Skip to main content

ဆိုလာပါဝါကားများ လာတော့မည်လား

ရွှေသင် (MPP )

အီးဗွီကားမှသည် ဆိုလာပါဝါကားဆီသို့

ကမ္ဘာကြီးသည် တီထွင်ကြံဆမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုအပေါ် စိုးရိမ်ထိတ်လန့်မှုစသဖြင့် အကောင်းအဆိုးပေါင်းစုံ ရောယှက်လျက် သက်ရောက်မှုများလည်း အဆက်မပြတ်ဖြစ်ပေါ်လျက်ရှိနေသည်။

လူသားတို့သည် မော်တော်ယာဉ်အသုံးပြုမှုကဏ္ဍတွင် ရုပ်ကြွင်းလောင်စာဆီတို့ကို အသုံးပြုမောင်းနှင်နေသည့်အခြေအနေမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ အရင်းအမြစ်ရှားပါးလာမှု၊ စရိတ်စကကြီးမြင့်လာမှုတို့ကြောင့် အီးဗွီ (Electric Vehicle - EV) ခေါ် လျှပ်စစ်ဓာတ်အားသုံးကားများ တီထွင်အသုံးပြုသည့်အခြေအနေဖြစ်လာသည်။ အီးဗွီကားများ လူကြိုက်များလာ၏။ ဈေးကွက်တွင်ကျယ်လာသည်။ ထိုသို့တဖြည်းဖြည်းပြောင်းလဲလျက် တစ်ကမ္ဘာလုံး နေရာအနှံ့ အီးဗွီကားများ တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးသည့်အချိန်တွင် နေရောင်ခြည်စွမ်းအင်သုံး မော်တော်ယာဉ်ခေါ် ဆိုလာပါဝါကား (Solar Powered Car) ထပ်ဆင့် တီထွင်အသုံးပြုနိုင်ရေး ကြိုးစားလာကြပြန်သည်။ ဆိုလာပါဝါကားဆိုသည်မှာ နေရောင်ခြည်စွမ်းအားမှရရှိသည့် လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်သည့် မော်တော်ယာဉ်ဖြစ်သည်။

ကာဗွန်ဓာတ်ငွေ့လျှော့ချခြင်းနှင့် ဆိုလာပါဝါကား

ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးပေါင်း ၁၀၀ တွင် နေရောင်ခြည်စွမ်းအင်သုံး မော်တော်ကားများ၏ အသုံးပြုနိုင်မှုအလားအလာများနှင့်ပတ်သက်၍ လေ့လာမှုတစ်ခု၏တွေ့ရှိချက်အရ ဆိုလာစွမ်းအင်သည် အားသွင်းရန် လိုအပ်ချက်ရှိသည့်အချက်များကို ထက်ဝက်လျှော့ချနိုင်ပြီး တစ်ရက်လျှင် ခရီးအကွာအဝေး ၁၁ ကီလိုမီတာမှ ၂၉ ကီလိုမီတာအထိ ပိုမိုပံ့ပိုးပေးနိုင်သည်ဟု သိရသည်။

ကမ္ဘာတစ်ဝန်း အီးဗွီခေါ် လျှပ်စစ်ကားများကို လျင်လျင်မြန်မြန်ပင် လက်ခံအသုံးပြုနေကျသော်လည်း မော်တော်ယာဉ်မှ ထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့နှင့်ပတ်သက်၍ လုပ်ဆောင်စရာများ လိုအပ်နေသေးသည်။ သယ်ယူပို့ဆောင်ရေးကဏ္ဍသည် တစ်ကမ္ဘာလုံးတွင် ကာဗွန်ဒိုင် အောက်ဆိုက် (CO2) ထုတ်လွှတ်မှု၏ သုံးပုံတစ်ပုံခန့်အတွက် တာဝန်ရှိနေသေးသည်။ ထို့ကြောင့် ကာဗွန်ဓာတ်ငွေ့လျှော့ချရေးရည်မှန်းချက်ကို ရရှိစေရန်အတွက် ရွေ့လျားသောအရာဝတ္ထုများ၏ ကာဗွန်ထုတ်လွှတ်မှုများကို သိသိသာသာလျှော့ချရန် လိုအပ်လျက်ရှိနေသည်ဟုဆိုသည်။

ဆိုလာပါဝါသုံးကားများတွင် လျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့် ဖိုတိုဗိုတေးအစ်မော်ဂျူး (photo-voltaic modules) များ ဖြည့်ဆည်းပေါင်းထည့်ခြင်းသည် ကာဗွန်ထုတ်လုပ်မှုလျော့ကျခြင်း၊ အားသွင်းစရိတ်နှင့် အားသွင်းအကြိမ်ရေ လျှော့ချနိုင်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့်ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်ဟု ကျွမ်းကျင်သူပညာရှင်တို့က ဆိုသည်။

ဆိုလာပါဝါ အခက်အခဲ

ယနေ့ခေတ်မြို့ကြီးများသည် လျှပ်စစ်ကားများအတွက် အဓိကစျေးကွက်ဖြစ်လာနေပြီး ခရီးတိုအကွာအဝေးများအတွက် ဆိုလာပါဝါသုံးကားများသည်လည်း အထူးစိတ်ဝင်စားဖွယ်ကောင်းသည့်အခြေအနေတွင် ရှိနေသည်။ အားသွင်းစရာမလိုသော ဆိုလာလျှပ်စစ်ကား ခေါ် ဆိုလာပါဝါကားများမှာ တီထွင်သူများအတွက်သာမက သုံးစွဲသူများအတွက်ပါ နောက်ထပ်စိတ်ဝင်စားစရာကောင်းသည့်ကိစ္စ ဖြစ်လာသည်။

သို့သော် မြို့ပြဧရိယာများရှိ လမ်းမကြီးများတွင် အဆောက်အအုံများ၊ သစ်ပင်များနှင့် နေရောင်ခြည်ကိုကာထားသည့် အခြားသောအတားအဆီး၊ အရိပ်အကာအများအပြားရှိနေသောကြောင့် ဆိုလာပါဝါရရှိရေးမှာ သတိထားစရာဖြစ်နေသည်။ မောင်းနှင်နေသော ဆိုလာပါဝါကားများပင် နေရောင်ခြည်စွမ်းအင်ရရှိနိုင်မှုအလားအလာမှာ ကန့်သတ်ထားသည့် အခြေအနေတွင်ရှိသည်ဟု ဆိုသည်။ ရပ်ထားသော ဆိုလာပါဝါကားများအတွက်ဆိုလျှင် နေရောင်ခြည်စွမ်းအင်ရရှိရေးမှာ ပို၍ပင်အားနည်းပေလိမ့်မည်။ ဆိုလာပါဝါသုံးမော်တော်ကားနှင့်ပတ်သက်၍ လေ့လာမှု၏ရည်ရွယ်ချက်မှာ မြို့ပြများတွင်ရှိနေသည့် နေရောင်ခြည်ကို အကာအကွယ်ပြုနေသောအရိပ်များ၏ အကျိုးသက်ရောက်မှုသည် ဆိုလာပါဝါကားများ တွင်ကျယ်စွာအသုံးပြုနိုင်မှု အလားအလာအပေါ် သိသိသာသာကန့်သတ်မှုများ ဖြစ်နိုင်ခြင်းရှိ/မရှိ သုံးသပ်အကဲဖြတ်ရန်ဖြစ်သည်ဟု ပေါ်တူဂီ လစ်စဘွန်းတက္ကသိုလ် သိပ္ပံပညာဌာန Instituto Dom Luiz မှ လေ့လာမှုတွင်ပါဝင်သည့်သုတေသီ Miguel Centeno Brito က ရှင်းပြထားသည်။

သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့် အနာဂတ်မြို့ပြများ အသွင်ကူးပြောင်းနိုင်ရေး

တစ်ကမ္ဘာလုံးတွင် ဆိုလာပါဝါသုံးကားများ အသုံးပြုနိုင်သည့် အလားအလာရှိသော ဒေသများနှင့်ပတ်သက်၍လည်း လေ့လာခဲ့ကြသည်။ တရုတ်နိုင်ငံ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသ၊ ဥရောပတောင်ပိုင်းနှင့် အရှေ့တောင်အာရှဒေသရှိ မြို့ကြီးများသည် နေရောင်ခြည်စွမ်းအင်သုံးမော်တော်ကားများအတွက် အသင့်တော်ဆုံးနေရာများဖြစ်ကြောင်း လေ့လာမှုက ဖော်ထုတ်တွေ့ရှိခဲ့သည်။ ကမ္ဘာ့အခြားသောဒေသများလည်း ရှိနိုင်ပါသေးသည်။ မြို့ကြီးများတွင် နေရောင်ခြည်ရရှိမှုကို အဟန့်အတားဖြစ်စေသော အရိပ်များကြောင့် ဖြစ်ပေါ်လာသောဆုံးရှုံးမှုသည် ၂၅ ရာခိုင်နှုန်း ဝန်းကျင်သာရှိပြီး ဆိုလာပါဝါသုံးကားဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်ဖြစ်ပေါ်လာနိုင်ခြေမရှိ ဟုလည်းဆိုထားသည်။

လေ့လာမှုကိုပြုလုပ်ခဲ့သော သုတေသနအဖွဲ့သည် ဆိုလာပါဝါသုံးမော်တော်ယာဉ်မော်ဒယ်ကို စမ်းသပ်စစ်ဆေးရန် နိုင်ငံသားသိပ္ပံပညာရှင်များနှင့် စမ်းသပ်မှုကို စတင်ခဲ့သည်။ တိုးပွားလာသော မြို့ပြလူဦးရေနှင့်အတူ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ စိုးရိမ်မှုများပို၍ကြီးမားလာချိန်တွင် ဆိုလာပါဝါသုံးမော်တော်ကားကို အသုံးပြုရန် သင့်တော်သည့်အချိန်ဖြစ်၊ မဖြစ်ကိုမူ တထစ်ချပြောရန် ခက်ခဲနေသေးသည်ဟုဆိုကြသည်။ သုတေသီ Miguel Centeno Brito ကမူ “ကျွန်ုပ်တို့ ၏ လေ့လာမှုရလဒ်များသည် ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော မြို့ပြ အနာဂတ်ဆီသို့ အသွင်ကူးပြောင်းနိုင်ရေး လုပ်ဆောင်နေသည့် မူဝါဒချမှတ်သူများနှင့် မော်တော်ကားထုတ်လုပ်သည့်လုပ်ငန်းများကြား လမ်းပြမြေပုံကို ချမှတ်ရာတွင် အထောက်အကူဖြစ်စေနိုင်သည်” ဟုလည်း သုံးသပ်စကားဆိုထားသည်။

ဆိုလာပါဝါကားအတွက် ကြိုတင်ပြင်ဆင်စရာများ

ဖော်ပြခဲ့သော လေ့လာမှုကို လူဇင်ဘတ် သိပ္ပံနှင့် နည်းပညာအင်စတီကျု (Luxembourg Institute of Science and Technology-LIST) နှင့် ပြင်သစ် နိုင်ငံ ပဲရစ်သုတေသနအဖွဲ့ Mines Paris-PSL တို့မှ သုတေသီများပူးပေါင်းလျက် ပေါ်တူဂီ လစ်စဘွန်းတက္ကသိုလ်သိပ္ပံပညာဌာနမှ သုတေသီများက အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပေသည်။

လက်တွေ့အခြေအနေတွင် နေရောင်ခြည်ကို လျှပ်စစ်စွမ်းအင်ပြောင်း၍ လျှပ်စစ်ကားများအဖြစ် အသုံးပြုနိုင်မှုတွင်ကျယ်လာပါက ကမ္ဘာ့လူသားတို့စိုးရိမ်နေကြသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုများသက်သာရာရလာနိုင်သည်။ သို့သော် ဆိုလာပါဝါ ခေါ် နေရောင်ခြည်မှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်ရေးအတွက် မော်တော်ယာဉ်တွင် လိုအပ်သောအစိတ်အပိုင်းများ တပ်ဆင်နိုင်ရေးအတွက် တီထွင်လုပ်ကိုင်စရာများ ရှိနေသေးသကဲ့သို့ မော်တော်ယာဉ်၏ ဆိုလာပါဝါအသုံးပြုနိုင်စွမ်း၊ အသုံးပြုမည့်နေရာနှင့် ဒေသများတွင် နေရောင်ခြည် စွမ်းအင်ရရှိနိုင်မှုအခြေအနေစသည်ဖြင့် ကြိုတင်ပြင်ဆင်ထားရမည့်အခြေအနေများစွာ ရှိနေသေးသည်ဟု သုံးသပ်ကောက်ချက်ချနေကြသည်။ ။