Critical Thinking နဲ့ Common Sense
နိုင်ငံတကာရေးရာ သုတေသီတစ်ဦး
Critical Thinking နဲ့ Common Sense ဆိုတာ အခုတစ်လောလူပြောများတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဟိုဘက်၊ ဒီဘက် အဲဒီစကားလုံးတွေ အတော်သုံးတယ်။ ရွေးကောက်ပွဲအနိုင်ရတဲ့ ထရမ့်ဆိုရင် ရွေးကောက်ပွဲကာလမှာ မဲဆန္ဒရှင်တွေကို Common Sense သုံးကြပါဆိုပြီး အကြိမ်ကြိမ်တိုက်တွန်းတယ်။
မဲနိုင်ပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ပြုလုပ်တဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမှာလည်း Common Sense ဆိုတာကို တော်လှန်ရေးတစ်ခုအသွင်နဲ့ Revolution of Common Sense ဆိုပြီး ထည့်သွင်းသုံးနှုန်းတယ်။ အမေရိကန်ပြည်သူတွေဟာ သူ့ကို ရွေးကောက်ပွဲမှာ Common Sense သုံးပြီး မဲပေးခဲ့တယ်။ အမေရိကန်နိုင်ငံရေးကို လူလိမ်လူညာတွေလက်ထဲက ကယ်တင်ခဲ့ပြီဆိုတဲ့သဘော သက်ရောက်တယ်။ ထရမ့်ရုံးတက်ပြီး တစ်လအတွင်း အလုပ်တွေ အများကြီးလုပ်တယ်။ သူ့ရဲ့အချို့အမိန့်တွေ၊ လူသိရှင်ကြားမှတ်ချက်တွေကို လူတွေကမလိုက်နိုင်ဘူး၊ နားမလည်ကြဘူး။
ထရမ့်ကို သတင်းထောက်တွေက မေးတယ်။ ဘာကြောင့် ဒီလိုဆုံးဖြတ်တာလဲ။ ဘာကြောင့် ဒီလိုပြောတာလဲပေါ့။ ထရမ့်က တစ်လုံးပဲ ပြန်ပြောတယ်။ Common Sense တဲ့။ ထရမ့်အနားက သူ့လူယုံ ကမ္ဘာ့အချမ်းသာဆုံး အီလွန်မက်ကိုလည်း အစိုးရအလုပ်တွေ ဝင်စွက်ဖက်တယ်၊ အစိုးရဌာနတွေကိုချုပ်ကိုင်ဖို့ ကြိုးစားတယ်၊ အစိုးရဌာနတွေအထက်ကနေဖို့ ကြိုးစားတယ်ဆိုပြီး စွပ်စွဲကြတယ်။ အိမ်ဖြူတော်မှာလုပ်တဲ့ သတင်းမီဒီယာတွေနဲ့တွေ့ဆုံပွဲမှာ အီလွန်မက်က ထရမ့်ကို ဘေးမှာထားပြီး မေးခွန်းတွေဖြေရင်း Common Sense ဆိုတာ ထည့်သုံးတယ်။ Common Sense ဆိုတဲ့ အသုံးအနှုန်းဟာ ၂၀၂၅ ခုနှစ်အစမှာတင် သိပ်ကိုခမ်းနားကြီးကျယ်သွားခဲ့တယ်။
အနည်းဆုံး ထရမ့်စင်ပေါ်မှာရှိနေသရွေ့ပေါ့။ ဒါဆို Critical Thinking ဆိုတာ ဘေးရောက်သွားတဲ့သဘောလား။ အဲဒီလိုတော့မဟုတ်ပါဘူး။ Critical Thinking ဆိုတာ ကျောင်းတွေ၊ တက္ကသိုလ်ကြီးတွေ၊ သုတေသနဌာနကြီးတွေမှာ သင်ကြားမျှဝေနေတဲ့သဘောတရားဖြစ်ပါတယ်။ Critical Thinking သဘောသဘာဝက နဂိုကတည်းက ကြီးကျယ်ပြီးသားဖြစ်တယ်။ ဘယ့်နှယ်တော့ ဘေးရောက်မလဲ။ သို့ပေတည့် အခုအချိန်မှာ သူလည်း Revolution of Common Sense ဆိုတာမျိုး Revolution of Critical Thinking တော်လှန်ရေးတစ်ရပ် လိုနေတယ်လို့မြင်တယ်။
ဆောင်းပါးရှေ့မဆက်ခင် Critical Thinking နဲ့ Common Sense ဆိုတာ ဘာလဲဆိုတာ နည်းနည်းဆွေးနွေးပါမယ်။ နှစ်ခုစလုံးက သိသလိုနဲ့ ရောနေတတ်ကြတယ်။ ဘဝမှာ Critical Thinking ကော Common Sense ကော နှစ်ခုစလုံးလိုတယ်။ အချို့က Critical Thinking ဆိုတာ Common Sense ကလာတာဖြစ်တယ်။ Critical Thinking ဆိုတာ Common Sense ကို အဆင့်မြှင့်လိုက်တာပဲ ဖြစ်တယ်လို့ ပြောကြတယ်။
Critical Thinking ဆိုတာ သေသေချာချာ ဆန်းစစ်လေ့လာတာ။ နှိုင်းဆချင့်ချိန်တာ။ အကျိုးအပြစ်ကို ကြည့်တာပေါ့။ စိတ်ကူးယဉ်တာလေးတွေ နည်းနည်းပါတယ်။ အိပ်မက်အကြီးကြီး မက်တယ်ပေါ့။ ပညာနည်းနည်းတတ်လာပြီဆိုရင် ထပ်ပြီးပညာကို အဆင့်မြှင့်ရသလို အတွေးအခေါ်ကို အဆင့်မြှင့်ရတယ်။ ကျောင်းတွေမှာ စာသင်တယ်ဆိုတာ တဖြည်းဖြည်း အတွေးအခေါ်ကို မြှင့်တင်ပေးတာပဲ။ Common Sense ကျတော့ လက်တွေ့ကျတာမျိုးပေါ့။ သာမန်စိတ် ပေါ့။ အတွေးမလွန်ဘူး။ သိပ်စိတ်ကူးမယဉ်ဘူး။ ဖြစ်ချင်တာဆီမသွားခင် ဖြစ်သင့်တာကို ဦးစားပေးတယ်ပေါ့။ လူတိုင်းမှာ သာမန် အသိစိတ်ဆိုတာတော့ရှိတယ်။ အဲဒီသာမန်အသိစိတ်တွေက ဘဝ အတွေ့အကြုံများလေ ပြောင်းလဲလေပဲ။
သို့သော် အတွေ့အကြုံများတိုင်း အသိမှန်ရမယ်လို့တော့ မဆိုလိုဘူး။ အတွေ့အကြုံများပြီး အသိမှားတွေအများကြီးရှိတယ်။ အချို့က အောင်မြင်ချင်ရင် Critical Thinking ကောင်းရမယ်လို့ ပြောကြသလို အချို့ကလည်း အောင်မြင်ချင်ရင် Common Sense ရှိရမယ်လို့ဆိုတယ်။ Critical Thinking က ပညာတတ်တွေ၊ Common Sense က လူပြိန်းတွေလို့ အဲဒီလိုတော့ အသေသတ်မှတ်လို့မရပါဘူး။
ပညာတတ်တွေမှာ ပိုတွေ့ရလေ့ရှိ
Critical Thinking ဆိုတာ များသောအားဖြင့် ပညာတတ်တွေမှာ ပိုတွေ့ရလေ့ရှိတယ်လို့ ရေးခဲ့တယ်နော်။ အချို့ပညာတတ်တွေဟာ အင်မတန်လျင်တယ်။ တစ်ခုခုဆို ရအောင်၊ ဖြစ်အောင် လှည့်ပတ်လုပ်လေ့ရှိတယ်။ သူတော်ကောင်းယောင်ဆောင်တယ်။ လူမှုဆက်ဆံရေး ကောင်းတယ်။ လူ့အထာကိုသိတယ်။ သူတို့မှာ ကောင်းတာတွေလည်း ရှိတယ်။ မကောင်းတာတွေလည်းရှိတယ်။ ပညာတတ်မှရယ်တော့ မဟုတ်ပါဘူး။ အားလုံးဟာ လူ့စိတ်တွေပဲလေ။
ဒါကြောင့် ဒီပုတ်ထဲကဒီပဲဆိုသလို ပညာတတ်အသိုင်းအဝိုင်းကို စိတ်ပျက်စရာဖြစ်လာတယ်။ အဲဒီသဘောပဲ နိုင်ငံရေးမှာလည်း ပညာတတ်တွေ၊ အတွေ့အကြုံများတဲ့သူတွေမှာ Critical Thinking တွေ ပိုတွေ့ရလေ့ရှိတယ်။ စကားလုံးတွေ အကြီးကြီးပြောတယ်။ ဟန်ရေးပြကြတယ်။ ရွေးကောက်ပွဲနီးရင် သူတို့ထွက်လာပြီ။ လူတွေ (မဲဆန္ဒရှင်တွေ) ကြားထဲလာ၊ လူထုကို ကတိတွေပေး၊ လက်ခုပ်သံတွေယူ၊ နောက် ရွေးကောက်ပွဲလည်းပြီးရော သူတို့ပျောက်သွားကြပြန်တယ်။ လူလည်တွေပေါ့။ ပြောထားတဲ့အတိုင်းဖြစ်မလာရင် ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချ၊ ကြိုတင်ဓားစာခံရှာထားကြတာပေါ့။ လေးနှစ် သို့မဟုတ် ငါးနှစ်ကြာလို့ နောက်တစ်ကြိမ် ရွေးကောက်ပွဲလုပ်၊ အာဏာကို နောက်လူလွှဲ၊ နောက်လူကလည်း ဒီပုတ်ထဲကဒီပဲ သဘောမျိုးပဲပေါ့။ လူတွေ (မဲဆန္ဒရှင်တွေ) က တစ်ခုခုလွဲနေပြီဆိုတာတော့ သိကြတယ်။ နိုင်ငံရေးသမားတွေကို အယုံအကြည်နည်းပါးလာတယ်။ ဘယ်နိုင်ငံမှာ ပဲဖြစ်ဖြစ် အနည်းနဲ့အများ နိုင်ငံရေးသမားတွေကို အများပြည်သူက ယုံကြည်မှုနည်းပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် လူထုသဘောထားအမြင်
ယူအင်န် (UN) တို့၊ နိုင်ငံတကာအဖွဲ့အစည်း (INGO) တို့ကြည့်ပါ။ လူတွေက သူတို့ကိုယုံကြည်ကြသလား။ ဒီကနေ့အချိန်မှာ ဘယ်နိုင်ငံမှာဖြစ်ဖြစ် နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် လူထုသဘောထားအမြင်က မကောင်းလှပါဘူး။ လူတွေအမြင်မှာ ဒီအဖွဲ့အစည်းတွေဟာ လစာတွေသာ ကောင်းကောင်းယူနေတယ်၊ စကားလုံးတွေ အကြီးကြီးပြောတယ်၊ ဥပဒေမူဘောင်တွေ ပါးစပ်ကမချဘူး၊ အောက်ခြေလိုအပ်တဲ့ ပြည်သူတွေဆီ ထိရောက်တဲ့အကူအညီတွေ မရောက်ဘူး၊ အမျိုးမျိုးအကြောင်းပြပြီး အာဏာရှိသူနဲ့သာ သင့်အောင်နေတယ်၊ တကယ်အဆင်ပြေနေတဲ့သူတွေက သူတို့ဝန်ထမ်းတွေပါပေါ့၊ အလှူငွေ ဆိုတာလည်း ပြည်သူ့ဆီရောက်တာနည်းနည်း သူတို့အသုံးစရိတ်က ခပ်များများပါပေါ့၊ သူတို့အစီရင်ခံစာတွေမှာဆို အားလုံးကောင်းတာချည်းပဲ။
ကမ္ဘာကြီးက ငြိမ်းချမ်းရေး၊ လုံခြုံရေးတိုးတက်လာသလားဆိုရင် တစ်နှစ်ထက်တစ်နှစ် ပြဿနာတွေများလာတာ မျက်မြင်ပဲဆိုပြီး လူတွေက သတင်းတွေမှာ ယူအင်န်တို့၊ နိုင်ငံတကာအဖွဲ့အစည်းတို့က ဘတ်ဂျက်တွေတောင်းခံလာရင် ဝိုင်းဝန်းလှောင်ပြောင်ကြပါတယ်။ ဒီလို နိုင်ငံတကာအဖွဲ့အစည်းတွေကို အကောင်းမမြင်တာ မြန်မာနိုင်ငံမှာတင် မဟုတ်ဘူးနော်။ ယူကရိန်းမှာလည်း ဒီလိုပဲ။ အာဖရိကမှာလည်း ဒီလိုပဲ။ နေရာအများစုမှာ ဒီလိုပဲမြင်ကြပါတယ်။ နိုင်ငံတကာအဖွဲ့အစည်း တွေဟာ စစ်တမ်းတွေအမျိုးမျိုးလုပ်ပြီး ပြုပြင်ပြောင်းလဲပြင်ဆင်ဖို့ သူများကို အကြံပေးပေမယ့် ကိုယ့်ကိုသူများက (အများပြည်သူ) ဘယ်လိုထင်မြင်သလဲဆိုတာတော့ လူသိရှင်ကြားမလုပ်ကြပါဘူး။ Critical Thinking အမြင်နဲ့ကြည့်မယ်ဆိုရင် လူတွေက ငါတို့ (နိုင်ငံ တကာအဖွဲ့အစည်းတွေ) ကို နားမလည်နိုင်ကြပါဘူး၊ ငါတို့အလုပ်က ကမ္ဘာကြီးကို လွှမ်းခြုံတယ်၊ ခံစားချက်ဦးစားပေးလို့မရဘူး၊ အချိန်ကို စောင့်ရတယ်ဆိုတာမျိုး ရှိပါတယ်။ Common Sense အမြင်နဲ့ကြည့်မယ်ဆိုရင်တော့ အာလူးလာမပေးနဲ့၊ လေတွေ နည်းနည်းလျှော့လို့ဆိုကြမှာဖြစ်ပါတယ်။
အားပြိုင်တာ အများကြီးရှိ
ကမ္ဘာ့နိုင်ငံရေးမှာလည်း Critical Thinking နဲ့ Common Sense အားပြိုင်တာ အများကြီးရှိတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဆိုတာ Critical Thinking ပိုင်း များတယ်။ အထက်မှာဆိုခဲ့သလို အင်န်ဂျီအိုတွေ၊ စီအက်စ်အိုတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေဆိုတာ Critical Thinking အဓိကပဲ။ သူတို့က ထိခိုက်ခံစားနေရသူတွေဘက်က လိုက်ရတဲ့သူတွေကိုး။ ဆိုတော့ ပြဿနာပေါင်းစုံကို ထည့်သွင်းစဉ်းစားရတယ်။ ရေရှည်တည်တံ့မယ့်နည်းလမ်းတွေ ချိတ်ဆက် ဖော်ဆောင်ရတယ်။ သာမန်စဉ်းစားလို့မရဘူး။ ပြည်သူလူထု အားကောင်းလာလေ ဒီမိုကရေစီမကျတဲ့အစိုးရတွေ အားနည်းလာမယ်ပေါ့။
သူတို့ထဲက အချို့ဟာ လုပ်ရင်းကိုင်ရင်း Critical Thinking ထက်ကျော်လွန်ပြီး အစွန်းရောက်တာတွေရှိတယ်။ သက်ဆိုင်ရာနိုင်ငံတွေရဲ့ သမိုင်းကြောင်း၊ ခံနိုင်ရည်ဆိုတာမျိုးကို သိပ်ထည့်မတွက်ဘူး။ သူတို့စံနှုန်းတွေနဲ့ပဲ ဆုပ်ကိုင်တိုင်းတာတယ်။ အင်န်ဂျီအိုတွေ၊ တက်ကြွလှုပ်ရှားသူတွေဟာ ရောက်တဲ့နေရာမှာ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှုအကူအညီ၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်စသဖြင့် အများအကြိုက်စကားလုံးတွေနဲ့ ပရောဂျက် အမျိုးမျိုးဖော်ဆောင်ကြတယ်။
မီဒီယာတွေက ဝန်းရံကြတယ်။ အဲဒီပရောဂျက်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာဆိုသူတွေရဲ့နောက်ကွယ်မှာ ယူအင်န်တို့လို၊ အီးယူတို့လို အဖွဲ့အစည်းကြီးတွေက ရန်ပုံငွေတွေထောက်ပံ့၊ သင်တန်းတွေ ပို့ချ၊ ဆုတံဆိပ်တွေပေး ချိတ်ဆက်အလုပ်လုပ်ကြတာပေါ့။ တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ လုပ်ကိုင်သူတွေဆိုတာလည်း အနည်းနဲ့အများ နိုင်ငံတကာတက္ကသိုလ်တွေမှာ ကျောင်းပြီးတဲ့သူတွေ၊ ရက်တို၊ ရက်ရှည် သင်တန်းတက်ဖူးသူတွေ ဖြစ်ကြတယ်။ ပညာတတ်တွေများတယ်ပေါ့။ အသံတစ်သံတည်း ထွက်ကြတယ်။ ဒီမှာတင် နေရာပေါင်းစုံမှာ Critical Thinking တွေ လွှမ်းမိုးလာပြီး အားလုံးချိတ်ဆက်အလုပ်လုပ်ကြတာပေါ့။ အရာရာကို Critical Thinking နဲ့ ချိန်ထိုးစဉ်းစားကြတယ်။
သူတို့နဲ့အမြင်မတူရင် သဲကြီးမဲကြီးပဲ။ သူတို့စံတန်ဖိုးထားတဲ့ အရာတွေ မလိုက်နာဘူးဆိုရင် အငြိုးတကြီးပဲ။ ကြိုက်ရင်ဆုပေးတယ်။ မကြိုက်ရင် ဆုကို ပြန်ရုပ်သိမ်းတယ်ပေါ့။ Critical Thinking လွန်းတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ လေ့ကျင့်ပေးလိုက်တဲ့၊ သင်တန်းပေးလိုက်တဲ့ ပြည်တွင်းကတက်ကြွလှုပ်ရှားသူအချို့ဟာ ပြဿနာဖြေရှင်းသူတွေထက် ပြဿနာရှာဖွေသူတွေဖြစ်လာတယ်။ ငါတို့နောက်မှာ ကမ္ဘာကြီးရှိတယ်၊ ငါတို့နောက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ရပ်တည်နေတယ်ဆိုတာမျိုး မြင်သွားတယ်။
ချုပ်ပြောရရင် နိုင်ငံရေးသမားတွေ အထူးသဖြင့် အနောက်လစ်ဘရယ်နိုင်ငံတွေက လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးသမားတွေဟာ အဲဒီအစိုးရမဟုတ်တဲ့ ကွန်ရက်ချိတ်ဆက်အစုအဝေးကြီးကို လွန်ဆန်လို့မရဘူး။ သူတို့နဲ့အဆင်မပြေရင် ငါတို့ခုံလှုပ်မယ်ဆိုတာ စိတ်ထဲက အလိုလိုနားလည်နှင့်ပြီးသား ဖြစ်နေတယ်။ အလိုက်အထိုက် ဆက်ဆံရင်း သူတို့နဲ့ဟန်ချက်ညီဖို့ကြိုးစားရတယ်။
နောက်ဆုံး ကမ္ဘာ့စနစ်ကြီးတစ်ခုလုံးဟာ သိပ်ရှုပ်ထွေးသွားတယ်။ နောက်ကွယ်က လက်မည်းကြီးတွေ (Black Hands)၊ လျှို့ဝှက် ပူးပေါင်းကြံစည်မှုတွေ (Conspiracy Theory)၊ အစိုးရအဖွဲ့တွေအပေါ်က လျှို့ဝှက်ချုပ်ကိုင်နေတဲ့လူ၊ အဖွဲ့အစည်းတွေ (Deep State) ဆိုတာ ဖြစ်လာတယ်။ အချင်းချင်းမယုံသင်္ကာမှုတွေ သိပ်များလာတယ်။ အချိန်က ကမ္ဘာကြီးကို ယဉ်ကျေးမလာစေတော့ဘူး။ ပိုပြီးကြမ်းတမ်း ခက်ထန်သွားတယ်။ နားလည်နိုင်ဖို့ ခက်ခဲလာတယ်။
Common Sense က အောင်ပွဲခံ
ကမ္ဘာအနှံ့ ဒီမိုကရေစီတန်ဖိုးတွေ၊ လူ့အခွင့်အရေးစံချိန်စံနှုန်းတွေ ကျဆင်းလာတယ်။ အဲဒီလိုအနောက်လစ်ဘရယ်ကမ္ဘာမှာ အတွင်းကြိတ် ဝရုန်းသုန်းကားဖြစ်ပြီး Critical Thinking အားသာတဲ့ အမေရိကန်၊ ဥရောပလို လစ်ဘရယ်လွန်းတဲ့နိုင်ငံတွေဟာ အင်အားချည့်နဲ့လာတယ်။ တစ်ဖက်မှာ တရုတ်လို၊ ရုရှားလို၊ မြောက်ကိုရီးယားလို နိုင်ငံတွေဟာ Common Sense သုံးပြီး အင်အားကြီးထွားလာတယ်။ ဒါကြောင့် ထရမ့်က ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ အမေရိကန်မဲဆန္ဒရှင် တွေကို စိတ်ကူးမယဉ်ကြပါနဲ့။ လက်တွေ့အခြေအနေကို မြင်အောင်ကြည့်ပါ။ အမေရိကန်ကို တစ်ဖန်ပြန်လည်ကြီးမြတ်အောင် လုပ်ကြပါ။ သူ့ကို မဲထည့်ပါ။ တစ်နည်း Common Sense ကို အသုံးပြုပါဆိုပြီး အကြိမ်ကြိမ်ပြောခဲ့တယ်။ အမေရိကန်ပြည်သူ အများစုကလည်း ဒါကိုလက်ခံတယ်။ သူ့ကို မဲထည့်ခဲ့ကြတယ်။ အခု ထရမ့်နိုင်ပြီ။ တစ်နည်း အမေရိကန်မှာ Common Sense က အောင်ပွဲခံသွားပြီ။
အခုဆောင်းပါးက Critical Thinking ဆန့်ကျင်ရေးဆောင်းပါးလို့ မမှတ်စေချင်ဘူး။ သူများမမြင်တဲ့ရှုထောင့်က တင်ပြခြင်းသာဖြစ်တယ်။ ဘဝမှာ Critical Thinking ကော Common Sense ကော နှစ်ခုစလုံးလိုတယ်လို့ ရေးချင်တာဖြစ်တယ်။ Critical Thinking တွေ သိပ်များပြီး အီသွားရင် Common Sense ကို သုံးရမယ်။ Common Sense နဲ့ တစ်ချိန်လုံးသွားပြီး အီသွားရင် Critical Thinking သုံးရမယ်။ ဘယ်ဟာက ပိုသုံးသင့်သလဲ၊ ဘယ်ဟာက ပိုကောင်းသလဲဆိုရင် အောင်မြင်ရင်၊ ရလဒ်ထွက်ရင် ပိုကောင်းတာပဲ။
ခေတ်ကာလအပေါ်မူတည်ပြီး Critical Thinking ကော Common Sense ကော အပြောင်းအလဲရှိရမယ်။ တရားသေမဆုပ်ကိုင်သင့်ဘူး။ ကိုယ့်အခြေအနေ ကိုယ်သာအသိဆုံးဖြစ်တယ်။ ငွေမရှိ ငွေအရင်ရှာ။ ပညာက အရေးကြီးတာမှန်ပေမယ့် ငွေမရှိဘဲ ပညာရှာချင်လို့တော့မရဘူး။ ပညာနဲ့ငွေ အတူတူသွားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ လူဆိုတာ အပြန်အလှန်လွှမ်းမိုးနေတဲ့ဝန်းကျင်မှာ ရှင်သန်ရတာဖြစ်တယ်။ ကိုယ်ခံအားကောင်းဖို့သာလိုတယ်။ ဘဝမှာ Critical Thinking ကော Common Sense ကော မျှတစွာ ချိန်ဆအသုံးချနိုင်ပါစေ။ ။