Skip to main content

နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဖြစ်ထွန်း စည်းလုံးညီညွတ်မှုကို ဖော်ညွှန်းသည့် တရုတ် - မြန်မာ နှစ်နိုင်ငံဆက်ဆံရေး စိန်ရတုမှသည် ….

တာရာ

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ် ဘုရားအလောင်းသည် ဟိမဝန္တာ၌ ဆင်ရှစ်သောင်းခြံရံသော ဆင်မင်းဖြစ်နေသည်။ ထိုတော၌ ငှက်မတစ်ကောင်သည် အမွေးအတောင် မစုံသေးသော ငှက်ကလေးများနှင့် အသိုက်လုပ်၍နေရာ တစ်နေ့တွင် ဆင်တို့သည် အသိုက်အနီးမှ ဖြတ်၍ အစာရှာထွက်လာလေသည်။

ငှက်မသည် သားငယ်တို့ကို နင်းမိမည်စိုးသည့်အတွက် ဆင်မင်းရှေ့တွင်ဝပ်၍ အတောင်နှစ်ဖက်ယှက်ပြီး ရှိခိုးအသနားခံကာ အသက်ကယ်ပေးရန် တောင်းပန်သည်။ ဆင်မင်းက ငှက်သားငယ်တို့၏ အသိုက်အထက်ကရပ်လျက် အကာအကွယ်ပေးပြီး ဆင်အပေါင်းတို့ဖြတ်၍ သွားစေပြီးမှ ငှက်မအား “နောက်တွင် တစ်ကောင်တည်းလာသော ဆင်သည် ငါ၏စကားကို နားထောင်သူမဟုတ်။ ထိုဆင်လာလျှင်လည်း သင်၏သားငယ်တို့အတွက် တောင်းပန်ချေဦး” ဟု မှာကြားကာသွားသည်။

ငှက်မလည်း ထိုဆင်အား အလားတူနည်းအတိုင်း ရှိခိုးတောင်းပန်သော်လည်း ရိုင်းစိုင်းသောဆင်သည် အသိုက်ကို နင်းဖျက်ပြီး ဝမ်းမြောက်သော အသံပြုလျက်သွားလေသည်။

ငှက်မသည် သားငယ်တို့ ဆုံးရှုံးလိုက်ရသည့်အတွက် ဝမ်းနည်းကြေကွဲခံစားရလျက် တစ်နေ့အကြောင်းသိစေမည်ဟု ကြိမ်းမောင်းကာ မိတ်ဆွေကျီးကန်းထံသွား၍ ဆင်၏မျက်လုံးကို နှုတ်သီးဖြင့် ထိုးဖောက်ပေးရန် အကူအညီတောင်း၏။ ထို့နောက် ယင်မတစ်ကောင်ထံသွားကာ ကျီးကန်း ထိုးဖောက်ထားသည့် မျက်စိအနာတွင် ပိုးမွှားများဥချပေးရန် တောင်းဆိုသည်။

လောက်ကိုက်သည့် ဒဏ်ရာကြောင့် ပြင်းစွာသောဝေဒနာကို ခံစားနေရသော ဆင်ကြီးသည် အစာရေစာပြတ်လပ်၍ နေလေသည်။ ထိုအခါ ငှက်မက မိတ်ဆွေဖြစ်သူ ဖားအား တောင်ထိပ်တွင်နေ၍ အော်ရန် အကူအညီတောင်းပြန်လေသည်။ ဖားအော်သံကြောင့် ဆင်ကြီးသည် ရေရှိသည်အထင်နှင့် တောင်ထိပ်ပေါ်သို့ တက်၍ သွားလေသည်။

တောင်ထိပ်ပေါ်အရောက်တွင် အားအင်ချည့်နဲ့နေသည့် ဆင်ကြီးသည် အလွန်တရာနက်သည့် ချောက်ထဲသို့ကျကာ အသက်ဆုံးရှုံးခဲ့ရကြောင်း ဘုရားလောင်း၏ ဘဝဖြစ်တော်စဉ် ၅၅၀ ဇာတ်နိပါတ်တော်တွင် ဖတ်မှတ်ဖူးခဲ့သည်။

အလွန်သေးငယ်လှသည့် ငှက်မသည် ခွန်အားဗလနှင့် ပြည့်စုံသော ဆင်ပြောင်ကြီးကို မိတ်ကောင်းဆွေကောင်းများ၏ အကူအညီဖြင့် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။

မိတ်ဆွေသူငယ်ချင်းကောင်းရှိခြင်းက တစ်ယောက်အားဖြင့် ခက်ခဲနေသည့်အရာများကို စုပေါင်းအားဖြင့် ကျော်လွှားနိုင်သည့် သာဓကပင်ဖြစ်သည်။ အလားတူ မိတ်ဆွေကောင်းများဖြင့် အောင်မြင်ပျော်ရွှင်သည့် ဘဝကို တည်ဆောက်နိုင်သလို ရှည်လျားလှသည့် ဘဝသံသရာကိုပင် လမ်းဆုံးရောက်အောင် လျှောက်လှမ်းနိုင်သည်အထိ တရားထူးတရားမြတ်များ ရရှိစေနိုင်သည်။

အခက်အခဲ၊ အန္တရာယ်ကြုံတွေ့နေသည့်အခါ ရှောင်ဖယ်မသွားဘဲ အသက်ဘေးမှ ကာကွယ်ပေးခြင်း၊ ပစ္စည်းဥစ္စာများကို စောင့်ရှောက်ပေးခြင်း၊ ကြောက်လန့်နေခိုက် အားပေးနှစ်သိမ့်ခြင်း၊ လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ပေးခြင်းတို့မှာ မိတ်ဆွေကောင်းတို့ ပြုလုပ်အပ်သည့် အမူအကျင့်များပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပါသည်။ ယင်းငလျင်ကြီးသည် ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း လှုပ်ခတ်ခဲ့သည့် ငလျင်များအနက် ဒုတိယအပြင်းထန်ဆုံး ဖြစ်သည်။

မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး “မူ” ကို လိုက်နာကျင့်သုံးသောနိုင်ငံဖြစ်သည့်အားလျော်စွာ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများက ငလျင်ဘေးတွင် လက်မနှေးဘဲ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခြင်း၊ လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ရုရှား၊ တရုတ်နှင့် အိန္ဒိယအပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံက လိုအပ်သည့် အစားအစာ၊ ဆေးဝါးစသဖြင့် ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများက အလျင်အမြန်ပင် ရောက်ရှိလာခဲ့သည်။

မန္တလေးငလျင်ကြီး လှုပ်ခတ် ပြီးချိန်တွင် အစောဆုံးကူညီကယ်ဆယ်ရေးရောက်ရှိလာခဲ့သည့်အဖွဲ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များဖြစ်သည်။ မြန်မာနိုင်ငံတွင် သဘာဝဘေးကြောင့် အခက်အခဲများ၊ ဘေးဒုက္ခများနှင့် ရင်ဆိုင်နေရချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတက မြန်မာပြည်သူလူထုနှင့် ထပ်တူဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပြီး အမြန်ဆုံးကျော်ဖြတ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကာ စာနာနားလည်ကြောင်း ပြသခဲ့သည်။

“ငလျင်လှုပ်ပြီး ၁၈ နာရီအတွင်း တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်တဲ့ဒေသကို စေလွှတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့က မြန်မာနိုင်ငံကို ပထမဆုံးရောက်ရှိခဲ့တာဖြစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ပထမဆုံးဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာဌာန ဒုတိယညွှန်ကြားရေးမှူး Mr. Liang Jianjun က ပေကျင်းမြို့၌ မေလ ၂၀ ရက်က ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ အစိုးရ၊ တပ်မတော်၊ ဒေသခံပြည်သူနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအပါအဝင် လူပေါင်း ၆၀၀ ကျော်ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့ ၃၁ ဖွဲ့ကို စေလွှတ်ပေးခဲ့သည်။

“ကျွန်တော်တို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပေးခဲ့ပါတယ်။ တဲတွေ၊ အစားအစာ၊ ဆေးဝါးနဲ့ အခြားအရေးတကြီးလိုအပ်နိုင်တဲ့ အသုံးအဆောင်ပစ္စည်းတွေအပါအဝင် သဘာဝဘေးဖြစ်ပွားပြီးနောက် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အကူအညီတွေကိုလည်း ပေးအပ်ခဲ့ပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို အကဲဖြတ်နိုင်ဖို့၊ ဒုတိယသဘာဝဘေး မဖြစ်ပွားစေရေး တားဆီးနိုင်ဖို့၊ ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်တဲ့အခြေခံအချက်တွေကို အကူအညီပေးနိုင်ဖို့ ကပ်ရောဂါကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်များကို အကဲဖြတ်နိုင်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်ကာကွယ်ရေးတို့မှာ ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ အဖွဲ့တွေကို မကြာသေးမီက စေလွှတ်ထားပြီးဖြစ်ပါတယ်” ဟု ထပ်လောင်း ပြောကြားခဲ့သည်။

မြန်မာနှင့် တရုတ်နိုင်ငံတို့သည် ဆွေမျိုးပေါက်ဖော်ညီအစ်ကိုရင်းများသဖွယ်ဖြစ်ကြောင်း၊ ငလျင်ဘေးတွင် တရုတ်နိုင်ငံမှ လျင်မြန်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများသည် တရုတ်-မြန်မာအသိုက်အဝန်း၏ တူညီသော အနာဂတ်နှင့် အေးအတူပူအမျှ အတူတကွ ရပ်တည်မည်ဆိုသည့် အဓိပ္ပာယ်ကို သက်သေပြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနေဖြင့် ငလျင်ဘေးသာမက ရာဂီမုန်တိုင်းဒဏ်ခံရစဉ်ကလည်း ကူညီထောက်ပံ့မှုများ ပေးခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းအဖြစ် အစဉ်ရပ်တည်ခဲ့ပါသည်။

တရုတ်နိုင်ငံ၏ ဆိုရိုးစကားတစ်ခုဖြစ်သည့် “ဝေးကွာနေသောဆွေမျိုးသည် အနေနီးသော အိမ်နီးချင်းလောက် မကောင်းနိုင်ပါ” ဆိုသည့်အတိုင်း အိမ်နီးချင်းကောင်းရှိခြင်းသည် အေးချမ်းလုံခြုံသော အိမ်ကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။

အိမ်နီးချင်းများသည် အပြန်အလှန်အကျိုးပြုစောင့်ရှောက်ခြင်းဖြင့် ပိုမိုနီးကပ်သည့်ဆက်ဆံရေးကို ဖော်ဆောင်လာနိုင်မည်ဖြစ်သလို နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဖြစ်ထွန်းပြီး စည်းလုံးညီညွတ်မှုကို ဖော်ညွှန်းသည့် နှစ်လမ်းသွားခရီးတစ်ခုပင် ဖြစ်သည်။

ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ကာ စည်းလုံးညီညွတ်ခဲ့ကြသည့် မြန်မာနှင့် တရုတ်နိုင်ငံတို့ကြား နှစ်နိုင်ငံဆက်ဆံရေးသည် ယခုနှစ်တွင် ၇၅ နှစ်မြောက် စိန်ရတုရောက်ခဲ့ပြီဖြစ်ရာ စိန်ရတုမှသည် နှစ်ပေါင်းထောင်သောင်း အစဉ်တည်တံ့ခိုင်မြဲပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါသည်။ ။