Skip to main content

USAID ဘာလဲ... ဘယ်လဲ

မြင့်မြတ်

USAID ခေါ် United State Agency for International Development အဖွဲ့အစည်းက မြန်မာနိုင်ငံအိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ရွေးကောက်ပွဲနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာပြုတ်ကျရေးမှာ ငွေကြေးပမာဏ အတိုင်းအတာတစ်ခုအထိ ရင်းနှီးမြှုပ်နှံပြီး ဝင်ရောက်စွက်ဖက်ခဲ့ကြဖူးတယ်လို့ ဆိုလာခဲ့ရင် ကျွန်တော့်အနေနဲ့ အငြင်းပွားမှာမဟုတ်ပါ။

အမှန်တကယ် အကောင်းဘက် ဦးတည်ခဲ့သလား USAID

၁၉၆၁ ခုနှစ် သမ္မတဂျွန်အက်ဖ်ကနေဒီ လက်ထက်ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံခြားအထောက်အပံ့ အက်ဥပဒေရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်စတင် သန္ဓေတည်ခဲ့တဲ့ ဝန်ထမ်းအင်အား ၁၀၀၀၀ ခန့်ရှိ US နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီရဲ့ မူလရည်ရွယ်ချက်တွေက သဘောတရားအရ အင်မတန်ကောင်းပါတယ်။ သဘာဝဘေး၊ ဆင်းရဲမှုတိုက်ဖျက်ရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေးနဲ့ လစ်ဘရယ်အာဂျင်ဒါ စတဲ့ခေါင်းစဉ်တွေဟာ ကမ္ဘာအနှံ့ကျော်ကြားခဲ့တယ်။ ဒါကြောင့်လည်း စစ်အေးခေတ်ကာလမှာ USAID ဟာ အောင်မြင်မှုတွေရခဲ့ပြီး ဆိုဗီယက်နဲ့ အရှေ့ဥရောပနိုင်ငံတွေ ပြိုကွဲသွားခဲ့ရတယ်။

အမေရိကန်က တစ်ကိုယ်တော်စူပါပါဝါဖြစ်လာပြီး ကမ္ဘာကြီးကိုမင်းမူခွင့်ရခဲ့တယ်။ ၂၀၂၃ ခုနှစ်အတွင်းဆင်းရဲပြီး စစ်ဖြစ်နေတဲ့ဒေသတွေမှာ အထူးသဖြင့် အစိုးရဆန့်ကျင်တဲ့ လက်နက်ကိုင် ထူပြောရာဒေသတွေမှာ သောက်ရေသုံးရေဖူလုံရေး၊ လာဘ်ပေးလာဘ်ယူပပျောက်ရေး၊ အရေးပေါ် ကယ်ဆယ်ရေးအကူအညီတွေအတွက် USAID က သုံးစွဲခဲ့တဲ့ ၇၃ ဘီလီယံဟာ လက်နက်ကိုင်နဲ့ NGO တွေအတွက်တော့ သည်းခြေကြိုက် အထူးလက်ဆောင်ပေါ့။ ၂၀၂၄ ခုနှစ်မှာဆိုရင်လည်း တစ်ကမ္ဘာလုံးမှာ လူသားချင်းစာနာထောက်ထားမှု ပမာဏအားလုံးရဲ့ ၄၂ ရာခိုင်နှုန်းကို USAID က ကူညီခဲ့တာတွေ့ရတယ်။

တောင်အာရှနဲ့ နိုင်ငံအချို့အရေးအရာတွေမှာ ဘယ်လိုပါဝင်ပတ်သက်ခဲ့ပါသလဲ

ဆက်လက်ပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံအချို့ရဲ့ နိုင်ငံရေးမှာ USAID က ဘယ်လိုပါဝင်ပတ်သက်ခဲ့ပါသလဲ။ အမှန်တကယ်လည်း အေဂျင်စီဟာ တောင်အာရှ နိုင်ငံရေးအခင်းအကျင်းတွေမှာ အစဉ်အလာမပျက် ဝင်ရောက်စွက်ဖက်ခဲ့ပါတယ်။ သမ္မတဘိုင်ဒင်လက်ထက်မှာ USAID က ၂၀၂၄ ခုနှစ် အိန္ဒိယရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ လူဦးရေ တိုးပွားအောင်ဆိုပြီး high voter turn out ဖြစ်အောင် ရည်ရွယ်ချက်နဲ့ အမေရိကန်အခွန်ထမ်း ပြည်သူတွေရဲ့ ငွေကြေးဒေါ်လာ ၂၁ သန်းခန့်ကို သုံးစွဲဖို့ ကြိုတင်လျာထားခဲ့တယ်လို့ ဆိုပါတယ်။ ဒီငွေတွေကို ယခုအခါမှာ အီလွန်မတ်စ်ရဲ့ DOGE Department Of Government Efficiency က ပယ်ဖျက်လိုက်ပါပြီ။

ဘင်္ဂလားဒေ့ရှ်မှာလည်း၂၀၂၂ ခုနှစ်ကတည်းက USAID က ဒေါ်လာ ၁၃ ဒသမ ၄ သန်းကို အစိုးရကို တော်လှန်မယ့် ဘင်္ဂလားဒေ့ရှ်ကျောင်းသားတွေ အတွက် လျှို့ဝှက်လေ့ကျင့်ရေးအစီအစဉ်မှာ သုံးစွဲခဲ့တယ်။ နိုင်ငံရေးနဲ့ နိုင်ငံသားများ ချိတ်ဆက်လှုပ်ရှားခြင်းခေါင်းစဉ်အောက်မှာ USAID က ပေးကမ်းခဲ့တာဖြစ်ပြီး ဒီငွေတွေရဲ့ ဖြားယောင်းမှုအားနဲ့ ဘင်္ဂလားဒေ့ရှ်ကျောင်းသားတွေဟာ နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနိုင်ခဲ့တယ်။ ရလဒ် အနေနဲ့ ၂၀၂၄ ရွေးကောက်ပွဲအပြီး ကျောင်းသားတွေ ဦးဆောင်တဲ့လူထုအုံကြွမှုကြီးဖြစ်ခဲ့ရပြီး ဝန်ကြီးချုပ် ရှိတ်ဟာဆီနာတစ်ယောက် ပြည်ပစွန့်ခွာထွက်ပြေးရတဲ့အထိ သက်ရောက်မှုက ကြီးမားသွားခဲ့ရတယ်။

ယခင်လ အစောပိုင်းမှာ အီလွန်မတ်စ်ရဲ့ DOGE ကနေထရီလီယံနဲ့ချီ အကြွေးထူနေတဲ့ နိုင်ငံဘတ်ဂျက်အသုံးစရိတ်ကို ပြန်လည်စိစစ်တဲ့အခါ ဖြတ်တောက်ခံရမယ့် ခေါင်းစဉ်တွေအောက်မှာ CEPPS အမည်ရ US အခြေစိုက် “နိုင်ငံရေးနဲ့ ရွေးကောက်ပွဲများဆိုင်ရာ အကျိုးတူပူးပေါင်းအဖွဲ့ အစည်း” တစ်ခုက ကိုင်တွယ်နေတဲ့ ခေါင်းစဉ်တချို့ပါသွားခဲ့တယ်။ CEPPS မှာက the International Foundation for Electoral System IFES ၊ IRI နဲ့ NDI ဆိုပြီး အဖွဲ့သုံးဖွဲ့ပါဝင်တယ်။ CEPPS က တစ်ဆင့် သုံးစွဲလိုက်တဲ့ USAID ရဲ့ ငွေတွေမှာ အိန္ဒိယ ရွေးကောက်ပွဲအတွက် ဒေါ်လာ ၂၁ သန်း၊ ဘင်္ဂလားဒေ့ရှ်အတွက် ဒေါ်လာ ၂၉ သန်း၊ နီပေါဖက်ဒရယ် ဘတ်ဂျက်အတွက် ဒေါ်လာသန်း၂၀ ပါဝင်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမေရိကန်စစ်အခြေစိုက် စခန်းဖွင့်ဖို့ ရှိတ်ဟာဆီနာက ငြင်းပယ်ခဲ့ခြင်းဟာ သူပြုတ်ကျခြင်း အကြောင်းရင်းတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် တရုတ်နဲ့လည်း နီးစပ်မှုရှိနေတဲ့ ရှိတ်ဟာဆီနာကို ဖြုတ်ချဖို့ IRI ကနေ ထိုပမာဏရှိတဲ့ငွေကို ရေရှည်အစီအမံနဲ့ တာဝန်ယူသုံးစွဲခဲ့ကြောင်း သိရှိရပါတယ်။ ဒီလိုကူညီမှုမျိုး၊ ဆောင်ရွက်မှုမျိုးတွေဟာ ရိုးသားမှုမရှိ၊ အမှန်တကယ်လိုအပ်တဲ့ ကိစ္စတွေလည်းမဟုတ်ကြောင်း၊ အမေရိကန်ပြည်သူပိုင်ငွေတွေကိုသုံးပြီး USAID က နိုင်ငံတကာပြည်တွင်းရေးတွေမှာ ဝင်ရောက်စွက်ဖက်နေခြင်းသာဖြစ်တယ်လို့ သမ္မတထရမ့်က စွပ်စွဲပါတယ်။

ဒီအချက်ကို သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်တွေကလည်း သဘောတူကြတယ်။ နိုင်ငံရေးမှာ အားလုံးပါဝင်ရမယ်၊ ဒီမိုကရေစီဖြစ်ရမယ်လို့ ဘယ်လိုပဲဆိုထားပါစေ USAID ပါဝင်ချိတ်ဆက်တဲ့ လှုပ်ရှားမှုတိုင်းမှာ အကျိုးဆက်ကမကောင်းလှပါဘူး။ USAID စွက်ဖက်မှုပါတဲ့ နိုင်ငံတိုင်းဟာ နောက်ဆုံးမှာ မတည်မငြိမ်ဖြစ်ခြင်းနဲ့သာ အဆုံးသတ်ခဲ့ရတယ်။ ဒီအချက်ကို ကျောင်းသားနဲ့ လူထုအုံကြွမှုတွေကြောင့် တည်ငြိမ်မှုကင်းမဲ့ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးက သက်သေပြနေပါတယ်။

တောင်အာရှနိုင်ငံများအရေးမှာ USAID ရဲ့ ပတ်သက်မှုက ကျွန်တော်တို့နိုင်ငံနဲ့လည်း ဆက်စပ်နေတဲ့အတွက် စိတ်ဝင်စားဖို့ကောင်းသလို ကမ္ဘာအရပ်ရပ်က စွက်ဖက်မှုအချို့ကိုလည်း လေ့လာထားသင့်ပါတယ်။၂၀၁၄ ခုနှစ်က ကျူးဘားနိုင်ငံအတွင်း အဖျက်အမှောင့်တွေဆောင်ရွက်ဖို့ ဇွန်ဇွန်နီရိုအမည်ရှိ ကျူးဘားတွစ်တာတစ်ခုကို USAID က ဖန်တီးခဲ့သလို ၂၀၂၃ ခုနှစ်က မက္ကဆီကိုတရားဝင် အစိုးရကိုဝေဖန်တဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေ ကို USAID က ထောက်ပံ့ပေးနေကြောင်း မက္ကဆီကိုသမ္မတက စွပ်စွဲခဲ့တဲ့အတွက် အမေရိကန်အစိုးရ ကိုယ်တိုင်ဖြေရှင်းပေးခဲ့ရဖူးပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး အမည်တပ်ထားပေမယ့် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တဲ့ ကွန်ဂိုလိုအာဏာရှင် နိုင်ငံမှာဆန့်ကျင်ဘက်စံနှစ်မျိုးကို အသုံးပြုခဲ့ကြ ပြန်တယ်။ USAID က ဘယ်လိုနည်းလမ်းတွေ ကျင့်သုံးခဲ့သလဲ၊ Democracy ideology တွေကို တစ်ဖက်သတ်ရိုက်သွင်းရာမှာ လူသားချင်းစာနာမှု စကားလုံးတွေက အတော်အားကောင်းခဲ့တာ တွေ့ရတယ်။ အမေရိကန်ရဲ့ ပထဝီနိုင်ငံရေးအကျိုးစီးပွားအရ ပစ်မှတ်နိုင်ငံတွေရဲ့ ပြည်တွင်းရေး ဝင်စွက်ဖက်တဲ့နေရာမှာ တကယ့်လက်နက်ကောင်း အစွမ်းထက်တဲ့ ယန္တရားတွေဖြစ်ခဲ့ပါတယ်။

USAID ဟာ အပေါ်ယံမှာ လူသားချင်းစာနာမှု သဘောတရားကို အခြေခံပေမယ့် တကယ့်အမှန်က ရုရှားနဲ့တရုတ်နိုင်ငံတို့ကိုထိန်းချုပ်ဖို့ပါ။ စစ်အေးခေတ်မှာ ဆိုဗီယက်ကွန်မြူနစ်တို့ ကျဆုံးပြီးနောက် အားလုံးသိတဲ့အတိုင်း အင်အားကြီးမားလာတဲ့ ရုရှားနိုင်ငံနဲ့ BRI နဲ့ ကမ္ဘာပတ်မယ့် တရုတ်နိုင်ငံကိုထိန်းချုပ်ဖို့ကြိုးစားရာမှာ USAID က မပါရင်မပြီးတဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။ ဒါဆိုရင် အမေရိကန်အကျိုးအတွက် ဒီလောက်ကောင်းတဲ့ အဖွဲ့အစည်းမျိုးနဲ့ လုပ်ဆောင်ချက်တွေကို သမ္မတထရမ့်နဲ့ DOGE ခေါင်းဆောင် အီလွန်မတ်စ်တို့က ဘာကြောင့်ဟန့်တားနေရပါသလဲ အကြောင်းရှိပါလိမ့်မယ်။

ထရမ့်ကဆိုရင် ဒီအဖွဲ့ကို ရာဇဝတ်သားလူမိုက် တစ်သိုက်ကွန်းခိုရာ Criminal Organization အဖွဲ့ကြီး၊ ဒုစရိုက်လောကသားတို့ စုစည်းရာအဖွဲ့ကြီး တစ်ခုအဖြစ် စွပ်စွဲခဲ့တာကြည့်ရင် ဒီအဖွဲ့ရဲ့ အနေအထားကို ခန့်မှန်းနိုင်ပါလိမ့်မယ်။ အခုတော့ အဖွဲ့ရဲ့ပရိုဂရမ်တွေ၊ ပရောဂျက်တွေဟာ အမေရိကန် နိုင်ငံနဲ့ ပြည်သူတွေအတွက်ရော ကမ္ဘာကြီးအတွက်ပါ အကျိုးရှိ၊ ထိရောက်မှုရှိ မရှိ၊ ပွင့်လင်းမြင်သာမှုရှိ မရှိစိစစ်သုံးသပ်နေစဉ်မှာ လုပ်ငန်းအများစုဟာ ခေတ္တရပ်တန့်နေရပါပြီ။ လတ်တလောအေဂျင်စီအရာထမ်းအမှုထမ်း ဒါဇင်ပေါင်းများစွာဟာလည်း မိမိတို့လုပ်ငန်းခွင်ကနေ နားကုန်ကြရပါပြီ။

အတွေးအခေါ်တွေ ရိုက်ထည့်ရာ

USAID ကို ခေတ္တပိတ်သိမ်းပြီး အရေးပေါ်လုပ်ငန်းများမှအပ လုပ်ငန်းတွေရပ်ဆိုင်းထားရတဲ့အတွက် အထူးသဖြင့် ကျန်းမာရေးဘက်မှာ သက်ရောက်မှုတွေရှိလာနေတဲ့အပေါ် ဒီမိုကရက်နဲ့ အကူအညီပေးအဖွဲ့တွေဘက်က ဝေဖန်မှုတွေ သောသောညံနေတာတွေ့ရပါတယ်။ USAID မှ မရှိရင် ကမ္ဘာကြီးတစ်ခုလုံး ဒုက္ခရောက်တော့မယ့် ပုံစံမျိုး၊ ဒီအချက်က ဘာကိုပြသလဲဆိုရင် အပြောင်းအလဲမှာ ပြောင်းလဲစီမံခန့်ခွဲမှုအရည် အသွေးမရှိခြင်းကိုပါ လက်ညှိုးထိုးရလိမ့်မယ်။ USAID ရဲ့ ကမ္ဘာတစ်ဝန်း ကူညီထောက်ပံ့မှုတွေမှာ ကောင်းတာတွေ အများကြီးရှိပါတယ်။

ခေါင်းစဉ်တွေကကောင်းတယ်၊ လက်တင်အမေရိကမှာ ၁၉၈၀ ပြည့်နှစ်ကတည်းက ဆောင်ရွက်နေတဲ့ဘိန်း၊ ကိုကင်းတိုက်ဖျက်ရေး စီမံကိန်းတွေရှိခဲ့တယ်။ ဒါပေမယ့် ထိုဒေသတွေမှာ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှု အမှန်တကယ်ပပျောက်သွားပြီလား။ ဒေသခံတွေအတွက် တကယ်ရော အကျိုးရှိထိရောက်ရဲ့လား... အထူးသဖြင့် USAID ရဲ့ အသုံးနဲ့ အဖြုန်းကဏ္ဍတွေမှာ မေးစရာမေးခွန်းများစွာရှိလာနေတယ်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအကူအညီမှန်ရင် သက်ဆိုင်ရာအစိုးရမှာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး။

ဒါပေမယ့် အကူအညီရတဲ့ နိုင်ငံတော်တော်များများမှာ ကြွေးမြီထူပြောတဲ့ နောက်ဆက်တွဲ ပြဿနာကပြောစရာဖြစ်နေပြန်တယ်။ ထို့အပြင် USAID Scholar အများစုမှာ အမေရိကန်တန်ဖိုးနဲ့ အိုင်ဒီယာတွေ သွတ်သွင်းခံထားရတဲ့အတွက် သူ့မိခင်နိုင်ငံအတွက် အလုပ်အကျွေးမဖြစ်ဘဲအဆုံးမှာ အမေရိကန်အကျိုးအတွက်ပဲ ဖြစ်သွားတာတွေရှိနေပြန်တယ်။ တချို့ဆို ကိုယ့်နိုင်ငံကို ပြန်ဆန့်ကျင်မိတဲ့အထိ brainwash လုပ်ခံလိုက်ရတဲ့ ဖြစ်ရပ်တွေဟာ မိခင်နိုင်ငံအတွက်တော့ တကယ့်ဆုံးရှုံးမှုကြီးပါပဲ။ ဒါကြောင့် USAID ကပေးတဲ့ ဒေါ်လာမျိုးကို နိုင်ငံအတော်များများက မလိုချင်ကြပါဘူး။

အမှန်သိလာကြပါပြီ

မှန်ပါတယ်၊ သမ္မတထရမ့်တို့လုပ်ရပ်ဟာ ယခုအချိန်မှာ မှန်ကန်မှုရှိတယ်လို့ ဆိုချင်ပါတယ်။ ဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံက တစ်ကမ္ဘာလုံးကို အထောက်အပံ့ပေး အဖွဲ့အစည်းတစ်ခုအနေနဲ့ ပွင့်လင်းမြင်သာမှု ကောင်းမွန်တဲ့အုပ်ချုပ်မှုစနစ်နဲ့ အဂတိကိစ္စတွေမှာ တာဝန်ယူတာဝန်ခံမှုရှိသင့် တယ်လို့မြင်ပါတယ်။ အားလုံးအတွက် တရားမျှတမှု ရှိရပါမယ်၊ ထရမ့်ထောက်ပြတာက လူပြိန်းကြိုက် မူဝါဒအောက်က စကားလုံးလှလှတွေနဲ့ ဆီးသီးဗန်းမှောက်ပွဲတော်ကြီး ဖြစ်နေလောက်အောင်ကို မတော်မတရားမှုတွေ ကြီးစိုးနေခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။

စစ်တမ်းတွေအရလည်း အမေရိကန်နိုင်ငံသား ၆၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းက အမေရိကန်အစိုးရရဲ့ နိုင်ငံခြားအထောက်အပံ့တွေအပေါ်မှာ အယုံအကြည်မရှိပါဘူး။ ကိုယ့်အစိုးရက ကိုယ့်နိုင်ငံသားတွေကို ပိုဂရုစိုက်တာပဲလိုချင်ကြတယ်။ မိမိနိုင်ငံရဲ့ ကျန်းမာရေး၊ ပညာရေးအတွက် ပုံအောသုံးရမယ့်အစား နိုင်ငံတကာအပေါ် ပိုဂရုစိုက်ပြနေခြင်းကို မယုံကြည်ကြတော့ပါဘူး။

အေဂျင်စီက ဝန်ထမ်းတွေအတွက်သုံးရတဲ့ အုပ်ချုပ်မှုကိစ္စတွေနဲ့တင် အမေရိကန်ပြည်သူတွေရဲ့ ငွေတွေကုန်ကျနေရတဲ့အချက်ကို ဝေဖန်ထောက်ပြကြတယ်။ သူများနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ပြီး မတည်မငြိမ်ဖြစ်အောင်လုပ်၊ ကိုယ်မကြိုက်တဲ့အစိုးရ၊ ကိုယ့်သြဇာမခံတဲ့ ခေါင်းဆောင်ဆိုဖြုတ်ချ၊ နိုင်ငံပြိုကွဲအောင် လူ့အဖွဲ့အစည်းတွေပြိုလဲအောင် ကျင့်ဝတ်သိက္ခာမဲ့တဲ့ နိုင်ငံသားတွေဖြစ်သွားအောင် ကြံစည်ကြိုးပမ်းနေတဲ့ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ကြိုးကိုင်အဖွဲ့အစည်းများစွာထဲမှာ USAID အပြင် NED လို အဖွဲ့တွေ၊ ဆိုးရော့ဇ်ရဲ့ OSF လိုအဖွဲ့အစည်းတွေလည်း ပါဝင်နေတဲ့အတွက် အမေရိကန်ပုံရိပ်ကျဆင်း နေရခြင်းကို အမေရိကန်ပြည်သူတွေ သိသင့်သလောက် သိနေကြပါပြီ။

စာရေးသူအမြင်အရ USAID ဆိုတာ ခေတ္တခဏပိတ်သိမ်းရုံမဟုတ်၊ ရာသက်ပန်ပိတ်သိမ်းပြီး လုံးဝမရှိသင့်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ်မြင်ပါတယ်။ ဆာဟာရဒေသ အာဖရိကအပါအဝင် တစ်ကမ္ဘာလုံးက ဆင်းရဲတဲ့ပြည်သူတွေအတွက်တော့ တစ်ဖက်က စဉ်းစားရမှာဖြစ်ပေမယ့် မိမိအလိုမလိုက် သြဇာမခံတဲ့နိုင်ငံတွေကို ဝင်ရောက်စွက်ဖက်ပြီး အစိုးရကို ဆန့်ကျင်တဲ့အဖွဲ့အစည်းနဲ့ လက်နက်ကိုင်တွေကို တရားမဝင်ကူညီနေတဲ့ လုပ်နည်းလုပ်ဟန်တွေကြောင့်သာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် မြင်မိခြင်းဖြစ်ပါတယ်။

တစ်ဖက်မှာ တရုတ်နိုင်ငံက အာဖရိကနဲ့ လက်တင်အမေရိကဒေသတွေမှာ လွှမ်းမိုးလာနေတာကို အမေရိကန်က စိုးရိမ်နေတာကြောင့်လည်း တစ်ဖက်နဲ့တစ်ဖက် ပြိုင်ဆိုင်မှုက ဆက်လက် ပြင်းထန်နေဦးမယ်လို့ ယူဆပါတယ်။ အမေရိကန်အနေနဲ့ USAID ကို စွန့်လွှတ်ပြီး တရုတ်ရဲ့ လက်ရှိတိုးတက်နေတဲ့လမ်းကြောင်းကို အကန့်အသတ်မရှိ ဖွင့်ပေးလိုက်သလိုဖြစ်မှာကိုတော့ ရှောင်မယ်ထင်ပါတယ်။ အမှန်တကယ် စာနာမှုအကြောင်းပြ ပြည်ပ အကူအညီမှန်သမျှဟာ သူ့အကျိုးစီးပွားသာ ပထမဦးစားပေးဖြစ်တဲ့အတွက် ယူသင့်မှယူတာကောင်းပါတယ်။ သူတော်ကောင်းယောင်စိတ်ထားနဲ့ ချည်ထားတဲ့နှောင်ကြိုးဟာ မခိုင်မြဲကြောင်း သိဖို့ လိုပါတယ်၊၊

ဒီမိုကရေစီအရေး၊ ပညာရေး၊ ကျန်းမာရေးအကြောင်းပြ အဖျက်အမှောင့် လျှို့ဝှက်အကူအညီ မျိုးတွေ၊ လက်နက်ပေးပြီး အချင်းချင်းတိုက်ခိုင်းမယ့် ပြည်ဖျက်အကူအညီမျိုးတွေကိုတော့ အထူးသတိ ထားရပါမယ်။ ပေးနေတဲ့အကူအညီ လက်ဖြန့်တောင်းနေရတဲ့ အခြေအနေမျိုးမှာ ရုတ်တရက် ရပ်ဆိုင်းခံလိုက်ရတဲ့ ယူကရိန်းဥပမာကိုကြည့်ပြီး USAID တို့ Burma Act တို့နဲ့ အလုပ်ဖြစ်နေတဲ့ ဆန့်ကျင်ဘက်အဖွဲ့တွေအနေနဲ့လည်း မြင်သင့်တာမြင်နေဖို့၊ မမျှော်အပ်တာ မမျှော်ကြဖို့လိုပါတယ်။

အကူအညီကြောင့် မိမိတိုင်းပြည်မှာ ဘာတွေပြောင်းလဲသွားမလဲ၊ တိုးတက်မှုဘက်ပြောင်းလဲရင် လက်ခံမယ်၊ ပူးပေါင်းလုပ်ဆောင်မယ်၊ တည်ငြိမ်မှုကင်းပြီး အပျက်ဘက်ဦးတည်မယ်၊ ဖွံ့ဖြိုးမှုနှောင့်နှေးပြီး အကျိုးမရှိမယ့် အခြေအနေဆိုရင်တော့ ငြင်းဆန်ပယ်ချရပါမယ်။ တစ်ခါတစ်ရံမှာ အကျိုးစီးပွားချင်း ပဋိပက္ခအသွင်ဆောင်ပြီး ကြားညပ်မယ့်အနေအထား Proxy ဘက်ရောက်မသွားစေဖို့လည်း သတိပြုကြရပါမယ်။

ဘယ်လိုဖြစ်ဖြစ်ပါ။ လက်တွေ့အရတော့မစို့မပို့ ပြည်ပအကူအညီကနေ နေ့ချင်းညချင်း ရုတ်တရက်ကြီးပွားတိုးတက်သွားတဲ့ နိုင်ငံအဖွဲ့အစည်းမျိုးက ရှားပါတယ်။ မရှိသလောက်ပါပဲ။ သေချာတာက ပျက်စီးဖို့ကတော့ ချက်ချင်းဖြစ်နိုင်မယ်။ နောက်ဆုံး အဓိကအချက်အနေနဲ့တော့ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုဆိုတာ ပြည်ပအကူအညီနဲ့ ဘယ်တော့မှ မရနိုင်ဘူးဆိုတဲ့အချက်ပဲ... သဘောပေါက်ဖို့၊ အမြော်အမြင်ရှိရှိ ဆင်ခြင်သုံးသပ်နိုင်ဖို့နဲ့ သင်ခန်းစာယူသင့်သလောက် ယူနိုင်ကြဖို့ပါပဲ။ ။