Skip to main content

တက္ကသိုလ်နှင့် ဒေသအကျိုးပြု လက်တွေ့သုတေသန

ဒေါက်တာသန့်စင်(ရူပဗေဒ)

ကျွန်တော်သည် ၁၉၇၃ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို သင်္ချာ၊ ရူပဗေဒဘာသာဂုဏ်ထူးဖြင့် အောင်မြင်ပြီး မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် (ယခု မန္တလေးတက္ကသိုလ်) တွင် ရူပဗေဒဘာသာအဓိကဖြင့် တက်ရောက်ခဲ့ပါသည်။ ၁၉၇၇ ခုနှစ်တွင် ရူပဗေဒဘာသာတွဲကို ငါးဘာသာဂုဏ်ထူး အထူးအောင်ဖြင့် အောင်မြင်ခဲ့ပြီး မဟာသိပ္ပံဘွဲ့ကိုလည်းကောင်း၊ ပါရဂူဘွဲ့ကိုလည်းကောင်း မန္တလေးတက္ကသိုလ်မှ ရရှိခဲ့ပါသည်။

 ၁၉၈၀ ပြည့်နှစ်တွင် မဟာသိပ္ပံဘွဲ့ရရှိပြီး တက္ကသိုလ်ဆရာအဖြစ် စစ်တက္ကသိုလ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ကာ မုံရွာတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်စသည်တို့တွင် ပါမောက္ခတာဝန်အထိ ထမ်းဆောင် ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ပညာရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တာဝန်ဖြင့် သက်ပြည့်အငြိမ်းစားယူခဲ့ပါသည်။ ဝန်ထမ်းသက် ၃၇ နှစ် ကြာမြင့်ခဲ့ပါသည်။ တက္ကသိုလ်ဆရာဘဝတွင် သုတေသနလုပ်ငန်းများကို စိတ်ပါဝင်စား၍ ကိုယ်တိုင်ဦးဆောင်ကာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပူးပေါင်းကာ “နေရောင်ခြည်စွမ်းအင် အသုံးချသုတေသန”ကို အဓိကထားဆောင်ရွက်ခဲ့ပါသည်။

သုတေသနပြု အဖြေရှာဆောင်ရွက်သွားရန်လိုကြောင်း မှာကြား

၁ - ၆ - ၂၀၂၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာမျက်နှာရှေ့ဖုံးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လှိုင်သာယာမြို့နယ် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုအခြေအနေများနှင့် အနောက်ပိုင်း နည်းပညာတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ်အနေဖြင့် လှိုင်သာယာမြို့နယ် ရေစီးရေလာကောင်းမွန်စေရေးနှင့်ပတ်သက်၍ လမ်းသုတေသနပြု ဆောင်ရွက်သွားရန်လိုအပ်ပြီး မြို့ပြအင်ဂျင်နီယာဘွဲ့တန်း  တက်ရောက်နေသော နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများကို အဖွဲ့များခွဲ၍ အပိုင်းလိုက် သုတေသနပြုအဖြေရှာဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသွားခဲ့သည်ကို ဖတ်ရှုခဲ့ရပါသည်။

လှိုင်သာယာမြို့နယ်သည် စက်မှုဇုန်များတွင် စက်ရုံ၊ အလုပ်ရုံ များစွာရှိပြီး အလုပ်သမားအများစုသည် လှိုင်သာယာမြို့နယ်မှာပင် နေထိုင်ကြကာ အများစုမှာ အဆောင်များ၊ အိမ်များတွင် နေထိုင်ကြပါသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးသို့သွားလာရာတွင် အဓိကကျသော ရန်ကုန်-ပုသိမ်ကားလမ်းမကြီး ဖြတ်သန်းရာ မြို့နယ်ဖြစ်ပါသည်။ လူဦးရေထူထပ်ပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဟိုတယ်၊ စားသောက်ဆိုင်များ၊ ဈေးများ၊ ပန်းခြံများစသည်ဖြင့် အခြေခံအဆောက်အအုံများဖြင့် စည်ကားတိုးတက်နေသော မြို့နယ်ဖြစ်ပါသည်။ လှိုင်သာယာမြို့နယ်၏ အဓိကအားနည်းချက်မှာ လမ်းများ/ ရပ်ကွက်များရှိ ရေစီးရေလာကောင်းသည့် မြောင်းများ၊ ရေထွက်ပေါက် များတွင် စွန့်ပစ်အမှိုက်များ၊ ရွှံ့များ၊ နုန်းများကြောင့် မိုးရာသီတွင် ရေလျှံမှုဖြစ်ကာ လမ်းများတွင် ရေတင်ကျန်မှုကြောင့် သွားလာရ ခက်ခဲခြင်းဖြစ်ပါသည်။

ယခုအခါ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုကြောင့် လှိုင်သာယာမြို့နယ်မှာ ယခင်ကနှင့်မတူဘဲ သန့်ရှင်းသာယာတိုးတက်နေပြီဖြစ်ပါသည်။ လှိုင်သာယာမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ဖွင့်လှစ်ထားသော တက္ကသိုလ်များရှိပါသည်။ တက္ကသိုလ်ဆိုသည်မှာ ပညာရေးတွင် အဆင့်မြင့်ဆုံးကျောင်းများ ဖြစ်ပါသည်။ တက္ကသိုလ်သည် သုတေသနနှင့် အဆင့်မြင့်ပညာရပ်များ သင်ကြားရေးကို အဓိကထားပါသည်။ တက္ကသိုလ်၏အသက်သည် သုတေသနဖြစ်ပါသည်။

ကျွန်တော်သည် ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ရူပဗေဒဌာနတွင် တွဲဖက်ပါမောက္ခ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုအချိန်က လျှပ်စစ်မီးများ မကြာခဏ ပျက်သဖြင့် လှိုင်သာယာစက်မှုဇုန်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များမှာ လမ်းမီးပင်အချိန်ပြည့်မရရှိပါ။ ထိုအချိန်တွင် ကျွန်တော်အပါအဝင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ရူပဗေဒဌာနမှ ဆရာ ဆရာမများ၊ မဟာသိပ္ပံနှင့် ရူပဗေဒဘွဲ့ နောက်ဆုံးနှစ်ကျောင်းသား ကျောင်းသူများပူးပေါင်းကာ “နေရောင်ခြည်စွမ်းအင်အသုံးချသုတေသန” လုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ပါသည်။ ပါမောက္ခ ဒေါက်တာ ခင်မောင်ထွန်းက ဦးဆောင်ခဲ့ပါသည်။

နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးဖို (Solar Cooker)၊ နေရောင်ခြည်စွမ်းအင်သုံး သီးနှံအခြောက်ခံရုံ ( Solar Dryer House )၊ နေရောင်ခြည်စွမ်းအင်သုံး ရေငန်မှ ရေချိုချက်သည့်ကိရိယာ (Solar Still Water)၊ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ပေးခြင်းကို ဝပ် ၄၀ ဆိုလာပြားများ ဖြင့်လည်းကောင်း၊ ဆိုလာမီးအိမ်များကို ဝပ် ၂၀ ဆိုလာပြားငယ်နှင့် LED မီးလုံးများဖြင့်လည်းကောင်း ပြုလုပ်ကာ ပတ်ဝန်းကျင်ကျေးရွာများသို့ ရောင်းချပေးခဲ့ပါသည်။ ပညာရေးဝန်ကြီးကိုယ်တိုင် လာရောက် ကြည့်ရှုပြီး လိုအပ်သည့်ပစ္စည်း၊ သုတေသနရန်ပုံငွေများ ထုတ်ပေး ခဲ့ပါသည်။

စက်မှုဇုန်များသို့ လမ်းမီးတိုင်များ သွားရောက်တပ်ဆင်

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆိုလာမီးအိမ်များကို ကွမ်းခြံကုန်းမြို့နယ်နှင့် တွံတေးမြို့နယ်တို့အတွင်းရှိ ကျေးရွာများသို့ ရောင်းချနိုင်ရန် စီစဉ်ပေးပါသည်။ ကျွန်တော်အပါအဝင် ဆရာမတစ်ဦးကို နိုင်ငံခြားသို့စေလွှတ်၍ နေရောင်ခြည်စွမ်းအင်သုတေသနသင်တန်းများ တက်ခိုင်းကာ အားပေးခဲ့ပါသည်။ နောက်ဆုံးတွင် နေရောင်ခြည်စွမ်းအင် လမ်းကြောင်းရှာကိရိယာ (Solar Light Tracker) ကို တည်ဆောက်ခဲ့ပြီး နိုင်ငံခြားသို့သွားကာ စာတမ်းဖတ်ကြားခဲ့ပါသည်။ ပုဂ္ဂလိကကုမ္ပဏီများနှင့်ပူးပေါင်းကာ စက်မှုဇုန်များသို့ လမ်းမီးတိုင်များ သွားရောက်တပ်ဆင်ပေးခဲ့ပါသည်။

ထိုအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးဖွဲ့စည်းသည့် ရန်ကုန်တိုင်း ပြန်ပြည့်မြဲစွမ်းအင်ကော်မတီတွင် အဖွဲ့အတွင်းရေးမှူးအဖြစ် ပါဝင်ပြီး နေရောင်ခြည်စွမ်းအင်သုတေသနအဖွဲ့ဥက္ကဋ္ဌ တာဝန်ယူခဲ့ပါသည်။ ရန်ကုန်မြို့ ခုနစ်မိုင် ပါရမီလမ်းမပေါ်ရှိ ပြန်ပြည့်မြဲ စွမ်းအင်ကော်မတီရုံးတွင် တက္ကသိုလ်အသီးသီးမှ သုတေသနပညာရှင် များ၊ စက်ရုံ၊ အလုပ်ရုံများမှ ဝါသနာရှင်သုတေသီများ၊ ပြင်ပပုဂ္ဂလိကကုမ္ပဏီများမှ သုတေသီများဖြင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သုတေသနရန်ပုံငွေနှင့် လိုအပ်သည့်ပစ္စည်းများ ပံ့ပိုးပေးပါသည်။ တက္ကသိုလ်သုတေသနလုပ်ငန်းများကို သက်ဆိုင်ရာဒေသရှိ စက်မှုဇုန်များ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

တိုင်းဒေသကြီးအဆင့် သုတေသနဆု ပေးအပ်ချီးမြှင့်

ကျွန်တော်သည် ဟင်္သာတတက္ကသိုလ်သို့ ပြောင်းရွှေ့သွားသောအခါ ဧရာဝတီတိုင်းဒေသကြီးရှိ ကျေးရွာတချို့၌ မြွေဆိပ်ဖြေဆေးများနှင့် အအေးခန်းတွင်ထားရမည့်ပစ္စည်းများကို သိုလှောင်နိုင်ရန် ဆိုလာ ရေခဲသေတ္တာကို သုတေသနပြုခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် ဧရာဝတီ တိုင်းဒေသကြီးအဆင့် သုတေသနဆုကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပုသိမ်မြို့၌ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

လက်တွေ့သုတေသနများပြုလုပ်ရာတွင် ပထမအချက်မှာ လုပ်ချင်သောဆန္ဒရှိရမည်ဖြစ်ပါသည်။ ထို့ပြင် သုတေသနနှင့်ပတ်သက်၍ လိုအပ်သည့်အချက်အလက်များကို ရှာဖွေစုဆောင်းနိုင်ရမည်ဖြစ်ပါသည်။ သုတေသနအတွက် ပံ့ပိုးပေးနိုင်မည့် အဓိကလိုအပ်သည့် ငွေကြေးပေးနိုင်မည့် အဖွဲ့အစည်းများကို ချဉ်းကပ်ရှာဖွေကာ ကိုယ်လုပ်ဆောင်မည့် သုတေသနသည် မည်သည့်အကျိုးကျေးဇူးများ ရနိုင်ကြောင်း ပြောပြပြီး စည်းရုံးအကူအညီတောင်းရပါမည်။ နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်၊ မြို့နယ်အဆင့်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ကာ ဆောင်ရွက်နိုင်ပါသည်။ တက္ကသိုလ်များအနေဖြင့် နှစ်စဉ် သုတေသနပရောဂျက်များအတွက် ဝန်ကြီးဌာနက ရန်ပုံငွေချထားပေးပါသည်။ မိမိတို့ဆောင်ရွက်မည့်သုတေသနသည် သက်ဆိုင်ရာ မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသကြီးများတွင် လက်တွေ့သုတေသနပြုနိုင်ပါက ပိုမိုအကျိုးရှိနိုင်ပါသည်။ သက်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ်များနှင့် စီမံခန့်ခွဲရေးအဖွဲ့များကလည်း သုတေသန လုပ်ငန်းများကို ကူညီအားပေးဆောင်ရွက်ရပါမည်။

ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရန်ကုန်အနောက် ပိုင်းနည်းပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှု၍ သုတေသနပြုလုပ်ရန် လမ်းညွှန်မှာကြားချက်သည် အခြားတက္ကသိုလ်/ကောလိပ်များအတွက်ပါ လက်တွေ့ဒေသအကျိုးပြုသုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် လမ်းညွှန်လိုက်ခြင်းပင်ဖြစ်သည်ဟု ယုံကြည်ယူဆမိသဖြင့် မကြာမီအသုံးချသုတေသနလုပ်ငန်းများ အောင်မြင်လာမည်ဟု မျှော်လင့်ပြီး ရေးသားလိုက်ရပါသည်။ ။