ကောင်းခြင်းပြည့်စုံ လနယုန်
စိန်ဌေးလှိုင် (ဟိုပုံးမြေ)
နယုန်လသည် မြန်မာပြက္ခဒိန်၏ တတိယမြောက်လဖြစ်ပြီး ရက်မစုံသည့်လတစ်လဖြစ်သည်။ “နယုန်” ဆိုသောဝေါဟာရတွင် “န” ဆိုသည်မှာ အချိန်ကာလကိုရည်ညွှန်းပြီး “ယုန်” ဆိုသောစကားမှာ “အရည်ယိုစီးခြင်း” ကိုခေါ်ဆိုသည်။ ထို့ကြောင့် “အရည်ယိုစီးသောလ သို့မဟုတ် မိုးရွာသောလ” ဟု အဓိပ္ပာယ်ရသည်။ နွေရာသီ၏ နောက်ပိုင်းကာလဖြစ်သောကြောင့် “နွေနှောင်းလ၊ နွေစွန်လ” ဟုလည်း ခေါ်ဆိုကြပါသည်။ ပုဂံခေတ်ကျောက်စာများတွင် “နံယုန်၊ နယုန်၊ နံမျုန်”ဟု ရေးထိုးခဲ့သည်။
“ရွှေစာတော်ပြန်မေးလို့၊ မြတ်လေးတဲ့စံပယ်၊ မေထုန်ဆိုရာသီကူး၊ ပွင့်ဖူးဝတ်မှုန်နံ့၊ သင်းပျံ့တော့တယ်” ဟုဆိုကာ ဖိုးသူတော်ဦးမင်းက နယုန်လဘွဲ့တွင် ရေးစပ်ခဲ့သည်။ ရာသီပန်းမှာ မြတ်လေးပန်းနှင့် စံပယ်ပန်းတို့ဖြစ်ကြသည်။ ဗေဒင်အလိုအားဖြင့် မေထုန်ရာသီဖြစ်ပြီး စန်းယှဉ် နက္ခတ်မှာ ဇေဋ္ဌနက္ခတ်ဖြစ်၏။ “နဝါဝါမြောက်” ဆိုသော စကားအရ နဂါးဦးခေါင်းသည် မြောက်အရပ်သို့လှည့်သည်။ ရက်ရာဇာမှာ အင်္ဂါနှင့်ကြာသပတေးတို့ဖြစ်ပြီး တနင်္ဂနွေနှင့် တနင်္လာတို့သည် ပြဿဒါးရက်များဖြစ်ကြသည်။
နယုန်လ၏ရာသီပွဲတော်မှာ စာပြန်တော်ပွဲဖြစ်ပြီး ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ကျင်းပခဲ့သည်။ စာပြန်တော်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပရိယတ္တိသာသနာ ထွန်းကားစေရန်ဖြစ်သည်။ စာတော်ပြန်ပွဲများမှ ထူးချွန်သည့် သာသနာ့အာဇာနည်ရဟန်းတော်များ ပေါ်ထွန်းလာ၏။ နယုန်လတွင် စာပြန်တော်ပွဲကျင်းပရခြင်းမှာ ရဟန်းတော်များသည် ဝါတွင်းသုံးလကာလပတ်လုံး စာဝါအသစ်သင်ယူရမြဲဖြစ်သည်။ စာဝါအသစ်များမသင်သေးသည့် ဝါမဝင်မီကာလဖြစ်သော နယုန်လတွင် ယခင်သင်ယူပြီးစာဝါများကို အာဂုံဆောင်ရွတ်ဆိုခြင်းမှ အစပြုကာ စာပြန်တော်ပွဲပေါ်ပေါက်ခဲ့၏။ စာများကိုပြန်ဆိုနေချိန်တွင် ဝါရင့်ဆရာတော်ကြီးများက အကဲခတ်နားထောင်ကာ အမှတ်ပေးကြသည်။
စာပြန်တော်ပွဲကို ခမ်းနားစွာကျင်းပခဲ့
ပထမပြန်စာမေးပွဲများကို အင်းဝပြည့်ရှင် သာလွန်မင်းတရားကြီးလက်ထက် မြန်မာသက္ကရာဇ် ၁၀၀၀ ပြည့်နှစ်တွင်စတင်ခဲ့သည်ဟု ရာဇဝင်မှတ်တမ်းရှိခဲ့သည်။ မန္တလေးရတနာပုံခေတ် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းလက်ထက်တွင် စာပြန်တော်ပွဲကို ခမ်းနားစွာကျင်းပခဲ့၏။ သီပေါမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၂၄၅ ခုနှစ်တွင် ပထမပြန် စာမေးပွဲနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းထုတ်ပြန်ခဲ့သည်။ အင်္ဂလိပ် ခေတ်တွင် ကွယ်ပျောက်ခဲ့ရာ မြန်မာသက္ကရာဇ် ၁၂၅၇ ခုနှစ်(ခရစ်နှစ် ၁၈၉၆) နယုန်လပြည့်နေ့တွင် ပြန်လည်ကျင်းပခဲ့၏။ တစ်ဖန် ဒုတိယကမ္ဘာစစ်ဖြစ်သည့်အခါ ကွယ်ပျောက်ခဲ့ရပြန်သည်။ ဆဋ္ဌမသင်္ဂါယနာ တင်ပြီးသောအခါ စာပြန်တော်ပွဲများသည် ပိုမိုအားကောင်းလာခဲ့ပြီး နေရာဒေသအလိုက် ရေးဖြေစာမေးပွဲများ ကျင်းပခဲ့ကြသည်။ ထိုစာမေးပွဲများမှ အတန်းအောင်လက်မှတ်များနှင့် ဘွဲ့လက်မှတ်များကို ဆက်ကပ် ချီးမြှင့်ပေးလျက်ရှိရာ ယနေ့တိုင်ကျင်းပမြဲဖြစ်သည်။
နယုန်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ငြိမ်းချမ်းမှုရရှိစေသော နေ့ထူးနေ့မြတ်ဖြစ်သည့် “မဟာသမယအခါတော်နေ့” အဖြစ် သတ်မှတ်ထားသည်။ ယင်းနေ့တွင် ဗုဒ္ဓဘာသာဝင်များသည် ဘုရား ကျောင်းကန်များ၌စုပေါင်းကာ မဟာသမယသုတ်ဒေသနာတော်ကို ရွတ်ဖတ်ပူဇော်ကြ၏။
မဟာသမယအခါတော်နေ့
မဟာသမယအခါတော်နေ့ပေါ်ပေါက်လာပုံမှာ ရှေးအခါက မဇ္ဈိမဒေသတွင် ကပိလဝတ်နှင့် ကောလိယတိုင်းပြည်တို့အကြား၌ရောဟိဏီအမည်ရသော မြစ်တစ်ခုစီးဆင်းသည်။ နှစ်ပြည်ထောင် ပြည်သူပြည်သားတို့သည် မြစ်ရေကိုသွယ်ယူပြီး လယ်လုပ်ကြ၏။ မြစ်ရေခန်းခြောက်သည့် နယုန်လသို့ ရောက်သည့်အခါ ရေခွဲဝေအသုံးပြုကြရာတွင် အငြင်းပွားပြီး စစ်ခင်းမည့်အခြေအနေသို့ရောက်ရှိလာ၏။ ထိုကာလတွင် မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသည်။ နှစ်ပြည်ထောင်မင်းတို့ စစ်ခင်းမည့်အရေး ကို မြင်တော်မူရာ ရောဟိဏီမြစ်ကမ်းကိုကြွတော်မူ၏။ နှစ်ဖက်သော စစ်တပ်တို့အကြား အထက်ကောင်းကင်တွင် ထက်ဝယ်ဖွဲ့ခွေနေတော်မူပြီး ဆံတော်တို့မှ နီလာရောင်ခြည်တော်လွှတ်တော်မူ၏။ တိုင်းပြည် နှစ်ခုမှစစ်သည်တို့သည် လက်နက်များကို စွန့်ပစ်ကာ မြတ်စွာဘုရားအား ရှိခိုးကန်တော့ကြသည်။ မြတ်စွာဘုရားက “မြတ်သောမင်းအပေါင်းတို့ အနည်းငယ်မျှသာထိုက်တန်သော ရောဟိဏီမြစ်ရေကိုအကြောင်းပြု၍ တန်ဖိုးအနဂ္ဃထိုက်တန်လှသည့် ခတ္တိယနွယ်မျိုးမင်းအပေါင်းတို့ ပျက်စီးကြမည်လော”ဟု မေးမြန်းတော်မူရာ နှစ်ပြည်ထောင်တပ်တို့မှာ အမြင်မှန်ရရှိကာ စစ်ပြေငြိမ်းကြ၏။ ဘုရားရှင်သည် နှစ်ပြည်ထောင် မင်းတို့ရန်ပြေငြိမ်းစေရန် ဖန္ဒနဇာတ်၊ ဒုဒ္ဒုဘဇာတ်နှင့် လဋုကိကဇာတ်တို့ကိုလည်းကောင်း၊ ညီညွတ်ခြင်း၏ အကျိုးကျေးဇူးကိုသိမြင်စေရန် ရုက္ခဓမ္မဇာတ်နှင့် ဝဋ္ဋကဇာတ်တို့ကိုလည်းကောင်း ဟောကြားတော်မူသည်။ ဆက်လက်၍ အတ္တဒဏ္ဍသုတ်ကိုဟောကြားတော်မူရာ တိုင်းပြည်တစ်ပြည်စီမှ ၂၅၀ သောမင်းသားတို့သည် ဧဟိဘိက္ခု ရဟန်းပြုကြကုန်သည်။
ရဟန်း ၅၀၀ တို့သည် ကာလကြာသောအခါ သာသနာတော်တွင် မပျော်ပိုက်ကြပါ။ ဘုရားရှင်က ရဟန်းများကို တရားထူးတရားမြတ်ရစေရန် တန်ခိုးဣဒ္ဓိဖြင့် ဟိမဝန္တာတောသို့ ခေါ်ဆောင်တော်မူသည်။ ထိုတော တွင်ရှိသော ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်၊ ဟင်္သာပြဒါးတောင်၊ မျက်စဉ်းတောင်၊ သာနုတောင်၊ ဖလ်တောင်၊ မြစ်ကြီးငါးသွယ်နှင့် အိုင်ကြီးခုနစ်အိုင်တို့ကို ပြတော်မူ၏။ ထို့နောက် ဂါထာ ၃၀၀ ဖြင့် တန်ဆာဆင်ထားသည့် “အသီတိနိပါတ်မဟာ ကုဏာလဇာတ်”ကို ဟောတော်မူသည်။ ဇာတ်တော်၏အဆုံးတွင် ရဟန်းအားလုံးသည် သောတပတ္တိဖိုလ်၌ တည်တော်မူကြပြီး မြေလျှိုးမိုးပျံ တန်ခိုးဈာန်ရ ကြသည်။ ဆက်လက်၍ ဘုရားရှင်သည် ရဟန်းများနှင့်အတူ မဟာဝုန်တောသို့ကြွချီတော်မူ၏။ ထိုခရီးတွင် ရဟန်းတို့သည် မိမိတို့တန်ခိုးဖြင့် သာ မြတ်စွာဘုရားကိုခြံရံပြီး ကောင်းကင်မှ ကြွမြန်းခဲ့သည်။ ရဟန်း များသည် ကမ္မဋ္ဌာန်းတရားကိုစီးဖြန်းကြရာ အရဟတ္တဖိုလ် ဆိုက်ရောက်သည်။
တစ်နေ့သောအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားထံရောက်ရှိ လာကြသည်။ ဗြဟ္မာ၊ နတ်၊ အသူရာ၊ ဂဠုန်နှင့် နဂါးတို့သည် ယခုလို ထူးခြားကြည်ညိုဖွယ်ရာ သံဃာ့အစည်းအဝေးကို မြင်တွေ့သည့်အခါ တရားနာယူရန် လာရောက်ကြ၏။ ၎င်းတို့အနက် သုဒ္ဓါဝါသဘုံတွင် နေထိုင်သော ဗြဟ္မာလေးဦးလည်း ပါဝင်လျက်ရှိရာ “မြတ်စွာ ဘုရားရှင်ထံပါးတွင် ဂါထာတစ်ပုဒ်ကျစီ ရွတ်ဆိုလျှောက်ထားရလျှင် ကောင်းပေမည်” ဟု အကြံဖြစ်ပေါ်သည်။ ပထမဦးဆုံးဗြဟ္မာက “အရှင် ဘုရား၊ အကျွန်ုပ်တို့သည် ကိလေသာရန်သူတို့၏ ထိပါးအနိုင်ယူခြင်းကို မခံရသော အပရာဇိတအမည်ရှိ သံဃာတော်တို့ကိုဖူးတွေ့ရန် ဤတရား သဘင် အစည်းအဝေးရှိရာသို့ လာရောက်ကြပါ၏”ဟု လျှောက်ထား သည်။ ဒုတိယမြောက်ဗြဟ္မာက “အရှင်ဘုရား၊ ဤအစည်းအဝေးရှိ ရဟန်းတို့သည် မိမိစိတ်ကို တည်ကြည်ဖြောင့်မတ်စွာ ပြုထားလျက်ရှိကြပါ၏။ ရထားထိန်းသည် မြင်း၏ဇက်ကြိုးတို့ကိုကိုင်၍ ထိန်းနိုင်သကဲ့သို့ ပညာရှိရဟန်းတို့သည်လည်း ဣန္ဒြေအမူအရာတို့ကို ထိန်းသိမ်းတော်မူနိုင် ကြပေ၏”ဟုဆိုကာ လျှောက်ထားသည်။ တတိယမြောက် ဗြဟ္မာက “အရှင်ဘုရား၊ တပ်မက်ခြင်းတဏှာကင်းပြီး သန့်ရှင်းစင်ကြယ်သော ထိုရဟန္တာတို့သည် တပ်မက်လိုချင်သောရာဂ၊ အမျက်ထွက်ခြင်းဒေါသ၊ တွေဝေမသိခြင်း မောဟဟူသောခလုတ်နှင့် တံခါးမင်းတုပ်တို့ကို ဖြတ်ပြီးလျှင် ရာဂ၊ ဒေါသ၊ မောဟဟူသော တံခါးတိုင်ကိုနုတ်ပြီး လှည့်လည်၍ သွားလာနေကြကုန်၏” ဟု လျှောက်ထားသည်။ စတုတ္ထမြောက်ဗြဟ္မာက “အရှင်ဘုရား၊ ဗုဒ္ဓဘုရားရှင်ကို ကိုးကွယ်အားထားရာ ဟူ၍ ဆည်းကပ်သူအားလုံးသည် ခန္ဓာကိုစွန့်ပယ်ပြီးသောအခါ မကောင်းသော အပါယ်လောကဘုံသို့မရောက်ကြဘဲ နတ်ပြည်သို့ရောက်ရှိကြပါလတ္တံ့” ဟု လျှောက်ထားသည်။ ဘုရားရှင်သည် တရားနာရောက်ရှိလာသော နတ်၊ ဗြဟ္မာများ၏အမည်၊ အမျိုးအနွယ်တို့ကို ရဟန္တာ ၅၀၀ သိစေရန် ဗြဟ္မာအမျိုးအနွယ်တစ်ဖွဲ့ချင်းစီနှင့် မိတ်ဆက်ပေးတော်မူသည်။ ထို့နောက် “မဟာသမယသုတ်တော်ကြီး” ကို ဟောကြားတော်မူသည်။ မဟာသမယဆိုသည်မှာ ကြီးကျယ်ခမ်းနားသည့် အစည်းအဝေးကို ခေါ်ဆိုခြင်းဖြစ်သည်။ ထိုနေ့သည်ကား နယုန်လပြည့်ညချမ်းအချိန်ဖြစ်ကြောင်း လေ့လာမှတ်သားရသည်။
မိုးသားကျူးစအချိန်
နယုန်လသည် နွေအကုန်မိုးအကူး ဝသန်ကာလဖြစ်သောကြောင့် မိုးသားကျူးစအချိန်ဖြစ်သည်။ မုံရွေးဆရာတော်ရေးသားခဲ့သည့် ဆယ့်နှစ်လရာသီမိုးဘွဲ့တွင် “နယုန်မိုးသေးမြက်သားမွေး”ဟု စပ်ဆိုခဲ့ရာ မိုးရွာသွန်းသဖြင့် မြက်ပင်များ စတင်ပေါက်ရောက်ကာ မြေကြီးမှာ မြသားကမ္ဗလာပမာ စိမ်းမြနေ၏။ ပူပြင်းသောနေမင်းသည် နယုန်လသို့ရောက်သည့်အခါ အပူရှိန်အားလျော့လာသည်။ အရိုးပြိုင်း ပြိုင်းဖြစ်နေသော သစ်ပင်သစ်ကိုင်းများမှ ရွက်ညွန့်လေးများ ထွက်ပြူလာကြသည်။ ဖားခုံညင်း၊ ဖားလက်တက်၊ ဖားကြောင်၊ ဖားအိုင်း၊ ဖားပြုပ်တို့ကလည်း အသံပေးကာ မိုးရာသီကိုကြိုဆိုနေကြသည်။ လယ်သမားတို့သည် ပျိုးထောင်ကြပြီး တောင်သူတို့သည် မြေပဲ၊ နှမ်း၊ ပြောင်း၊ ပဲမျိုးစုံတို့ ထွန်ယက်စိုက်ပျိုးကြသည်။
အချုပ်အားဖြင့်ဆိုရလျှင် မြန်မာတို့၏ ၁၂ လရာသီပွဲတော်များသည် အများအားဖြင့် အလှူဒါနပြုလုပ်ကာ တီးမှုတ်ကခုန်ပျော်ရွှင်ကြသည်။ နယုန်လတွင်ကျင်းပသည့် စာပြန်တော်ပွဲသည် တစ်မူထူးခြားနေသည်။ စာပြန်တော်ပွဲသည် ဗုဒ္ဓဘာသာအတွက် စာပေပိဋကတ်သင်ကြားမှု ဆိုသည့် ပရိယတ္တိ သာသနာထွန်းကားရေးတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်လျက်ရှိသည်။ နယုန်လပြည့်နေ့တွင် ဟောကြားခဲ့သော မဟာသမယသုတ်တော်သည် ကမ္မဋ္ဌာန်းဘာဝနာအားထုတ်မှုဖြစ်သော ပဋိပတ္တိသာသနာ၊ မဂ်ဖိုလ်နိဗ္ဗာန်တရားမှန်ကို သိမှုဖြစ်သော ပဋိဝေဒသာသနာတို့၌ အကျုံးဝင်ပါသည်။ ထို့အပြင် နယုန်လတွင် မိုးပုလဲတို့ ရွာသွန်းသောမိုးရာသီသို့ ဝင်ရောက်ချိန်ဖြစ်သည်။ တောင်သူဦးကြီးတို့မှာ စပါးမျိုးပျိုးထောင်ကာ ကောက်ပဲသီးနှံများ စိုက်ပျိုးကြသည်။ ထို့ကြောင့် နယုန်လသည် ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ် ရှိသောလ၊ နိုင်ငံတော်၏ရိက္ခာဖူလုံရေးအတွက် အားသစ်လောင်းသည့် လဖြစ်သောကြောင့် “ကောင်းခြင်းပြည့်စုံ လနယုန်” ဟု တင်စားလိုက် ရပါသည်။ ။
ကျမ်းကိုး -
နိုင်ငံတော်ဗုဒ္ဓသာသန “မဟာဗုဒ္ဓဝင်တတိယတွဲ”၊ တိပိဋကဓရဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ ဦးစီးရေးသားသည်။ သာသနာ ၂၅၄၀၊ ကောဇာ ၁၃၅၈။