Skip to main content

လူညွန့်တုံး၊ လူမျိုးတုံးစေတတ်သော မူးယစ်နွယ်ဝင်မှန်သမျှကို ရှောင်ရှားနိုင်ကြပါစေ

တင်ထက်ထက်ဇော်

ဇွန်လ ၂၆ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ - International Day Against Drug Abuse and Illicit Trafficking” ဖြစ်သည်။ ဇွန်လ ၂၆ ရက်နေ့ကို သတ်မှတ်ရသည့် သမိုင်းကြောင်းရှိပါသည်။ တရုတ်နိုင်ငံတွင် ပထမဘိန်းစစ်ပွဲဖြစ်ခါနီး ၁၈၃၉ ခုနှစ်မှာ ဥရောပတိုက်သားများဖြစ်ကြသော ပေါ်တူဂီ၊ စပိန်နှင့် ဒတ်ချ်ကုန်သည်များက တရုတ်နိုင်ငံကို ဘိန်းများရောင်းချရန်အတွက် ဂွမ်ဒုန်းပြည်နယ် ဟူမင်းမြို့သို့ ရောက်လာကြသည်။

ထိုအခါ ဖူးကျန့်ပြည်နယ်အုပ်ချုပ်ရေးမှူး Li Zexu က ဇွန်လ ၂၆ ရက်နေ့တွင် ဟူမင်းသို့ အချိန်မီ သွားရောက်ပြီး ဥရောပဘိန်းကုန်သည်များ သယ်ယူလာသည့်ဘိန်းများကို သိမ်းဆည်းမီးရှို့ဖျက်ဆီးပစ်သည်။ ထိုသို့ ဘိန်းများမီးရှို့ဖျက်ဆီးခဲ့သော ဇွန်လ ၂၆ ရက်နေ့ကို နှောင်းလူတို့ အမြဲအောက်မေ့သတိရကြစေရန် ရည်ရွယ်၍ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ၁၉၈၇ ခုနှစ် ဇွန်လအတွင်းကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အဖြစ် အထူးတလည် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါနေ့နှင့်ပတ်သက်ပြီး ကုလသမဂ္ဂက နှစ်စဉ်ဆောင်ပုဒ်သတ်မှတ်လျက်ရှိရာ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “Breaking the Chains: Prevention, Treatment, and Recovery for All!” ဟူ၍ ဖြစ်သည်။ ဆိုလိုသည်မှာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတို့ကို ကိုင်တွယ်ဖြေရှင်းရာတွင် ရပ်ရွာလူထု၏ ပံ့ပိုးကူညီမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လက်လှမ်းမီမှုတို့အတွက် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုလိုအပ်ကြောင်း အလေးပေးဖော်ပြလိုခြင်း ဖြစ်ပါသည်။

မူးယစ်ဆေးဝါး

မူးယစ်ဆေးဝါးဆိုသည်မှာ လူသားများ၏ ဆင်ခြင်တုံတရားများ၊ ကာယအား၊ ဉာဏအား၊ လူ့စွမ်းအားအရင်းအမြစ်အားလုံးကို အန္တရာယ်အပေးနိုင်ဆုံးပစ္စည်းဖြစ်သည်။ တစ်နည်းဆိုသော် လူ့ဘဝတိုးတက်မှု အရာမှန်သမျှကို အောက်ဆုံးအထိ နိမ့်ကျစေသော အန္တရာယ်ပေးနိုင်သည့်ပစ္စည်းကို မူးယစ်ဆေးဝါးဟုခေါ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးမသုံးစွဲကြရေး ဥပဒေအသီးသီးပြဋ္ဌာန်းပြီး အရေးယူလျက်ရှိသည်။ မိမိတို့မြန်မာနိုင်ငံတွင်လည်း ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က ဥပဒေသစ်ပြဋ္ဌာန်းပြီး စီမံချက်သုံးရပ်ချမှတ်ခဲ့သည်။ ယင်းစီမံချက်ပါအကြောင်းအရာများမှာ (၁) ဘိန်းစိုက်ပျိုးထုတ်လုပ်မှုပပျောက်ရေး၊ (၂) မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးနှင့် (၃) မူးယစ်ဆေးဝါးရောင်းဝယ်မှုပပျောက်ရေးတို့ဖြစ်ကြပြီး စီမံချက်များနှင့်အညီ နိုင်ငံတော်က အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ရောက်တိုင်း မြန်မာနိုင်ငံ၌ တစ်နှစ်တာအတွင်း ဖမ်းဆီးရမိသော ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်၊ ဆေးခြောက်စသည့် မူးယစ်ဆေးဝါးများနှင့်အတူ ၎င်းမူးယစ်ဆေးဝါးများ ထုတ်လုပ်ရာမှာအသုံးပြုသော ဆက်စပ်ပစ္စည်း အမျိုးပေါင်း ၅၀ ကျော်တို့ကို နိုင်ငံတော်က နိုင်ငံခြားသံရုံးများ ရှေ့မှောက်တွင်အခမ်းအနားဖြင့် မီးရှို့ဖျက်ဆီးလေ့ရှိသည်။ သို့သော် ခေတ်အဆက်ဆက် ယနေ့ထိတိုင် နေ့စဉ်ထုတ် သတင်းစာများ၊ တီဗွီရုပ်သံလိုင်းများအားလုံးတွင် မတွေ့ချင်ဆုံးမမြင်ချင်ဆုံး မြင်တွေ့နေရဆဲ၊ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြားသုံးစွဲမှု၊ ရောင်းဝယ်မှုများ ရှင်သန်ကြီးထွားနေဆဲ ဖြစ်ပါသည်။

ကိုဗစ်-၁၉ မဖြစ်ပွားခင် ၂၀၁၉ ခုနှစ် ထုတ်ပြန်ချက်သတင်းများအရ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၂၀၀ ကျော်သည် မူးယစ်ဆေးဝါးများသုံးစွဲနေကြပြီး နှစ်စဉ်မူးယစ်ဆေးစွဲသူဦးရေမှာလည်း ကြောက်ခမန်းလိလိ တိုးပွားလျက်ရှိရာ မူးယစ်ဆေးသုံးစွဲနှုန်းကို စစ်တမ်းကောက်ယူကြည့်မည်ဆိုပါက ဆေးစွဲလူဦးရေ သန်းပေါင်း အဆမတန်တိုးပွားနေပြီဖြစ်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြသည်။ အနာဂတ်ကမ္ဘာအတွက် ရင်လေးစရာဖြစ်ပါသည်။ မူးယစ်ဆေးဝါးဆိုသည်မှာ တစ်ကြိမ်သုံးမိရုံမျှဖြင့် စွဲလမ်းသွားကာ ဖြတ်တောက်ရန် လွန်စွာခက်ခဲသည်။ အိမ်တစ်အိမ် သို့မဟုတ် မိသားစုတစ်စု၌ မူးယစ်ဆေးစွဲသူတစ်ဦးရှိနေလျှင် တစ်မိသားစုလုံး စိတ်ဆင်းရဲရသည့်အပြင် စီးပွားရေးနာလန်မထူနိုင်တော့ဘဲ ချွတ်ခြုံကျရသည်။

ဘိန်းဖြူ

ဘိန်းဖြူသည် မူးယစ်အားလုံးထဲတွင် အပြင်းထန်ဆုံးနှင့် ကြောက်စရာအကောင်းဆုံးဖြစ်သည်။ အက်စစ် ၁၄ မျိုးပါဝင်နေပြီး လူ့ခန္ဓာကိုယ်၏ အမာဆုံးအစိတ်အပိုင်းဖြစ်သော အရိုးများကိုပင် အမှုန့်ဖြစ်စေသည်။ မြန်မာနိုင်ငံတွင် မည်သည့်အချိန်ကစပြီး မူးယစ်ဆေးဝါးရှိနေကြောင်း လေ့လာကြည့်ရာ ဘိုးတော်ဘုရား ဗဒုံမင်း(ကုန်းဘောင်ခေတ် ၆ ဆက်မြောက်ဘုရင်) လက်ထက် (၁၇၈၂-၁၈၁၉) မှာ တိုင်းတစ်ပါးကုန်သည်များက သင်္ဘောဖြင့် ကုန်ကူးရာကစတင်ကာ မြန်မာနိုင်ငံအတွင်းသို့ မူးယစ်စေတတ်သောအရာများရောက်ရှိလာခဲ့သည်။ “ဘိန်း၊ ဘင်း၊ ကစော်၊ လှော်စာ၊ အရက် လူကိုဖျက်အရှက်ရမည်ကြောက် ဆိုသည့် ယစ်မျိုးဥပဒေများထုတ်ပြီး မသုံးစွဲ၊ မသောက်စားကြရန် တားမြစ်ခဲ့ရသည်။ ယင်းကာလမှာမူးယစ်များကို တွင်တွင်ကျယ်ကျယ် မသုံးစွဲကြသေးပေ။

၁၈၆၂ ခုနှစ် (လွန်ခဲ့သော အနှစ် ၁၆၀ ကျော်)တွင် အင်္ဂလိပ်တို့က မြန်မာနိုင်ငံကိုနယ်ချဲ့လာကြသည်။ လူငယ်များကိုပစ်မှတ်ထား၍ ဘိန်းအလကားကျွေးသည်။ တရားဝင်ဘိန်းသုံးစွဲခွင့် မှတ်ပုံတင်များထုတ်ပေးသည်။ ဘိန်းရှူခန်းများစွာကိုလည်း တရားဝင်ဖွင့်ခွင့်ပေးသည်။ နယ်ချဲ့တို့၏ ရည်ရွယ်ချက်မှာ နိုင်ငံ့အနာဂတ်လူငယ်များ ပျက်စီးစေရန်၊ လူငယ်များ မျိုးချစ်စိတ်ဓာတ် ပျက်ပြားစေရန်၊ လူမျိုးတုံးစေရန်၊ မြန်မာနိုင်ငံကို အလွယ်တကူသိမ်းပိုက်နိုင်ရန်တို့အတွက် ပရိယာယ်သုံးပြီး ဘိန်းကျွေးခြင်းဖြစ်သည်။ ထို့ပြင် ငွေအရင်းအနှီးထုတ်ပေးပြီး ဘိန်းပင်များစိုက်စေသည်။ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ဘိန်းပင်များ စိုက်ခိုင်းပြီးနောက် ထွက်ရှိသောဘိန်းများကို ပြည်ပသို့ပို့ပြီး ဖြန့်ဖြူးရောင်းချသည်။ နယ်ချဲ့တို့က ဤနည်းဖြင့် မြန်မာနိုင်ငံကို ကုပ်သွေးစုပ်ခဲ့ကြသည်။ နိုင်ငံရေး၊ လူမျိုးရေးသာမက စီးပွားရေးအမြတ်ထုတ်ခဲ့ကြသည်။

မူးယစ်ဆေး၏ သဘောသဘာဝသည်ပစ္စည်း ပမာဏနည်းနည်းဖြင့် အမြတ်များများရသော ရောင်းကုန်တစ်မျိုးဖြစ်သည်။ သို့ကြောင့်ပင် မိစ္ဆာဇီဝဖြင့် စီးပွားရှာသူများက လက်မလွှတ်နိုင်ကြဘဲ တရားမဝင်နည်းလမ်းအမျိုးမျိုးဖြင့် ရောင်းဝယ်နေကြဆဲဖြစ်သည်။ ယင်းအကျိုးဆက်အဖြစ် ယနေ့ကမ္ဘာတွင် စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါးအမျိုးမျိုးတို့ မပျောက်ကွယ်နိုင်ဘဲဖြစ်နေပါသည်။ ဆေးပညာရှုထောင့်အရ ဘိန်းကတစ်ဆင့် ဥပမာ “မော်ဖင်းကို ဆေးအဖြစ် ထုတ်လုပ်သုံးစွဲပါသည်။ ဥပမာစစ်မြေပြင်၌ သေနတ် သို့မဟုတ် ဗုံးဆန်ထိသောအခါ လူနာကို ခံစားရသက်သာစေပြီး မှိန်းနေစေရန်အတွက် မော်ဖင်းထိုးသွင်းပေးရသည်။ တချို့ကင်ဆာရောဂါ နောက်ဆုံးအဆင့် လူနာမှာလည်း လိုအပ်လျှင် မော်ဖင်းထိုးနှံပေးရပါသည်။ ထို့ကြောင့် ကမ္ဘာ့လူသားတို့အသက်ရှင်သမျှ ကာလပတ်လုံး ဆေးဝါးကုထုံးအရ အသုံးချရန်အတွက် မူးယစ်ဆေးကရှိနေရမည် ဖြစ်ပေသည်။ သို့သော် တလွဲသုံးနေကြပြီး မူးယစ်ဆေးဝါးများသုံးစွဲမှု၊ ရောင်းချမှုတို့ဖြင့် မူးယစ်သံသရာဖြစ်နေရာ နိုင်ငံအသီးသီးက ဥပဒေများပြဋ္ဌာန်းပြီး ထိန်းချုပ်နေရခြင်းဖြစ်ပါသည်။

စိတ်ကြွရူးသွပ်ဆေးပြား

ဂျပန်နိုင်ငံတွင် ဒုတိယကမ္ဘာစစ်တွင်းကာလက မက်ဒက်ဖီတမင်း ဆေးအမှုန့်တစ်မျိုးကို Dr.Nagayoshi Nagai ဆိုသူက ဖော်ထုတ်တွေ့ရှိခဲ့သည်။ ရည်ရွယ်ချက်က ပန်းနာရင်ကျပ်ပျောက်ဆေး၊ အဝလွန်တိုက်ဖျက်ဆေး၊ စိတ်ကျရောဂါပျောက်ဆေး၊ ဝမ်းကိုက်ပျောက်ဆေး၊ ဝက်ရူးပြန်ကာကွယ်ဆေး စသည့် ဆေးဝါးများဖော်စပ်ရာမှာ ထည့်သုံးရန်ဖြစ်သည်။ နောက်ပိုင်းတွင် အမှုန့်ကို WY အဖက် တမင်းဆေးလုံး သို့မဟုတ် ဆေးပြားများအဖြစ် ဖော်စပ်လာကြပြီး စိတ်ကျရောဂါသည်များ သို့မဟုတ် စိတ်ဝေဒနာသည် တချို့ကို စိတ်ဖိစီးမှုပြေပျောက်ရန် စိတ်ကိုမြှင့်တင်သည့်အနေဖြင့် တရားဝင်ဆေးတိုက်ကျွေးသည်။ သို့သော်လိုအပ်သည့် ပမာဏထက်ပိုမကျွေးသင့်ပေ။ မလိုအပ်ဘဲ လုံးဝ(လုံးဝ)မကျွေးရ။ Over dose ဖြစ်သွားပါက စိတ်ကြွဆေးပြားမဟုတ်တော့ဘဲ “စိတ်ကြွရူးသွပ် ဆေးပြား ဖြစ်သွားသည်။ ၎င်းဆေးထဲတွင် Sluphuric Acid, Nitric Acid များလည်း ပါရှိနေကြသည်။ ယနေ့မြန်မာနိုင်ငံတွင် အထူးသဖြင့် လူငယ်၊ လူရွယ်များ အကြောင်းအမျိုးမျိုးကြောင့် တလွဲသုံးမိကြပြီး ဆေးစွဲလာကြသည်။ စိတ်ကြွဆေးပြားအမျိုးမျိုးရှိသည်။ မီးရှို့ အနံ့ရှူကြသည်။ ဆေးပြားသောက်ကြသည်။ ခန္ဓာကိုယ်ထဲ ဆေးထိုးသွင်းကြသည်။

တစ်ကြိမ်သုံးမိရုံဖြင့် စိတ်မခိုင်သူများသည် ဆေးစွဲသွားကြသည်။ ဆေးစွဲအဆင့်တွင် အမြင် အကြား ဝေဝါးသွားပြီး မဟုတ်ကို အဟုတ်ထင်၊ မရှိကို အရှိထင် ရူးသွပ်ချောက်ချားမှု ဖြစ်ပေါ်လာ သည်။ ထိုအခါ ပင်ကိုအသိစိတ်များ ကွယ်ပျောက်သွားပြီး မိမိကိုယ်ကို အသက်အန္တရာယ်ပြုနိုင်သလို အတူနေမိသားစုနှင့် ပတ်ဝန်းကျင်ကိုလည်းအသက် အန္တရာယ်ပေးနိုင်သည်။ ၎င်းပစ္စည်းက ဘိန်းဖြူလောက်မရှားပါး၊ စျေးလည်းမကြီးဘဲ အလွယ်တကူဝယ်ယူရနိုင်သည်။ ထို့ကြောင့် လူငယ်ပညာသင်ကြားဆဲ ကျောင်းသားတချို့ သောက်သုံးကြသဖြင့် အရေးယူခံရသည့် သာဓကများစွာရှိသည်။ထို့ကြောင့် မိဘများအနေဖြင့် ကလေးကိုမလိုအပ်ဘဲ မုန့်ဖိုးအများအပြားပေးခြင်း၊ အလိုလိုက်လွန်းခြင်း၊ ယုံကြည်မှုလွန်ကဲခြင်းမဖြစ်သင့်ပေ။ မိန်းကလေးများတွင်လည်း ဆေးစွဲနိုင်ပါသည်။ ကိုယ့်သားသမီး မည်သူနှင့်ပေါင်းဖော်နေသလဲ၊ အခြေအနေမူပျက်နေသလား စသည်ကို ဂရုစိုက်စောင့်ကြည့်ရန်လိုသည်။

ရှောင်ရှားနိုင်သော နည်းလမ်းကောင်းများ

“မူးယစ်အစ ဆေးလိပ်ကဖြစ်၍ ဆေးလိပ်၊ ဆေးရွက်ကြီးအမျိုးမျိုးနှင့် ကွမ်းယာတို့ကို အစလုပ်၍ မသုံးမိကြဖို့ အထူးအရေးကြီးသည်။ စိတ်ဓာတ်မခိုင်မာသူ၊ စိတ်မနိုင်သူများက မူးယစ်ဆေးများကို သုံးမိတတ်ကြသည်။ မကောင်းမှန်းသိလျက်နှင့် လက်တည့်စမ်းလိုခြင်း၊ မိမိကိုယ်ကိုအထင်ကြီးခြင်း (ဥပမာ ငါကတော့တခြားသူတွေလိုမဟုတ်ဘူး၊ ငါဆေးမစွဲနိုင်ဘူး၊ ငါစိတ်မာတယ်)ဟု တလွဲ ဆံပင်ကောင်းကာ စမ်းသုံးကြည့်မိတတ်သည်။ တချို့ကမူအသည်းကွဲ၍၊ တစ်စုံတစ်ခုဝမ်းနည်းကြေကွဲ၍၊ သူငယ်ချင်းကဆွယ်၍၊ အိမ်ကို အရွဲ့တိုက်၍ စသည်ဖြင့် အကြောင်းအမျိုးမျိုးပြကာ သုံးမိကြသည်။ အရင်းစစ်ကြည့်လျှင် စိတ်မခိုင်ခြင်း၊ စိတ်မနိုင်ခြင်းကြောင့် သုံးစွဲခြင်းသာဖြစ်ပါသည်။

ထို့ကြောင့် မိမိကစ၍ မည်သို့သောအကြောင်းကြောင့်ဖြင့် တစ်ကြိမ်တစ်ခါမျှပင် မသုံး၊ မထိရန်လိုပါသည်။ ထို့ပြင် ယောကျ်ားလေးများ အားကစားတစ်ခုခုပုံမှန်လုပ်သင့်သည်။ ကျောင်းစာအပြင် အကျိုးပြု ပြင်ပစာပေများကိုလည်း လေ့လာဖတ်ရှုသင့်သည်။ ဝါသနာတူ သူငယ်ချင်းများနှင့် အားကစား လုပ်ခြင်း၊ ရပ်ရွာအကျိုးအတွက် ပရဟိတပြုလုပ်ခြင်း သို့မဟုတ် ဘာသာရေးကိုလည်း မမေ့မလျော့လုပ်ခြင်း၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်များတွင် စာအုပ်ငှားဖတ်ခြင်း စသည်ဖြင့် လုပ်ဆောင်မည်ဆိုပါက မူးယစ်စိတ်ကြွဆေးများကို ရှောင်ရှားနိုင်ပါလိမ့်မည်။ ဆိုလိုသည်မှာ မူးယစ်ဆေးသုံးစွဲသူက စာကြည့်တိုက် မသွားတတ်ပေ၊ သွားလေ့သွားထမရှိပေ။ အားကစားကိုလည်း မလိုက်စားကြပေ။ ထိုအခါ မိမိနှင့် ယင်းတို့သည် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေပြီး ဆေးသုံးသူများနှင့် ဆုံစည်းနိုင်စရာ အကြောင်းမရှိတော့ပေ။

မူးယစ်သားကောင်များအတွက် အကြံပြုချက်

လူဆိုသည်မှာ မှားတတ်သည့်အမျိုးဖြစ်သည်။ (ဝါ) အမှားမကင်းပေ။ သို့သော် ထိုအမှားကို တစ်သက်တာလုံး ထမ်းပိုးထွေးပိုက် သယ်ဆောင်သွားစရာမလိုအပ်ပေ။ “မှား၊ မှားမှန်းသိ လူတော်ဖြစ်၏။ မကောင်း၊ မကောင်းမှန်းသိ လူကောင်းဖြစ်၏၊ မကောင်းလျက်ပင် ကောင်းသည်ထင် မကောင်းမြဲမကောင်းမည်ပင်” ဆိုသည့် ဆုံးမစကားအတိုင်း မကောင်းသောအရာမှန်သမျှကို ဖြတ်တောက်ပါ။ မည်သူမျှ မွေးစကတည်းက မသုံးတတ်ကြပေ။ မည်သည့်ကျောင်း၊ မည်သည့်စာပေများကလည်း မူးယစ်ဆေးသုံးစွဲရန် သင်ပြရိုးထုံးစံ အလျဉ်းမရှိပေ။ မိမိအမှားကို မိမိကိုယ်တိုင် ချေဖျက်ရပါမည်။ အမှန်တကယ်ပြတ်ချင်စိတ်လည်းရှိရမည်။

မိဘ၊ အုပ်ထိန်းသူများကလည်း ပြန်လည်ထူထောင်ရေးကို အတတ်နိုင်ဆုံး စိတ်ရှည်ရှည်ဖြင့် ကူညီအားပေးရန်လိုပါသည်။ ကာကယံရှင်ဘက်ကလည်း မိသားစုများ၊ လူအများမိမိအပေါ် ယုံကြည်လာအောင် နေပြနိုင်ရမည်။ အဓိကအချက်မှာ မိမိကိုယ်တိုင်က စိတ်ပြတ်သားရန်လိုသည်။

မူးယစ်ဆေးဖြတ်ထားပြီးလျှင်လည်း ယခင်ကဆေးသုံးဖော်၊ ဆေးဝယ်ဖူးသူများကို ဝေးဝေးကရှောင်ပါ။ ၎င်းတို့နှင့် ပြတ်ပြတ်သားသားလမ်းခွဲပါ။ မိသားစုကို ဝန်ထုပ်ဝန်ပိုးမဖြစ်ပါစေနှင့်။ မိသားစုအပေါ်မှာ တာဝန်သိစိတ်၊ တာဝန်ယူချင်စိတ်ရှိပါ။

မူးယစ်ဆိုးကျိုး အမျိုးမျိုး

ယနေ့ခေတ် စျေးအပေါဆုံး ဆေးလိပ်ဘူးတစ်ဘူး၏တန်ဖိုးသည် ကြက်ဥအလုံးကြီး ငါးလုံးနှင့်ညီမျှသည်။ ပိုက်ဆံကိုမီးရှို့နေခြင်းဖြစ်သည်။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းကြောင့် ကုန်ကျစရိတ်ကို လတ်ဆတ်သန့်ရှင်းသော အစားအစာများ ဝယ်သူစားသုံးသင့်သည်။

အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးရွက်ကြီးငုံခြင်း၊ ဆေးလိပ်သောက်သုံးခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ကုသရန်ခက်ခဲသည့် ကင်ဆာရောဂါများဖြစ်လာနိုင်ပါသည်။ အထူးသဖြင့် ခံတွင်းကင်ဆာ၊ အစာရေမြိုကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ကျောက်ကပ် ကင်ဆာများကိုဖြစ်စေသည်။ ထို့ပြင် ခြေပုပ်လက်ပုပ် ရောဂါ၊ မျက်စိရောဂါ၊ ပန်းသေပန်းညှိုးရောဂါ ဖြစ်တတ်သည်။ ဆေးလိပ်သောက်၍ ထွက်ရှိလာသော နီကိုတင်းအဆိပ်က ပတ်ဝန်းကျင်ကလူများကို Second Smoker အဖြစ် ဆေးလိပ်ငွေ့အန္တရာယ် ဖြစ်စေသည်။ ကိုယ်ဝန်ဆောင်သန္ဓေသားအတွက် Third Smoker အဖြစ် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲမီးဖွားခြင်း၊ အင်္ဂါမစုံသော ကလေးမွေးခြင်းဖြစ်တတ်သည်။

အီးစီးကရက်မှာလည်း ဆိုးကျိုးများကားများလှသည်။ ထို့ပြင် အီးစီးကရက်ထဲတွင်ပါသော ဓာတ်ငွေ့အရည်မှာ အခန့်မသင့်ပါက ပေါက်ကွဲတတ်သည်။

နိဂုံးချုပ်အနေဖြင့် အကြံပြုလိုပါသည်။ ယခုကာလ ရောဂါပိုးများစွာရှိနေသည့် လေထုအတွင်း ကွမ်းတံတွေးကို မဆင်မခြင်ထွေးထုတ်မည်ဆိုပါက အခြားသူများထံ ကွမ်းတံတွေးကတစ်ဆင့် ရောဂါပိုးများ ဖြန့်ဝေရာရောက်ပါသည်။ သို့ပါ၍ စိတ်ကိုပြောင်းလဲစေတတ်သော၊ လူကိုဘေးဖြစ်စေတတ်သော၊ လူညွန့်တုံးစေတတ်သော၊ လူမျိုးတုံးစေတတ်သော မူးယစ်နွယ်ဝင်မှန်သမျှကို ရှောင်ရှားကြပါ၊ ရှောင်ရှားနိုင်ကြပါစေကြောင်း အကြံပြုရေးသားလိုက်ရပါသည်။ ။