ခံနိုင် ရည်ရှိသော အဆောက်အအုံများ တည်ဆောက်ရန် စံချိန်စံညွှန်းများ ပြန်လည်သတ်မှတ်ခဲ့ပြီး သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် သင်တန်းများပို့ချခဲ့သည်။ ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်တည်ဆောက် ရာတွင် ပြည်သူများ၏စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် စိတ်ပိုင်းဆိုင်ရာ ခွန်အား များ ရရှိစေခဲ့သည်။

“၇ ဒသမ ၇ ရစ်(ခ်)တာစကေးပြင်းအားရှိ ငလျင်ကြီးသည် အုတ်၊ သဲ၊ ကျောက်၊ သံမဏိများနဲ့ အခိုင်အမာတည်ဆောက်ထားရှိတဲ့ လမ်း၊ တံတား၊ အဆောက်အအုံတွေကို အတုံးအရုံးလဲကျအောင် ဖြိုလှဲနိုင်ခဲ့ပေမယ့် မြန်မာတို့ရဲ့စိတ်ဓာတ်ကိုတော့ ယိမ်းယိုင်လဲကျသွားအောင် လှုပ်ခတ်မစွမ်းဆောင်နိုင်ခဲ့ပါဘူး”

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြန်လည်ကုစားရန်နှင့် အနာဂတ်တွင် ပိုမိုကောင်းမွန်သော လူမှုစီးပွားစနစ်ကို တည်ဆောက်ရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

တစ်ပြိုင်နက်တည်းတွင်ပင် နိုင်ငံရေးစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ဆက်လက်အကောင်အထည်ဖော်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ ထာဝရငြိမ်းချမ်းရေးကို ရှေးရှုကာ တပ်မတော်မှ တစ်ဖက်သတ်အပစ် အခတ်ရပ်စဲပေးခဲ့မှုများ အကြိမ်ရေများစွာရှိခဲ့ပြီး မတ်လ (၂၈) ရက်နေ့ မန္တလေးငလျင်ကြီး လှုပ်ခတ်အပြီးတွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပေါ် အားသွန်ခွန်စိုက် ပြုလုပ်နိုင်ရန်နှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် အထူးအထူးကိစ္စရပ်အနေဖြင့် တပ်မတော် မှအပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk-2025) နှင့် ဇွန်လအတွင်း ငြိမ်းချမ်းရေးဖိုရမ် (Peace Forum-2025) ကို ကျင်းပခဲ့ရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများ၊ နိုင်ငံတကာမှ ဧည့်သည်တော်များ၊ နိုင်ငံခြားသံရုံးအသီးသီးမှ သံတမန်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ မီဒီယာများ၊ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များနှင့် လေ့လာသူများစသည့် အလွှာစုံအစုအဖွဲ့အသီးသီးမှ တက်ရောက်ဆွေးနွေး ဆောင်ရွက်မှုများကိုကြည့်ခြင်းဖြင့် အစိုးရနှင့် ပြည်သူများက ငြိမ်းချမ်းမှုရရှိရေးအတွက် မည်မျှဆန္ဒပြင်းပြလျက်ရှိကြောင်း တွေ့မြင်ရမည်ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးစကားဝိုင်းများတွင်- “ငြိမ်းချမ်းရေးမူဝါဒတွေဟာ NCA စာချုပ်ရဲ့ အနှစ်သာရတွေဖြစ်သလို ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုတွေကရရှိလာတဲ့ “အသိတရား” တွေဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှု ခိုင်မြဲစေဖို့အတွက် လိုက်နာလုပ်ဆောင်ရမယ့် “အရှိတရား” တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အန္တိမမျှော်မှန်းထားတဲ့ ရည်မှန်းချက်ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ “ပြည်ထောင်စုနိုင်ငံ” ထူထောင်နိုင်ဖို့ဖြစ်ပါတယ်” ဟု အလေးအနက်ထားပြောကြားခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ လက်ရှိမြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရသည့် သဘာဝဘေးဒဏ်များ၊ ပြည်ထောင်စုကြီး ပြိုကွဲရန် ပြည်တွင်း၊ ပြည်ပအဖျက်အမှောင့်လုပ်ရပ်များအားလုံးကို ကျော်လွှား၍ အစိုးရ၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံးက“မီးလျှံကြားမှ ဇာမဏီငှက်” ကဲ့သို့ အတူရုန်းထကြိုးပမ်းဆောင်ရွက်ကာ ပြည်ထောင်စုစိတ်ဓာတ်တန်ဖိုးကို ခိုင်မာအားကောင်းစေရန် မြှင့်တင်ရင်း ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုဆီသို့ ချောမွေ့အောင်မြင်စွာ အသွင် ကူးပြောင်းနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။

မြန်မာ့အနာဂတ် (Myanmar’s Future)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် “မိမိကိုယ်ကို အားကိုးခြင်းမူဝါဒ (Self Reliance Policy)” ကို အခြေခံ၍ ပြည်သူများနှင့်အတူ အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ရည်မှန်းတည်ဆောက်လျက်ရှိပါသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း “လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်” ကျင်းပ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကြီးဆီသို့ ဦးတည်လျှောက်လှမ်း လျက်ရှိပါသည်။ ရွေးကောက်ပွဲများမှတစ်ဆင့် ပေါ်ထွက်လာမည့် ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်သည် အာဏာ ခွဲဝေကျင့်သုံးခြင်း (Power Sharing)၊ သယံဇာတခွဲဝေခြင်း (Resource Sharing) အစရှိသည်တို့ကို လွှတ်တော်များမှတစ်ဆင့် ကျင့်သုံးဆောင်ရွက်နိုင်ခြင်းက ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက်လည်း ကြီးမားသော အထောက်အပံ့ဖြစ်စေမည်ဖြစ်ပါသည်။

ယခုကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံသားအားလုံးအတွက် နိုင်ငံရေး ဖြစ်စဉ်တစ်ခုထက်ပိုသော မျှော်လင့်ချက်များကို ဆောင်ကြဉ်းလာမည်ဖြစ်ပါသည်။ မြန်မာတို့၏ အမျိုးသားရေးစရိုက် လက္ခဏာနှင့် တန်ဖိုးများကို ပြန်လည်မြှင့်တင်နိုင်မည်ဖြစ်ပြီး အခွင့်အလမ်းများဖြင့် ပြည့်နှက်နေသော မြန်မာ့အနာဂတ်ကို ပုံဖော်ရန် ကတိကဝတ်လည်း ဖြစ်ပါသည်။ ရွေးကောက်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံသည် တင့်တယ်စွာ၊ တန်ဖိုးသိစွာ၊ ဂုဏ်သိက္ခာရှိစွာ၊ ရပ်တည်မှုကို နိုင်ငံတကာ အား ရှင်းလင်းပြတ်သားစွာ အသိပေးနိုင်မည်ဖြစ်ပါသည်။ မှေးမှိန်သယောင်၊ ညှိုးနွမ်းသယောင်ဖြစ်နေသည့် မြန်မာ့တန်ဖိုးများကို အရောင်တင်ခြင်းဖြင့် မြန်မာ့အနာဂတ်ကို ပုံဖော်ခြယ်သရမည်ဖြစ်ပါသည်။ မြန်မာ့တန်ဖိုးမြှင့်တင်ရေးကဏ္ဍ (Myanmar’s Value) နှင့် မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေးကဏ္ဍသည် အနှစ်သာရအားဖြင့်လည်း ထပ်တူကျလျက်ရှိပါသည်။

လက်ရှိအခြေအနေများအရ ရွေးကောက်ပွဲကျင်းပခြင်းကို ထွက်ပေါက်ဟု မယူဆနိုင်ပါ။ လာမည့်ရွေးကောက်ပွဲသည် အနာဂတ်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး ဆီသို့ ချီတက်ရာ မုခ်ဦးတံခါးဝတစ်ခုဟု ဆိုနိုင်ပါသည်။ ရွေးကောက်ပွဲ ပင်မတံခါးကြီးကို ဖွင့်လှစ်ဝင်ရောက်ပြီး ပဋိပက္ခမှန်သမျှ နိုင်ငံရေးစားပွဲဝိုင်းများအပေါ်တွင် ဖြေရှင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖော်ဆောင်ကာ ညီညွတ်မှုကို တည်ဆောက်ရင်း မြန်မာ့တန်ဖိုးများကို မြှင့်တင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ အစီအရီ အသင့်ရှိနေကြမည့်ပုံရိပ်ကို လှမ်းမျှော်ကြည့်နိုင်ပါသည်။ ယခုလာမည့်ရွေးကောက်ပွဲသည် အနာဂတ်မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုလမ်းမကြီး ဆီသို့ ချိတ်ဆက်ပေးမည့် ပေါင်းကူးတံတားကြီးပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် မျှော်လင့်ချက်များ စုစည်းပေါင်းဆုံရာ ပြည်ထောင်စုအိမ်ကြီး၏ ဝင်ပေါက်တစ်ခု (Gateway to Democracy) ဟုလည်း ဆိုနိုင်ပါသည်။

မြန်မာ့လမ်းကြောင်း…

မြန်မာ့အနာဂတ် (Myanmar’s Way-Myanmar’s Future)

မြန်မာ့အနာဂတ်သို့ လျှောက်လှမ်း ရာလမ်းကြောင်းသည် လွယ်ကူသော လမ်းမဟုတ်ပေ။ သို့ဖြစ်ရာ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရင်း အခွင့်အလမ်းများ ဖော်ထုတ်အသုံးပြု နိုင်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မြန်မာ့အနာဂတ်ကို အကောင်အထည်ဖော်တည်ဆောက်ရာတွင် ဦးစွာလွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးသည် အလွန်အဓိကကျနေပါသည်။

အနာဂတ်အစီအမံများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေး မြန်မာ့လမ်းကြောင်းကို လျှောက်လှမ်းရာတွင် သမိုင်းတန်ဖိုး၊ နိုင်ငံရေးတန်ဖိုး၊ စီးပွားရေးတန်ဖိုး၊ ပထဝီဗဟိုချက်တန်ဖိုး၊ ဘာသာ၊ သာသနာယဉ်ကျေးမှုတန်ဖိုး၊ လူမှုရေးတန်ဖိုးနှင့် ပြည်ထောင်စုစိတ်ဓာတ်တန်ဖိုးများကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်ခြင်းနှင့်အတူ ပြည်သူတစ်ဦးချင်းစီ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လိုစိတ်၊ တာဝန်ယူလိုစိတ်၊ စည်းလုံးညီညွတ်မှုနှင့် ကြံ့ကြံ့ခံနိုင်သော စွမ်းအားများဖြင့် ပြည်ထောင်စုကြီးခိုင်မာ အားကောင်းစေရန် စုစည်းပုံဖော်တည်ဆောက်သွားရန် လိုအပ်ပါသည်။ သို့ဖြစ်၍လည်း ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ကျင်းပပြုလုပ်ခဲ့သည့် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ” တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့အနေဖြင့် အခွင့်အလမ်းများရှိသကဲ့သို့ စိန်ခေါ်မှုများလည်းရှိကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို နည်းလမ်းပေါင်းစုံဖြင့် ကျော်လွှားပြီး နိုင်ငံတိုးတက်ရေးကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများအနေဖြင့် ယနေ့မှစပြီး “မြန်မာ့အနာဂတ်ဘဝလှပဖို့- မြန်မာ့တန်ဖိုးမြှင့်ကြစို့” ဟု လေးနက်စွာ တိုက်တွန်းပြောကြားခဲ့ပါသည်။

ယနေ့ မြန်မာနိုင်ငံသည် လေပြင်းမုန်တိုင်းများ ကင်းစင်ချိန်တွင် ပေါ်ထွက်လာသည့် သက်တံကြီးပမာ အရောင်အသွေးစုံလင်မျှတမှုကို ရှေးရှု၍ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်သော မြန်မာ့ အနာဂတ်ဆီသို့ လှမ်းချီရမည့် အချိန်အခါပင်ဖြစ်ပါသည်။ သို့ဖြစ်ရာ “သမိုင်းအစဉ်အလာကြီးမားခဲ့သည့် မြန်မာ့တန်ဖိုးနှင့် မြန်မာ့ပထဝီအနေအထား၏ အရေးပါစွာ တည်ရှိနေမှုများကို အရာရောက်… ဖြစ်မြောက်အောင်မြင်သည်အထိ ပုံဖော်တည်ဆောက်နိုင်ရေးနှင့် နိုင်ငံတကာအလယ်တွင် အောက်တန်းနောက်တန်းမကျစေရေးတို့အတွက် မျိုးချစ်စိတ်နှင့်အတူ တက်ကြွသော နိုင်ငံသား (Active Citizen) စိတ်ဓာတ်များဖြင့် မှေးမှိန်ပျောက်ကွယ်လုနီးဖြစ်နေသော “မြန်မာ့တန်ဖိုး” များကို မြှင့်တင်ရင်း အနာဂတ်နေ့သစ်များဆီသို့ အတူတကွ ပေါင်းစည်းချီတက်ကြရမည့် အချိန်အခါသမယဖြစ်ပါကြောင်း....” ။