လူမှုစီးပွားဖွံ့ဖြိုးဖို့ သန်းခေါင်စာရင်းအချက်အလက်များကို အသုံးပြုစို့
မောင်မုဒိတာ
ဇူလိုင်လ ၁၁ ရက်နေ့သည် ကမ္ဘာ့လူဦးရေနေ့ဖြစ်သည်။ ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့လူဦးရေ သန်းငါးထောင်ပြည့်မြောက်ခဲ့သလို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကမ္ဘာ့လူဦးရေ သန်းရှစ်ထောင်ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရေးတကြီးဖြေရှင်းရမည့် လူဦးရေဆိုင်ရာပြဿနာများ၊ လူသားအားလုံးဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များကို အာရုံစိုက်မိပြီး အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ကမ္ဘာ့လူဦးရေ သန်းငါးထောင်ပြည့်မြောက်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကို ကမ္ဘာ့လူဦးရေနေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်အထိမ်းအမှတ်အခမ်းအနားများ ကျင်းပခဲ့ကြပါသည်။ နှစ်စဉ်ကျင်းပသည့် အခမ်းအနားများကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီး၌ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၏ အခြေအနေအကြောင်းကြောင်းပေါ်မူတည်၍ အလေးပေးဖြေရှင်းဆောင်ရွက်သင့်သည့် အချက်များကို မီးမောင်းထိုးပြသည့် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်များကို သတ်မှတ်ကျင်းပခဲ့ကြပါသည်။
(၃၆) ကြိမ်မြောက်အခမ်းအနား ကျင်းပခဲ့ပြီးဖြစ်
မိမိတို့နိုင်ငံသည်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားကို ၁၉၉၀ ပြည့်နှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုဆိုလျှင် (၃၆) ကြိမ်မြောက် အခမ်းအနား ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ယင်းသို့ ကျင်းပရာတွင်လည်း နှစ်အလိုက် ကုလသမဂ္ဂကချမှတ်ထားသည့် လူဦးရေဆိုင်ရာဆောင်ပုဒ်များကို အခြေခံပြီး မိမိတို့နိုင်ငံ၏ လူဦးရေနှင့်ဖွံ့ဖြိုးမှုဆိုင်ရာ ကဏ္ဍများကို ထိရောက်စွာထင်ဟပ်ဆောင်ရွက်နိုင်မည့် ဆောင်ပုဒ်များ သတ်မှတ်ကာ အလေးထားကျင်းပခဲ့ခြင်းဖြစ်ပါသည်။
မိမိတို့နိုင်ငံအတွက် ယခု ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်အဖြစ် “လူမှုစီးပွားဖွံ့ဖြိုးဖို့ သန်းခေါင်စာရင်းအချက်အလက်များကို အသုံးပြုစို့” ဟု သတ်မှတ်ခဲ့ပါသည်။ ဤဆောင်ပုဒ်သည် သန်းခေါင်စာရင်းအချက်အလက်များကို ထိထိရောက်ရောက်အသုံးပြုကာ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်ရန် တိုက်တွန်းချက်တစ်ရပ်ပင်ဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူအားလုံးပူးပေါင်းပါဝင်ကာ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကို အောင်မြင်စွာကောက်ယူဆောင်ရွက်ခဲ့ပြီးဖြစ်သလို ရှေ့ပြေးလူဦးရေ စာရင်းကိုလည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ မကြာမတင်ကာလတွင် သန်းခေါင်စာရင်းပင်မအစီရင်ခံစာ ထုတ်ပြန်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းနေချိန်လည်းဖြစ်ပါသည်။
ဤနေရာမှာ အလျဉ်းသင့်၍တင်ပြရလျှင် သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေဆိုင်ရာအကြောင်းအရာ၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအကြောင်းအရာများကို တစ်နိုင်ငံလုံး (သို့မဟုတ်) သတ်မှတ်နယ်မြေဒေသတစ်ခုတွင် လူတိုင်းကို တစ်ကြိမ်တည်း၊ တစ်ပြိုင်တည်းမေးမြန်းကောက်ယူခြင်းမှရရှိသည့် စာရင်းအချက်အလက်များဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ လူဦးရေ၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒများ၊ စီမံကိန်းများရေးဆွဲချမှတ် အကောင်အထည်ဖော်ရာတွင် အခြေခံအသုံးပြုရသည့် လူဦးရေကိန်းဂဏန်းအချက်အလက်များကို သန်းခေါင်စာရင်းမှသာ ရရှိနိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မလွဲမသွေဆောင်ရွက်ကြရပါသည်။ သို့သော် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်သလောက် ငွေကုန်ကြေးကျများပြားသည့်အတွက် နိုင်ငံအများစုက ဆယ်နှစ်လျှင် တစ်ကြိမ်သာ ကောက်ယူခဲ့ကြပါသည်။ သန်းခေါင်စာရင်းမှရရှိသော အချက်အလက်များသည် လူဦးရေစုစုပေါင်းကိုသာ ဖော်ပြခြင်းမဟုတ်ဘဲ နိုင်ငံအတွင်းရှိနေသူများ၏ အသက်အပိုင်းအခြားအလိုက် ပညာအရည်အချင်း၊ အလုပ်အကိုင်စသည့် လူတစ်ဦးချင်းစီနှင့် ပတ်သက်သည့် အကြောင်းအရာများသာမက အိမ်အကြောင်းအရာများကို မှတ်တမ်းတင်ခြင်းဖြစ်သည့်အတွက် လူမှုစီးပွားဆိုင်ရာကဏ္ဍအားလုံးနှင့် သက်ဆိုင်သည့် အချက်အလက်များစွာ စုစည်းရရှိခြင်းပင်ဖြစ်ပါသည်။
ထို့ကြောင့် သန်းခေါင်စာရင်းဆိုင်ရာ လူဦးရေစာရင်းဇယားကိန်းဂဏန်းအချက်အလက်များကို အခြေခံအသုံးပြုပြီး နိုင်ငံ၏အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုနယ်ပယ်အဆင့်တိုင်းအတွက် ထိရောက်သည့် ဖွံ့ဖြိုးမှုစီမံကိန်းများရေးဆွဲချမှတ်ခြင်း၊ နိုင်ငံ၏သယံဇာတရင်းမြစ်များ ခွဲဝေသတ်မှတ်ခြင်း၊ ဘဏ္ဍာငွေခွဲဝေချထားခြင်း၊ နယ်မြေဧရိယာနယ်နိမိတ်များ ပြန်လည်ဆန်းစစ်ခြင်း စသည့်လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ သန်းခေါင်စာရင်းအချက်အလက်များသည် ယင်းနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဤသို့ဤနှယ် ထင်ဟပ်ပြသနေသည့်အတွက် နိုင်ငံ၏ကြေးမုံပြင်ဟု တင်စားနိုင်သလို သန်းခေါင်စာရင်းက ညွှန်းဆိုပြသသည့် နိုင်ငံ့ပုံရိပ်ဟုဆိုချင်ပါသည်။
သန်းခေါင်စာရင်း အချက်အလက်များကို ကမ္ဘာသိထုတ်ပြန်နိုင်ခဲ့
မိမိတို့နိုင်ငံတွင်လည်း သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို ရှေးယခင်အစဉ်အဆက်ကောက်ယူခဲ့ကြပြီး ရရှိလာသည့် စာရင်းဇယားများကို အခြေခံကာ နိုင်ငံတော်အတွက် လိုအပ်သည့် စီမံကိန်းများချမှတ်ရာ၌ အသုံးပြုခဲ့ကြကြောင်းလည်း သိရှိခဲ့ရပါသည်။ သန်းခေါင်စာရင်း လုပ်ငန်းစဉ် တစ်ခုနှင့် တစ်ခုအကြား နှစ်ကာလရှည်ကြာစွာ ကွာဟခဲ့သည်လည်းရှိသလို များသောအားဖြင့် ဆယ်နှစ်လျှင်တစ်ကြိမ် ကောက်ယူခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ၁၉၈၃ ခုနှစ်တွင် ကောက်ယူခဲ့ပြီး နောက်ပိုင်း ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ကောက်ယူနိုင်ခဲ့ကာ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ သန်းခေါင်စာရင်းအချက်အလက်များကို ကမ္ဘာသိထုတ်ပြန်နိုင်ခဲ့ပါသည်။
ကောက်ယူခဲ့သည့်ကာလမှစ၍ ကြားကာလများကိုလည်း လူဦးရေဆိုင်ရာပညာဖြင့် လူဦးရေခန့်မှန်းထုတ်ပြန်ခြင်းကိုလည်း နှစ်စဉ်ဆောင်ရွက်ကြရပါသည်။ သို့မှသာ ယင်းကာလများအတွင်း နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးမှုဆိုင်ရာမူဝါဒများ၊ စီမံကိန်းများရေးဆွဲနိုင်ရေးအတွက် အခြေခံအသုံးပြုမည့် လူဦးရေစာရင်းကို အနီးစပ်ဆုံးမှန်မှန် ကန်ကန်ရရှိနိုင်မည်ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ရှိပါသည်။ ၂၀၁၄ ခုနှစ် ကောက်ယူပြီးနောက် ဆယ်နှစ်အကြာ ၂၀၂၄ ခုနှစ်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ပါသည်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းသည် တစ်နိုင်ငံလုံးဟုဆိုသော်လည်း ဒေသတချို့၌ လုံခြုံရေးအခြေအနေအရ ရာနှုန်းပြည့် ကောက်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပါ။ ရှေ့ပြေးလူဦးရေစာရင်းအရ မြို့နယ်ပေါင်း ၃၃၀ အနက် ရာနှုန်းပြည့်အဖြစ် ၁၄၅ မြို့နယ်၊ တစ်စိတ်တစ်ပိုင်းနှင့် ရက်တိုးမြှင့်ကာ နောက်ကျကောက်ယူမှုအဖြစ် ၁၂၇ မြို့နယ်ရှိခဲ့ပြီး လုံးဝကောက်ယူနိုင်ခြင်းမရှိသည့် မြို့နယ် ၅၈ မြို့နယ်ရှိခဲ့ပါသည်။ မကောက်ယူနိုင်သည့် ဒေသများအတွက် လူဦးရေခန့်မှန်းခြင်းလုပ်ငန်း ကို Earth Remote Sensing (ERS) နည်းပညာနှင့် GIS နည်းပညာတို့ကို ပေါင်းစပ်အသုံးပြုဆောင်ရွက်ခဲ့ကြပါသည်။ နည်းပညာအသုံးပြုမှုကလည်း အချက်အလက်များကို တိကျခိုင်မာမှုရှိစေပါသည်။
ရှေ့ပြေးလူဦးရေစာရင်းအရ သန်းခေါင်စာရင်းကောက်ယူရရှိသည့်လူဦးရေ ၃၂၁၉၁၄၀၇ ဦး၊ စာရင်းမကောက်နိုင်သည့် ဒေသများအတွက် နည်းပညာအသုံးပြု ခန့်မှန်းလူဦးရေ ၁၉၁၂၅၃၄၉ ဦး၊ သန်းခေါင်စာရင်းရည်ညွှန်းချိန်၌ မိမိတို့နိုင်ငံအတွင်းရှိနေသည့် လူဦးရေ စုစုပေါင်းမှာ ၅၁၃၁၆၇၅၆ ဦး ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ စာရင်းအရ အမျိုးသား (ကျား) ၁၅၁၀၅၂၁၅ ဦး၊ အမျိုးသမီး (မ) ၁၇၀၈၆၁၉၂ ဦးဖြစ်၍ အမျိုးသား ၄၆ ဒသမ ၉ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၃ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ကြောင်းတွေ့ရပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လူဦးရေပျံ့နှံ့နေထိုင်မှုအဖြစ် အများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီး ၁၄ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ပြီး အနည်းဆုံးမှာ ကယားပြည်နယ် သုည ဒသမ ၆ ရာခိုင်နှုန်းဖြစ်ကြောင်းလည်း တွေ့ရပါသည်။
သန်းခေါင်စာရင်းကောက်ယူမှုအခြေအနေများနှင့် နှစ်စဉ်ခန့်မှန်းတွက်ချက်မှုအခြေအနေများအရ မိမိတို့နိုင်ငံ၏ လူဦးရေသည် နှစ်စဉ်လူဦးရေတိုးပွားလျက်ရှိသော်လည်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းမှာ ၂၀၁၄ ခုနှစ်တွင်ရှိသည့် လူဦးရေထက် လျော့နည်းနေသည်ကို တွေ့ရှိရပါသည်။ ယင်းအချက်အလက်အရ နိုင်ငံ၏ လူဦးရေတိုးပွား နှုန်းနှင့် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိစေသည့် ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ ပြည်ပရွှေ့ပြောင်းသွားလာမှုများကို လေ့လာဆန်းစစ်ရန် လိုအပ်မည်ဖြစ်ပါသည်။ ယင်းအခြေအနေများကို ဆန်းစစ်ကြည့်ပါက မိမိတို့နိုင်ငံ၏ ကလေးမွေးဖွားနှုန်းသည် ဆက်တိုက်ကျဆင်းနေကြောင်း တွေ့ရပါသည်။
မိခင်တစ်ဦး၏ ကလေးမွေးနှုန်းသည် နှစ်ဦးအောက် လျော့နည်းနေပြီဆိုပါက အမိ၊ အဖ နေရာပြန်လည်အစားထိုးနိုင်ခြင်းမရှိသည့်အတွက် တဖြည်းဖြည်းလျော့နည်းကျဆင်းနေမည်သာ ဖြစ်ပါသည်။ သေဆုံးနှုန်းကိုကြည့်ပါကလည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုအပြင် လက်ရှိအကြမ်းဖက်ဖြစ်စဉ်များကြောင့် သေဆုံးမှုနှုန်းမြင့်မားသကဲ့သို့ ယင်းဖြစ်စဉ်များကြောင့် မွေးဖွားနှုန်းကိုလည်း သက်ရောက်မှုရှိခဲ့ပါသည်။ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုကြောင့်လည်း လူငယ်အများအပြားသည် ပြည်ပနိုင်ငံများသို့ ထွက်ခွာမှုက ပိုမိုများပြားလာပါသည်။ ထိုအခြေအနေများအရ လူဦးရေက လျော့နည်းလာသည်ဟု သုံးသပ်နိုင်ပါသည်။ သုံးသပ်မှုများအပေါ် လိုအပ်ချက်များကို နိုင်ငံတော်က မူဝါဒများရေးဆွဲကာ ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပုံဖော်နိုင်မည်ဖြစ်ပါသည်။
သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ကြိုတင်စီစဉ်ဆောင်ရွက်
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် လူငယ်၊ လူရွယ်၊ လူလတ်ပိုင်း အလုပ်လုပ်နိုင်သည့် အင်အားအများအပြားရှိနေသည့်အတွက် လူဦးရေဆုလာဘ်ရရှိနေချိန်ဖြစ်ပါသည်။ ယင်းကာလတွင် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပါက လူငယ်များအတွက်ရော၊ နိုင်ငံအတွက်ပါ များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။ ယခုအခါ အဆိုပါလူဦးရေဆုလာဘ်သည် အတိုင်းအတာတစ်ခုအထိ လျော့နည်းကျဆင်းသွားနိုင်ပါသည်။ မွေးဖွားမှုနှုန်းကျဆင်းလာပြီး ယခင်လူငယ်များက အသက်အရွယ်တစ်ခုသို့ ရောက်ရှိကြီးရင့်လာသည်နှင့်အမျှ အနာဂတ်ကာလတွင် သက်ကြီးရွယ်အိုဦးရေများပြားလာနိုင်မည်။ အသက်အရွယ်အရ ၎င်းတို့နှင့်သင့်လျော်မည့် အလုပ်အကိုင်များ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး စသည်တို့ကို ကြိုတင်စီစဉ်ဆောင်ရွက်ထားရန်လည်း လိုအပ်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ လူဦးရေအနက် မြို့ပြတွင် ၃၁ ရာခိုင်နှုန်းနေထိုင်ပြီး ကျေးလက်တွင် ၆၉ ရာခိုင်နှုန်းနေထိုင်ကြကြောင်း တွေ့ရသည်။ ထို့ပြင် အမျိုးသားလူဦးရေထက် အမျိုးသမီးလူဦးရေက ပိုများနေကြောင်း တွေ့ရှိရပါသည်။ ယင်းစာရင်းဇယားများကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်အစိုးရများအနေဖြင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ထိထိရောက်ရောက်အလေးပေး ဆောင်ရွက်ရန် လိုအပ်သလိုအမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးကိုလည်း ဘက်ပေါင်းစုံကဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း တွေ့ရှိနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ လူဦးရေအရွယ်အစားပြောင်းလဲမှုနှင့် လူဦးရေသိပ်သည်းမှုတို့ကိုလည်း သန်းခေါင်စာရင်း ကိန်းဂဏန်းများက ဖော်ပြလျက်ရှိရာ ယင်းအချက်အလက်များက နိုင်ငံ၏ စီးပွားရေးကဏ္ဍအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးနိုင်မှုနှင့် အိမ်ရာနေထိုင်မှုကဏ္ဍများစွာ မူဝါဒများ ချမှတ်ရာတွင် အလွန်အရေးပါလှသည်။
သန်းခေါင်စာရင်း၏ ထူးခြားသည့်ဝိသေသလက္ခဏာ
သန်းခေါင်စာရင်းကောက်ယူရာတွင် လူဦးရေဆိုင်ရာ အချက်အလက်များအပြင် ပညာရေး၊ စီးပွားရေး၊ မွေးဖွားမှု၊ သေဆုံးမှု၊ ရွှေ့ပြောင်းသွားလာမှု၊ အိမ်အခြေအနေနှင့် အိမ်အသုံးအဆောင်ပစ္စည်းများအကြောင်းကို မေးမြန်းကောက်ယူခြင်းဖြစ်သည့်အတွက် ယင်းအချက်အလက်များသည် ကဏ္ဍပေါင်းစုံ၌ မဖြစ်မနေအခြေခံအသုံးပြုရမည့် ကိန်းဂဏန်းအချက်အလက်များပင်ဖြစ်ပါသည်။ သန်းခေါင်စာရင်း၏ ထူးခြားသည့်ဝိသေသလက္ခဏာတစ်ခုမှာ သန်းခေါင်စာရင်းအချက်အလက်များသည် ရပ်ကွက်/ကျေးရွာအုပ်စုကဲ့သို့ အုပ်ချုပ်မှုဧရိယာ အသေးငယ်ဆုံးအဆင့်အထိ လိုအပ်သည့် အချက်အလက်များကို အသုံးပြုနိုင်ရန် ပံ့ပိုးပေးနိုင်ခြင်းဖြစ်ပါသည်။ ရပ်ကွက်/ကျေးရွာ အုပ်စုအဆင့်အထိ လူဦးရေဆိုင်ရာအချက်အလက်များ၊ လူတစ်ဦးချင်းစီ၏ နေထိုင်မှုပုံစံနှင့် ဘဝရပ်တည်မှုအကြောင်းအရာများကို အခြေတည်၍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို ရပ်ကွက်/ကျေးရွာအုပ်စုမှသည် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုအဆင့်အထိ အဆင့်ဆင့်ဖြည့်ဆည်းဆောင်ရွက်ကာ အကျိုးရှိရှိဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
ကမ္ဘာကြီးသည် တစ်နေ့တခြားခေတ်မီနည်းပညာများ အလျင်အမြန်တိုးတက်လျက်ရှိပါသည်။ ထို့ပြင် လူဦးရေပြောင်းလဲမှုဖြစ်စဉ်များကလည်း အရှိန်အဟုန်ဖြင့် ပြောင်းလဲနေပါသည်။ ယင်းအခြေအနေများကို မျက်ခြည်မပြတ် လေ့လာသုံးသပ်၍ လူသားအကျိုးအတွက် ဖော်ဆောင်ကြရမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံတွင်လည်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ပင်မအစီရင်ခံစာကို မကြာမီထုတ်ပြန်တော့မည်ဖြစ်ပါသည်။ သန်းခေါင်စာရင်းမကောက်မီက ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပါသည်။ ဆောင်းပါးအမည်က “သားစဉ်မြေးမြစ်အကျိုးဖြစ်မည့် သန်းခေါင်စာရင်း” ဖြစ်ပါသည်။
ယင်းဆောင်းပါးတွင် သန်းခေါင်စာရင်းမေးခွန်းများနှင့် ဖြေကြားချက်များအပေါ် အသုံးဝင်မည့်အခြေအနေများကို အသေးစိတ်ဖော်ပြထားပါသည်။ ယင်းဖြေကြားချက်များအရ မကြာမီထုတ်ပြန်မည့် ပင်မအစီရင်ခံစာတွင် အချက်အလက်များစွာကို ဖော်ထုတ်ထားမည် ဖြစ်ပါသည်။ အချက်အလက်အသုံးပြုသူများအနေဖြင့် ဖော်ထုတ်ချက်တစ်ခုချင်းအပေါ် မိမိနှင့်သက်ဆိုင်သည့် အချက်အလက်များကို အကျိုးရှိရှိ အသုံးပြုကြရန်သာဖြစ်ပါသည်။ လုပ်ငန်းပမာဏကြီးမားပြီး ငွေကုန်ကြေးကျများပြားသည့် လုပ်ငန်းစဉ်၏ရလဒ်သည် အသုံးပြုမည့် သူအတွက် အဖိုးတန်လှပါသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအား မြန်မာနိုင်ငံ၏ တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာသုတေသနပြုပြီး လိုအပ်သောမူဝါဒ၊ စီမံကိန်း၊ မဟာဗျူဟာ၊ နည်းဗျူဟာများကို ချမှတ်နိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော အညွှန်းကိန်းများ ပံ့ပိုးပေးနိုင်ရန်၊ မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်းစနစ်၏ စာရင်းအင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားအဆင့် မဟာဗျူဟာကို အထောက်အပံ့ပြုနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် နိုင်ငံ၏ ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရေးအတွက် အခြေခံကျကျအသုံးပြုရမည့် လူဦးရေကိန်းဂဏန်းအချက်အလက်များ ရရှိစေရေးအတွက်ဟု ဆိုရမည်ပင်။
ထိထိရောက်ရောက်အသုံးပြု
နိုင်ငံဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ချက်ကောင်းများစွာဖြင့် ကောက်ယူဆောင်ရွက်ခဲ့သည့် သန်းခေါင်စာရင်းအချက်အလက်များသည် စာရင်းအဖြစ်ဖော်ပြရုံဖြင့် ရည်ရွယ်ချက်သို့ မပေါက်မြောက်နိုင်ပါ။ ကောက်ယူရရှိသည့် အချက်အလက်များကို ထိထိရောက်ရောက် အကျိုးရှိရှိ အသုံးပြုနိုင်မှသာလျှင် ဖွံ့ဖြိုးမှုရလဒ်ကို ရရှိနိုင်ပါမည်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ စီမံခန့်ခွဲရေး စသည့် ကဏ္ဍစုံခွဲခြမ်းစိတ်ဖြာအသုံးပြုမှသာ မိမိတို့နိုင်ငံအတွက် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပါသည်။ ယခုသန်းခေါင်စာရင်းက ကောက်ယူခဲ့ပြီးဖြစ်သလို ခိုင်မာသည့်ကိန်းဂဏန်းအချက်အလက်များက ရရှိနေပြီဖြစ်ပါသည်။ ယင်းအချက်အလက်များကို ထိထိရောက်ရောက်အသုံးပြုပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နိုင်ကြပါရန် ရေးသားတင်ပြလိုက်ရပါသည်။ ။