Skip to main content

သတိပြုဖွယ် နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် အွန်လိုင်းလိမ်လည်မှုအန္တရာယ်

ရွှေခြံသား (FIU)

ယနေ့မျက်မှောက်ကမ္ဘာတွင် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုသည် အများပြည်သူ၏ နေ့စဉ်လူမှုဘဝများအတွက် များစွာအကျိုးရှိသော်လည်း အခြားတစ်ဖက်တွင် ဥပဒေနှင့်မညီသောလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အခွင့်အလမ်းများစွာဖြစ်စေပါသည်။ ယင်းတို့အနက် အင်တာနက်ကွန်ရက်ဆက်သွယ်မှုကို အသုံးချ၍ ကျူးလွန်သည့် လိမ်လည်မှုများသည် လတ်တလောသတိပြုရမည့် ပြည်သူများအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာပါသည်။

ဒုစရိုက်သမားများအနေဖြင့် အွန်လိုင်းလိမ်လည်မှုကို ကျူးလွန်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်အတု၊ တစ်ပါးသူများ၏ နိုင်ငံသားစိစစ်ရေးကတ်များဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်း (Account) များကို အသုံးပြု၍ လိမ်လည်ရရှိရာမှ ငွေကြေးများကို လွှဲပြောင်းရယူကြပါသည်။ အင်တာနက်ဆက်သွယ် ရေး နည်းပညာအပေါ် အခြေခံထားသည့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ ထိုသို့သော ဝန်ဆောင်မှုလုပ်ငန်းများကို ရယူအသုံးပြုနိုင်ရန်အတွက် နိုင်ငံ သားစိစစ်ရေးကတ်များနှင့် ယာဉ်မောင်းလိုင်စင်များမှာ အခြေခံလိုအပ်သည့် အထောက်အထားများ ဖြစ်လာပါသည်။ သို့ဖြစ်ရာ နိုင်ငံသားစိစစ်ရေးကတ်များ၏ စစ်မှန်နိုင်မှု၊ အချက်အလက်များ ခိုင်မာမှု၊ အတုအပပြုလုပ်ရန် ခက်ခဲစေနိုင်မှုစသည့် အရည်အသွေးများသည်လည်း အရေးကြီးလာပါသည်။

နိုင်ငံသားစိစစ်ရေးကတ်အတုဆိုတာဘာလဲ

နိုင်ငံသားစိစစ်ရေးကတ်အတု ဆိုသည်မှာ တရားမဝင်သော လုပ်ဆောင်ချက်တစ်ခုကို ဆောင် ရွက်ရန် ရည်ရွယ်ချက်ဖြင့် တုပထားသည့် စာရွက်စာတမ်းတစ်ခုဖြစ်ပါသည်။ စာရွက်စာတမ်းအတု ပြုလုပ်ခြင်းသည် ရာဇဝတ်မှုမြောက်ပြီး ဥပဒေအရ တရားစွဲဆိုခံရမည်ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံသားစိစစ်ရေးကတ်အတုများကို သုံးစွဲသူများသည် ရာဇဝတ်မှုတွင် ပါဝင်နေသည်ကို သိရှိနားလည်ထား ရပါမည်။

ဒုစရိုက်သမားများက နိုင်ငံသားစိစစ်ရေးကတ်အတုအား မည်သည့်ရည်ရွယ်ချက်အတွက် ပြုလုပ်သလဲ

နိုင်ငံသားစိစစ်ရေးကတ်၏ နယ်ပယ်မျိုးစုံတွင် အသုံးဝင်မှုသည် ဒုစရိုက်သမားများအတွက် အမျိုးမျိုးသော လုပ်ငန်းများတွင် အသုံးချနိုင်ရန် အခွင့်အလမ်းများဖြစ်စေပါသည်။ ဒုစရိုက်သမား များအနေဖြင့် ရည်ရွယ်ချက်အမျိုးမျိုးအတွက် နိုင်ငံသားစိစစ်ရေးကတ်အတုများ ပြုလုပ်အသုံးပြု ကြပါသည်။ အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် နောက်ကြောင်း လိုက်လံစုံစမ်းခံရ ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်အတုများကို အသုံးချကြပါသည်။

ထို့ပြင် ပြစ်မှုကျူးလွန်ထားသူများကလည်း မိမိတို့ကျူးလွန်ထားသည့်ပြစ်မှုမှ တိမ်းရှောင်ပြီး လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်အတုများ ကိုင်ဆောင်အသုံးပြု လိုကြပါသည်။ ယခုအခါ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့်သူများကလည်း နိုင်ငံသားစိစစ်ရေးကတ်အတုများအသုံးပြု၍ နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် အသုံးပြုလာသည် ကို တွေ့ရှိရပါသည်။ ထိုသို့သော ရာဇဝတ်မကင်းသည့် ရည်ရွယ်ချက်အမျိုးမျိုးအတွက် နိုင်ငံသား စိစစ်ရေးကတ်အတုများ ပြုလုပ်ရောင်းချသည့် ဒုစရိုက်လုပ်ငန်းလည်း ပေါ်ပေါက်လာခဲ့ပါသည်။

နိုင်ငံသားစိစစ်ရေးကတ်အတုအား ဒုစရိုက်သမားများက မည်သို့အသုံးချသလဲ

နိုင်ငံသားစိစစ်ရေးကတ်အတု ပြုလုပ်ခြင်းသည် တရားမဝင် ရောင်းဝယ်မှု၊ ငွေကြေးလိမ်လည်မှု၊ ခရီးသွားထောက်ခံချက်အတု၊ မမှန်ကန်သော သက်သေအထောက်အထား တင်သွင်းခြင်းစသည့် အမျိုးမျိုးသော ရာဇဝတ်မှုများအတွက် အထောက်အကူဖြစ်စေနိုင်သည်။ အထူးသဖြင့် အွန်လိုင်းပေါ်တွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားခံရခြင်း၊ ရိုးသားသည့်ပြည်သူများ အတွက် ငွေကြေးများ ဆုံးရှုံးခြင်း၊ စီးပွားရေး၊ လူမှုရေးထိခိုက်မှုများ ဖြစ်ပေါ်စေခြင်းစသည့် အခြေအနေများသည် လက်တွေ့ဖြစ်ပေါ်နေသည့်အနေအထားဖြစ်ပြီး ထိရောက်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် လိုအပ်သည့်ပြဿနာ ဖြစ်လာပြီဖြစ်သည်။

ဒုစရိုက်သမားများသည် အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာ၌ နိုင်ငံသားစိစစ်ရေးကတ်အတုဖြင့် ငွေစာရင်းများ၊ E-wallet များဖြစ်သည့် Mobile Pay Account များ ဖွင့်လှစ်၍ ပြစ်မှုကျူးလွန်ရာမှ ရရှိသည့် ငွေကြေးများ လွှဲပြောင်းဆောင်ရွက်ပါသည်။ နိုင်ငံသားစိစစ်ရေးကတ်အတုများဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်းများကို အသုံးပြု၍ လျှို့ဝှက်ငွေကြေး (Crypto Currency) များ ဝယ်ယူပြီး ငွေကြေးများ ဖုံးကွယ်နိုင်ပါသည်။ တယ်လီဖုန်း SIM Card မှတ်ပုံ တင်ရာတွင်လည်း မိမိ၏ ကိုယ်ရေးအချက်အလက်များကို ဖုံးကွယ်နိုင်ရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်အတုကို အသုံးပြုကြပါသည်။

နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များ ပေါက်ကြားခံရနိုင်သည့် အန္တရာယ်များ

ဒုစရိုက်သမားများအတွက် နိုင်ငံသားစိစစ်ရေးကတ်အတုများပြုလုပ်နိုင်ရန်မှာ အခြားသူတစ်ဦး၏ ကိုယ်ရေးအချက်အလက်များ ရရှိရန် လိုအပ်ပါသည်။ သို့ဖြစ်ရာ အခြားသူတစ်ဦး၏ စစ်မှန်သည့် ကိုယ်ရေးအချက်အလက်များ ရရှိရန် ဒုစရိုက်သမားများက နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းလာကြပါသည်။ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ်များ သို့မဟုတ် အချက်အလက်များ ခိုးယူခံရနိုင်သည့် အန္တရာယ်များကို သတိပြုရန် လိုအပ်ပါသည်။ အများအားဖြင့် ကိုယ်ရေးအချက်အလက်များ အများဆုံးပေါက်ကြားမှုဖြစ်ပွားသည့် နေရာမှာ အင်တာနက်အွန်လိုင်းပေါ်မှပင် ဖြစ်ပါသည်။

ပြည်သူများအနေဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် နိုင်ငံသားစိစစ်ရေးကတ်ဓာတ်ပုံများ မျှဝေမိခြင်း၊ အတုအယောင် အက်ပလီကေးရှင်းများ/ ဝက်ဘ်ဆိုက်များတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များ ထည့်သွင်းမိခြင်း၊ အများသုံးဝိုင်ဖိုင်များကို အသုံးပြုစဉ် Phishing Website များမှတစ်ဆင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များ ထည့်သွင်းမိခြင်းဖြင့် ကိုယ်ရေးအချက်အလက်များ ပေါက်ကြားခံရနိုင်ပါသည်။

ထို့ပြင် အတုအယောင်ဘဏ် သို့မဟုတ် ဟန်ဆောင်ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၏ နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များ လိမ်လည်တောင်းခံမှုကြောင့် ပေးအပ်မိခြင်း၊ အတုအယောင်အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများတွင် မိမိ၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူကို ပေးအပ်၍ အလုပ်လျှောက်ထားမိခြင်းဖြင့်လည်း နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက် အလက်များ ကူးယူပေါက်ကြားခံရနိုင်ပါသည်။ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ကို မျှဝေခြင်းသည် မိမိကိုယ်ကို အန္တရာယ်ပေးခြင်းနှင့်တူသည်ဖြစ်ရာ အထူးသတိထားသင့်လှပါသည်။

နိုင်ငံသားစိစစ်ရေးကတ်ကို ခိုးယူခံရခြင်းမှ မည်သို့ကာကွယ်သင့်သလဲ

ပြည်သူများအနေဖြင့် မိမိအား ထုတ်ပေးထားသော တန်ဖိုးရှိလှသည့် နိုင်ငံသားစိစစ်ရေးကတ် မပျောက်ပျက်ရေးအတွက် ဂရုတစိုက်ထိန်းသိမ်းကိုင်တွယ်ရန် အရေးကြီးလှပါသည်။ ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များ ပေါက်ကြားခံရပြီး တလွဲအသုံးပြုခံရခြင်း မရှိစေရန်အတွက် သတိကြီးစွာထား၍ အသုံးပြုရမည်ဖြစ်ပါသည်။ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား တရားဝင်လုပ်ငန်း ကိစ္စရပ်များမှတစ်ပါး အခြားသူတစ်ဦးတစ်ယောက်ထံ ပေးအပ်ခြင်းမပြုရန်၊ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား မလိုအပ်ဘဲ မိတ္တူမကူးရန်၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များကို အွန်လိုင်းပေါ်တွင် မျှဝေခြင်း မပြုရန် လိုအပ်ပါသည်။ မိမိ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ခြင်းသည် မိမိ၏တာဝန်ဖြစ်ပါသည်။

ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် စပ်လျဉ်း၍ CDD ကို မည်သို့ ဆောင်ရွက်သင့်သလဲ

နိုင်ငံသားစိစစ်ရေးကတ်အတုများသည် ဒုစရိုက်သမားများအတွက် ဘဏ်ငွေစာရင်းများ၊ Kpay ၊ WavePay ကဲ့သို့သော မိုဘိုင်းငွေကြေးဝန်ဆောင်မှုအကောင့်များ ဖွင့်လှစ်အသုံးချနိုင်စေရန် အခွင့်အလမ်းများဖြစ်စေပါသည်။ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်အတုကို အသုံးပြု၍ မိမိတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအပေါ် တလွဲအသုံးချခြင်း မခံရစေရေးအတွက် ဖောက်သည်အပေါ် အလေးထားစိစစ် ခြင်း (Customer Due Diligence -CDD) လုပ်ငန်း စဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်သင့်ပါသည်-

(၁) နိုင်ငံသားစိစစ်ရေးကတ်တွင် ပြင်ရာ၊ ဖျက်ရာများ ရှိ မရှိ၊

(၂) ထုတ်ပေးသည့်ကာလအပေါ် မူတည်၍ နိုင်ငံသားစိစစ်ရေးကတ် အရောင် တောက်ပနေခြင်း သို့မဟုတ် အရောင်မှေးမှိန်နေခြင်း ရှိ မရှိ၊

(၃) ဆက်သွယ်ဆောင်ရွက်သူနှင့် နိုင်ငံသား စိစစ်ရေးကတ်ပါ ဓာတ်ပုံတူညီမှု ရှိ မရှိ၊

(၄) တိုင်းဒေသကြီး/ ပြည်နယ် အမှတ်စဉ် ကိန်းဂဏန်းများ၊ မြို့နယ်ကိုယ်စားပြု အတိုကောက်အမည်များ မှန်ကန်မှု ရှိ မရှိ (ဥပမာ- ၁/ မကန(နိုင်) သို့မဟုတ် ၁၂/ မကန (နိုင်)၊

(၅) ဆက်သွယ်ဆောင်ရွက်သူ၏ လက်ရှိ နေရပ်လိပ်စာမှာ အမှန်တကယ်နေထိုင်ခြင်း ရှိ မရှိနှင့် နိုင်ငံသားစိစစ်ရေးကတ် တွင် ဖော်ပြထားသော လိပ်စာများ မှန်ကန်မှု ရှိ မရှိ (ဥပမာ-မြို့တစ်ခုတွင် ရပ်ကွက် ၁၂ ရပ်ကွက်သာ ရှိသော်လည်း ၁၃ ရပ်ကွက်ဟု ဖော်ပြထားခြင်း)၊

(၆) အသက်အရွယ်နှင့်စပ်လျဉ်း၍ နိုင်ငံသားစိစစ်ရေးကတ်ပါ မွေးသက္ကရာဇ်များအရ အသက်အရွယ်နှင့် ဆက်သွယ်ဆောင်ရွက်သူ၏ အသက်အရွယ်ဖြစ်နိုင်ခြင်း ရှိ မရှိ၊

(၇) နိုင်ငံသားစိစစ်ရေးကတ်ပါ ကိုယ်တွင် ထင်ရှားသောအမှတ်အသားများ အမှန်တကယ် ရှိ မရှိ၊

(၈) နိုင်ငံသားစိစစ်ရေးကတ်အတုဟု သံသယရှိပါက သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူးရုံးများ၏ ထောက်ခံစာရယူစေခြင်း သို့မဟုတ် ထုတ်ပေးထားခြင်း ရှိ မရှိ အတည်ပြုချက်ရယူခြင်း။

နိုင်ငံသားစိစစ်ရေးကတ်အတုနှင့်စပ်လျဉ်း၍ မည်သည့်ဥပဒေများဖြင့် အရေးယူခံရနိုင်သလဲ

နိုင်ငံသားစိစစ်ရေးကတ်အတု ပြုလုပ်လျှင်ဖြစ်စေ၊ ပြုလုပ်ရန် အားပေးကူညီလျှင်ဖြစ်စေ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၂၁ အရ ထောင်ဒဏ် (၁၅) နှစ်နှင့် ငွေဒဏ်ကျခံနိုင်ပါသည်။ ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ ၄၆၈၊ ပုဒ်မ ၄၇၁ တို့အရ တရားစွဲဆိုခံရနိုင်ပြီး (၇) နှစ်အထိ ထောင်ဒဏ်ကျခံ ရနိုင်သည်ကို သတိပြုရမည်ဖြစ်ပါသည်။ မိမိ၏နိုင်ငံသားစိစစ်ရေးကတ်ကို ဒုစရိုက်သမား သို့မဟုတ် အကြမ်းဖက်သမားတစ်ဦးဦးအား ငှားရမ်းမိပါက ငှားလိုက်သူကာယကံရှင်အနေဖြင့် ပြစ်မှုကျူးလွန် သူကို အားပေးကူညီရာရောက်မည်ဖြစ်ပါသည်။

မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များ ကူးယူအတုပြုလုပ်ခံရပြီး ဒုစရိုက်လုပ်ငန်းများတွင် အသုံးချခံရပါက မလိုလားအပ်သည့် စုံစမ်းစစ်ဆေးမှုများ ခံရနိုင်ပါသည်။ သို့ဖြစ်ရာ နိုင်ငံသားစိစစ်ရေးကတ်အတုများသည် မိမိအား အမှုအခင်းပြဿနာများထဲသို့ ဆွဲခေါ်နိုင်သည်ကို သတိပြုရမည်ဖြစ်ပါသည်။

ပြည်သူများအနေဖြင့် အခြားသူတစ်ဦးတစ်ယောက်၏ နိုင်ငံသားစိစစ်ရေးကတ်အား ကောက်ရ/ တွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူးရုံးသို့ သွားရောက်အပ်နှံရမည်ဖြစ်ပါသည်။ နိုင်ငံသားစိစစ်ရေးကတ် (ပျောက်ဆုံး) ပါက နီးစပ်ရာရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူးရုံးသို့ မိတ္တူထုတ်ပေးခွင့်ကို ကိုယ်တိုင်လျှောက်ထားရမည်။

အချုပ်အားဖြင့်ဆိုသော် နိုင်ငံသားစိစစ်ရေးကတ်အတုများ ပြုလုပ်ခြင်းနှင့် အသုံးပြုခြင်းသည် ဥပဒေချိုးဖောက်မှုများ တိုးပွားလာစေနိုင်ပြီး အွန်လိုင်းလိမ်လည်မှုများအား အားဖြည့်ပေးနိုင်သည့်အပြင် နိုင်ငံတော်၏လုံခြုံရေးနှင့် ပြည်သူ့ယုံကြည်မှုကိုပါ ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ပိုမိုကောင်းမွန်သော လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရန်အတွက် နိုင်ငံသားတိုင်းသည် မိမိအား ထုတ်ပေးထားရှိသည့် နိုင်ငံသားစိစစ်ရေးကတ်များ၏ အရေးပါမှုကို နားလည်သိရှိပြီး တာဝန် ရှိရှိ ထိန်းသိမ်းအသုံးပြုသင့်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။