Skip to main content

မြေကြီးမှ ရွှေသီးစေဖို့ ဆိုလာရေတင်စနစ်ကို သုံးကြစို့

အိအိစံ (Sugar Land)

ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်း မတ်လ ၁ ရက်နေ့က (၆၃) ကြိမ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြုလုပ်သည့်မျိုးစေ့ပြပွဲကို သွားရောက်လေ့လာရန်အတွက် ကျွန်မတို့ ကံဦးကျေးရွာမှ တောင်သူလယ်သမားများသည် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး၏ စီစဉ်ပေးမှုဖြင့် သွားရောက်လေ့လာခဲ့ကြသည်။

ပြပွဲ၌ နေကြာသီးနှံမျိုးကွဲအမျိုးမျိုး၊ ချည်မျှင်ရှည်ဝါမျိုးကွဲများ၊ နှံစားသီးနှံများ၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်) မျိုးကောင်းမျိုးသန့် စိုက်ခင်းများ၊ စင်တင်သစ်သီးဝလံ (ဘူး၊ ဖရုံ၊ သခွား) အပါအဝင် အမျိုးအစားပေါင်း ၃၉ မျိုး သီးပွင့်ဝေဆာ နေသည်ကို တွေ့ခဲ့ရသည်။ ငှက်ပျော၊ မာလကာ၊ ပိန္နဲ၊ စပျစ်၊ သရက်နှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုး ပြသထားသည်ကိုလည်း လေ့လာခွင့်ရခဲ့သည်။

ပြပွဲတွင် မျိုးစေ့ချကိရိယာအမျိုးမျိုး၊ မျိုးစေ့ထုတ်ကုမ္ပဏီများမှ လာရောက်ခင်းကျင်းပြသသော မျိုးစေ့များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်လုပ်ဖြန့်ဖြူးသော မျိုးစေ့အမျိုးမျိုးကို လေ့လာခွင့်ရခဲ့သည်။ ရွာမှအတူပါလာကြသော တောင်သူ လယ်သမားကြီးများကလည်း သိလိုသည်များကို မေးမြန်းစူးစမ်းနေကြသကဲ့သို့ အနယ်နယ်မှ လာရောက်ကြသော လေ့လာရေးတောင်သူများကလည်း စိုက်ခင်းများထဲသို့ တစ်စု၊ ပြခန်းများသို့ တစ်သွယ်၊ ဆွေးနွေးပွဲများဆီသို့တစ်လီ အသီးသီးစည်စည်ဝေဝေဖြင့် မေးမြန်းလေ့လာကြည့်ရှုလျက်ရှိပြီး ပြပွဲတာဝန်ကျသူများကလည်း အားတက်သရော ဆွေးနွေးဖြေကြားပေးလျက်ရှိသည်။

အဆိုပါပြပွဲတွင် ကျွန်မစိတ်ပါဝင်စားစွာ လေ့လာခဲ့သည်ထဲတွင် ဆိုလာစနစ်ဖြင့် ရေတင်၍ စိုက်ပျိုးရေပေးဝေခြင်းပင်ဖြစ်သည်။ သရုပ်ပြ ရေကန်လေးမှ ဆိုလာစနစ်ဖြင့် ရေတင်ပြနေသည်ကပင်လျှင် မြင်ရသည်မှာ အေးချမ်းလှပေသည်။ ကျွန်မအနေဖြင့် အသေးစိတ်သိလို၍ ဆိုလာစနစ်ဖြင့် ရေတင်မှုပြခန်း၌ တာဝန်ကျသော ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဌာန (ရေအရင်းအမြစ်)မှ တာဝန်ရှိသူများအား လေ့လာခဲ့သည်များကို သိရှိစေရန် ဖောက်သည်ချလိုက်ရပါသည်။

ရေတင်ဆိုလာပန့် အမျိုးအစားများ

ဆည်မြောင်းနှင့် ရေအရင်းအမြစ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်သက်ကဆွေးနွေးရာ၌ ယခုပြသထားသည်မှာ နေရောင်ခြည်စွမ်းအင်သုံး ရေပေးသွင်းနေသည့် ရေတင်ဆိုလာပန့် အမျိုး အစားများက သုံးလက်မရေမြှုပ်ပန့်၊ ခြောက်လက်မ ရေမြှုပ်ပန့်နှင့် အသေးစားစိုက်ပျိုးရေးသုံး ဆိုလာပန့်များဖြစ်ကြကြောင်း၊ သုံးလက်မရေတင်ဆိုလာပန့်စနစ် အသုံးဝင်ပုံမှာ တစ်ရက်ရေတင်နိုင်မည့်နာရီမှာ ရှစ်နာရီဖြစ်ပြီး တစ်ရက်ရရှိနိုင်မည့် ရေပမာဏမှာ ဂါလန် ၃၆၀၀၀ ဖြစ်ကြောင်း၊ သီးနှံသက်တမ်း ရက် ၁၀၀ အတွက် ရေဂါလန် ၃၆ သိန်း ရရှိမည်ဖြစ်၍ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံခြောက်ဧကကို စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ သီးနှံသက်တမ်း ၁၃၅ ရက်အတွက်ဆိုလျှင် ရေဂါလန် ၄၈ သိန်း ရရှိမည် ဖြစ်၍ နွေစပါးသုံးဧကကို လုံလောက်စွာ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ သုံးလက်မရေတင်ဆိုလာပန့် စနစ်ဝယ်ယူတပ်ဆင်ခြင်း ကုန်ကျစရိတ်အနေဖြင့် ဆိုလာရေတင်ပန့်နှင့် မော်တာအတွက် ငွေကျပ်ခြောက်သိန်း၊ ၆၉၀ ဝပ် ဆိုလာပြားနှစ်ချပ်အတွက် ငွေကျပ် ၁၁ သိန်းခြောက်သောင်း၊ လျှပ်စစ်မီးကြိုးနှင့် ဆက်စပ်ပစ္စည်းများအတွက် ငွေကျပ်ငါးသောင်း၊ ပန့်အဝင်အထွက်ပိုက်များအတွက် ငွေကျပ်ခြောက်သိန်း၊ ဆိုလာပြားတပ်ဆင်ရန် သံဖရိန်အတွက် ငွေကျပ်နှစ်သိန်းခွဲ စုစုပေါင်းကုန်ကျစရိတ် ခန့်မှန်း နှစ်ဆယ့်ခြောက်သိန်းကျပ်နှင့် သိန်းသုံးဆယ် နီးပါးဖြစ်ကြောင်း သိရသည်။

ခြောက်လက်မ ရေမြှုပ်ပန့် ရေထွက်နှုန်းမှာ တစ်နာရီ ဂါလန် ၁၅၀၀၀၊ ရေတင်အမြင့်ပေ ၁၀ပေ၊ မော်တာအမျိုးအစားသည် ဆိုလာမှ လျှပ်စစ်အား တိုက်ရိုက်သုံးမော်တာ (DC) ဖြစ်ပြီး မော်တာအသုံးပြု လျှပ်စစ်ပါဝါမှာ ဝပ် ၈၀၀ (1 Hp)၊ ဆိုလာစနစ်မှာ ဝပ် ၆၉၀၊ နှစ်ချပ်ဝပ် ၁၃၈၀ ဖြစ်ကြောင်း၊ ခြောက်လက်မရေတင်ဆိုလာပန့်စနစ် အသုံးဝင်ပုံမှာ တစ်ရက်ရေတင်နိုင်မည့်အချိန်မှာ ရှစ်နာရီဖြစ်ကာ တစ်ရက်ရရှိနိုင်မည့် ရေပမာဏမှာ ဂါလန် ၁၂၀၀၀၀ ဖြစ်၍ သီးနှံသက်တမ်းရက် ၁၀၀ အတွက် ရေဂါလန် သိန်း ၁၂၀ ရရှိမည်ဖြစ်၍ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ ၂၂ ဧက စိုက်ပျိုးနိုင်မည်ဖြစ်ပြီး သီးနှံသက်တမ်းရက် ၁၃၅ ရက်အတွက်ဆိုရင် ရေဂါလန် ၁၆၂ သိန်းရရှိမည်ဖြစ်၍ နွေစပါး ၁၀ ဧက စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခြောက်လက်မရေတင်ဆိုလာပန့်စနစ် တပ်ဆင်ခြင်း ကုန်ကျစရိတ်မှာ မော်တာအတွက် ငွေကျပ် ၁၈ သိန်း၊ ၆၉၀ ဝပ် ဆိုလာပြားနှစ်ချပ်အတွက် ငွေကျပ် ၁၁ သိန်း ခြောက်သောင်း၊ လျှပ်စစ်မီးကြိုးနှင့် ဆက်စပ်ပစ္စည်းများအတွက် ငွေကျပ် ငါးသောင်း၊ ပန့်အထွက်ပိုက်နှင့် ပန့်အထိုင်သံခြင်းများအတွက် ငွေကျပ်ခုနစ်သိန်း၊ ဆိုလာပြားတပ်ဆင်ရန် သံဖရိန်အတွက် ငွေကျပ် နှစ်သိန်းခွဲ စုစုပေါင်းကုန်ကျစရိတ်မှာ သုံးဆယ့်ကိုးသိန်းခြောက်သောင်းဖြစ်ကြောင်း သိရသည်။

နောက်တစ်မျိုးမှာ ၀ ဒသမ ၅ လက်မ ရေမြှုပ် ပန့်ဖြစ်ပြီး ပန့်ရေထွက်နှုန်းကတော့ တစ်နာရီ ဂါလန် ၅၀၀၊ ရေတင်အမြင့်ပေ ၁၁၈ ပေဖြစ်ပြီး အသေးစားရေဖျန်းစနစ် (Mini Sprinkler) တပ်ဆင်နိုင်မှုမှာ ၁၅ ခုဖြစ်သည်။ ပိုက်လိုင်းအရှည် ပေ ၁၀၀၊ မော်တာအမျိုးအစားမှာ ဆိုလာမှလျှပ်စစ်အား တိုက်ရိုက်သုံးမော်တာ (DC)၊ မော်တာအသုံးပြု လျှပ်စစ်ပါဝါက ဝပ် ၃၀၀ (0. 4 Hp) ဆိုလာစနစ်မှာ ဝပ် ၆၉၀၊ တစ်ချပ် ဝပ် ၆၉၀ ဖြစ်ကြောင်းသိရသည်။

ဆိုလာပန့်နှင့် Sprinkler စနစ်

သီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူများအတွက် ဆိုလာပန့်နှင့် Sprinkler စနစ် အသုံးပြုခြင်းဖြင့် တစ်ရက်လျှင် ရေတင်နိုင်မည့်နာရီမှာ ရှစ်နာရီဖြစ်ကြောင်း၊ တစ်ရက်လျှင်ရရှိနိုင်မည့် ရေပမာဏမှာ ဂါလန် ၄၀၀၀ ဖြစ်ပြီး သီးနှံသက်တမ်းရက် ၁၀၀ အတွက် ရေဂါလန်လေးသိန်းရရှိမည်ဖြစ်၍ ပန်းမျိုးစုံနှင့် စားဖိုဆောင်သီးနှံများအတွက် သုံးဧက စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ကုန်ကျစရိတ် ဆိုလာရေတင်ပန့်နှင့် မော်တာအတွက် ငွေကျပ်ကိုးသိန်းခွဲ၊ ၆၉၀ ဝပ် ဆိုလာပြားတစ်ချပ်အတွက် ငွေကျပ် ငါးသိန်းရှစ်သောင်း၊ လျှပ်စစ်မီးကြိုးနှင့် ဆက်စပ် ပစ္စည်းများအတွက် ငွေကျပ်ငါးသောင်း၊ Sprinkler နှင့် ပိုက်လိုင်းတပ်ဆင်ခြင်း ၀ ဒသမ ၂၅ ဧကအတွက် ငွေကျပ် ၁၂ သိန်းခြောက်သောင်း၊ ဆိုလာပြားတပ်ဆင်ရန် သံဖရိန်အတွက် ငွေကျပ် တစ်သိန်းခွဲ၊ စုစုပေါင်းကုန်ကျစရိတ် ငွေကျပ်နှစ်ဆယ့်ကိုးသိန်း ကိုးသောင်းဝန်းကျင်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ရေအရင်းအမြစ်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလှိုင်က လေးလက်မရေမြှုပ်ပန့်နှင့် Sprinkler (Rain Gun) နှစ်လက်မရေမြှုပ်ပန့်တို့အကြောင်း ရှင်းပြရာတွင် လေးလက်မပန့်ရေထွက်နှုန်းသည် တစ်နာရီ ဂါလန် ၁၂၅၀၀ ရှိပြီး ရေတင်အမြင့် ၁၅ ပေ နှင့် မော်တာ အမျိုးအစားမှာ ဆိုလာမှ လျှပ်စစ်အားတိုက်ရိုက်သုံး မော်တာ (DC)ဖြစ်ကြောင်း၊ မော်တာအသုံးပြုသော လျှပ်စစ်အားမှာ ၁၂၀၀ ဝပ် (1. 5 Hp) ဖြစ်ပြီး ဆိုလာစနစ်မှာ ဝပ် ၆၉၀၊ သုံးချပ်ဝပ် ၂၀၇၀ အသုံးပြုထား ခြင်းဖြစ်ကြောင်း၊ လေးလက်မ ရေတင်ဆိုလာပန့် စနစ်အသုံးပြုခြင်းအားဖြင့် တစ်ရက်လျှင် ရေတင်နိုင်မည့်နာရီမှာ ရှစ်နာရီ၊ တစ်ရက်ရရှိနိုင်မည့် ရေပမာဏမှာ ဂါလန်တစ်သိန်း၊ သီးနှံသက်တမ်းရက် ၁၀၀ အတွက် ရေဂါလန်သိန်း ၁၀၀ ရရှိမည်ဖြစ်ပြီး ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ ၁၈ ဧက စိုက်ပျိုးနိုင်မည် ဖြစ်ကာ သီးနှံသက်တမ်းရက် ၁၃၅ အတွက်ဆိုလျှင် ရေဂါလန် ၁၃၅ သိန်း ရရှိမည်ဖြစ်၍ နွေစပါးရှစ်ဧက စိုက်ပျိုးနိုင်မည်ဖြစ်မည်ဖြစ်ကြောင်း သိရ သည်။

လေးလက်မရေတင်ဆိုလာပန့်စနစ် တပ်ဆင်ခြင်း ကုန်ကျစရိတ်မှာ ဆိုလာရေတင်ပန့်နှင့် မော်တာအတွက် ငွေကျပ်တစ်ဆယ့်ငါးသိန်း၊ ၆၉၀ ဝပ် ဆိုလာပြားသုံးချပ်အတွက် ငွေကျပ် ၁၇ သိန်းလေးသောင်း၊ လျှပ်စစ်မီးကြိုးနှင့် ဆက်စပ်ပစ္စည်းများအတွက် ငွေကျပ်ငါးသောင်း၊ ပန့်အဝင်အထွက် ပိုက်များအတွက် ငွေကျပ်ခြောက်သိန်း၊ ဆိုလာပြား တပ်ဆင်ရန် သံဖရိန်အတွက် ငွေကျပ်နှစ်သိန်းခွဲ စုစုပေါင်းကုန်ကျစရိတ်မှာ ငွေကျပ်လေးဆယ့် တစ်သိန်း လေးသောင်းဝန်းကျင် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

Rain Gun စိုက်ပျိုးစနစ်သုံးရေတင်ပန့် ရေထွက်နှုန်းမှာ တစ်နာရီ ဂါလန် ၂၄၀၀၊ ရေတင်အမြင့်ပေ ၁၀၅ ပေ၊ စိုက်ခင်းအတွင်း ရေဖျန်းနိုင်သော အကွာ အဝေးမှာ အချင်း ပေ ၁၅၀၊ မော်တာအမျိုးအစားမှာ (AC) ဖြစ်၍ အသုံးပြုလျှပ်စစ်အားမှာ ဝပ် ၁၅၀၀ (2 Hp) ဖြစ်ပြီး ဆိုလာစနစ်မှာ ဝပ် ၅၅၀၊ ခြောက်ချပ် ဝပ် ၃၃၀၀ အသုံးပြုရေပေးသွင်းထားခြင်းဖြစ်ကြောင်း သိရသည်။

သီးနှံစိုက်ပျိုးထုတ်လုပ် တောင်သူများအနေဖြင့် ရေတင်ပန့် (Rain Gun) စနစ်ကို အသုံးပြုသည့်အတွက် တစ်ရက်လျှင် ရှစ်နာရီ ရေတင်နိုင်မည်ဖြစ်ကြောင်း၊ တစ်ရက်ရရှိနိုင်မည့် ရေပမာဏမှာ ဂါလန် ၁၉၂၀၀ ဖြစ်ပြီး သီးနှံသက်တမ်း ရက် ၁၀၀ အတွက် ရေဂါလန် ၁၉ ဒသမ ၂ သိန်း ရရှိမည်ဖြစ်၍ ကြံ၊ ပြောင်း၊ဂျုံ၊ ဝါ၊ ပဲမျိုးစုံနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးမည်ဆိုပါက လေးဧက စိုက်ပျိုးနိုင်ကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် Rain Gun စနစ် ဝယ်ယူတပ်ဆင်လျှင် ကုန်ကျစရိတ်အားဖြင့် ရေမြှုပ်ပန့်အတွက် ငွေကျပ်သိန်း ၃၀၊ ၅၅၀ ဝပ် ဆိုလာပြား ခြောက်ချပ်အတွက် ငွေကျပ်သိန်း ၃၀၊ Pump Inverter (DC to AC) ငွေကျပ် ၁၆ သိန်း၊ လျှပ်စစ်မီးကြိုးနှင့် ဆက်စပ်ပစ္စည်းများအတွက် ငွေကျပ်ဆယ်သိန်း၊ Rain Gun နှင့်ဆက်စပ်ပစ္စည်းများအတွက် ငွေကျပ်နှစ်သိန်းခွဲ၊ Solar PV Panels Carrier အတွက် သိန်းငါးဆယ် စုစုပေါင်းကုန်ကျ စရိတ်မှာ တစ်ရာခြောက်ဆယ့်တစ်သိန်းခန့် ကုန်ကြမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ရေအရင်းအမြစ်မှ ဦးစီးအရာရှိ ဦးယဉ်ထွန်းက ၁ ဒသမ ၅ လက်မ ရေမြှုပ်ပန့်ကို အသုံးပြုထားပြီး ရေဖျန်းပန့်ရေထွက်နှုန်းမှာ တစ်နာရီလျှင် ဂါလန် ၁၁၀၀ နှုန်းဖြစ်၍ ရေတက်အမြင့်ပေ ၄၅ ပေနှင့် စိုက်ခင်းအတွင်း ရေဖျန်းနိုင်သောအကွာအဝေးမှာ ၁၀ ပေဖြစ်ကြောင်း၊ မော်တာအမျိုးအစားသည် ဆိုလာမှ လျှပ်စစ်အား တိုက်ရိုက်သုံးမော်တာ (DC) ဖြစ်ပြီး အသုံးပြုလျှပ်စစ်အားမှာ ဝပ် ၃၆၀ (0.5 Hp) နှင့် ဆိုလာစနစ်မှာ ဝပ် ၆၉၀၊ တစ်ချပ် ဝပ် ၆၉၀ ကို အသုံးပြုထားကြောင်း သိရသည်။

ရေဖျန်းစနစ်အတွက် တစ်ရက်လျှင် ရေတင်နိုင်မည့်ကြာချိန်မှာ ရှစ်နာရီ၊ တစ်ရက်ရရှိနိုင်မည့် ရေပမာဏမှာ ဂါလန် ၈၈၀၀ ဖြစ်ပြီး သီးနှံသက်တမ်း ရက် ၁၀၀ အတွက် ရေဂါလန် ၈ ဒသမ ၈ သိန်း၊ ပန်းမျိုးစုံနှင့် စားဖိုဆောင်သီးနှံ သုံးဧကကို စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ဆိုလာအသုံးပြု၍ ရေဖျန်း စိုက်ပျိုးနည်းစနစ်အတွက် ကုန်ကျစရိတ်အနေဖြင့် ဆိုလာရေတင်ပန့်နှင့် မော်တာအတွက် ငွေကျပ်ဆယ်သိန်း၊ ဝပ် ၆၉၀ ဆိုလာပြားတစ်ချပ်အတွက် ငွေကျပ်ငါးသိန်းရှစ်သောင်း၊ လျှပ်စစ်မီးကြိုးနှင့် ဆက်စပ်ပစ္စည်းများအတွက် ငွေကျပ် ငါးသောင်း၊ ရေဖျန်းပိုက်လိုင်းတပ်ဆင်ခြင်း တစ်ဧကအတွက် ငွေကျပ်ကိုးသိန်းခုနစ်သောင်းငါးထောင်၊ ဆိုလာပြား တပ်ဆင်ရန်သံဖရိန်အတွက် ငွေကျပ်တစ်သိန်းခွဲနှင့် စုစုပေါင်းငွေကျပ် နှစ်ဆယ့်ခုနစ်သိန်းငါးသောင်း ငါးထောင်ဝန်းကျင်ဖြစ်ကြောင်း သိရသည်။

ကျွန်မကတော့ မေမေ့ပန်းစိုက်ခင်းနှင့် ငရုတ်၊ ကန်စွန်းစိုက်ခင်းများအတွက် ၁ ဒသမ ၅ လက်မ ဆိုလာရေမြှုပ်ပန့်ကိုဝယ်ရန် ဆုံးဖြတ်လိုက်ပါသည်။ ဈေးနှုန်းလည်း သက်သာပြီး အရည်အသွေးလည်း ကောင်းမွန်သည့်အတွက် သဘောကျမိသည်။ ရေတင်ရန်အတွက် အင်ဂျင်စက်ဖြင့် မောင်းနှင်ရသည့်အတွက် လောင်စာဆီကုန်ကျစရိတ်အပေါ် အမြဲညည်းညူနေသော မေမေလည်း ပျော်သွားမည်ဟု ထင်ပါသည်။

ကျွန်မတို့ကဲ့သို့ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြသော တောင်သူများ၊ လုပ်ကွက်ငယ် တောင်သူလယ်သမားများအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံးဆိုလာ ရေတင်ပန့်များသည် များစွာအသုံးဝင်ပေမည်။ သီးထပ်သီးညှပ်များ ရာသီအလိုက်စိုက်ပျိုးနိုင်မည်ဖြစ်သကဲ့သို့ ဝင်ငွေရသီးနှံများကိုလည်း မိုးကို မမျှော်ကိုးရတော့ဘဲ ရာသီချိန်မီစိုက်ချိန်မီ စိုက်ပျိုး နိုင်မည်ဖြစ်ပါသည်။

ဗဟုသုတများစွာရရှိခဲ့

နိုင်ငံတော်အကြီးအကဲက သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းဟူသည့် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီးဖြစ်ရာ မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် ယခုပြပွဲတွင် ပြသထားသောမျိုးစေ့များကို လေ့လာကြည့်ရှုရခြင်းဖြင့် အသိပညာတိုးရသလို မြေပြုပြင်ခြင်းနည်းစနစ်များနှင့် ပတ်သက်၍လည်း လေ့လာခွင့်ရခဲ့သည်။ ရေရရှိရေးနှင့်ပတ်သက်၍လည်း ဆိုလာရေတင်ပန့်များအကြောင်းကို အသေးစိတ်သိရှိခဲ့ရပါသည်။ နည်းပညာများနှင့်ပတ်သက်၍လည်း ပညာရှင်များက ဆွေးနွေးရှင်းလင်းပေးသဖြင့် ဗဟုသုတများစွာ ရရှိခဲ့သည်။

အထူးသဖြင့် လျှပ်စစ်လောင်စာနှင့် ရေချွေတာကောင်းသော အလားအလာအနာဂတ်မှာဆိုသည့်အတိုင်း ဒီဇယ်ဆီ၊ ဓာတ်ဆီလောင်စာဖိုး ကုန်ကျ စရိတ်မရှိ၊ လျှပ်စစ်ဓာတ်အားရရှိမှုအပေါ် မှီခိုမှုကင်းပြီး စိုက်ပျိုးရေလိုအပ်သလို ချွေတာသုံးစွဲနိုင်သည့် ရေတင်ပန့်များသုံးစွဲနိုင်ရေး တိုက်တွန်းအပ်ပါသည်။

ဆိုလာစွမ်းအင်သုံး ရေတင်ပန့်များနှင့်ပတ်သက်၍ သိရှိလိုသည်များ တပ်ဆင်အသုံးပြုလိုသည့်တောင်သူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဌာနမှ ဝန်ထမ်းများက ဝယ်ယူတပ်ဆင်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးနေပြီး နိုင်ငံ့စီးပွားရန်ပုံငွေရယူပြီး တပ်ဆင်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။ တောင်သူလယ်သမားဦးကြီးများအနေဖြင့် ဆိုလာရေတင်စနစ်များ တပ်ဆင်၍ စိုက်ပျိုးထုတ်လုပ်မြှင့်တင်ခြင်းအားဖြင့် ဝင်ငွေတိုးတက်ရရှိစေကာ မြေကြီးမှရွှေသီးစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။