ခရီးသွားအတွေ့အကြုံများမှ စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဘာသာရပ်များအတွက် အတွေးများ (အမှတ်-၁)
ဒေါက်တာမျိုးကြွယ်
၁၉၈၆ ခုနှစ်က ကျွန်တော်မဟာစိုက်ပျိုးရေးပညာသင်ကြားခဲ့သော ဩစတြေးလျနိုင်ငံကို ခေတ္တရောက်ရှိစဉ် တွေးမိသည့် စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် အထွေထွေအတွေးအစတစ်စကို ဆွေးနွေးပါရစေ။
(က) အိမ်သာအသုံးပြုပုံ (Use of Restrooms in Australia)
ဩစတြေးလျ၊ ဥရောပ၊ အမေရိကနိုင်ငံ အများစုက အိမ်သာသုံးစက္ကူလိပ် (Toilet Papers) ကို သုံးပါသည်။ ကျွန်တော်တို့ အာရှနိုင်ငံအများစုက ရေကို အသုံးပြုပါသည်။
ဤစနစ်က စက္ကူများစွာကုန်၍ သစ်ပင်များ ကုန်ဆုံးနိုင်သလား။ (Is this methods environ-mently friendly?)
ဩစတြေးလျမှာ အိမ်သာသုံးစက္ကူလိပ် အသုံးပြုရခြင်းက-
(က-၁) ဗြိတိသျှလူမျိုးများ၏ ယဉ်ကျေးမှုအငွေ့ အသက်လွှမ်းမိုးနေခြင်း (Cultural Norms and British Influence) ။ အိမ်သာသုံးစနစ် (Bathroom Practices)က သူတို့ ဘိုးဘေးဘီဘင်များသုံးစွဲမှု အတိုင်း လိုက်သုံးနေသည်ဟု သိရှိရပါသည်။
(က-၂) အိမ်သာ/ရေချိုးခန်း ဆောက်လုပ်ပုံနှင့် ရေပိုက်စနစ် (Plumbing and Infrastructure)။ ဩစတြေးလျမှာ တိုက်အိမ်ဆောက်ပုံနှင့် အိမ်သာ စနစ်က သမိုင်းအရ ရေသုံးမှုမပါဘဲ ဆောက်ထားပြီး ရေသုံးခြင်းက မလိုအပ်ဘူးဟုယူဆပါသည်။ ဆောင်းရာသီ ရာသီဥတုအေးလွန်း၍လည်း ရေမသုံးဟုထင်ပါသည်။
(က-၃) တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အသုံးပြုရ လွယ်ကူခြင်း (Perceived Hygiene and Conven-ience)။ ဩစတြေးလျလူမျိုးအများစုက ဤစနစ် က လွယ်ကူလုံလောက်ပြီး အဆင်ပြေနေပါသည်ဟု ယူဆပါသည်။
(က-၄) ရေချွေတာမှုရှုထောင့်မှကြည့်ရှုခြင်း (Water Conservation Concerns)။ ဩစတြေးလျနိုင်ငံသည် မိုးခေါင်သောနိုင်ငံ (Drought-prone Country) ဖြစ်သောကြောင့် ပြည်သူအများစုက ရေချွေတာခြင်းရှုထောင့်မှ အသုံးပြုသည်ဟု ထင်ပါသည်။
ဤစနစ်ကြောင့် ဆိုးကျိုးများမှာ
(၁) သစ်တောပြုန်းတီးခြင်း (Deforestration)။ ပြန်လည်အသုံးပြုခြင်းစနစ် (Recycling System) ကို အသုံးပြုသော်လည်း တစ်ကမ္ဘာလုံး အိမ်သာသုံး စက္ကူထုတ်လုပ်မှုက သစ်ပင်သန်းပေါင်းများစွာ ခုတ်ယူနေရပါသည်။
(၂) ရေအသုံးပြုမှု (Water Usage)။ သုတေသန တွေ့ရှိချက်အရ ယင်းစက္ကူတစ်ထုပ် (Single roll of toilet paper) ထုတ်လုပ်ရန်ရေ ၃၅-၅၀ လီတာ အသုံးပြုနေရပါသည်။
(၃) စွမ်းအင်နှင့် ဓာတုပစ္စည်းများ ကုန်ကျမှု (Energy and Chemicals)။ စက္ကူထုတ်လုပ်စက်ရုံ များ (Paper Industries)က လျှပ်စစ်၊ ချွတ်ဆေး (Bleach) ဓာတုပစ္စည်း များစွာသုံးနေရပြီး ပတ်ဝန်း ကျင် ညစ်ညမ်းမှုကို ဖြစ်စေပါသည်။
(၄) စွန့်ပစ်ပစ္စည်းများ ပြုန်း/ဖြုန်းတီးမှု (Waste Generation)။ အသုံးပြုပြီး စက္ကူများအတွက် ရေများစွာဖွင့်ချရန် လိုအပ်ပြီး မလိုလားအပ်သော ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်စေနိုင်ပါသည်။
(ခ) ဩစတြေးလျတိုက်၏ ဝိုင်ထုတ်လုပ်ရေးလုပ်ငန်း (Wine Industry in Australia)
ဩစတြေးလျနိုင်ငံတွင် ၂၀၂၃-၂၀၂၄ စာရင်းဇယားအရ စပျစ်စိုက်ပျိုးသူပေါင်း ၆၀၀၀ ကျော်က ၁၄၆၄၄ ဟက်တာ (၃၆၁၂၂၂ ဧက)တွင် စပျစ်သီး ပေါင်း ၁ ဒသမ ၄၃ တန်သန်းကြိတ်ပြီး ၁၀၄၂ လီတာ သန်းပေါင်း ထုတ်လုပ်ပါသည်။ တရုတ်၊ အမေရိကန်၊ ယူကေ၊ ဟောင်ကောင်၊ ကနေဒါနိုင်ငံများသို့ အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၁၉ ဘီလီယံဖိုးခန့် တင်ပို့ပါသည်။ (နိုင်ငံအတွင်းရှိ စပျစ်စိုက်တောင်သူ ၆၀၀၀ ခန့်မှ နိုင်ငံဝင်ငွေ ၂ ဘီလီယံကျော် ရှာဖွေပေးခြင်းပါ၊ အားကျအတုယူစရာပါ)
တက္ကသိုလ်များမှလည်း စပျစ်စိုက်ပျိုးရေးနှင့် ဝိုင်ထုတ်လုပ်ရေးကို ဦးစားပေးသင်ကြား၊ သုတေသနပြုနေပါသည်။
(ခ-၁) အက်ဒီလိတ်တက္ကသိုလ်၊ တောင်ဩစတြေး လျ ပြည်နယ် (University of Adelaide, South Australia)
စပျစ်စိုက်ပျိုးခြင်းနှင့် ဝိုင်ထုတ်လုပ်ခြင်း (B.Sc./ M.Sc./Graduate Diploma in Viticulture and Oenology/Wine Science) ပညာရပ်ကို ပထမဘွဲ့၊ ဘွဲ့လွန်၊ ဘွဲ့လွန်ဒီပလိုမာဘွဲ့များ ပေးနေသော ကမ္ဘာ့နာမည်ကြီးတက္ကသိုလ် ဖြစ်ပါသည်။ ဤတက္ကသိုလ်ဝိတ်နယ်မြေ (Waite Campus) တွင် သင်ကြား၊ သုတေသနပြုနေပြီး ဩစတြေးလျနိုင်ငံ၏နှစ်စဉ်ပြည်တွင်း၊ ပြည်ပစပျစ်နှင့် ဝိုင် သုတေသနပညာရှင် ၇၀ ရာခိုင်နှုန်းခန့် မွေးထုတ်ပေး ရာ ဘူမိနက်သန်တက္ကသိုလ်နယ်မြေဖြစ်ပါသည်။
တက္ကသိုလ်အတွင်း ဝိုင်သုတေသနအဖွဲ့ (WIC–Wine Innovation Cluster) ကနေဝိုင်အနံ့နှင့် အရသာဓာတုဗေဒ (Wine Aroma and Flavour Chemistry)၊ ဝိုင်သုံးစွဲသူများဆိုင်ရာ သိပ္ပံ (Wine Consumer Science)၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဝိုင်အရည်အသွေးပြောင်းလဲသွားခြင်း (Impact of Climate Change on Wine Composition) သုတေသနများ ပြုလုပ်ပါသည်။
(ခ-၂) ချားစတူဝပ်တက္ကသိုလ်၊ နယူးဆောက်ဝေး ပြည်နယ် (Charles Stuart University, New South Wales)
ဤတက္ကသိုလ်၌ စပျစ်စိုက်ပျိုးခြင်းနှင့် ဝိုင် ထုတ်လုပ်ခြင်းသိပ္ပံနှင့် အသုံးချသိပ္ပံ ပထမဘွဲ့ (Bachelor of Science and Applied Science in Viticulture and Wine Production) ပေးအပ်ပြီး ဂူဘယ်နီသုတေသနဌာန (Gulbali Institute) တွင် ဝိုင်ဓာတုဗေဒ (Wine Chemistry)၊ စပျစ်အပင်ရောဂါဗေဒ (Grapevine Plant Pathology)၊ အသင့်စား သုံးရသော စပျစ်သီးနှင့် ဝိုင်အရည်အသွေး မြန်ဆန် စွာ စစ်ဆေးခြင်း (Rapid Assessment methods for Table-type Grape and Wine Quality) သုတေသနများ ပြုလုပ်နေပါသည်။
(ခ-၃) ကွင်းစလန်တောင်ပိုင်းတက္ကသိုလ်၊ ကွင်း စလန်ပြည်နယ် (University of Southern Queen-sland, Queensland)
ဤတက္ကသိုလ်တွင် ဒီပလိုမာနှင့် ပထမဘွဲ့ဝိုင်သိပ္ပံပညာ (Diploma and Bachelor Degree in Wine Science)ကို ပေးအပ်ပြီး ကွင်းစလန်ပြည်နယ်၏သမနွေးပိုင်း၊ အပူပိုင်း ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော စပျစ်စိုက်ပျိုးရေးနှင့်ဝိုင် ထုတ်လုပ်မှုအကြောင်းကို လေ့လာသုတေသနပြုနေပါသည်။ ၁၉၈၆-၁၉၈၉ ခုနှစ်အတွင်း ကျွန်တော်မဟာစိုက်ပျိုးရေးသိပ္ပံ ပညာသင်ကြားခဲ့ရသော ကွင်းစလန်တက္ကသိုလ် (UQ – University of Queensland)သည် ဤပြည်နယ်အတွင်းတွင် ရှိပါသည်။
(ခ-၄) မဲလဘမ်း အသက်မွေးဝမ်းကျောင်းသိပ္ပံ၊ ဗစ်တိုးရီးယားပြည်နယ် (Melbourne Polytechic, Victoria)
ဤအသက်မွေးဝမ်းကျောင်းသိပ္ပံ (TVET – Technical and Vocational Education Training) ရှိ စပျစ်စိုက် ဟက်တာ ၄၀ (ဧက ၁၀၀ ခန့်)နှင့် တန် ၁၀၀ ထုတ်နိုင်သော ဝိုင်စက်ရုံ (100-tons Winery) တွင် စပျစ်စိုက်ပျိုးခြင်းနှင့် ဝိုင်ပြုလုပ်နည်း သင်တန်းလက်မှတ်ရနှင့် ဒီပလိုမာသင်တန်းများ (Certificate and Diploma Courses in Viticulture and Winemaking) ကို နိုင်ငံတကာသင်တန်းသား များအတွက် နှစ်စဉ်လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။
စပျစ်နှင့် ဝိုင်လုပ်ငန်းတစ်ခုထဲမှပင် နိုင်ငံခြား ဝင်ငွေရရှိရေးအတွက် တောင်သူပညာပေးသင်တန်း၊ ဘွဲ့ဒီဂရီနှင့် တစိုက်မတ်မတ် ပြုလုပ်နေခြင်းကို အားကျအတုယူစေချင်တာပါ။
ကျွန်တော် နယူးဆောက်ဝေးပြည်နယ် ဟန်းတားလွင်ပြင် (Hunter Valley, NSW) လေ့လာ ရေးရောက်ခဲ့ရာ စပျစ်စိုက်ခင်းများနှင့် ဝိုင်အမျိုးမျိုး ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားများနှင့် လေ့လာရေးအစီအစဉ်များ (Domestic and International Wine Tour) ပြုလုပ်ထားသည်မှာ အလွန်အတုယူဖွယ်ကောင်းလှပါသည်။
ဩစတြေးလျနိုင်ငံ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံခြားဝင်ငွေရရှိသော စပျစ်စိုက်ပျိုးရေးနှင့် ဝိုင်ထုတ်လုပ်ရေးအတွက် တောင်သူ ၆၀၀၀ ခန့်စိုက်ပျိုးနေသည်ကို တက္ကသိုလ်သုံးကျောင်းနှင့် အသက်မွေးဝမ်းကျောင်း သိပ္ပံတစ်ကျောင်းက တစိုက်မတ်မတ် သင်ကြား၊ သုတေသနပြု၊ တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို ကျွန်တော်တို့ နိုင်ငံသားများ အားကြအတုယူစေရန် ရည်ရွယ်ရေးသားပါသည်။
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတမ်း (Reference Paper)
Syme, G.J. and Nancarrow, B.E. (2011) Over-coming Water Scarcity in Perth, Western Australia. Cambridge University Press.
Zheng, H.; F.H.S. Chiew1, N.J. Potter1 and D.G.C. Kirono (2019) Projections of water futures for Australia: an update. International Congress on Water Technology.