Skip to main content

ဗိုလ်ချုပ်မျှော်မှန်းချက်များ အလေးထား

စာဖတ်ပရိသတ်တစ်ဦး

၂၀၂၅ ခုနှစ် (၇၈)နှမြောက် အာဇာနည်နေ့သို့ ရောက်ရှိပြန်တော့မည်။ အာဇာနည်နေ့ရောက်တိုင်း မြန်မာပြည်သူများက လွန်ခဲ့သော ၇၈ နှစ် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ကျဆုံးခဲ့သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်အမှတ်ရလေ့ရှိကြသည်။

သို့သော် အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သော၊ အာဇာနည်ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သော တစ်နည်းအားဖြင့် ဗိုလ်ချုပ်လမ်းစဉ် နှင့်ပတ်သက်၍မူ ရေရေရာရာ၊ တိတိကျကျ အမှတ်ရ သူများကား နည်းပါးလှပေသည်။

ဗိုလ်ချုပ်သည် အမျိုးသားညီညွတ်ရေးကို ရှေးရှုသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားသည်။ နှစ်ပေါင်း ၁၀၀ ကျော် သူ့ကျွန်ဘဝမှအမျိုးသားလွတ်မြောက်ရေးအတွက် ကြိုးပမ်းရာတွင် နှလုံးရည်အားဖြင့် အမျိုးသားညီညွတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုအခြေခံ၍ တည်ဆောက်ခဲ့သည်။

ဗြိတိသျှနယ်ချဲ့သမားက နယ်ချဲ့များပီပီ သွေးခွဲအုပ်ချုပ်ရေးပေါ်လစီ (Policy of Divide and Rule)ကို ကျင့်သုံးကာ မြန်မာတိုင်းရင်းသားအချင်းချင်း ကြား ရန်တိုက်ပေးပြီး သွေးခွဲခဲ့သည်။ ဖက်ဆစ်တို့ကလည်း ထိုပေါ်လစီကိုပင်ကျင့်သုံးကာ မြန်မာ တိုင်းရင်းသားအချင်းချင်းသွေးကွဲအောင်နည်း အမျိုးမျိုးဖြင့်ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ် က နယ်ချဲ့တို့၏ ပယောဂကြောင့် ပေါ်ပေါက်ခဲ့သော အကွဲအပြားကို ရင်ကြားစေ့အောင် ဆောင်ရွက်ခဲ့ သည်။ အမျိုးသားစည်းလုံးညီညွတ်ရေးကို ဦးစားပေး တည်ဆောက်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးကြီး ပြီးဆုံးသောအခါ တွင်လည်း ဗိုလ်ချုပ်က ဖဆပလကို ခိုင်မာတောင့်တင်းလာစေရန် စနစ်တကျ ပြန်လည်တည်ဆောက်ခဲ့သည်။ ဖဆပလသည် အမျိုးသားတပ်ပေါင်းစုဖြစ်သည်နှင့်အညီ ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ စသောနိုင်ငံရေးပါတီများ၊ အလုပ်သမားသမဂ္ဂ၊ အလုပ်သမားအစည်းအရုံး၊ တောင်သူ လယ်သမားသမဂ္ဂ၊ တောင်သူလယ်သမား အစည်း အရုံး၊ လူတန်းစားအဖွဲ့အစည်းများ၊ လူငယ်အစည်းအရုံး၊ အမျိုးသမီးအစည်းအရုံး၊ ပြည်သူ့ရဲဘော်စသည့် လူထုအဖွဲ့အစည်းများအပြင် ဦးဘဖေ၊ ဒီးဒုတ် ဦးဘချို၊ ပျော်ဘွယ်ဦးမြ၊ ဟင်္သာတဦးမြ၊ ဂျာနယ်ကျော် ဦးချစ်မောင် စသောတစ်သီးပုဂ္ဂလ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးသမားကြီးများ စသည်ဖြင့် စုပေါင်းဖွဲ့စည်းခဲ့သည်။

ဗဟိုဦးစီးအဖွဲ့တွင်လည်း နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များသာမက တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့်ထင်ရှားသော တစ်သီးပုဂ္ဂလပုဂ္ဂိလ်များ၊ နိုင်ငံရေးခေါင်းဆောင်များဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုသို့ကျယ်ပြန့်စွာဖွဲ့စည်း နိုင်ခြင်းသည် ဗိုလ်ချုပ်၏အမြင်ကျယ်မှုနှင့် အမျိုးသားညီညွတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုအလေးထားမှုကြောင့်ဖြစ်သည်။

 ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ခေါင်းဆောင်သော အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းရာတွင်လည်း အစိုးရအဖွဲ့ဝင်အများစုမှာ ဖဆပလကိုယ်စားလှယ်များသာမက ဦးစော၊ သခင်ဗစိန်၊ ဆာမောင်ကြီး၊ စောဘဦးကြီးတို့ ပါဝင်ခဲ့ကြသည်။ များစွာသော နိုင်ငံရေးသမားတို့က အာဏာရရေး(ဝါ)အစိုးရဖြစ်ရေးကို မိမိတို့ပန်းတိုင်အဖြစ် သတ်မှတ်လေ့ရှိကြသည်။ ထိုနိုင်ငံရေးသမားများသည် အစိုးရဖြစ်လာသောအခါ မိမိ၏အစိုးရဘဝကို သာယာလာကြသည်။ ဘဝမြင့်လာ၍ အောက်ခြေလွတ်သွားတတ်ကြသည်။ ဗိုလ်ချုပ်မူကား အစိုးရဖြစ်ရေးကို အဓိကမထား၊ တိုင်းပြည်လွတ်လပ်ရေးကိုသာ အဓိကထားပြီး လုပ်ငန်းအောင်မြင် ပြီးမြောက်အောင် မမှိတ်မသုန်ကြိုးပမ်းဆောင်ရွက် ခဲ့သည်။

တစ်ဖက်တွင်လည်း အမျိုးသားစည်းလုံး ညီညွတ်မှုမပြိုကွဲစေရန် အတန်တန်သတိပေး ပြောကြားခဲ့သည်။ အထူးသဖြင့် မြန်မာပြည်တွင် လူမျိုးအချင်းချင်းမကွဲဖို့၊ လူငယ်ပိုင်းဖြစ်သော လက်ဝဲသမားအချင်းချင်း မကွဲဖို့ သတိပေးခဲ့သည်။

လူငယ်နိုင်ငံရေးသမားတွေဟာ လွတ်လပ်ပြီး တဲ့ မြန်မာပြည်မှာ သိပ်မမိုက်ကြဘဲ တစ်ဦးနဲ့တစ်ဦး ညီညီညွတ်ညွတ်လုပ်ကြဖို့တော့လိုတယ်။ ဒီလိုမှ မလုပ်ရင် လွတ်လပ်တဲ့ မြန်မာပြည်ဟာ လွတ်လပ် ရေးအရသာကို ကျပ်ပြည့်တင်းပြည့်ခံစားရမှာ မဟုတ်ဘူး (၁၉၄၇ ခုနှစ် မတ်လ၊ ရန်ကုန်မြို့ မြန်မာ နိုင်ငံတော် အသံလွှင့်ဌာနမှအသံလွှင့်ချက်မှ)

မြန်မာပြည် လွတ်လပ်တဲ့အချိန်အခါမှာ ဘယ်သူလာပြီးဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ကျုပ်မလန့်ဘူး။ မြန်မာပြည်လူထုညီညွတ်ဖို့လိုတယ်။ နိုင်ငံရေးစားဖားတွေ ညီညွတ်ဖို့မလိုဘူး။ ဘယ်သူတွေညီညွတ်ရမယ်ဆိုရင် တက်ခေတ်မြန်မာပြည်မှာ တက်အံ့ဆဲဆဲ လူငယ်နိုင်ငံရေးသမားတွေ ညီညွတ်မယ်ဆိုရင် မြန်မာပြည်ညီညွတ်မှာပဲ။ တစ်ယောက်နဲ့တစ်ယောက် အကြောင်းပြချက် မလုံလောက်ဘဲ မညီမညွတ်ဖြစ်နေရင် အချုပ်အခြာအာဏာပိုင်အဖြစ် ရောက်နိုင်မှာမဟုတ်ဘူး (၁၉၄၇ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျင်းပသော နိုင်ငံရေးရှင်းလင်းပွဲမိန့်ခွန်းမှ)

ထို့အတူ ဗိုလ်ချုပ်သည် တစ်ဖက်မှ လွတ်လပ် ရေးအတွက်ပြင်ဆင်ရင်း အခြားတစ်ဖက်မှလည်း တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် စိုင်းပြင်း ခဲ့ရလေသည်။ ၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆိုရင်တိုဗီလာအဆောက်အအုံ၌ နိုင်ငံ ရေးသမားများ၊ စီးပွားရေးသမားများ၊ ဌာနအသီးသီးမှ ပါရဂူများတက်ရောက်သော ကွန်ဖရင့်ကို ကျင်းပ ကာ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် စီမံကိန်းရေးဆွဲခဲ့သည်။

အဆိုပါကွန်ဖရင့်၏ ရည်ရွယ်ချက်မှာ တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် ရေရှည်စီမံကိန်း ရေးဆွဲရန်မဟုတ်ဘဲ လက်ငင်းပြဿနာများဖြစ်သော လူနေမှုစရိတ်ကျဆင်းရေး၊ အလုပ်လက်မဲ့ ပပျောက်ရေး(သို့မဟုတ်) လျော့ပါးစေရေး၊ သယ်ယူ ပို့ဆောင်ရေး၊ လူနေအိမ်များအရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ငြိမ်ဝပ်ပိပြားရေး စသည် တို့အတွက် စီမံကိန်းရေးဆွဲရန်ဖြစ်သည်။

နိုင်ငံရေးဟာ စီးပွားရေးအခြေခံပေါ်မှာတည်တယ်။ နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေကလည်း စီးပွားရေးသဘောတရားတွေနဲ့ကင်းလို့ မဖြစ်နိုင်ဘူး။ စီးပွားရေးသဘောတရားတွေကို အခြေခံထားပြီး တိုင်းပြည်တည်မှသာလျှင် တကယ့် ဒီမိုကရေစီနိုင်ငံကို ရောက်အောင်သွားနိုင်မယ် (၁၉၄၇ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် မြွက်ကြား သည့် နှစ်သစ်ကူးမိန့်ခွန်းမှ)

အထက်ပါ သဘောတရားခံယူချက်နှင့်အညီ ဗိုလ်ချုပ်သည် မြန်မာပြည် လွတ်လပ်ရေးရသည့် အခါတွင်လည်း ပြန်လည်ထူထောင်ရေးစီမံကိန်းများ ကို အမျိုးမျိုးသောနည်းများဖြင့် အတော့်ကို ကြိုးစား လုပ်ကိုင်ပါမှ အနှစ် ၂၀ ကျော်ခန့်ကြာမှ မြန်မာပြည် တော်ရုံရောက်နိုင်မည်။ အခြားလွတ်လပ်သော တိုင်းပြည်များ ခြေတစ်လှမ်းလှမ်းလျှင် ကိုယ့်ခြေက လေး၊ ငါးလှမ်း လှမ်းနိုင်မှ တော်ရုံကျမည်။ မလုပ်လို့ရှိလျှင် ယိုးဒယားတောင်မီမှာ မဟုတ်ဟု မကွယ်လွန်မီ တစ်ပတ်ခန့်အလို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက် နေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ မြွက်ကြားခဲ့ သော ရန်ကုန်နယ်လုံးဆိုင်ရာ နိုင်ငံရေးရှင်းလင်းပွဲ ကြီးတွင် နောက်ဆုံးမိန့်ခွန်းအဖြစ် သတိပေး ပြော ကြားသွားခဲ့သည်။

တစ်ဆက်တည်းမှာပင် မြန်မာပြည်သူအပေါင်း အား ညီညွတ်ဖို့၊ စည်းကမ်းရှိဖို့၊ ခြိုးခြံသင့်သည့် နေရာတွင် ခြိုးခြံချွေတာဖို့၊ ကိုယ်လိုချင်သည့် ပန်းတိုင်ရောက်အောင် လုံ့လဝီရိယနှင့်ကြိုးစား အားထုတ်လုပ်ကိုင်ဖို့ သတိပေးပြောကြားသွားခဲ့ သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များကျဆုံးခဲ့သည်မှာ ယခု ၂၀၂၅ ခုနှစ်ဆိုလျှင် ၇၈ နှစ်တိုင်ခဲ့လေပြီ။ ဗိုလ်ချုပ်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို မျိုးဆက်အလီလီ၊ အဆက်ဆက်က ယနေ့တိုင် အောက်မေ့တမ်းတ၊ အမှတ်ရနေကြဆဲပင်။

သို့ရာတွင် မြန်မာ့နိုင်ငံရေးရာသည် ရှေးယခင်မှ ယနေ့တိုင်များသောအားဖြင့် မူကိုစွဲကိုင်သော နိုင်ငံရေးမဟုတ်မူဘဲ ပုဂ္ဂိုလ်စွဲနိုင်ငံရေးမျှသာဖြစ်သည့်အလျောက် ဗိုလ်ချုပ်၏ပညာရှင်ဆန်သော အတွေးအခေါ်များ၊ အနာဂတ်နိုင်ငံတော်အတွက် ဗိုလ်ချုပ်၏ရည်မှန်းချက်များ၊ မျှော်မှန်းချက်များ၊ မထောက်မညှာ ဘွင်းဘွင်းရှင်းရှင်း သတိပေး မှာကြားချက်များနှင့် စပ်လျဉ်း၍မူ အမှတ်ရမှု၊ လိုက်နာအကောင်အထည်ဖော်မှုတို့တွင် အားနည်း ခဲ့ကြသည်ဟု ဆိုရပေမည်။

ယခုမှမဟုတ်၊ ရှေးယခင်ကတည်းက ဖြစ်ခဲ့၍ ကာတွန်းပညာရှင်ကြီး ဆရာကြီး ဦးဘဂျမ်းကပင် လျှင် အာဇာနည်နေ့အခမ်းအနားတွင် လာရောက်အလေးပြုကြပြီးနောက် ယခင်အတိုင်း နေမြဲ၊ စားမြဲ၊ စည်းကမ်းမဲ့ကြစမြဲဟူ၍ ကာတွန်းရုပ်ပြောင်ဖြင့် ဝေဖန်ထောက်ပြခဲ့သည်။

စာရေးဆရာကြီး မောင်ထင်ကလည်း “ဗိုလ်ချုပ် ကိုရည်စူး၍ ငါတို့ဘာတွေလုပ်နေကြသလဲ ခေါင်းစဉ်ဖြင့် “ကျွန်ုပ်တို့အတွက် ဗိုလ်ချုပ် အောင်ဆန်းဆောင်ရွက်ပေးခဲ့သည်တို့ကို စာရင်း တင်ပြဟုဆိုလျှင် သမိုင်းတစ်လျှောက်လုံး၌ မှတ်တမ်းတင်၍ ကုန်နိုင်ဖွယ်မရှိချေ။ ကျွန်ုပ်တို့ အတွက် ဗိုလ်ချုပ်လုပ်ဆောင်ခဲ့သမျှကို ကျွန်ုပ်တို့ကအပြန်အလှန်အားဖြင့် ကျေးဇူးဆပ်ဖို့ရှိသည်။ ထို့ကြောင့် ဦးပုကလေးက ငါတို့ဗိုလ်ချုပ်အတွက် ဘာတွေလုပ်ခဲ့သလဲဟု မေးမြန်းလိုက်သောအခါ ကျွန်တော်ကလည်း ငါတို့ဗိုလ်ချုပ်ကျေးဇူးကို သိသောအားဖြင့် ဘာတွေလုပ်နေကြသနည်းဟု မေးလိုက်ချင်သည်။

 ယုတ်စွအဆုံး ဗိုလ်ချုပ်မှာခဲ့သော စည်းကမ်း ကိုပင်လျှင် အမြတ်တနိုးလိုက်နာကြမည်ဆိုပါက ဗိုလ်ချုပ်မျှော်မှန်းသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက် နေသောစီမံကိန်းအဝဝတို့သည် နိုင်ငံသူနိုင်ငံသားတို့ကို ကောင်းကျိုးပေးလျက်ရှိနေကြလိမ့်မည်။

 ထို့ကြောင့် ဤခေတ်ဤအခါ၌ ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲဟုတွေး၍ငေး၍ မနေကြပါနှင့်။ ငါတို့ဗိုလ်ချုပ်ကို ဘာတွေလုပ်နေကြသလဲဟု အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်ဖို့သာကောင်း သည်ဟူ၍ ရေးသားခဲ့ပေသည်။

ထို့အတူ ဆရာကြီးမောင်ထင်က “ဗမာ့နိုင်ငံရေးသုခမိန် စာအုပ်တွင်လည်း “ဗိုလ်ချုပ်အား တကယ်ချစ်ပါသည်၊ ခင်ပါသည်၊ သတိရပါသည်ဟုဆိုလျှင် ပညာရှင်ဆန်သော ဗိုလ်ချုပ်၏ အတွေးအခေါ်များရင့်သန်လာခဲ့သည့်နည်းတူ လူထု၏စဉ်းစားဉာဏ် လည်း ရင့်သန်လာကြစေရန် လူထုတစ်ရပ်လုံး ကြိုးစားသင့်လှပေသည်။

နိုင်ငံရေးသမားပေါသလောက်၊ နိုင်ငံရေးသုခမိန်ရှားလှသော ဤနိုင်ငံတွင်နိုင်ငံရေးသုခမိန်များ ထွန်းပေါ်လာပါစေရန်ရည်သန်၍ ကျွန်တော်မှတ်မိသမျှဗိုလ်ချုပ်၏ ဟောပြောချက်၊ ကြေညာချက်၊ မိန့်ကြားချက်တို့ကို ယခုတင်ပြပါသည်ဟူ၍ ရေးသားခဲ့ပေသည်။

သို့ဖြစ်ရကား မြန်မာပြည်သူများ၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်မောင်မယ်များအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းအပေါ် ပုဂ္ဂိုလ်ရေးရှုထောင့်မှ ချဉ်းကပ်မှုထက်ဗိုလ်ချုပ်၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ မိန့်မှာချက်များကို အလေးထား ဖို့လိုသည်။ လိုက်နာဖို့လိုသည်။

နိုင်ငံရေးခေါင်းဆောင်များ အနေဖြင့်လည်း “တိုင်းပြည်ပြန်လည်ထူထောင်ရာမှာ အခုရုရှားပြည်သစ်တည်ခါစကလို၊ အခု ဘိလပ်မှာဖြစ်နေသလို လူတွေဟာ ခြိုးခြံသည်းခံပြီး ဇွဲနပဲနဲ့ စိစစ်ဆောင် ရွက်လုပ်ကိုင်နိုင်မှ လောင်စာကျပြီး ပြာပုံအတိဖြစ်နေတဲ့ မြန်မာပြည်ကြီးကို စည်ပင်သာယာဝပြောအောင် မနည်းကျုပ်တို့လုပ်ရလိမ့်မယ်ဆိုတာကို ကျုပ်တို့ဟာ လူထုခေါင်းဆောင်တွေဆိုလို့ရှိရင် လူထုနားလည်အောင် ရှေ့ဆောင်ဟောပြောညွှန်ပြ ပြီး သတ္တိရှိရှိလုပ်ပြရလိမ့်မယ်ဟူသည့် ဗိုလ်ချုပ်၏ မိန့်မှာချက်များအတိုင်း လူထုကို ရှေ့ဆောင်လမ်းပြ ၍ လုပ်ကိုင်ကြရန် လိုအပ်ပေသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဗိုလ်ချုပ် မိန့်မှာချက်အတိုင်း “အတော့်ကိုပြဲအောင် ကြိုးစားလုပ်ကိုင်ကြ ရမည့်အစား ကျဉ်းမြောင်းသောလူမျိုးစွဲ၊ ဒေသစွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲတို့ကို ရှေ့တန်းတင်ခဲ့မှုကြောင့် အမျိုးသားစည်းလုံးညီညွတ်မှုပျက်ပြားကာ လက်နက်ကိုင်ပဋိပက္ခကို ခေတ်အဆက်ဆက် ဖော်ဆောင်ခဲ့ကြသဖြင့် အမိမြန်မာနိုင်ငံတော်သည် လက်ရှိကာလတွင် ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်ခဲ့သည်ကို အလေးအနက်ဆင်ခြင်စဉ်းစားပြီး အချိန်မနှောင်း သေးမီ ပြင်ဆင်သင့်သည်များကိုပြင်ဆင်၍ အမိမြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားအားလုံး တက်ညီလက်ညီ၊ ဦးထမ်းပဲ့ထမ်း ကြိုးပမ်းအားထုတ်လုပ်ကိုင်ကြရန် ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် အာဇာနည်နေ့အခါ သမယတွင် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။