Skip to main content

ကမ္ဘာမြေကြီးကျန်းမာဖို့ သစ်ပင်စိုက်ပျိုးကြပါစို့

ကိုကျော်စွာ(ကျိုက်ပိ)

မိုးဦးလေဦး ယခုကာလ၌ လောကတစ်ခွင်သည် စိမ်းစိုလန်းဆန်းလျက်ရှိသည်။ လျှပ်ပန်းလျှပ်နွယ်တို့က မီးပန်းဆိုင်းဆွဲထားသကဲ့သို့ လင်းလက်လျက်ရှိသည်။ ထိုအခါ မိုးကိုကြိုလင့်နေသောပန်းတို့သည်လည်း ဟိုမှာသည်မှာ အရောင်အသွေးစုံစွာဖူးပွင့်နေကြသည်။ ဤကားမိုးရာသီ၏ ပြယုဂ်ပင်ဖြစ်ပါသည်။

နောက်ထပ်မိုးရာသီ၏ ပြယုဂ်တစ်ခုလည်း ရှိပါသေးသည်။ ယင်းကား မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သစ်ပင်စိုက်ပျိုးပွဲများကို ကျင်းပလေ့ရှိခြင်းကြောင့် ဖြစ်ပါသည်။ စာရေးသူ တို့နိုင်ငံတွင်လည်း ထိုကဲ့သို့ မိုးဖြိုင်ဖြိုင်ရွာသွန်းပြီဆိုပါက မြို့နယ်အလိုက်၊ တိုင်းဒေသကြီးအလိုက်၊ ပြည်နယ်အလိုက် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ပြည်သူတို့စုပေါင်း၍ သစ်ပင်စိုက်ပျိုးလေ့ရှိကြသည်ကို သတင်းစာများ၌ မကြာခဏတွေ့ရပါသည်။ ကျွန်း၊ ပျဉ်းကတိုး၊ မလေးရှားပိတောက်၊ ခရေ၊ တမာ၊ ပိတောက်အပါအဝင် အခြားသော ရွက်လှပင်များနှင့်လေကာပင်များကို နိုင်ငံတစ်ဝန်းရှိ ပြည်သူပြည်သားများစုပေါင်း၍ စိုက်ပျိုးကြပါသည်။ သစ်ပင်တို့ရှင်သန်နေသမျှ ကာလပတ်လုံး လူသားတို့အပါအဝင် သက်ရှိသတ္တဝါများ၊ မြေ၊ ရေ၊ လေ အစရှိသည့် သဘာဝပတ်ဝန်းကျင်ကိုလည်း ကာကွယ်ပေးသည်။ နောက်ဆုံး လူသားတို့ စည်းကမ်းမဲ့စွာခုတ်ပစ်စေဦးတော့ လောင်စာအဖြစ် လူသားတို့အတွက် အကျိုးပြုသွားပါသည်။

ယခုအခါသစ်ပင်များကို လမ်းဘေးဝဲယာများတွင်လည်းကောင်း၊ ကျေးလက်ဒေသများတွင် ဥယျာဉ်ခြံအဖြစ်လည်းကောင်း၊ ဘေးမဲ့တောများနှင့် ကြိုးဝိုင်းကြိုးပြင်တောများအဖြစ်လည်းကောင်း ထိန်းသိမ်းခြင်းနှင့် စိုက်ပျိုးခြင်းများကို ပြုလုပ်လျက်ရှိပါသည်။ သစ်တောဦးစီးဌာနအနေဖြင့်လည်း ပျိုးပင်များပျိုးထောင်၍ ပြည်သူလူထုအပါအဝင် ဌာနဆိုင်ရာများသို့ ဝေပေးထားခြင်းဖြင့် သစ်ပင်ကို စိုက်ပျိုးစေသည်။ ထို့အပြင် သစ်တောစိုက်ခင်းများကို တည်ထောင်ခြင်း၊ စိုက်ခင်းဟောင်းများ၌ သေဆုံးသွားသောသစ်ပင်များနေရာတွင် အစားထိုးစိုက်ပျိုးခြင်းများပြုလုပ်၍ သစ်တောသစ်ပင်များကို ထိန်းသိမ်းလျက်ရှိပါသည်။

ဒေသအလိုက် သစ်ပင်စိုက်ပျိုးခြင်းများ

ယခုအခါ သစ်တောသစ်ပင်၏ အကျိုးကျေးဇူးကို လူတိုင်းသိရှိလာကြပြီးဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း သစ်ပင်များကို တိုးချဲ့စိုက်ပျိုးနေကြသကဲ့သို့ မြန်မာနိုင်ငံ၌လည်း သစ်ပင်များကို ဒေသအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ ထိုသို့ စိုက်ပျိုးရာတွင် မိုးဦးကျစ မေလမှပင် စတင်စိုက်ပျိုးခြင်းဖြစ်ပါသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ နိုင်ငံတစ်ဝန်း ပျိုးပင်ပေါင်း ၉၀ ဒသမ ၁၅ သန်းကျော် ဖြန့်ဝေပေးနိုင်ခဲ့ပြီး အပင်ပေါင်း ၃၂၀၉၇၀၃ ပင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်တွင်လည်း အမြင့်နှစ်ပေအထက် ပျိုးပင်ပေါင်း ၂၀ ဒသမ ၅၉ သန်းကို နိုင်ငံတစ်ဝန်းဖြန့်ဝေပေးထားပြီဟုလည်း သိရှိရသည်။

သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ

သစ်တောသစ်ပင်သည် ကမ္ဘာကြီး ရေရှည်တည်တံ့နေစေရန်အတွက် အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်သည်။ သစ်ပင်သည် လူသားတို့ အသက်ရှင်ရေးတွင် အဓိကကျသော အောက်ဆီဂျင်ကိုထုတ်ပေးပြီး လူသားတို့ကို အန္တရာယ်ဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုက်နှင့် အခြားလေထုညစ်ညမ်းစေသည့်ဓာတ်ငွေ့များကို စုပ်ယူဖယ်ရှားပေးနိုင်စွမ်းရှိခြင်းကြောင့် ဖြစ်ပါသည်။

ထို့ပြင် ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းကို ကာကွယ်ပေးနိုင်သည့်အပြင် သစ်ပင်စိုက်ပျိုးခြင်းသည် ယခုလက်ရှိအချိန်မှာပင် အကျိုးကျေးဇူးကို ခံစားကြရသည်သာမက နောင်လာမည့် အနာဂတ်မျိုးဆက်သစ်များအတွက်လည်း အကျိုးများစေပါသည်။ သစ်ပင်စိုက်ပျိုးခြင်းဖြင့် (၁)လေထုကို သန့်စင်ပေးနိုင်ခြင်း၊ (၂)ရေအရင်းအမြစ်ကို ချွေတာနိုင်ခြင်း၊ (၃)ရေထုညစ်ညမ်းမှုကို ကာကွယ်ပေးနိုင်ခြင်း၊ (၄)ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်ခြင်း၊ (၅)မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးနိုင်ခြင်း၊ (၆)ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးနိုင်ခြင်း၊ (၇)ဂေဟစနစ်ကို ဖန်တီးပေးနိုင်ခြင်း၊ (၈)စားရေရိက္ခာကိုဖန်တီးပေးနိုင်ခြင်း၊ (၉)စွမ်းအင်ကို ထိန်းပေးနိုင်ခြင်း၊ (၁၀)အောက်ဆီဂျင်ထုတ်လွှတ်ပေးနိုင်ခြင်းစသည်တို့ ဖြစ်ပါသည်။

လေထုကိုသန့်စင်ပေးနိုင်ခြင်း

နေ့စဉ်ရှူရှိုက်နေသော လေထုထဲတွင် မမြင်နိုင်သော အမှုန်အမွှားများစွာပါဝင်နေပါသည်။ ထိုလေထု ထဲရှိသေးငယ်သော အမှုန်အမွှားများကို သစ်ပင်၏ သစ်ရွက်များနှင့် သစ်ခေါက်များက စုပ်ယူပေးခြင်းဖြင့် လေထုကိုသန့်စင်ပေးပါသည်။ ထို့အပြင် စက်တပ်ယာဉ်အမျိုးမျိုးမှ ထွက်ပေါ်လာသော ဓာတ်ငွေ့များဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်ဓာတ်ငွေ့များ၊ အမှိုက်ပုံများနှင့် မွေးမြူရေးခြံများမှ ထွက်ပေါ်လာသော မီသိန်းဓာတ်ငွေ့များ၊ ကာဗွန်မိုနောက်ဆိုက်များ၊ အမိုးနီးယားနှင့် ဆာလ်ဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကိုစုပ်ယူ၍ လေထုကိုသန့်စင်ပေးပါသည်။

ရေအရင်းအမြစ်ကို ချွေတာပေးနိုင်ခြင်း

ရေသည်လည်း သက်ရှိတို့အတွက် မရှိမဖြစ်လိုအပ်ပါသည်။ ရေအသက်တစ်မနက်ဟုပင် ဆိုကြသည်အထိဖြစ်သည်။ ယခုအခါ ရေရှားပါးမှုကိုလည်း ရင်ဆိုင်နေကြရသည်မှာ အားလုံးအသိဖြစ်သည်။ အပူရှိန်လွန်ကဲ၍လည်း အငွေ့ပြန်ခန်းခြောက်မှုများလည်းရှိသည်။ ထို့ကြောင့် သစ်ပင်များများစိုက်ပျိုးပါက ထိုသစ်ပင်အရိပ်များ၏ ဧရိယာအတွင်းရှိ မြက်ခင်းပြင်များရှိရေငွေ့ပြန်မှုကို ထိန်းပေးခြင်းနှင့် သစ်ပင်ရိပ်ကျရောက်နေသော မြစ်ချောင်းအင်းအိုင်အတွင်းမှ ရေများအငွေ့ပြန်ခြင်းကို ကာကွယ်ပေးပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း စိုစွတ်အောင်ဖန်တီးပေးနိုင်သဖြင့် သစ်ပင်များသည် ရေအရင်းအမြစ်ကို ချွေတာပေးနိုင်ပါသည်။

ရေထုညစ်ညမ်းမှုကိုကာကွယ်ပေးခြင်း

မိုးရာသီတွင် မိုးသည်သဲသဲမဲမဲရွာသွန်းလေ့ရှိတတ်သည်။ ထိုအခါမြေမြင်ပေါ်ရှိ အမှိုက်သရိုက်နှင့် အညစ်အကြေးများသည် ရေစီးနှင့်အတူ မြစ်ချောင်းများအတွင်းသို့ ရောက်ရှိနိုင်ပါသည်။ မြေမြင်တွင် သစ်ပင်များရှိနေပါက ထိုအပင်၏ အမြစ်များနှင့်အကိုင်းအခက်များက အမှိုက်သရိုက် နှင့်ညစ်ညမ်းရေများကို ရေစစ်သဖွယ်စစ်ယူပေးပြီးနောက် မြေအောက်ရေအဖြစ် သိုလှောင်ပေးပါသည်။

ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ပေးနိုင်ခြင်း

ယနေ့ ကမ္ဘာ့အိုဇုန်းလွှာထိခိုက်မှုကြောင့် နေရောင်ခြည်သည် ကမ္ဘာပေါ်သို့ တိုက်ရိုက် ကျရောက်လျက်ရှိပြီး ထိုနေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည်သည်လည်း တိုက်ရိုက် ကျရောက်လျက်ရှိပါသည်။ ခရမ်းလွန်ရောင်ခြည်သည် အရေပြားပေါ်ထိတွေ့ပါက အရေပြားကင်ဆာကိုဖြစ်စေနိုင်သည်။ သစ်ပင်များသည် ခရမ်းလွန်ရောင်ခြည်ကို ၅၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် အကာအကွယ်မဲ့၍ လူစုလူဝေးများစွာရှိသောနေရာတွင် သစ်ပင်များများ စိုက်ပျိုးသင့်ပါသည်။

မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးနိုင်ခြင်း

မိုးသည်းထန်စွာရွာသည့်အခါ ရေစီးသန်ပြီး ထိုရေစီးဆင်းရာတစ်လျှောက်တွင် မြေဆီလွှာတိုက်စားမှုများ ဖြစ်ပေါ်လေ့ရှိပါသည်။ သစ်ပင်များသည် ရေစီးအားကို နှေးကွေးစေသဖြင့် ရေစီးအားကြောင့် ဖြစ်ပေါ်လာသော မြေဆီလွှာတိုက်စားခြင်းကို ကာကွယ်ပေးနိုင်ခြင်းဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးနိုင်ခြင်း

ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းသည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများလာသောကြောင့် ဖြစ်သည်။ ထို့ပြင် လေထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကလည်း ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို အားပေးလျက်ရှိသည်။ ယခုအခါရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့သည်။ သစ်ပင်များသည် အဆိုပါဓာတ်ငွေ့များကို စုပ်ယူသည့်အတွက် ထိုဓာတ်ငွေ့များကြောင့် ဖြစ်ပေါ်လာသော ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့ကျလာသဖြင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးနိုင်ခြင်းဖြစ်ပါသည်။

ဂေဟစနစ်ကိုဖန်တီးပေးနိုင်ခြင်း

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် ၁၅ ချက်တွင် ဇီဝမျိုးစုံမျိုးကွဲများနှင့်ပတ်သက်ပြီး ‘‘ကုန်းမြေဂေဟစနစ်ကို ကာကွယ်ရန်နှင့် ပြန်လည်ပြုပြင်ထိန်းသိမ်းရန်အပြင် ရေရှည်တည်တံ့မည့် နည်းလမ်းများကို အသုံးပြုရာတွင် သစ်တောများကို ရေရှည်တည်တံ့စေမည့် နည်းလမ်းများဖြင့် ထိန်းသိမ်းရန်ဖြစ်သည်။

ဤကား သစ်တောသစ်ပင်များသည် ဇီဝမျိုးစုံမျိုးကွဲများ၏ ဂေဟစနစ်အတွက် မည်မျှအရေးပါကြောင်း သိသာစေသော အကြောင်းအချက်ပင်ဖြစ်ပါသည်။ ကုလသမဂ္ဂအနေဖြင့်လည်း ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ဂေဟစနစ် ပြန်လည်ထူထောင်ရေးဆယ်စုနှစ်အဖြစ် သတ်မှတ်ထားခြင်းအတွက် သစ်တောများကသာ အထောက်အကူပြုပေးနိုင်ပေလိမ့်မည်။

စားရေရိက္ခာကိုဖန်တီးပေးနိုင်ခြင်း

လူသားအပါအဝင် တိရစ္ဆာန်တို့သည် အပင်များကို အမှီပြုနေကြရသည်။ အပင်များသည် လူသားနှင့်တိရစ္ဆာန်တို့အတွက် အစားအစာကိုပေးသည်။ လူသားတို့သည် အသီးအပွင့်အရွက်နှင့် ဥစသည့် အပင်ထွက်စားရေရိက္ခာများကို အမျိုးမျိုးပြုလုပ်စားသုံးကြသကဲ့သို့ သက်ရှိများဖြစ်သည့် တိရစ္ဆာန်လေးများသည်လည်း အပင်ထွက် အသီးအရွက်၊ အပွင့်နှင့် ဥများကိုသာ စားသုံးကြသည်။ လူတို့သည် အပင်ထွက်များကို တာရှည်ခံစားရေ ရိက္ခာများအဖြစ်လည်း ပြုလုပ်စီမံ၍ နှစ်ရှည်ထား စားသုံးကြသည်။ ထို့ကြောင့် အပင်သည် လူသားတို့အတွက် စားရေရိက္ခာကိုပေးသည်ဟု ဆိုခြင်းဖြစ်သည်။

စွမ်းအင်ကိုထိန်းပေးနိုင်ခြင်း

ယခုအခါ အပူချိန်မြင့်တက်ပြင်းထန်လာခြင်းကြောင့် လူတို့သည် အပူသက်သာစေခြင်းအလို့ငှာ လေပန်ကာများ၊ လေအေးပေးစက်များကို တွင်ကျယ်စွာအသုံးပြုလာကြသည်။ ထိုပစ္စည်းများကို အသုံးပြုရသဖြင့် လျှပ်စစ်စွမ်းအင်များစွာကို အသုံးပြုနေကြရသည်။ သစ်ပင်များကို စိုက်ပျိုးထားပါက မိသားစုတစ်စုအတွက် အပူချိန် ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်သဖြင့် သစ်ပင်များများ စိုက်ပျိုးလေလေ လေအေးပေးစက်များ အသုံးပြုမှုလျှော့နည်းလေလေဖြစ်သဖြင့် စွမ်းအင်လိုအပ်ချက်ကို လျှော့ချပေးနိုင်ခြင်းဖြစ်ပါသည်။

အောက်ဆီဂျင်ထုတ်လွှတ်ပေးနိုင်ခြင်း

သစ်ပင်တို့သည် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကိုစုပ်ယူ၍ အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ စာရေးသူတို့ပတ်ဝန်းကျင်ရှိ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ ရောနှောလျက်ရှိနေပါသည်။ ယနေ့စက်မှုခေတ်တွင် ပိုများပါသည်။ ထို့ကြောင့် အရွယ်ရောက်ပြီး သစ်ပင်တစ်ဧက စိုက်ပျိုးမည်ဆိုပါက မိုင် ၂၆၀၀၀ ခန့် မောင်းနှင်ထားသောကားမှ ထုတ်လွှတ်သည် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပမာဏကို စုပ်ယူပေးနိုင်ကြောင်း သိရပါသည်။ ထို့ကြောင့် သစ်ပင်များများစိုက်လေလေ လေထုညစ်ညမ်းမှုနည်းလေလေဖြစ်ပြီး အောက်ဆီဂျင် ထုတ်လွှတ်မှုပမာဏများလေလေ ဖြစ်ပါသည်။

ရှင်သန်ဖြစ်ထွန်းအောင်စိုက်ဖို့လို

သစ်ပင်စိုက်ရာတွင် စိုက်သမျှအပင်တိုင်းကို ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးရန်လိုပါသည်။ ယခင်အခါ သစ်တောပြုန်းတီးမှုသည် အဆမတန်ဖြစ်ပေါ် လျက်ရှိနေပါသည်။ ထို့ကြောင့် စိုက်သမျှ ရှင်သန်ဖြစ်ထွန်းရန်လိုအပ်သည်။ သစ်ပင်စိုက်ခြင်းဖြင့် အရိပ်ခိုသူများနှင့် ထိုအပင်ကိုအမှီပြု၍ ကျေးငှက်သာရကာတို့ နေထိုင်ကြသောကြောင့် စိုက်ပျိုးသူသည်လည်း ထာဝရကုသိုလ်ရနေသည်။ ထို့အပြင် သစ်ပင်ထူထပ်သောမြို့ရွာများသည် အပူဒဏ်သက်သာပြီး အေးမြစေပါသည်။ စာရေးသူတို့နိုင်ငံတွင် ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးချိန်များတွင် သစ်တောဦးစီးဌာနမှ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူများကိုပျိုးပင်များ အခမဲ့ပေးလျက်ရှိပါသည်။

သစ်ပင်စိုက်ပျိုးရာတွင် သတိပြုရမည့်အချက်မှာ စိုက်ပျိုးမည့်အပင် ကြိုက်နှစ်သက်ရာ မြေအနေအထားနှင့် နေရာဒေသဖြစ်ရန်လည်း လိုအပ်ပါသည်။ ထို့အပြင် ထိုအပင် ကြိုက်နှစ်သက်သည့် ရာသီဥတုနှင့် ထိုအပင်ကြိုက်နှစ်သက်သည့် မိုးရေချိန်ဖြစ်ရန်လည်း သတိပြုရပေမည်။ သို့မှသာ စိုက်သမျှ ရှင်သန်ဖြစ်ထွန်းမည်ဖြစ်ပါသည်။ ယခုအခါ နိုင်ငံတော်အနေဖြင့်လည်း သစ်တောကြိုးဝိုင်းများနှင့် ကြိုးပြင်တောများကို ပြုပြင်ထိန်းသိမ်းလျက်ရှိသည်ကို လည်းတွေ့ရသကဲ့သို့ သစ်ပင်များတို့ချဲ့စိုက်ပျိုးနေသည်ကိုလည်း တွေ့ရသည်။ ထိုစနစ်ကြောင့် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များလည်း ရရှိစေပါသည်။

လူသားတို့၏ လှုပ်ရှားဆောင်ရွက်မှုများသည် ကမ္ဘာမြေပေါ်ရှိ ရှုမြင်ကွင်းအားလုံးနီးပါးကို ပြောင်းလဲရာတွင် သစ်တောနယ်ပယ်များ ပြောင်းလဲမှုလောက် အခြားမည်သည့်ကျယ်ပြန့်မှုမျိုးမှ မရှိကြောင်း ပညာရှင်များက ဆိုကြကြောင်းမှတ်သားဖူးပါသည်။ မှန်ပါသည်။ သစ်တောနယ်ပယ်များ ပြောင်းလဲမှုသည် ကမ္ဘာ့လူသားအားလုံး၏ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ပြောင်းလဲမှုများစွာ ဖြစ်ပေါ်စေပါသည်။ ပြောင်းလဲမှုဟုဆိုရာတွင် ဆုတ်ယုတ်ရာမှ တိုးတက်မှုဖြစ်၍ ပြောင်းလဲလာခြင်းနှင့် တိုးတက်ရာမှ ဆုတ်ယုတ်မှုဖြစ်၍ ပြောင်းလဲလာခြင်းတို့ပင် ဖြစ်ပါသည်။

ဒီလိုပြောင်းလဲမှုဖြစ်စဉ်များထဲတွင် ရာသီဥတုပြောင်းလဲမှုသည် အဓိကအကျဆုံးပြောင်းလဲမှုပင် ဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲလာခြင်းကြောင့် နွေရာသီဆိုလျှင် အပူဒဏ်ကို အလူးအလဲခံကြရသည်။ ထိုအခါ လေပြည်အေးကို တောင့်တကြပြန်သည်။ ပူတယ်ပူတယ်ဟုသာ အားလုံးက ညည်းတွားနေသော်လည်း ဘာကြောင့် ပူပြင်းနေရလဲ ဆိုတာကိုတော့ စဉ်းစားဖို့ ကျွန်တော်တို့တစ်တွေ မေ့လျော့နေကြသည်။ ဘာကြောင့် ပူပြင်းနေရတာလဲဆိုသည်ကို ကျွန်တော်တို့ စဉ်းစားအဖြေရှာကြည့် ရမည်မဟုတ်ပါလား။ အပူချိန်မြင့်တက်လာခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများရှိသည့်အနက် ကမ္ဘာ့သစ်တောများ ပြုန်းတီးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်၊၊

ကမ္ဘာ့သစ်တောများ ပြုန်းတီးမှု၏ အဓိကအကြောင်းရင်းမှာ ဆင်းရဲသောနိုင်ငံများတွင် သန်းပေါင်းများစွာသော လူတို့သည် ယင်းတို့၏ ဘဝရပ်တည်နေနိုင်ရေးအတွက် သီးနှံစိုက်ပျိုးမြေရရှိရန်၊ ထမင်းနှင့်ဟင်း ချက်ပြုတ်စားသောက်ရန်အတွက်၊ ကျွဲ၊ နွားစသည့် တိရစ္ဆာန်များ၏ အစားအစာများအတွက် သစ်တောသယံဇာတများအပေါ် မှီခိုရပ်တည်နေကြသည်။ ထို့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် မိမိနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရရှိရန် မိမိနိုင်ငံ၏ အဖိုးတန်သစ်မာများကို ဖွံ့ဖြိုးပြီးနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းလည်း ပါဝင်ပေသည်။

သစ်တောပြုန်းတီးမှုသည် လူဦးရေတိုးပွားလာသည်နှင့်အမျှ သစ်ဝါးအမျိုးမျိုးကို လူ့အသုံးအဆောင်ပစ္စည်းများပြုလုပ်ခြင်းနှင့် သစ်ပင်များကို အလွန်အကျွံသုံးစွဲခြင်းတို့ကြောင့်လည်း ပါဝင်ပေသည်။ သစ်တောသစ်ပင်များသည် ရာသီဥတုကို မျှတစေ၏။ ကျေးငှက်တိရစ္ဆာန်တို့အတွက် အသိုက်အမြုံကို ဖန်တီးပေး၏။ မြေဆီလွှာကိုလည်း ထိန်းသိမ်းပေး၏။ ရေတိုက်စားခြင်းကိုလည်း ကာကွယ်ပေး၏။ သစ်တောသစ်ပင်များ ပြုန်းတီးပါက မြေဆီခန်းခြောက်ပြီး ရေတိုက်စားခြင်းကိုလည်း ခံရမည်ဖြစ်သည်။ ထို့ကြောင့် “တောမဲ့မြေသား၊ ရေတိုက်စား၏” ဟု လည်းကောင်း၊ “တောတောင်ခြောက်ခန်း၊ လယ်ယာနွမ်း၏”ဟူ၍လည်းကောင်း ဆိုရိုးစကားထားခဲ့ကြပေသည်။

ထို့ကြောင့် မိုးသစ်တောများ(Rain Forests)နှင့် အပူပိုင်းသစ်တော (Tropical Forests) များကို ထိန်းသိမ်းကြရန်လိုပါသည်။ မိုးသစ်တောများနှင့် အပူပိုင်းသစ်တောများပြုန်းတီးလာပါက ရာသီဥတုဖောက်ပြန်ခြင်း၊ မြေဆီလွှာပြုန်းတီးခြင်း၊ သဲကန္တာရဖြစ်ထွန်းလာခြင်းနှင့် ဇီဝမျိုးကွဲများဖြစ်ကြသည့် ကျေးငှက်တိရစ္ဆာန်အမျိုးမျိုး မျိုးသုဉ်းပျောက်ကွယ်လာခြင်းများ ဖြစ်ပေါ်လာပေမည်။

သစ်တောများသည် တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် အရေးပါလှပေသည်။ အပင်များသည် ကြီးထွားလာသောအခါ လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူ၍ အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးသည်။ အပင်များသည် လေထုအတွင်းက ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏကို လျှော့ချထိန်းညှိပေးရာတွင် အဓိကအရေးပါသောကဏ္ဍမှ ပါဝင်နေပါသည်။ ယခုမျက်မှောက်ခေတ်တွင် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စက်ရုံများမှ ထုတ်လွှတ်သော ဓာတ်ငွေ့များနှင့် အမျိုးမျိုးသောနေရာမှထွက်လာသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များသည် လေထုထဲတွင်မြောက်မြားစွာရှိနေပါသည်။ အကယ်၍သာ သစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိဘဲ ယခင်ထက်များပြားလာပါက လေထုထဲရှိများပြားသော ကာဗွန်ဓာတ်ငွေ့ကို စုပ်ယူထိန်းချုပ်နိုင်ပြီး လုံလောက်သော အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးနိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် သစ်တောသစ်ပင်များဖြင့် စိမ်းစိုလှပသောနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သို့သော် သစ်တောသစ်ပင်များ ပြုန်းတီးလာမှုကြောင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ကာ လူပေါင်းများစွာသေကျေခဲ့ရဖူးသည်။ ဤသို့ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ခဲ့ရဖူးသည်။ ထို့အပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးခေါင်ရေရှားခြင်းလည်း ကြုံခဲ့သည်။ “အရင်းစစ်အမြစ်မြေက” ဆိုသလို အဓိကပြဿနာသည် သစ်တောပြုန်းတီးမှုကြောင့်ဟု တဖြည်းဖြည်းနားလည်သိမှတ်ရခဲ့ကြသည်။

ယခုနောက်ပိုင်းကာလများတွင် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အတူ အောက်ပါရည်ရွယ်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ (၁)စိမ်းလန်းစိုပြည်ရေးနှင့် ဒေသထောက်ပံ့ရေးအတွက် စိုက်ခင်းများတည်ထောင်ခြင်း။ (၂)သဘာဝတောကျန်များကို ထိန်းသိမ်းကာကွယ်ခြင်း။ (၃)ထင်းအစားထိုးလောင်စာအသုံးချရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း။ (၄)သဘာဝသစ်တောထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ခြင်း။ (၅)သစ်တောကြိုးဝိုင်းများ သတ်မှတ်ခြင်း။ (၆)ရေရရှိရေး အကောင်အထည် ဖော်ဆောင်ရွက်ခြင်းတို့ဖြင့် သစ်တောသစ်ပင်များ မပြုန်းတီးစေရန် ကာကွယ်စောင့်ရှောက်လျက် ရှိပေသည်။

ထို့အပြင် မြန်မာနိုင်ငံတွင်မူ နှစ်စဉ်ဇွန်လမှစ၍ အခြေခံကျောင်းများ၊ သက်ဆိုင်ရာဌာနအလိုက် သစ်ပင်များကို စိုက်ပျိုးလျက်ရှိပါသည်။ ပြည်သူလူထုအနေဖြင့်လည်း အသိစိတ်ဓာတ်ရှိရှိ တာဝန်သိသိဖြင့် ပူးပေါင်းပါဝင်၍ သစ်ပင်များကို စိုက်ပျိုးလျက်ရှိသည်မှာ အားရကျေနပ်စရာပင် ဖြစ်ပါသည်။

သစ်တောသစ်ပင်သည် ရတနာထိုက်လာသည်နှင့်အမျှ ကမ္ဘာတစ်ဝန်းလုံးတွင် အဓိကအလေးထားကာ စိုက်ပျိုးလျက်ရှိပါသည်။ ၁၉၅၂ခုနှစ်တွင် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာလုပ်ငန်းအဖွဲ့က “ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့” ကို သတ်မှတ်ခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံအသီးသီးက သစ်ပင်စိုက်ပျိုးရေးနေ့ကို သစ်တောသစ်ပင် ပြုစုထိန်းသိမ်းသည့်အနေဖြင့် သတ်မှတ်စိုက်ပျိုးခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း လအလိုက်သစ်ပင်စိုက်ပျိုးရေးနေ့များ သတ်မှတ်ကြသည်ဖြစ်ရာ မိမိတို့အားလုံးတတ်စွမ်းသမျှ ကမ္ဘာကြီးကျန်းမာစေရေးအတွက် သစ်ပင်စိုက်ပျိုးကြစေရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတော့သည်။      ။