Skip to main content

ထေရဝါဒ ဗုဒ္ဓဘာသာ တည်တံ့ထွန်းကား ပြန့်ပွားရေး (၈)

ကေကေ (မဟာဝိဇ္ဇာ)

သုဝဏ္ဏဘူမိမှ ထေရဝါဒရဟန်းတော်တစ်ပါးနှင့် ပိဋကတ်သုံးပုံရရှိလိုက်သဖြင့် ပုဂံသည်ထေရဝါဒဗုဒ္ဓဘာသာ၏ အချက်အချာဘူမိနက်သန်ဖြစ်ခဲ့သည်။ ခေတ်ပြိုင်သထုံတွင် ထေရဝါဒဗုဒ္ဓဘာသာရှိနှင့်ပြီးဖြစ်သည်။ ယနေ့ခေတ် သထုံမြို့တွင်းနေရာအနှံ့မှ တူးဖော်ရရှိသော အုတ်ခွက်ဘုရား သုံး၊ လေးထောင် (အကောင်းနှင့် အကျိုးအပဲ့အပါအဝင်) က ခိုင်မာသော အထောက်အထားဖြစ်၏။

ဘာသာဆီမီးထွန်းညှိပေးသော အနော်ရထာသည် ပုဂံမင်းဆက် ၅၅ ဆက်တွင် ၄၂ ဆက်မြောက်ဖြစ်၏။ သူ့ရှေ့က ၄၁ ဆက်သော မင်းတို့လက်ထက်နှင့် ပုဂံထက်စောသော ပျူခေတ်တွင် မည်သို့သော ယုံကြည်ကိုးကွယ်မှုတွေ ရှိနေပါသနည်း။

ခရစ်နှစ်မတိုင်မီကပင် အိန္ဒိယကုန်သည်များနှင့် သာသနာပြုများသည် မြန်မာနိုင်ငံသို့ လမ်းကြောင်းနှစ်သွယ်မှ ဝင်လာ၏။ တစ်ကြောင်းမှာ အာသံမှတစ်ဆင့် မြောက်ပိုင်းသို့ ကုန်းကြောင်းလမ်းဖြစ်၍၊ တစ်ကြောင်းမှာ တောင်ပိုင်းအောက်မြန်မာနိုင်ငံသို့ ပင်လယ်ရေကြောင်းဖြစ်သည်။ သူတို့နှင့်အတူ ဟိန္ဒူဘာသာအပြင် ထေရဝါဒနှင့် မဟာယာနဗုဒ္ဓဘာသာတို့လည်း ရောက်ရှိလာ၏။ ထို့ကြောင့် မြောက်ပိုင်း၊ တောင်ပိုင်းဗုဒ္ဓဘာသာနှစ်ခုလုံးသည် အနော်ရထာအရင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီးဖြစ်၏။

သီရိခေတ္တရာတွင် ရှေးဟောင်းပစ္စည်းများစွာ တူးဖော်ရရှိခဲ့၏။ မောင်ကန်ရွာမှ ရွှေပြားနှစ်ချပ်နှင့် မှော်ဇာရွာ ခင်ဘကုန်းမှ ရွှေပေအချပ် ၂၀ ကို ၁၈၉၇ နှင့် ၁၉၆၂ ခုနှစ်တို့တွင် ရရှိခဲ့၏။ မောင်ကန် ပထမရွှေချပ်တွင် ယေဓမ္မာဂါထာကို ဗြာဟ္မီအက္ခရာဖြင့် ရေးထားသည်။ ဒုတိယအချပ်တွင် ဗုဒ္ဓ၏ ဂုဏ်တော်ကိုးပါးကို ရေးထားသည်။ မောင်ခင်ဘ၏ ယာကုန်းမှရသော ရွှေပြားအချပ် ၂၀ တွင် ပဋိစ္စသမုပ္ပာဒ် အနုလုံပဋိလုံရေးထားပြီး မဂ်အဆင့်ဆင့်၊ ဗောဓိပက္ခိယတရားများလည်းပါသည်။ ထေရဝါဒပိဋကလာ စာသားများဖြစ်ပြီး တောင်ပိုင်းအိန္ဒိယမှ ရောက်လာသည်ဟု ယူဆရသည်။ အိန္ဒိယတောင်ပိုင်းသည် ထေရဝါဒီတို့၏ ဗဟိုချက်ဖြစ်၍ ဓမ္မပါလ၊ ဗုဒ္ဓဒတ္ထနှင့် ကဿပစသော ကျမ်းပြုအကျော်များ ထွက်ရာဒေသဖြစ်သည်။ ဤတွေ့ရှိ ချက်များက ခရစ်နှစ် ငါးရာစုမှာပင် သီရိခေတ္တရာ (ပျူနိုင်ငံ) သို့ ထေရဝါဒဗုဒ္ဓဘာသာရောက်နေပြီဖြစ်ကြောင်း အထောက်အထားဖြစ်သည်။

သီရိခေတ္တရာမြို့ပေါက်တွင် မင်္ဂလသုတ်၊ မောရသုတ်နှင့် ရတနသုတ်မှ ဂါထာများ ရေးထိုးထားသော ကျောက်စာနှစ်ချပ်ရရှိသေးသည်။ ထိုသုတ်များကို ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်သူတို့က ဘေးအန္တရာယ်ကင်းအောင် ရွတ်ဆိုလေ့ရှိကြ၏။

ဗိဿနိုးနှင့် ဟန်လင်းတွင်လည်း ဟိန္ဒူဘာသာ ဆိုင်ရာပစ္စည်းများ တွေ့ရ၏။ ခေတ်ပြိုင်ရခိုင်သည် ပထဝီအနေအထားအရ အိန္ဒိယနှင့် နီးသောကြောင့် ဟိန္ဒူဘာသာလွှမ်းမိုးမှုအားကောင်းသည်။ ပျူနှင့် ရခိုင်တွင် ထေရဝါဒ၊ မဟာယာနနှင့်ဟိန္ဒူတို့ ယှဉ်တွဲနေကြသည်။

စောစောပိုင်းက ပျူခေတ်တွင် ဗုဒ္ဓရုပ်ပွားဆင်းတုတော်မတွေ့ချေ။ အိန္ဒိယနိုင်ငံနာဂါရ်ဇုန ကုဏ္ဍမြို့ဟောင်းရှိ ကျောက်စာအထောက်အထားအရ ယင်းမြို့တွင် ဗုဒ္ဓဘာသာဂိုဏ်းလေးဂိုဏ်းရှိခဲ့ရာ အပရမဟာဝိနသေလိယဂိုဏ်းနှင့် မဟာသာသကဂိုဏ်းတို့သည် ဗုဒ္ဓရုပ်ပွားဆင်းတုတော် ကိုးကွယ်ခြင်းကို လက်မခံချေ။ ပျူမြို့များတွင် ၎င်းဂိုဏ်းဝင်တို့ ရောက်ရှိကြီးစိုးသောကြောင့် ဗုဒ္ဓဆင်းတုမတွေ့ခြင်းဟု ယူဆခဲ့ကြ၏။ တစ်နည်းမှာ ဗုဒ္ဓဘုရားရှင်က “ချစ်သားအာနန္ဒာ၊ သာရီရိကစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ ဟူ၍ သုံးမျိုးရှိသည်တွင် ငါဘုရားသက်တော်ထင်ရှားရှိစဉ် သာရီရိက စေတီပြုလုပ်ခြင်းငှာ မတတ်ကောင်း။ ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီတို့ကို ပြုလုပ်ခြင်းငှာတတ်ကောင်း၏” ဟု အရှင်အာနန္ဒာကို ဟောတော်မူကြောင်း တေရသိနိပါတ်၊ ကလိင်္ဂဗောဓိဇာတ်တော်၌ တွေ့ရ၏။ ဤအချက်ကြောင့်လည်း ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး၍ အချိန်ကာလအတန်ကြာသည်အထိ ရုပ်ပွားဆင်းတုထုလုပ်ကိုးကွယ်မှု နှေးကွေးခြင်းဖြစ်တန်ရာသည်။ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်မှာပင် ကိုယ်ပွားရုပ်ပွားတော် ထုလုပ်ကိုးကွယ်သည်ဆိုသော ဇာတ်ရာဇဝင်များ ရှိခဲ့သော်လည်း ပိဋကတ်တော်များတွင် ဖော်ပြမထားကြောင်း၊ သင်္ဂါယနာကျမ်းဝင်ကျမ်းစုမဟုတ်ကြောင်း မှတ်သားရသည်။

၂၀၀၃ ခုနှစ် ဗိဿနိုးကုန်းအမှတ်-၁၃မှ ဉာဏ်တော်ငါးလက်မခွဲ၊ ကိုယ်လုံးတော်အကျယ်နှစ်လက်မခွဲရှိသော ကြေးဗုဒ္ဓဆင်းတုတော်တစ်ဆူကို မထင်မှတ်ဘဲ တွေ့ခဲ့ရ၏။ ပုစွန်တုပ်ကွေးပါသောအမြင့်သုံးလက်မရှိ ကြေးခေါင်းလောင်းငယ်တစ်ခုနှင့် အရွယ်အစားမျိုးစုံသော ကြေးဆီမီးခွက်လေးခုလည်းပါ၏။ ပျူတို့၏ ရှားရှားပါးပါးဗုဒ္ဓဘာသာဆိုင်ရာ သာသနိကပစ္စည်းများ ဖြစ်သောကြောင့် ထိုခေတ်ကိုးကွယ်မှု ကောက်ချက်အတွက် သမိုင်းတန်ဖိုးကြီးလှပေသည်။

ယင်းနှစ်ထဲမှာပင် ဗိဿနိုးကုန်းအမှတ်-၁၆ မှ စက်ဝိုင်းပုံပန္နက်ရှိသော အုတ်အဆောက်အအုံကို စတုရန်းပုံအုတ်ရိုးပတ်လျက် အနောက်ဘက်တွင် အဆောက်အအုံအတွင်းသို့ ဝင်ရောက်နိုင်ရန် အုတ်ခုံစွန်းလက်တံထွက်ထားသော ဝင်ပေါက်ပါသည့် ပန္နက်ပုံကြီးကို တွေ့ရသည်။ ထိုကဲ့သို့သော အုတ်ပန္နက်ပုံအဆောက်အအုံမျိုးကို ယခင်ကလည်း ဗိဿနိုးကုန်းအမှတ်-၅၊ ၆၊ ၁၄၊ ၁၈ နှင့် ဟန်လင်းကုန်းအမှတ်-၁၃၊ မိုင်းမော ကုန်းအမှတ်-၇ တို့၌ တွေ့ရှိခဲ့ပြီးဖြစ်သည်။ ယင်းတို့မှာ ဝင်ပေါက်လက်တံတစ်ခုသာပါသည်။ ယင်းပန္နက်ပုံမျိုးပင် မိုင်းမောကုန်းအမှတ်-၈ ၌ တောင်နှင့် မြောက်ဘက်တွင် ဝင်ပေါက်လက်တံနှစ်ခုထွက်၍လည်းကောင်း၊ သီရိခေတ္တရာ ကုန်းအမှတ်-၅ (မသီးကျကုန်း) ၌ အရပ်လေးမျက်နှာသို့ ဝင်ပေါက်လက်တံလေးခုထွက်၍လည်းကောင်း ထူးထူးခြားခြားတွေ့ရပြန်သည်။ အဆောက်အအုံအထက်ပိုင်း ပြိုပျက်ကာ လုံးဝမရှိတော့သော်လည်း ကျန်ရှိသော ပန္နက်ပုံစံအရ လေးထောင့်ပစ္စယံအထက်၌ စေတီလုံးတည်ထားသော ဥဒ္ဒိဿစေတီ အမျိုးအစားဟု ယူဆကြ၏။ ပျူခေတ်မြို့များတွင် ဤစေတီပန္နက်များ တွေ့ရသောကြောင့် ထေရဝါဒဗုဒ္ဓဘာသာရှိနေကြောင်း ပြောနိုင်သည်။

ထူးခြားမှုမှာ ယင်းပန္နက်ပုံများသည် အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ရှေးဟောင်းစေတီပန္နက်ပုံများနှင့် တူနေခြင်းဖြစ်သည်။ ထို့ကြောင့် ၁၅- ၅- ၂၀၂၃ ရက် မှ ၂၂- ၅- ၂၀၂၃ ရက်အထိ ရှေးဟောင်းသုတေသနအဖွဲ့ တစ်ဖွဲ့ကို အိန္ဒိယနိုင်ငံသို့ လေ့လာရေးစေလွှတ်ခဲ့သည်။ အိန္ဒိယအစိုးရက အရေးတယူလက်ခံ၍ လိုက်လံပြသပေးသည်။ ပျူခေတ်၊ ဗုဒ္ဓဘာသာသည် အိန္ဒိယတောင်ပိုင်း၊ မြောက်ပိုင်းတို့နှင့် ဆက်နွှယ်နေကြောင်း တွေ့ရှိခဲ့ရသည်။

အနော်ရထာမတိုင်မီ ၄၁ ဆက်သော မင်းတို့ လက်ထက်နှင့် ပုဂံခေတ်ထက်စောသော ပျူမြို့ပြနိုင်ငံများခေတ်တွင် မြန်မာနိုင်ငံ၌ ဟိန္ဒူ၊ ထေရဝါဒ၊ မဟာယာနဗုဒ္ဓဘာသာများ ရောက်ရှိနေကြပြီဖြစ်သကဲ့သို့ သမိုင်းဦးခေတ်ကိုးကွယ်ယုံကြည်မှုဟု ဆိုအပ်သော နတ်ကိုးကွယ်မှုလည်းရှိနေပါသည်။ တကောင်းပြည်နှင့် ပုဂံအစောပိုင်းတွင် နဂါးကိုးကွယ်မှုလည်းရှိခဲ့သည်။ ညောင်ဦးစောရဟန်း မင်းသည် နတ်နဂါးကိုးကွယ်သူဟု ဆိုကြ၏။ နတ်ကိုးကွယ်မှုသည် မြန်မာတို့၏ ပြည်တွင်းဖြစ် ကိုးကွယ်မှုဖြစ်၏ ။

သီရိခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းတို့တွင် တွေ့ရသော ဟိန္ဒူဘာသာအယူအဆသည် ပုဂံခေတ်ထိအောင် ပါလာကြောင်း မဟာပိန္နဲဘုရားနှင့် နတ်လှောင်ကျောင်းတို့က ပြသနေသည်။ မဟာပိန္နဲဘုရားတွင် ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာပေါင်းစပ်မှုကို တွေ့ရ၏။ ဂနေရှ (မြန်မာအမည် မဟာပိန္နဲ) အပါအဝင် ဟိန္ဒူဘာသာဆိုင်ရာ ရုပ်တု၊ ဆင်းတုများကို ထိုဘုရားတွင်တွေ့ရသည်။ ပုဂံဘုရင်ညောင်ဦးစောရဟန်းကို နတ်တော်ကျောင်းဒကာဟု ရာဇဝင်တွင် တွေ့ရသည်။ သူ့ကျောင်းကို နတ်လှောင်ကျောင်းခေါ် မဟာပိန္နဲဘုရားဖြစ်သည် ဟုဆိုကြသည်။ အနော်ရထာနှင့် စောလူးနောက်နန်းစံသည့် ကျန်စစ်မင်းတည်ခဲ့သည့် အပယ်ရတနာဘုရားမှာပင် ဝေဒခေတ်နှင့် ဝေဒခေတ်နှောင်းနတ်ဘုရားများဖြစ်ကြသော ဗြဟ္မာ၊ ဗိဿနိုး၊ သီဝ၊ သူရဿတီ၊ ဒေဝီ၊ ယမုံနာ၊ အိန္ဒြာ စသော ရုပ်တုများ ရှိနေသည်။

အပယ်ရတနာဘုရား၏ ထူးခြားမှုတစ်ခုမှာ တဖုဿနှင့် ဘလ္လိကတို့ ဆံတော်ခံယူပုံ နံရံဆေးရေးပန်းချီလည်း ရှိနေခြင်းဖြစ်၏။ ၂၀၂၃ ခုနှစ်ထဲမှာ ဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ စာရေးဆရာ ခင်ဉာဏကရှာဖွေတွေ့ရှိခဲ့သည်။ မြတ်ရွှေတိဂုံ ဓမ္မစာစောင် အတွဲ(၃)၊ အမှတ်(၁၀)၏ ရှေ့မျက်နှာဖုံးပုံအဖြစ် ဖော်ပြထားပြီး အယ်ဒီတာအမှာစကားတွင် တွေ့ရှိပုံကို မှတ်တမ်းတင်ထားသည်။

မွန်-မြန်မာတို့ လှူခဲ့ကြသော အုတ်ခွက်ဘုရားစာများတွင်လည်းကောင်း၊ ကျောက်စာပါမင်းတို့၏ ဆုတောင်းစာများတွင်လည်းကောင်း ဘုရားဆုပန်ခြင်း၊ နောင်ပွင့်မည့် အရိမေတ္တယျဘုရားကို ဖူးတွေ့ရန် ဆုတောင်းခြင်းများမှာ မဟာယာနတို့၏ ဆုတောင်းနည်းဖြစ်သည်။ ထေရဝါဒီတို့က နိဗ္ဗာန်ကိုသာ ဆုတောင်းလေ့ရှိပါသည်။ ထိုအချိန်အထိ ပုဂံတွင် ဗိဿနိုးဂိုဏ်း၊ သီဝဂိုဏ်း စသည့် ဟိန္ဒူဘာသာအယူအဆများနှင့် မဟာယာန၊ ထေရဝါဒတို့ ရောနေပုံရသည်။ အနော်ရထာနှင့် ကျန်စစ်သားတို့၏ ဆုတောင်းစာများတွင် ဘုရားလောင်းအယူအဆ၊ စကြဝတေးမင်းအယူအဆ၊ ဗိဿနိုးနတ်-သီရိနတ်နှင့် နဂါးကိုးကွယ်မှု၊ ဗိဿနိုးဝင်စားခြင်း အယူအဆများကို တွေ့ရသည်။

အနော်ရထာမတိုင်မီက မင်းနှင့် ပြည်သူတို့သည် “အရည်း”တို့ကို ကိုးကွယ်ကြ၏။ စင်စစ်အရည်းများသည် တန္တရနှင့် မဟာယာနဘုန်းကြီးများသာဖြစ်ကြောင်း ပါမောက္ခဦးဖေမောင်တင်နှင့် ပါမောက္ခလုစ်တို့ကဆိုသည်။ တန္တရဗုဒ္ဓဘာသာမှာ နာလန္ဒမှ ပုဂံသို့ ရောက်လာသည်။ တန္တရသည် ဟိန္ဒူနှင့် မဟာယာနတို့ကို ပေါင်းစပ်ထားခြင်းဖြစ်၏။ တန္တရရဟန်းတို့သည် ဂါထာ၊ မန္တန်၊ မှော်၊ အဂ္ဂိယတ်များကို လိုက်စားကြ၏။ ထိုအရည်းတို့သည် တန်ခိုးရှိသည်ဟု လူများယုံကြည်ကြသည်။ ထေရဝါဒနှင့် ဆန့်ကျင်သော အရည်းတို့၏ လုပ်ဆောင်မှုနှစ်ခုမှာ ဗုဒ္ဓကျမ်းစာများကို သူတို့အလိုအတိုင်း ဖွင့်ဆိုခြင်းနှင့် အပြစ်ပြုမိလျှင် သင့်လျော်သောဂါထာကို ရွတ်ဆိုက ပျောက်နိုင်သည်ဟု ဟောပြောခြင်းဖြစ်သည်။

အနော်ရထာသည် အရှင်အရဟံဟောကြားသော တရားတော်ကို နာယူရသောအခါ အသစ်တွေ့ရှိသော ထေရဝါဒဗုဒ္ဓဘာသာကို ကြည်ညိုလွန်းအားကြီးသဖြင့် တရားစစ်၊ တရားမှန် တွေ့ရှိပြီဟု ယုံကြည်ကာ အရည်းများကို လူဝတ်လဲစေတော့၏။ နှင်ထုတ်တော့၏။ ဘုရင်၏ ဆင်ချေးကျုံး၊ မြင်းချေးကျုံးထည့်၏။ အရည်းဘာသာပပျောက်အောင် အာဏာစက်ကိုသုံး၏။ အရှင်အရဟံ၏ ဓမ္မစက်ကို အနော်ရထာက အာဏာစက်ဖြင့် ကူ၏။

တကယ်တော့ ဗုဒ္ဓဘာသာသည် ပုဂံမတိုင်မီ ပျူ၊ မွန်၊ ရခိုင်တို့တွင် ဟိန္ဒူ၊ မဟာယာန၊ ဘာသာများ၊ အဂ္ဂိယတ်၊ နတ်က္ခတ်ဗေဒင်၊ နတ်စသော သမိုင်းဦးခေတ်ကိုးကွယ်ယုံကြည်မှုများနှင့်အတူ ရှိနေပြီဖြစ်သည်။ သို့ရာတွင် သာသနာပြု၏ အားနည်းမှု၊ ထေရဝါဒ၏ လောကီကိုစွန့်ခွာမှု၊ မင်း၏ အထောက်အပံ့ကို မရရှိမှုတို့ကြောင့်ရာစုပေါင်းများစွာ မထင်ပေါ်ခဲ့ချေ။ ဤအချက်ကို ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်၊ ယခင်ဒုညွှန်ချုပ်ဟောင်း ဦးအောင်သိန်းညွန့်က သူ၏ဆောင်းပါးတစ်ပုဒ်တွင် "ပျူလူမျိုးများသည် အေဒီ- ၂ ရာစုခန့်ကပင် နက်နဲသိမ်မွေ့သော ဗုဒ္ဓဘာသာဆိုင်ရာ အတွေးအခေါ်အယူအဆတို့ကို စူးစူးနစ်နစ်နားလည်သိမြင်ခံစားကျင့်သုံးနေသူများဖြစ်ကြောင်း၊ ထို့ကြောင့် သိရှိနားလည်ကျင့်သုံးရန် ခက်ခဲသော ယင်းအဘိဓမ္မာ သဘောတရားတို့ကို မြတ်မြတ်နိုးနိုး တန်ဖိုးထားလျက် ထိန်းသိမ်းမှတ်တမ်းထားကြကြောင်း၊ ယင်းကာလမှ စတင်၍ ထေရဝါဒဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံတွင် ခိုင်ခိုင်မာမာ အမြစ်တွယ်နေပြီဖြစ်ကြောင်း၊ အခြားသော လောကီချမ်းသာရေးအတွက် ကျင့်သုံးရန် လွယ်ကူသော အယူဝါဒများက ပုထုဇဉ်လူသားတို့၏ စရိုက်၊ အကြိုက်နှင့် ကိုက်ညီသဖြင့် အင်အားတကြီးလွှမ်းမိုးနေရာယူလျက်ရှိနေသေးသောကြောင့် ထေရဝါဒဗုဒ္ဓဘာသာသည် ငုပ်လျှိုးမှေးမှိန်နေခဲ့ရပြီး အေဒီ- ၁၁ ရာစုခန့် ပုဂံအနော်ရထာမင်းက အာဏာစက်ဖြင့် ကြိုးပမ်းဖော်ထုတ်ခဲ့သောကြောင့်သာလျှင် ထေရဝါဒဗုဒ္ဓဘာသာ ဦးမော့ထွန်းလင်းစည်ပင်ပြန့်ပွားလာခဲ့ရပြီး ယနေ့ထက် တိုင်မြန်မာနိုင်ငံတွင် အမြစ်တွယ်ရှင်သန်ကြီးထွား စည်ပင်နေရခြင်းဖြစ်ကြောင်း သုံးသပ်ထားသည်။

ဘာသာတစ်ခုထွန်းကား၊ ပြန့်ပွား၊ တည်တံ့ရန်မှာ ဝီရိယရှိသော သာသနာပြုမှုနှင့် ထိရောက်သော သာသနာကာကွယ်မှုတို့ လိုအပ်ပါသည်။ ။