Skip to main content

မြေဆီစိုခိုက် သစ်ပင်စိုက်ကြပါစို့

မောင်စိန်အိ(နဘဲမြေ)

လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ ရွှေ့ပြောင်းတောင်ယာဖော်ထုတ်မှု၊ သစ်ထုတ်လုပ်မှု၊ မီးသွေးထုတ်လုပ်မှုနှင့် မြို့ပြအဆောက်အအုံများ ဖော်ထုတ်မှုများကြောင့် သစ်ပင်သစ်တောများ ပြုန်းတီးလာလျက်ရှိသည်။ အချို့ဒေသများဆိုလျှင် သဲကန္တာရများဖြစ်ပေါ်လျက်ရှိသည်။ အကျိုးဆက်အနေဖြင့် မိုးခေါင်ရေရှားမှုနှင့် စားရေရိက္ခာရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ပျိုးထောင်ထားသင့်

မိုးရာသီတွင် သစ်ပင်များရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ရန်အတွက် နွေရာသီကတည်းက ပျိုးထောင်ထားသင့်သည်။ ပျိုးထောင်ရာတွင် ရတနာတန်းဝင်ပင်များ၊ စားပင်၊ သီးပင်များ၊ လေကာ၊ ရေကာပင်များစသည်ဖြင့် စုံလင်အောင် ပျိုးထောင်ထားသင့်သည်။ ပျိုးထောင်ရာတွင် ပျိုးအိတ်ဖြင့် လည်းကောင်း၊ ပျိုးပေါင်လုပ်၍ လည်းကောင်း သင့်တော်သလိုပျိုးထောင်နိုင်သည်။ ပျိုးပင်ရှင်သန်ဖြစ်ထွန်းရေးအတွက် စနစ်တကျပြုစုရန်လိုသည်။ အထူးသဖြင့် ဒေသနှင့်ကိုက်ညီသည့် အပင်များကို ပိုမိုစိုက်ပျိုးထားသင့်သည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် ကျွန်းပင်နှင့် စိန်တစ်လုံး၊ မချစ်စုသရက်ပင်တို့ ဖြစ်ထွန်းအောင်မြင်လျက် ရှိသည်။ သရက်၊ ပိန္နဲ၊ တညင်း စသည့်နှစ်ရှည်စားပင်များစိုက်ပျိုးထားမည်ဆိုလျှင် မျိုးဆက်သစ်များအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

သစ်ပင်စိုက်ပျိုးမည့်နေရာကို နွေရာသီကတည်းကပေါင်းရှင်းထားရမည်။ ထို့နောက် စိုက်ပျိုးမည့်အပင်အမျိုးအစားပေါ်မူတည်၍ သင့်တော်သည့်အကွာအဝေးအတိုင်း မြေကျင်းများ တူးထားရမည်။ မြေကျင်းကိုအနည်းဆုံး အကျယ်နှစ်ပေပတ်လည်၊ အနက်တစ်ပေခန့်တူးထားသင့်ပြီး နွားချေး၊ ဆိတ်ချေးနှင့် အခြားသောမြေဆွေးများထည့်ကာ ရေလောင်းကာနှပ်ထားရမည်။

စတင်စိုက်ပျိုး

မိုးဖြိုင်ဖြိုင်ကျသည်နှင့် သစ်ပင်စတင်စိုက်ပျိုးသင့်သည်။ ဇွန်လဆန်းတွင်စိုက်ပျိုးထားသည့် အပင်များအနက် ၇၅ ရာခိုင်နှုန်းခန့်သည် ရှင်သန်ဖြစ်ထွန်း လေ့ရှိသည်။ ပျိုးပင်များကို သစ်ပင်စိုက်ပျိုးမည့်နေ့ ရောက်မှသာ ပျိုးပေါင်မှနုတ်ယူသင့်ပြီး ပျိုးပင်များသယ်ယူရာတွင်လည်း အထူးဂရုစိုက်ရန်လိုသည်။

ရှင်သန်ဖြစ်ထွန်းရန်လို

အထူးသဖြင့် သစ်ပင်များကို စတင်စိုက်ပျိုးကတည်းက ပျိုးအိတ်များကို ဓားဖြင့်စနစ်တကျခွဲ၍ မြေကျင်းထဲတွင်ထည့်ကာ မြေကိုသိပ်အောင်ဖို့ပြီး စိုက်ရမည်။ မြေကျင်းကိုလည်း စနစ်တကျဖို့ရန် လိုအပ်သည်။ မြေကျင်းထဲတွင်ရေများဝပ်နေပါက ခပ်ထုတ်ပစ်ရန်လိုသည်။ ပျိုးပင်များကို ရေဝပ်ထဲ၌ပင် ဖြစ်သလိုစိုက်ထားမည်ဆိုလျှင် ထိုအပင်မျိုးသည် ရှင်သန်ဖြစ်ထွန်းရန် အခွင့်အလမ်းနည်းပါးသည်။

စင်စစ်အားဖြင့် သစ်ပင်တစ်ပင်ကို စိုက်ပျိုးမည်ဆိုလျှင် ပျိုးထောင်၊ ပေါင်းရှင်း၊ မြေညှိ၊ ကျင်းတူး၊ မြေဩဇာထည့် စသည့်ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားမှသာ စိုက်ပျိုးသောသစ်ပင်သည် ရှင်သန်နိုင်စွမ်းရှိမည်ဖြစ်သည်။

တစ်ပင်စိုက် တစ်ပင်ရှင်ရန်လို

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် မိုးရာသီတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဧက ၂၂၀၀၀ ကျော်တွင် အပင်ပေါင်း ၂၂ ဒသမ ၃ သန်းကျော် စိုက်ပျိုးနိုင်ရန် စီမံချက်ရေးဆွဲလုပ်ဆောင်ခဲ့သည်။ အပူပိုင်းဇုန်ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၃ ခုတွင် အထူးစီမံချက်ဖြင့် တစ်ရွာလျှင် နှစ်ဧကရှိသော ကျေးရွာထင်းစိုက်ခင်းနှင့် ဘက်စုံသုံးစိုက်ခင်းများ တည်ထောင်ခဲ့သည်။ စိုက်ပျိုးသည့် သစ်မျိုးများကိုလည်း တစ်ပင်စိုက် တစ်ပင်ရှင်အောင် တစ်ရွာလျှင် ဝန်ထမ်းတစ်ဦး သတ်မှတ်တာဝန်ပေးဆောင်ရွက်ခဲ့သည်။

အထူးစိမ်းလန်းစိုပြည်ရေးဆောင်ရွက်

အထူးသဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ရှမ်းပြည်နယ် (တောင်ပိုင်း)ရပ်စောက်မြို့နှင့် ပင်းတယမြို့ပတ်ဝန်း ကျင်ဒေသများ အထူးစိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ်မိုးရာသီတွင် စိုက်ခင်းဧက ၁၀၀၀ တည်ထောင်ရန် စိုက်ခင်းလုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိသည်။ လက်ရှိအချိန်တွင် ပျိုးပင် ၂၇၀၀၀၀ ကျော်ကို ပျိုးထောင်ထားရှိပြီးဖြစ်သည်။ စိုက်ခင်းတည်ထောင်ရန် မြေကျင်းတူးခြင်းနှင့် မြေဩဇာထည့် ကျင်းဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ရာ မိုးရာသီတွင်သစ်ပင်စိုက်ပျိုးရန် အသင့်အနေအထားရှိနေပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများကို တည်ထောင်ဖွဲ့စည်းနိုင်ခဲ့ပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုများအပါအဝင် တိုင်းစစ်ဌာနချုပ် အသီးသီးနှင့် တပ်ရင်း၊ တပ်ဖွဲ့များ၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများပြုလုပ်ပြီး ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင်များစိုက်ပျိုးခဲ့ရာ သစ်တောထိန်းသိမ်းရေးနှင့် ဂေဟစနစ် ထိန်းသိမ်းရေးတို့အတွက် များစွာအထောက်အကူပြု လျက်ရှိသည်။ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ များအတွင်း၌ မြန်မာနိုင်ငံသည် သစ်တောဧရိယာ ဒုတိယအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်အစီရင်ခံစာအရ သစ်တောဖုံးလွှမ်းမှု သည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိပြီး သစ်တောပြုန်းတီးမှုကိုလည်း လျော့နည်းအောင်ထိန်းသိမ်းနိုင်ခဲ့သည်။  

အလေးထားလုပ်ဆောင်

သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း၊ ထင်းအစား အခြားလောင်စာအသုံးချရေးလုပ်ငန်းများ တိုးချဲ့ခြင်းတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန်လိုအပ်သည်။ စိုက်ပျိုးထားသော သစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင်မြင်စေရန်အတွက် နေရာဒေသနှင့်ကိုက်ညီမည့် သစ်မျိုးမှန်ကန်စွာ ရွေးချယ်မှု၊ စနစ်တကျမြေပြုပြင်မှု၊ ရေနှင့်မြေအစိုဓာတ်ရရှိမှု၊ စိုက်မည့်ကျင်းအရွယ်အစားမှန်ကန်မှု၊ ကျင်းအကွာအဝေးနှင့် စိုက်ပျိုးနည်းစနစ်မှန်ကန် မှုရှိစေရေးတို့ကို အထူးအလေးထားဆောင်ရွက် ရမည်။ စိုက်ပျိုးထားသောသစ်ပင်များ ဖြစ်ထွန်းရေးအတွက် ထိုသစ်ပင်စိုက်ပျိုးသူများက ရေလောင်း၊ ပေါင်းသင်လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ကြရမည်။

အကျိုးကျေးဇူးများပြား

ထိုသို့ ရှင်သန်ဖြစ်ထွန်းလာသော သစ်ပင်၊ သစ်တောများသည် လူနှင့်တိရစ္ဆာန်များ အသက်ရှင်ရန် အဓိကလိုအပ်သည့်အောက်ဆီဂျင်ကိုထုတ်ပေးပြီး ကျန်းမာရေးကိုထိခိုက်နိုင်သည့် ကာဗွန်ဒိုင် အောက်ဆိုက်တို့ကို စုပ်ယူပေးနိုင်သည်။ ထို့ပြင် အပူဒဏ်ကိုကာကွယ်ပေးနိုင်သည့်အပြင် မြေဆီလွှာကိုပါ ထိန်းသိမ်းပေးနိုင်သည်။ မိုးရာသီတွင် မိုးရေကိုထိန်းသိမ်းထားနိုင်သဖြင့် ရေကြီးရေလျှံ မှုများကိုလည်း ကာကွယ်နိုင်သည်။ အထူးသဖြင့် ရာသီဥတုမှန်ကန်လာသောကြောင့် ကောက်ပဲသီးနှံများ အထွက်နှုန်းကောင်း၍ ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြင့်မားလာမည်ဖြစ်သည်။

သစ်တောသစ်ပင်များသည် နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်တို့ကို ထိန်းသိမ်းရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ထို့ကြောင့်နိုင်ငံတစ်ဝန်း သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး စိမ်းလန်းစိုပြည်သာယာလှပ စေရေး၊ ရာသီဥတုပြန်လည် မျှတကောင်းမွန်စေရေးနှင့် သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်သည်။ အထူးသဖြင့် အနာဂတ်မျိုးဆက်များအား စိမ်းလန်းစိုပြည် သည့်ပတ်ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့် ရာသီဥတုကို လက်ဆင့်ကမ်းနိုင်ရေး မြေဆီစိုခိုက်တွင် သစ်ပင်များကို စနစ်တကျဖြင့် ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားကြပါစို့ဟု တိုက်တွန်းရေးသား လိုက်ရပါသည်။ ။       

ရည်ညွှန်းကိုးကား။ ။

နေ့စဉ်ထုတ်သတင်းစာများ။