၂၀၂၅ နိုင်ငံတကာ အကူအညီစစ်တမ်း
နိုင်ငံတကာရေးရာ သုတေသီတစ်ဦး
အခုဆို နိုင်ငံတကာ အကူအညီလောက အကျပ်ဆိုက်နေပါတယ်။ နိုင်ငံတကာအကူအညီဆိုတာ ရေရှည်ဖွံ့ဖြိုးရေးအကူအညီတွေကော၊ ရေတိုလူသားချင်းစာနာမှုအကူအညီတွေကော အားလုံးပါဝင်ပါတယ်။ နိုင်ငံတကာအကူအညီလောကဆိုတာ အဲဒီအကူအညီတွေကို ကြီးကြပ်ကိုင်တွယ်ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ(UN)တို့၊ အခြားအလှူရှင် နိုင်ငံတကာအဖွဲ့အစည်းကြီးတွေကို ဆိုလိုပါတယ်။
အကျပ်ဆိုက်တယ်ဆိုတာက ရန်ပုံငွေအခက်အခဲပေါ့။ ရန်ပုံငွေလျော့နည်းလာတာပေါ့။ အလှူရှင် အစိုးရတွေက လူသားချင်းစာနာမှုအကူအညီတွေ ထက်စစ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးကို ပိုပြီး အာရုံပြုလာကြတယ်ပေါ့။ အခုဆိုလာမယ့်လအနည်း ငယ်အတွင်းကုလသမဂ္ဂမှာ ရန်ပုံငွေတွေကုန်ခန်းတော့မယ်၊ လစာပေးဖို့ အခက်အခဲဖြစ်မယ်စသဖြင့် သတင်းတွေ တက်လာပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းကြီး အတော်များများလည်းရန်ပုံငွေတွေ လျော့နည်းလာပါတယ်။
အဲဒီလို ရန်ပုံငွေအကျပ်အတည်းက အခုမှ ရင်ဆိုင်ရတာမဟုတ်ပါဘူး။ ဟိုးအရင်နှစ်တွေက လည်း အဲဒီလိုပဲ ရန်ပုံငွေမလုံလောက်လို့ နိုင်ငံတကာအကူအညီတွေ၊ လူသားချင်းစာနာမှု အကူအညီတွေ ရပ်တန့်ရတော့မလို၊ အလုပ်တွေပဲ ပြုတ်တော့မလို၊ ရုံးတွေပဲ ပိတ်ရတော့မလို သတင်း တွေဖြစ်ခဲ့ပါတယ်။ အချိန်တန်တော့လည်း ရန်ပုံငွေပြန်ရကာ ပြန်ပြီးလည်ပတ်ကြတာပါပဲ။ နိုင်ငံတကာ အကူအညီနဲ့ပတ်သက်ရင် ပေးစရာ အဲဒီအဖွဲ့အစည်းတွေပဲရှိတာကိုး။ အများအမြင်မှာတော့ လုပ်ဇာတ် ကြီးတစ်ခု ကြည့်နေရသလိုပါပဲ။ ရန်ပုံငွေ ပြတ်တောက်တော့မယ် အော်လိုက်၊ ပြန်ရလိုက်၊ ပြန်အော်လိုက်၊ ပြန်ရလိုက်နဲ့ နိုင်ငံတကာလုပ်ထုံး လုပ်နည်းတစ်ခုလိုပါပဲ။ ဒါပေမဲ့အခု ၂၀၂၅ ခုနှစ်နောက်ပိုင်း အခြေအနေတွေကတော့ အရင်လို ဟုတ်ပုံမရတော့ပါဘူး။ နိုင်ငံတကာအကူအညီနဲ့ ပတ်သက်ရင် အကြီးမားဆုံးအလှူရှင်ဖြစ်တဲ့ အမေရိကန်ဘက်က သံယောဇဉ်ဖြတ်ပါပြီ။ အနည်းဆုံးတော့ ထရမ့်ရှိနေသမျှ နောက်ထပ် လေးနှစ်ပေါ့။ ဥရောပကလည်း ယူကရိန်းကိစ္စနဲ့ ကာကွယ်ရေးအသုံးစရိတ်တွေ တိုးမြှင့်ဖို့ရှိတော့ နိုင်ငံတကာ အကူအညီထပ်လျော့ဖို့ပဲ ရှိပါတယ်။
ပြဇာတ်တစ်ပုဒ် ကြည့်နေရသလိုပါပဲ
လေ့လာသူအချို့အမြင်မှာ နိုင်ငံတကာအဖွဲ့ အစည်းလောကကြီးက ပြဇာတ်တစ်ပုဒ် ကြည့်နေရသလိုပါပဲ။ ပညာတတ်တွေ အပိုင်စီးထားတဲ့ လောကကြီးတစ်ခုပါပဲ။ ပြုပြင်ပြောင်းလဲရေး လုပ်မယ် အကြိမ်ကြိမ်ပြောပြီး ဘာမှလည်း ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲရေးမလုပ်နိုင် ပါဘူး။ ပိုလို့သာဆိုးလာပါတယ်။ အတွင်းထဲမှာလည်း အချင်းချင်းမပြောကြပါဘူး။ အမြင်မတော်တာ ရှိလည်း မသိချင်ယောင်ဘဲဆောင်ပါတယ်။ အဓိကက အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်ဖို့ ဖြစ်ပါတယ်။ အပြင်ကို အသံမထွက်ဖို့ဖြစ်ပါတယ်။ ကျိတ်ပြီးဖြေရှင်းကြဖို့ဖြစ်ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတွေအတွင်းမှာ ယိုပေါက်တွေရှိနေလည်း မပြောကြပါဘူး။ ငွေက အရာရာကိုနှုတ်ပိတ် စေပါတယ်။ အလုပ်နေရာတည်မြဲဖို့သာ အဓိကဖြစ်ပါတယ်။ ရန်ပုံငွေရမှသာ နောက်တစ်နှစ် အလုပ်ဆက်နိုင်မှာဖြစ်လို့ ရန်ပုံငွေရရှိရေးကိုပဲ အာရုံစိုက်လုပ်ဆောင်ကြပါတယ်။
နောက်ဆုံး အစီရင်ခံစာတွေကတစ်ဆင့် အလှူရှင်ကော၊ အလှူရှင်ငွေကို အသုံးပြုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကော ပူးပေါင်းညာစားတဲ့ အသိုက်အဝန်းကြီးဖြစ်လာပါတယ်။ အလှူငွေတွေဆိုတာ နိုင်ငံတကာပြည်သူတွေရဲ့ အခွန်ငွေကြေးတွေဖြစ်ပါတယ်။ တစ်နည်း လူအချင်းချင်း ခေါင်းပုံဖြတ်တဲ့သဘောဖြစ်လာပါတယ်။ အခုတော့အဲဒီပြဇာတ် ဇာတ်သိမ်းချိန်ရောက်ပြီ၊ ဒါမှမဟုတ်လည်း ဇာတ်ညွှန်းအသစ်နဲ့ ပြန်စဖို့သင့်ပြီဆိုပြီး အသံတွေ ထွက်လာပါတယ်။
အကူအညီတွေက ထိရောက်မှုရှိသလား
အခုတစ်လော နိုင်ငံတကာအကူအညီတွေနဲ့ ပတ်သက်ပြီး ဆောင်းပါးအချို့ ထွက်ပေါ်လာပါ တယ်။ အဲဒီဆောင်းပါးတွေနဲ့ ဆက်စပ်နေတဲ့ အများပြည်သူမှတ်ချက်တွေမှာ နိုင်ငံတကာအကူအညီ တွေနဲ့ပတ်သက်ပြီး အကူအညီတွေက ထိရောက်မှုရှိသလားပေါ့။ အနှစ်ချုပ်က နိုင်ငံတကာအကူအညီ တွေပေးလာခဲ့တာ နှစ်ပေါင်းများစွာရှိပြီ။ အကူအညီကြောင့် တိုးတက်တယ်ဆိုတဲ့နိုင်ငံ မရှိသေးဘူး။ အကျင့်ပျက်ခြစားမှုတွေ၊ လူမှုအဖွဲ့အစည်းအတွင်း စိတ်ဝမ်းကွဲမှုတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အမြင်မကြည်လင်မှုတွေသာ တိုးပွားလာတယ်ဆိုပြီး ထောက်ပြထားပါတယ်။
တိုးတက်သွားတာက အဲဒီအကူအညီတွေကို စီမံခန့်ခွဲနေတဲ့အလှူရှင်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သူတို့အထောက်အပံ့ရနေတဲ့သူတွေဖြစ်တယ်ဆိုပြီး ရေးသားထားပါတယ်။ နိုင်ငံတကာအကူအညီပေးရေးစနစ်ကြီးက ရှုပ်ထွေးကြီးမား ကျယ်ပြန့်တာကြောင့် အသေးစိတ် မြင်အောင် မကြည့်နိုင်ပေမယ့် ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက အသွင်အမျိုးမျိုးနဲ့ ပေါ်ထွက်လာတဲ့ နိုင်ငံတကာအကူအညီတွေဟာ အခုဆို ဒုတိယကမ္ဘာစစ်ကြီးပြီးခဲ့တာပဲ နှစ်ပေါင်း ၈၀ ရှိခဲ့ပြီ။ သူတို့ရည်မှန်းချက်ဖြစ်တဲ့ ကမ္ဘာတစ်လွှား ဆင်းရဲမွဲတေမှု လျှော့ချရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာတွေဖြစ်မလာဘဲ ကမ္ဘာတစ်လွှား စစ်မက်ပဋိပက္ခတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေ၊ ဒုက္ခသည်တွေသာ တိုးလာတယ်ဆိုပြီး သုံးသပ်ထားပါတယ်။
နှစ်ပေါင်း ၈၀ နော်။ နည်းတဲ့နှစ်မဟုတ်ဘူး။ ကမ္ဘာကြီးကို ဆက်ညာနေဦးမလား၊ ကမ္ဘာကြီးက လည်း ဆက်အညာခံနေဦးမလားဆိုပြီး အမေးထုတ်ထားပါတယ်။ ကမ္ဘာမှာအတော်ဆုံးသူတွေနဲ့ စုဖွဲ့ထားတဲ့ ကုလသမဂ္ဂတို့၊ အခြားထိပ်သီး နိုင်ငံတကာအဖွဲ့အစည်းကြီးတွေဟာ နိုင်ငံတကာ အကူအညီ၊ လူသားချင်းစာနာမှုအကူအညီ ဗန်းပြပြီး ကမ္ဘာသူကမ္ဘာသားတွေကို အသိပညာခေါင်းပုံဖြတ် နေတဲ့သူတွေဖြစ်တယ်လို့လည်း ဝေဖန်ထားပါတယ်။
တစ်ဆက်တည်း အကျိုးစီးပွားဆိုတာတွေကို ထောက်ပြထားတယ်။ အဖွဲ့အစည်းတွေမှာ တာဝန် မရှိဘူး။ လူတွေမှာသာ တာဝန်ရှိတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလုပ်လုပ်နေတယ်ဆိုတာ အကြောင်းပြပြီး အဲဒီအဖွဲ့အစည်းကလူတွေဟာ သူတို့ အကျိုးစီးပွားအတွက် လစာတွေ ကောင်းကောင်းယူ၊ ခံစားခွင့်တွေ ကောင်းကောင်းယူ၊ ဥပဒေမူဘောင်တွေတွင်တွင် ပြော၊ သူတို့အချင်းချင်းဆို လိုသလို အလျှော့အတင်းလုပ်၊ အလျဉ်းသင့်မယ့်သူတွေ လက်တစ်လုံးခြားခန့် ပြီး အဖွဲ့အစည်းအတွင်း တစ်ကျိတ်တည်း၊ တစ်ဉာဏ် တည်း၊ တစ်သံတည်းဖြစ်အောင် လုပ်ယူထားတဲ့ အကျိုးစီးပွားအခြေခံတဲ့ လူတန်းစားတစ်ရပ်သာ ဖြစ်တယ်ဆိုပြီး ရေးသားထားပါတယ်။
တကယ်လို့ အဲဒီ နိုင်ငံတကာလူသားချင်း စာနာမှုတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေသာ စိတ်ရင်းမှန်ရင် သူတို့လစာ တစ်ဝက်လျှော့၊ ခံစားခွင့်တွေလျှော့ပြီး အလုပ်လုပ်ကြမလားဆိုရင် အသံတွေတိတ်နေကြပါလိမ့်မယ်။ အဲဒီလို လစာတစ်ဝက်လျှော့တယ်ဆိုရင်တောင် သာမန်နိုင်ငံသားတွေ လစာထက် ပိုနေပါသေးတယ်။ လစာတစ်ဝက်နဲ့ သူတို့မလုပ်လည်း လုပ်မယ့်သူတွေ အများကြီးရှိပါတယ်။ အလုပ်ခန့်တာ ကအစ UN လို အဖွဲ့အစည်းကြီးတွေမှာအတွင်း အဆက်အသွယ်က အဓိကဖြစ်ပြီး နောက်ဆုံးအလုပ်ရတဲ့သူတွေကလည်း သူတို့အလုပ်တည်မြဲရေးပဲ ဦးတည်သွားပြီး အဖွဲ့ကြီးဟာအတွင်းမှာ အချင်းချင်းအပြန်အလှန်ပံ့ပိုးတဲ့ အသင်းအဖွဲ့သဘောဖြစ်လာတယ်ဆိုပြီး ရေးသားထားပါတယ်။
အဖွဲ့အစည်းအတွင်းမှာ အားလုံးနဲ့ လိုက်လျော ညီထွေဖြစ်စေဖို့သာ အဓိကဖြစ်လို့ အဲဒီလို နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ လုပ်ကိုင်ဆောင်ရွက်သူအများစုဟာ အသံတွေတိတ်လာတယ်။ ဖောက်ထွက် တင်ပြမှုတွေနည်းလာတယ်။ တသီးတသန့် လူတန်းစားတစ်ရပ်လို ဖြစ်လာတယ်လို့လည်း ထောက်ပြထားပါတယ်။ တင်ပြတဲ့အခါမှာလည်း အဖွဲ့အစည်းမူဝါဒနဲ့၊ အထက်လူကြီးတွေနဲ့ သဘော ထားတူညီဖို့က အရေးကြီးလို့ ဘယ်သူမှဆန့်ကျင်ပြီး မတင်ပြကြဘဲ လိုက်လျောညီထွေရှိအောင်သာ တင်ပြကြရင်း တစ်ဖက်ပိတ်သဘော ဆန်လာတယ်လို့ ရေးသားထားပါတယ်။
နောက်ဆုံးနိုင်ငံတကာအဖွဲ့အစည်း အသိုင်းအဝိုင်းဟာ ကြီးကြပ်ထိန်းကွပ်မယ့်သူမရှိတော့ဘဲ အချင်းချင်းသာယာအောင် မြှောက်ပင့်ပြောဆိုကြရင်း တသီးတသန့်ဆန်လာပြီး အချိန်တွေသိပ်ကြာ လာတဲ့အခါ လူတွေက နိုင်ငံတကာအဖွဲ့အစည်းတွေကို အဆိုးမြင်လာ၊ အခု ဘယ်မှာမဆို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ထိရောက်မှုကို မေးခွန်းထုတ် လာကြပါတယ်။
နိုင်ငံတကာအကူအညီဆိုတာ
အကူအညီဆိုတဲ့ သဘောတရားက မှီခိုတာပါပဲ။ ဒီနေရာကို အကူအညီပေးသွားတယ်။ နောက်တစ်နေရာက မရဘူးဆိုရင် မရတဲ့နေရာက မကျေနပ်ပါဘူး။ ဒီသင်တန်းမှာ လာတဲ့သူတွေကို တစ်နေ့ငွေကျပ် ၅၀၀၀ ပေးတယ်၊ ၆၀၀၀ ပေးတယ်ဆိုရင် နောက်တစ်ခါ သင်တန်းမှာ ပိုက်ဆံ မပေးရင် အယုံအကြည်မရှိတော့ပါဘူး။ နိုင်ငံတကာ အကူအညီဆိုတာ အားလုံးက ငွေလမ်းခင်းနေတာပါပဲ။ ဒါကြောင့် သူတို့ (နိုင်ငံတကာအဖွဲ့အစည်းတွေ) မရှိတော့ဘူးဆိုရင် အဲဒီနိုင်ငံတကာအကူအညီ ရခဲ့တဲ့နေရာတွေက သက်ဆိုင်ရာအစိုးရကပေးတဲ့ အကူအညီကို မလိုချင်တော့ပါဘူး။ အစိုးရကနိုင်ငံတကာလောက်တော့ ဘယ်ပေးနိုင်မလဲ။ ဟိုကတော့ နိုင်ငံတကာငွေကြေးနဲ့ဆိုတော့ ကောင်း ကောင်းပေးနိုင်တာပေါ့။
သို့သော် နိုင်ငံတကာအဖွဲ့အစည်းတွေဆိုတာ နိုင်ငံတစ်နိုင်ငံမှာ တစ်သက်လုံးရှိနေမှာ မဟုတ်ဘူးလေ။ အစိုးရတွေက တစ်သက်လုံးရှိနေမှာဖြစ်တယ်။ ဒါကြောင့် လူထုက နိုင်ငံတကာအကူအညီတွေမျှော်၊ အကူအညီအပေါ် မှီခိုရင်း ဆင်းရဲမွဲတေမှုက ကြီးမား၊ အစိုးရတွေက နိုင်ငံတကာအဖွဲ့အစည်းတွေကို တင်းကျပ်လာရင် နိုင်ငံတကာအဖွဲ့အစည်းတွေက လူထုနဲ့အစိုးရကို ပါးပါးလေး ရန်တိုက်ပေး၊ ပြီးရင်သူတို့က ပြန်ထွက်သွား၊ လူထုနဲ့အစိုးရကြား မပြေလည်မှုက ကျန်ခဲ့၊ ဒီလိုနဲ့အာဖရိကနိုင်ငံအချို့ နိုင်ငံတကာအကူအညီအောက်မှာ ဘာဖွံ့ဖြိုးမှုမှမလုပ်နိုင်ဘဲ အကူအညီမျှော်ရင်း နှစ်ပေါင်းများစွာ ဆင်းရဲသံသရာလည်နေတာ အခုထိပဲ။
အချိန်တန်ရင် ထွက်သွားတာပါပဲ
အချို့ဆို နိုင်ငံတကာအကူအညီတင် မဟုတ်ဘူး။ နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်တွေအထိ မျှော်ကြတာပေါ့။ UN ကို အလွန်အထင်ကြီးတာပေါ့။ နိုင်ငံတကာကို အတော်လေး အထင်ကြီးတာပေါ့။ ရဝမ်ဒါ(Rwanda)တို့၊ ဘော့စနီးယား (Bosnia) တို့မှာ UN တပ်တွေ (နိုင်ငံတကာငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်တွေ) ရှိနေတဲ့တိုင် ပြည်တွင်းပဋိပက္ခတွေအတွင်း အပြစ်မဲ့ပြည်သူတွေ အတုံးအရုံး အသတ်ခံခဲ့ကြရတာ မဝေးတဲ့အတိတ်ကာလမှာ ရှိခဲ့ပါတယ်။ နောက်ဆုံးတော့ နိုင်ငံတကာအသိုက်အဝန်းက ပြန်လည်သုံးသပ်မှုတွေ၊ ပြစ်တင်ဝေဖန်မှုတွေပြုခဲ့ပေမယ့် အပြစ်မဲ့တဲ့ပြည်သူတွေ သေတဲ့သူကတော့ သေခဲ့ကြပါပြီ။ နိုင်ငံတကာအသိုက်အဝန်းဆိုတာ အချိန်တန်ရင်ထွက်သွားတာ၊ နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်တွေဆိုတာ အချိန်တန်ရင် ထွက်သွားတာပါပဲ။
သူတို့က အပြင်လူတွေ၊ တကယ်နောက်ဆုံးခံခဲ့ရတာက အတွင်းကလူတွေဖြစ်ပါတယ်။ နိုင်ငံတကာအကူအညီ မျှော်တဲ့သူတွေ၊ နောက်ဆုံး ကိုယ့်ကိစ္စကိုယ်ပဲ ရှင်းရတာပါပဲ။ ရဝမ်ဒါဆိုရင် ၁၉၉၄ ခုနှစ် ဧပြီလကနေ ဇွန်လအထိ ရက် ၁၀၀ အတွင်းမှာ လူ ၈၀၀၀၀၀ လောက်အထိ အသက် ဆုံးရှုံးခဲ့တာနော်။ အစွန်းရောက်ဟူတူ(လူမျိုး) (Hutu) တွေက တွက်ဆီ(လူမျိုး) (Tutsi) တွေနဲ့ သဘောထားပျော့ပျောင်းတဲ့ ဟူတူတွေကို တွေ့တဲ့နေရာသတ်တာပဲ။ ဘာ UN မှ၊ ဘယ်နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကြားမဝင်ခဲ့ပါဘူး။ လက်ပိုက်ကြည့် နေခဲ့ရပါတယ်။
ဘယ်သူမှ မကယ်နိုင်ပါဘူး
နိုင်ငံတကာကို အားကိုးခဲ့ကြတဲ့ ရဝမ်ဒါပြည်သူတွေ ဘယ်လောက်ဝမ်းနည်းကြေကွဲဖို့ ကောင်းလိုက်သလဲ။ ငါတို့ဆီမှာ UN တပ်တွေရှိနေပြီ၊ လုံခြုံပြီလို့ ထင်ခဲ့တဲ့သူတွေ အရေးအကြောင်းဆို ကယ်မယ့်သူမရှိ။ မည်သို့ပင် သမိုင်းဖြစ်စဉ်တွေရှိနေပါစေ၊ သက်ဆိုင်ရာအစိုးရတွေကို နာကြည်းမုန်းတီးနေတဲ့ အတိုက်အခံတွေ၊ အစုအဖွဲ့တွေကတော့ UN လာပါ၊ နိုင်ငံတကာငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်တွေလာပါ တောင်းခံနေကြ မှာပါပဲ။ UN တို့၊ နိုင်ငံတကာအသိုင်းအဝိုင်းတို့က ကူညီချင်တောင် သိပ်ဆိုးရွားပြင်းထန်နေတဲ့ အခြေအနေမှာ သူတို့လည်း များများစားစား မလုပ်နိုင်ပါဘူး။ ပြဿနာက အဲဒီလိုအခြေအနေ မျိုးတွေ မဆိုးရွား၊ မပြင်းထန်အောင် UN တပ်တွေချထားခဲ့တယ်။ အနည်းဆုံး သက်ဆိုင်ရာပြည်သူ လူထုကို ကာကွယ်ဖို့ပဲပေါ့။ မဟုတ်ရင် ဘာလို့ ဒီလောက်ကုန်ကျစရိတ်ကြီးမားတဲ့ UN တပ်တွေ ပို့ထားမှာလဲ။ ဒါပေမဲ့ အမှန်တကယ် ထိန်းမနိုင်သိမ်းမရ ဆိုးရွားပြင်းထန်လာတဲ့အခါ ဘယ်သူမှမကယ်နိုင်ပါဘူး။ နောက်ဆုံးကြားထဲက ပြည်သူ လူထုခမျာ ကူရာမဲ့တော့တာပါပဲ။
နိုင်ငံတကာအကူအညီနဲ့ပတ်သက်ရင် စစ်တမ်းတွေ၊ ဆောင်းပါးတွေက အလျဉ်းသင့်သလို ထွက်လာနေတာပါပဲ။ သို့သော် ဂုဏ်သတင်း အင်မတန်ကြီးကျယ်ပြီး ရည်ရွယ်ချက်တွေ မွန်မြတ်လှတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပြစ်တင်ဝေဖန်တဲ့ဆောင်းပါးတွေ ပေါ်ထွက်လာလည်း ခဏပါပဲ။ အကူအညီပေးရေးသတင်းတွေ၊ လူသားချင်းစာနာမှုသတင်းတွေ အောက်မှာပဲ ရေကန်ထဲ လှိုင်းလေး တဒင်္ဂပွက်သလို ပျောက်ကွယ်သွားတာပါပဲ။ အခုကတော့ ၂၀၂၅ အစမှာ အကြီးမားဆုံး ကမ္ဘာ့အလှူရှင်ဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံတကာအကူအညီတွေအပေါ် အကောင်းမမြင်တဲ့ ဒေါ်နယ်ထရမ့် အာဏာရလာခြင်းက လှိုင်းလေး တဒင်္ဂပွက်သလိုမဟုတ်ဘဲ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သလိုဖြစ်လာပါတယ်။
အခုဆို အရှေ့အလယ်ပိုင်း အရေးအခင်းက ပိုပြီးဆိုးလာနေပါတယ်။ ရုရှား-ယူကရိန်း စစ်ပွဲ ကလည်း ဆက်ပြီး သွားနေမယ့်သဘောမှာရှိပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယတင်းမာမှု၊ ထိုင်ဝမ်(ကျွန်း) အကျပ်အတည်းတွေကလည်း ဆက်လက်မြင့်တက် နေပါတယ်။ အချုပ်ဆိုရရင် လက်ရှိနိုင်ငံတကာ အခြေအနေတွေက နိုင်ငံတကာအကူအညီတွေကို သိပ်မျက်နှာသာမပေးပါဘူး။ တင်းမာမှုတွေဟာ အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်ပါတယ်။ တစ်နည်းပြောရရင် ၂၀၂၅ ခုနှစ်နဲ့ လာမယ့်နှစ်တွေဟာ နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် စိန်ခေါ်မှုအထူးကြီးမားပြင်းထန်တဲ့ နှစ်များဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ ။