Skip to main content

အာဟာရသည် ကလေးဘဝမှစ၍ အသက်အရွယ်ကြီးသူများအထိ ကျန်းမာရေးကို ထောက်ပံ့ပေးခြင်းနှင့် အန္တရာယ်ရှိသော အပြုအမူများမှ ကာကွယ်ပေးခြင်း

ရတနာ(သုတေသီ)

အာဟာရသည် ကလေးဘဝမှစ၍ အသက်အရွယ်ကြီးသည်အထိ ကျန်းမာစွာ နေထိုင်နိုင်ခြင်းနှင့် ရောဂါများ ကာကွယ်ပေးခြင်းတို့အတွက် အရေးကြီးသော အခန်းကဏ္ဍတစ်ခုပင်ဖြစ်ပါသည်။ အာဟာရမျှတစွာရရှိပါက ခန္ဓာကိုယ်၏ အလုပ်လုပ်ဆောင်မှုများကို ထောက်ပံ့ပေးပြီး သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရော‌ဂါစသည့် မကူးစက်နိုင်သော ရောဂါများကို ကာကွယ်ပေးသည်။

အာဟာရမျှတမှုမရှိသည့်အပြင် ကိုယ်လက်လှုပ်ရှားမှုနည်းပါးပါက မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားမည်ဖြစ်သည်။ အာဟာရမျှတစွာ စားသုံးပါက ကိုယ်ကာယဖွံ့ဖြိုးတိုးတက်မှုနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းတို့ကို အထောက်အကူပြုနိုင်စေရုံမက စိတ်ဖိစီးမှုများ၊ စိတ်မထိန်းချုပ်နိုင်မှုများကိုလည်း လျော့ကျစေနိုင်ပါသည်။ အာဟာရမျှတစွာ စားသုံးပြီး ကျန်းမာသောစားသောက်မှုပုံစံဖြင့် လေ့ကျင့်စားသုံးပါက ကျန်းမာရေးဆိုင်ရာ အန္တရာယ်ရှိသည့် အပြုအမူများပြုလုပ်ခြင်းကို ကာကွယ်ပေးနိုင်သည့်အပြင် ခန္ဓာကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းစေနိုင်ပါမည်။

ကလေးများနှင့် လူငယ်များအတွက် အာဟာရ

မိခင်ဝမ်းတွင်းသန္ဓေသားဘဝမှစ၍ အသက်နှစ်နှစ်အရွယ်အထိ ပထမရက် ၁၀၀၀ သည် ကလေးငယ်များအတွက် အာဟာရပြည့်ဝရန် အရေးကြီးသည်ဟု ယခင်က သိနားလည်သော်လည်း ရက် ၈၀၀၀ အရွယ် (ပျမ်းမျှအသက်၂၀ ဝန်းကျင်အထိ) သည်လည်း အာဟာရပြည့်ဝရန် အရေးကြီး လှပါသည်။ အကြောင်းမှာ အာဟာရပြည့်ဝမှုမရှိပါက ဆယ်ကျော်သက်အရွယ်တွင် နောက်တစ်ကြိမ် ကိုယ်ကာယဖွံ့ဖြိုးတိုးတက်သည့်အခါ ဖွံ့ဖြိုးမှုနည်းပါးပေလိမ့်မည်။ ထို့ကြောင့် ငယ်စဉ်ဘဝ ကောင်းမွန်သော အာဟာရသည် ကျန်းမာရေးကောင်းမွန်ခြင်းအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး ပညာရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုနှင့် စွမ်းဆောင်မှုများကို တိုးတက်စေပြီး အနာဂတ်ကျန်းမာရေးပြဿနာများကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

ယူနီဆက်၏ ၂၀၂၂ ခုနှစ် တွေ့ရှိချက်များအရ တစ်ကမ္ဘာလုံးတွင် ပုညှက်သောကလေး (Stunting)မှာ ၂၂ ဒသမ ၃ ရာခိုင်နှုန်း၊ ပိန်လှီသောကလေး (Wasting) မှာ ၆ ဒသမ ၈ ရာခိုင်နှုန်းနှင့် ဝသော ကလေး (Overweight)မှာ ၅ ဒသမ ၆ ရာခိုင်နှုန်းတို့ရှိ‌ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင်မူ ပုညှက်သောကလေးမှာ၂၀ ရာခိုင်နှုန်း- ၃၀ ရာခိုင်နှုန်း၊ ပိန်လှီသောကလေးမှာ ၅ ရာခိုင်နှုန်း- ၁၀ ရာခိုင်နှုန်းနှင့် ဝသောကလေးမှာ <၂ ဒသမ ၅ ရာခိုင်နှုန်းအောက် အသီးသီးရှိကြောင်း သိရှိရပါသည်။

ကလေးအရွယ်နှင့် ဆယ်ကျော်သက်အရွယ် လူငယ်များတွင် ခန္ဓာကိုယ်ကြီးထွားမှု၊ အရိုးသန်မာမှု၊ ဟော်မုန်းများပြောင်းလဲမှုနှင့် သွေးအားနည်းခြင်းကို ကာကွယ်ရန်တို့အတွက် အာဟာရပြည့်ဝသည့် မျှတသောစားသောက်မှု (Balanced Diet) ရှိရန် လိုအပ်ပါသည်။ လေ့လာချက်များအရ ယခုခေတ် အခါတွင် ကလေးအရွယ်များတွင် အချိုလွန်ကဲသော အစားအစာနှင့် ဖျော်ရည်များ စားသုံးမှုများပြား ခြင်း၊ အဆင့်ဆင့်ပြုပြင်ပြောင်းလဲထားသော အသင့်စားအစားအစာများ (Processed food) နှင့် အာဟာရပါဝင်မှု နည်းပါးသော အသင့်စား မုန့်ပဲသရေစာအစားအစာများ (Junk food) ကို လွန်လွန်ကဲကဲ စားလာခြင်း၊ တစ်ယောက်စာအစားအစာပမာဏကို ယခင်ကထက်ပိုမိုပြင်ဆင်၍ အစားအစာပမာဏကို ပိုမိုစားသုံးလာခြင်းစသည့် စားသောက်မှုပုံစံလွဲမှားခြင်းနှင့် ရုပ်မြင်သံကြားနှင့်တယ်လီဖုန်းကဲ့သို့ စက်ပစ္စည်းများကို ကြည့်ရှုသုံးစွဲမှုများလာပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာခြင်းတို့သည် အန္တရာယ်ရှိသော အပြုအမူများဖြစ်ကြောင်း သိရှိရပါသည်။

ဆယ်ကျော်သက်အရွယ် လူငယ်များတွင် ဖြစ်ပွားလေ့ရှိသည့် အန္တရာယ်ရှိသောအပြုအမူများမှာ အသင့်စားအစားအစာများကို လွန်လွန်ကဲကဲစားလာခြင်း၊ နံနက်စာ သို့မဟုတ် နေ့လယ်စာ သို့မဟုတ် ညစာကိုမစားဘဲနေခြင်း၊ လူမှုကွန်ရက်တွင် ခေတ်စားလာသည့်စားသောက်ပုံနည်းလမ်း မှားများကို အတုယူဆောင်ရွက်ခြင်း (ဥပမာ - အဆိပ်အတောက် ဖယ်ရှားဖျော်ရည်များ (Detox drinks) သောက်သုံးခြင်း)၊ ခန္ဓာကိုယ်အချိုးအစားလှပရန် အစားမစားဘဲနေလာရာမှ အစားအသောက်မူမမှန် ခြင်းများ (Eating Disorders) ဖြစ်ပေါ်လာနိုင်ပါသည်။

အသက် ၅ နှစ်မှ ၁၉ နှစ်အရွယ်ကလေးများသည် ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်မှုနှင့် တစ်သက်တာကျန်းမာသောလူနေမှုပုံစံရရှိရန် လေ့ကျင့်ပျိုးထောင်နိုင်သည့် အခွင့်အလမ်းအကောင်းဆုံးအရွယ်ဖြစ်ပါသည်။ ထိုသို့ လေ့ကျင့်ပျိုးထောင်နိုင်ပါက ကလေးများသည် ပညာရေးတွင် အောင်မြင်မှုနှင့် ကျောင်းတွင်းစွမ်းဆောင်ရည်များတွင် တိုးတက်လာပြီး ပုညှက်သောကလေးသည် ဆယ်ကျော်သက်အရွယ်တွင် ခန္ဓာကိုယ်ထွားကျိုင်းလာနိုင်ပါသည်။

ကျောင်းနေအရွယ်ကလေးများတွင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ မစားဖြစ်ရသည့်အကြောင်းရင်းများတွင် အာဟာရပြည့်ဝသော အစားအစာများကို အလွယ်တကူ လက်လှမ်းမမီခြင်းသည် အကြောင်းရင်းတစ်ခုဖြစ်ပြီး မိန်းကလေးများတွင် အဖြစ်များပြီး နောက်ဆက်တွဲအနေဖြင့် အာဟာရမပြည့်ဝမှုများ ဖြစ်ပေါ်လာကြောင်း သုတေသနများအရ သိရှိရပါသည်။ ထို့ပြင် သူငယ်ချင်းများနည်းတူ လိုက်လျောညီထွေအောင် စားသုံးရာမှ အာဟာရပါဝင်မှုနည်းပါးသော အသင့်စား မုန့်ပဲသရေစာ အစားအစာများ၊ အချိုလွန်ကဲသော အစားအစာများနှင့် ဖျော်ရည်များကို စားသောက်မိခြင်း၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်နေရာများတွင် အသင့်စား အစားအစာများကို အလွယ်တကူဝယ်ယူရရှိနိုင်ခြင်းနှင့် အာဟာရပြည့်ဝ၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို စားသုံးမှုနည်းလာခြင်းတို့ပင်ဖြစ်သည်။

ယူနီဆက်စာရင်းအင်းများအရ တစ်နေ့လျှင် အသီးအရွက်တစ်ကြိမ်ပင် မစားဖြစ်သည်ကို ကျောင်းနေအရွယ်ကလေးများ၏ ၂၁ ရာခိုင်နှုန်း တွင်လည်းကောင်း၊ တစ်နေ့လျှင် သစ်သီးတစ်ကြိမ်ပင် မစားဖြစ်သည်ကို ကျောင်းနေအရွယ်ကလေးများ၏ ၃၄ ရာခိုင်နှုန်းတွင်လည်းကောင်း၊ နေ့စဉ် အချိုရည်သောက်သုံးမှုကို ၄၂ ရာခိုင်နှုန်းတွင်လည်းကောင်း၊ အသင့်စားအစားအစာများကို အနည်းဆုံးတစ်ပတ်တစ်ကြိမ်စားသုံးမှုကို ကျောင်းနေအရွယ်ကလေးများ၏ ၄၆ ရာခိုင်နှုန်းတွင် လည်းကောင်း တွေ့ရှိရပါသည်။

နံနက်စာကို မစားဘဲနေသည့် ဓလေ့ရှိသော ကလေးများတွင် ပညာသင်ယူနိုင်စွမ်း၊ မှတ်ဉာဏ်စွမ်းရည်၊ ပညာထူးချွန်မှုများသည် နံနက်စာကို ပုံမှန်စားသည့် အလေ့ရှိသော ကလေးများထက် လျော့နည်းကြောင်း သုတေသနတွေ့ရှိချက်များအရ သိရှိရပါသည်။ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးများတွင် နံနက်စာကို ပုံမှန်စားသည့် အလေ့အကျင့်ပြုလုပ်ပေးရန် လိုအပ်လှပါသည်။ ထို့ပြင် ဆယ်ကျော်သက်အရွယ်ကလေးများ၏ အန္တရာယ်ရှိသော အပြုအမူများလုပ်ဆောင်မှုသည် အချိုရည် အလွန်အကျွံသောက်သုံးမှုနှင့် ဆက်စပ်လျက်ရှိကြောင်းကိုလည်း ၂၆ နိုင်ငံတွင် ဆောင်ရွက်ထားသည့် သုတေသနစာတမ်းအပါအဝင် လေ့လာမှုများအရ သိရှိရပါသည်။

ကလေးသူငယ်များတွင် အန္တရာယ်ရှိသောအပြုအမူများ လုပ်ဆောင်ခြင်းကို လျှော့ချနိုင်ရန်အတွက် မိဘများကို အာဟာရဆိုင်ရာ ကျန်းမာရေးဗဟုသုတ တိုးပွားအောင် ဆောင်ရွက်ပေးခြင်း၊ ကလေးများကို အဆာပြေကျွေးမွေးရာတွင် ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများကိုသာ ကျွေးမွေးရန် အားပေးခြင်း၊ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အချိုလွန်ကဲသောအစားအစာနှင့် ဖျော်ရည်များစားသုံးမှုကို ကန့်သတ်ခြင်း၊ အဆင့်ဆင့်ပြုပြင် ပြောင်းလဲထားသော အသင့်စားအစားအစာများကို ကန့်သတ်ထားခြင်း၊ ရုပ်မြင်သံကြားနှင့် တယ်လီဖုန်းကဲ့သို့ စက်ပစ္စည်းများကို ကြည့်ရှုသုံးစွဲမှုကို အချိန်ပိုင်းပြုလုပ်ရန် စည်းကမ်းသတ်မှတ်ပေးခြင်း၊ ပြေးလွှားဆော့ကစားမှုများကို အားပေးခြင်းတို့ ပြုလုပ်ပေးရပါမည်။

ထို့အတူ ဆယ်ကျော်သက်လူငယ်များတွင်လည်း အန္တရာယ်ရှိသော အပြုအမူလုပ်ဆောင်ချက်များ လျှော့ချနိုင်ရန်အတွက် အာဟာရပါဝင်မှု နည်းပါးသော အသင့်စား အစားအစာများ မစားသုံးစေဘဲ ကျန်းမာရေးနှင့်ညီညွတ်၊ အာဟာရမျှတသည့် အစားအစာများရွေးချယ်စားသုံးရန် သင်ကြားပေးခြင်း၊ အာဟာရမျှတသော အစားအစာကို ပြင်ဆင်ချက်ပြုတ်တတ်စေရန် သင်ကြားပေးခြင်း၊ ကိုယ်တိုင်ယုံကြည်မှုရှိစေရန်နှင့် စိတ်ကျန်းမာရွှင်လန်းစေရန် စိတ်ဓာတ်မြှင့်တင်ပေးခြင်းများကို ပြုလုပ်သင့်ပါသည်။

အရွယ်ရောက်ပြီးသူများအတွက် အာဟာရ

အရွယ်ရောက်ပြီးသူများတွင် နေ့စဉ်ဆောင်ရွက်နေသော လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရန်၊ ခန္ဓာကိုယ်တွင်းရှိ ဇီဝဖြစ်စဉ်များမှန်ကန်ရန်၊ ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းရန်၊ နှလုံး သွေးကြောကျဉ်းဆိုင်ရာရောဂါများ ဖြစ်ပွားခြင်းတို့မှ ကာကွယ်ရန်တို့အတွက် အာဟာရမျှတရန် လိုအပ်လှပါသည်။

အရွယ်ရောက်ပြီးသူများအတွင်း ဖြစ်ပွားလေ့ရှိသည့် အန္တရာယ်ရှိသောအပြုအမူများ

စိတ်ဖိစီးမှုကြောင့် ကျန်းမာရေးနှင့်မညီညွတ်ဘဲ အလွယ်တကူရနိုင်သော အစားအစာများကို ပိုမိုစားမိခြင်း၊ အစားကျူးခြင်း၊ နံနက်စာမစားဘဲနေခြင်း၊ အဆင့်ဆင့် ပြုပြင်ပြောင်းလဲထားသော အသင့်စားအစားအစာများ (Processed food) များကိုသာ စားဖြစ်ခြင်း၊ အထိုင်များသောအလုပ်ကို လုပ်ခြင်း တို့ဖြစ်ပါသည်။

အရွယ်ရောက်ပြီးသူများအတွက် အန္တရာယ်ရှိသော အပြုအမူများ လုပ်ဆောင်မှုကို လျှော့ချနိုင်ရန်အတွက် နည်းလမ်းများအနေဖြင့် -

(၁) နှလုံးကျန်းမာရေးအတွက် ကောင်းမွန်သော အစားအစာများကို ရွေးချယ်စားသုံးရာတွင် ဦးစားပေး၍ စားသင့်သော အစားအစာများနှင့် တတ်နိုင်သမျှ လျှော့စားသင့်သော အစားအစာ များဟူ၍ နှစ်မျိုးခွဲခြားထားပါသည်။

ဦးစားပေးစားသင့်သော အစားအစာများမှာ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ မသန့်စင်ဘဲ သဘာဝအတိုင်းရှိသော ကောက်ပဲသီးနှံ (Whole grains) အမျိုးမျိုး၊ ကျန်းမာရေးအတွက် ကောင်းမွန်သော အသားဓာတ်ပါဝင်သည့် ငါးအမျိုးမျိုး၊ ကြက်၊ ဘဲ၊ ပဲအမျိုးမျိုးနှင့် အစေ့ အဆန်များ၊ အပင်မှထုတ်လုပ်ထားသော ဆီအမျိုးမျိုးတို့ ဖြစ်ကြသည်။ တတ်နိုင်သမျှ လျှော့စားသင့်သော အစားအစာများမှာ သန့်စင်ထားသော ကောက်ပဲသီးနှံ (refined grains) အမျိုးမျိုး၊ အသေးစိတ်အဆင့်ဆင့် ပြုပြင်ပြောင်းလဲထားသော အသင့်စားအစားအစာများ (Ultra-processed food)၊ ဆားပါဝင်မှုများသော အစားအစာများ၊ အချိုဓာတ်လွန်ကဲသော အစားအစာများနှင့် ဖျော်ရည်များ၊ စားအုန်းဆီကဲ့သို့ ကျန်းမာရေးနှင့်မညီညွတ်သော ဆီအမျိုးမျိုးတို့ ဖြစ်ကြပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူတစ်ဦးလျှင် တစ်နေ့တာဆားစားသုံးမှုကို ၅ ဂရမ် (လက်ဖက်စား ဇွန်းတစ်ဇွန်း)ထက်မပိုရန်နှင့် American Heart Association က တစ်နေ့တာ သကြားစားသုံးမှုကို အမျိုးသားများအတွက် လက်ဖက်စားဇွန်းကိုးဇွန်းထက် မပိုရန်နှင့် အမျိုးသမီးများအတွက် လက်ဖက် စားဇွန်း ခြောက်ဇွန်းထက်မပိုရန် တိုက်တွန်းထားပါသည်။

(၂) ညဘက်မိုးချုပ်မှ အစာစားခြင်းနှင့် စိတ်လှုပ်ရှားခြင်းကြောင့် အစာပိုစားမိခြင်းတို့သည် နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ခြေများနှင့် ဆက်စပ်လျက်ရှိကြောင်း သုတေသန တွေ့ရှိ ချက်များအရသိရှိရသဖြင့် မပြုလုပ်မိစေရန် သတိပြုရပါမည်။ ထို့ပြင် လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသူများအတွက် အလုပ်နှင့်ဘဝမျှတစေရန်၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ဖြစ်စေရန်နှင့် ကျန်းမာသော အစားအသောက်များကိုသာ ရွေးချယ်စားသုံးဖြစ်စေရန် ရည်ရွယ်၍ ကျန်းမာကြံ့ခိုင်‌ရေးအစီအစဉ်များ (Wellness programs) ပြုလုပ်ပေးသင့်ပါသည်။

သက်ကြီးရွယ်အိုများအတွက် အာဟာရ

သက်ကြီးရွယ်အိုများအတွက် အရိုးကျန်းမာရေးကို ထိန်းသိမ်းခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်း ကို ကာကွယ်ခြင်း၊ စိတ်ကျန်းမာရေးကို အလေးထားခြင်း၊ နာတာရှည်ရောဂါများနှင့် ကိုယ်ခံအားကောင်းစေရန် ဂရုပြုခြင်းတို့သည် အရေးကြီးလှပါသည်။ မြန်မာနိုင်ငံတွင်ဆောင်ရွက်ထားသော သုတေသနများအရ အာဟာရချို့တဲ့ခြင်းကို သက်ကြီးရွယ်အိုများ၏ ၃ ဒသမ ၄ ရာခိုင်နှုန်းမှ ၂၁ ဒသမ ၇ ရာခိုင်နှုန်းအတွင်းလည်းကောင်း၊ အာဟာရချို့တဲ့မှုဖြစ်နိုင်ခြေကို သက်ကြီးရွယ်အိုများ၏ ၃၄ ဒသမ ၇ ရာခိုင် နှုန်းမှ ၅၉ ဒသမ ၄ ရာခိုင်နှုန်းအတွင်းလည်းကောင်း တွေ့ရှိရပါသည်။

သက်ကြီးရွယ်အိုများအတွင်း ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုပုံစံဖြစ်စေသည်များ

သက်ကြီးရွယ်အိုများသည် အသက်အရွယ်ကြီးလာသည်နှင့်အမျှ ခံတွင်းပျက်လာခြင်း၊ လှုပ်ရှား သွားလာမှုနှေးလာပြီး အစားအစာပြင်ဆင်ချက်ပြုတ်နိုင်ခြင်းမရှိတော့ဘဲ လက်လှမ်းမီရာ အလွယ်တကူရနိုင်သည့် အာဟာရနည်းပါးသော အစားအစာများ ကိုသာစားဖြစ်ခြင်းစသည်တို့ကြောင့် အာဟာရချို့တဲ့မှုများ ဖြစ်လာပါသည်။ သုတေသနတွေ့ရှိချက်များအရ သက်ကြီးရွယ်အိုများတွင် အာဟာရမျှတပြည့်ဝပါက စိတ်ဓာတ်ကျခြင်းလက္ခဏာများ လျှော့ချနိုင်ကြောင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို လုံလောက်အောင်စားပါက စိတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။

သက်ကြီးရွယ်အိုများအတွက် ထိုအန္တရာယ်ရှိသော အပြုအမူများလုပ်ဆောင်မှုကို လျှော့ချနိုင်ရန်နည်းလမ်းများအနေဖြင့် - အသက်အရွယ်ကြီးသူများတွင် အစာဝါးစားရန် သွားပြဿနာရှိနိုင်ခြင်း၊ အစာမြိုချရန် အခက်အခဲရှိနိုင်ခြင်းစသည့် အခက်အခဲများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများကို စဉ်းစားဖြေရှင်းပေးခြင်း၊ အစာကို အနည်းငယ်သာ စားနိုင်သဖြင့် တစ်ခါစားလျှင် အာဟာရကြွယ်ဝသော အစားအစာများကို ပမာဏနည်းနည်းနှင့် အကြိမ်အရေအတွက် များများစားစေခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါသည်။

အဓိကအားဖြင့်ဆိုရလျှင် မည်သည့်အသက်အရွယ်မဆို ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှုပုံစံ (Healthy Eating Habit) အတိုင်း အာဟာရမျှတသော အစားအသောက် (Balanced Diet) ကို လေ့ကျင့်စားသုံးပါက ကျန်းမာရေးဆိုင်ရာ အန္တရာယ်ရှိသော အပြုအမူများ ပြုလုပ်ခြင်းကိုလည်း ကာကွယ်ရာရောက်ပြီး ကျန်းမာစွာ နေထိုင်နိုင်ခြင်းနှင့် ရောဂါကာကွယ်ပေးခြင်းအတွက်လည်း များစွာအထောက်အကူပြုစေမည်ဖြစ်ပါသည်။

ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်မှုပုံစံ (Healthy Eating Habit) အတိုင်း လေ့ကျင့်စားသုံးနိုင်ရန် နည်းလမ်းများရှိပါသည်-

(၁) သတိနှင့် အစားအစာကို စားသုံးရန် နည်းလမ်း (Mindful Eating Approach)

(က) မိမိစားသုံးသော အစားအစာသည် မည်သည့်အစားအစာစားဖြစ်သနည်း (ဥပမာ- အာဟာရနည်းပါးသော အစားအစာကို စားသုံးမိနေသလား (သို့) အာဟာရကြွယ်ဝသော အစားအစာကို စားသုံးမိရဲ့လား) ။

(ခ) ပမာဏမည်မျှစားဖြစ်သနည်း (ဥပမာ - လိုအပ်သလောက်အစားအစာ ပမာဏကိုသာ စားသုံးမိရဲ့လား (သို့) အစားအစာကို အလွန်အကျူး စားသုံးမိနေပါသလား)။

(ဂ) ဘယ်နေရာမှာ စားဖြစ်သနည်း (ဥပမာ- ထမင်းစားပွဲတွင်စားသုံးခြင်းလား (သို့) ရုပ်မြင်သံကြားရှေ့တွင် စားသုံးမိနေခြင်းလား (သို့) လမ်းဘေးစျေးဆိုင်တွင် စားသုံးမိနေသလား)။

(ဃ) ဘယ်လိုစားဖြစ်သနည်း (ဥပမာ- အစား အစာကို မြန်မြန်စားသုံးနေပါသလား (သို့) အစားအစာကို နှေးနှေးစားသုံးနေသလား)။

(၂) အစားအစာကို ကျွမ်းကျင်လိမ္မာစွာစားသုံးရန်နည်းလမ်း (Eating Competence Approach)

အစားအစာကိုစားသုံးရာတွင် အပြုသဘောဆောင်သည့် သဘောထားကိုထားရှိရန်၊ အစာ စားသုံးရာတွင် စိတ်ဝင်စားမှုဖြင့် အာဟာရစုံလင်အောင် ကျန်းမာရေးနှင့်ညီညွတ်၍ အမျိုးစုံလင်သောအစာများကိုစားသုံးရန်၊ အစားအစာကို စားသုံးရာတွင် အချိန်မှန်မှန်စားဖြစ်စေရန် စနစ်တကျ စီစဉ်စားသောက်ရန်၊ အာဟာရမျှတလုံလောက်အောင် စားသောက်ရန်၊ ‌ဗိုက်ဆာခြင်း၊  ဗိုက်ပြည့်ခြင်း၊ ခံတွင်းတွေ့ခြင်းစသည့် မိမိခန္ဓာကိုယ်မှ လှုံ့ဆော်ချက်များကို အလေးထားရန်တို့ဖြစ်ပါသည်။

ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှုပုံစံဖြစ်လာအောင် အဆင့်ဆင့်လေ့ကျင့်စားသုံးနိုင်ပါသည်။ ရှေးဦးစွာ မိမိစားသောက်ပုံကို ပြန်လည်ဆန်းစစ် (Reflect) ရန် လိုအပ်ပါသည်။ (ဥပမာ- အစားအစာကို မြန်မြန်စားမိနေသလား၊ မတ်တတ်ရပ်စားမိနေသလား၊ မဆာဘဲစားမိနေသလား၊ ထမင်းစားပြီး အချိုတည်းဖြစ်နေသလား၊ မနက်စာမစားဘဲ နေမိနေသလား)။

ဤသို့ဆန်းစစ်ပြီးလျှင် မကောင်းသော အလေ့အကျင့်များကို ကောင်းသောအလေ့အကျင့်များဖြင့် အစားထိုးရန် (Replace) လိုအပ်ပါမည်။ (ဥပမာ - အစားအစာကို နှေးနှေးစားရန်၊ ထမင်းစားပွဲတွင် ထိုင်စားရန်၊ ဆာမှစားရန်၊ ထမင်းစားပြီး အချိုမတည်းရန်၊ နံနက်စာအမြဲစားရန်တို့ဖြစ်သည်)။

ထို့ပြင် ကောင်းမွန်သော ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်မှုအလေ့အကျင့်အသစ်များကို ထည့်သွင်းကျင့်သုံးရန် (Reinforce) လိုအပ်ပါသည်။ (ဥပမာ- ထမင်းစားလျှင် ဟင်းသီးဟင်းရွက် စားသည့်အလေ့အကျင့်မရှိလျှင် ဟင်းသီးဟင်းရွက်စားသည့်အလေ့အကျင့်ပြုလုပ်ရန်)။

ဤသို့ အဆင့်ဆင့်လေ့ကျင့်ရာတွင် မိမိ၏ကြိုက်နှစ်သက်မှု၊ မိမိတို့၏ဓလေ့ ထုံးစံ၊ မိမိတို့၏ ငွေကြေးတတ်နိုင်မှု စသည့်အချက်များကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ မိမိအတွက် လိုအပ်သလောက် အစားအစာကို စားသုံးရာတွင် ထမင်းပန်းကန်၏ လေးပုံတစ်ပုံကို ထမင်းကဲ့သို့ ကစီဓာတ်ကြွယ်ဝသောအစားအစာ၊ ထမင်းပန်းကန်၏ နောက်လေးပုံတစ်ပုံကို အသား/ ငါး/ ကြက်ဥကဲ့သို့ အသားဓာတ်ကြွယ်ဝသော အစားအစာ၊ ထမင်းပန်းကန်၏ နောက်လေးပုံနှစ်ပုံကို အသားဓာတ်ကြွယ်ဝသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စားသုံးရန်ဖြစ်ပါသည်။

ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှုပုံစံဖြစ်လာအောင် အဆင့်ဆင့်လေ့ကျင့်စားသုံးရာတွင် အခက်အခဲများရှိနိုင်ပါသည်။ ထိုနည်းလမ်းများကို ကျော်လွှားနိုင်မည့် အစီအစဉ်များကိုလည်း လုပ်ဆောင်ရပါမည်။

(၁) အလုပ်ဖွင့်ရက်တွင် အလုပ်တစ်ဖက်ဖြင့် အစားအစာပြင်ဆင်ချက်ပြုတ်ရန် အချိန်မရှိပါက အလုပ်ပိတ်ရက်တွင် ဖွင့်ရက်များအတွက် အစားအစာကို ကြိုတင်ပြင်ဆင်ထားခြင်း။

(၂) ဆယ်ကျော်သက်များတွင် သူငယ်ချင်းများနည်းတူ လိုက်လျောညီထွေအောင်စားရာမှ အာဟာရပါဝင်မှုနည်းပါးသော အသင့်စားအစားအစာများ စားသုံးမိခြင်းမဖြစ်အောင် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုသာ အာဟာရမျှတစေရန် ရွေးချယ်စားသုံးနိုင်ရန် မိဘများက ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ ငွေကြေးမတတ်နိုင်၍ အာဟာရနှင့် ညီညွတ်အောင်မစားနိုင်ပါက တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ခြင်း/ ရပ်ကွက်များအတွင်း ဘုံဆိုင်စိုက်ပျိုးရေးလုပ်ဆောင်ခြင်း။

(၃) လှုပ်ရှားသွားလာမှုနှေးလာပြီး အစားအစာပြင်ဆင်ချက်ပြုတ်နိုင်ခြင်းမရှိတော့သော အသက်အရွယ်ကြီးသူများအတွက် ရပ်ကွက်/ ကျေးရွာမှ စေတနာ့ဝန်ထမ်းများက အကူအညီပေးခြင်းတို့ ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် အာဟာရသည် ကလေးဘဝမှစ၍ အသက်အရွယ်ကြီးသည်အထိ ကျန်းမာစွာနေထိုင်နိုင်ခြင်းနှင့် ရောဂါများ ကာကွယ်ပေးခြင်း၊ အန္တရာယ်ရှိသောအပြုအမူများမှ ကာကွယ်ပေးခြင်းတို့အတွက် အရေးကြီးလှပါသည်။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါစသည့် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေကိုလည်း ကာကွယ်ပေးသည်။ နာတာရှည်ရောဂါ ခံစားနေရသူများတွင်လည်း သက်တမ်းစေ့နေနိုင်ရေးအတွက် အထောက် အကူပြုနိုင်မည်ဖြစ်ပါသည်။ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှုပုံစံအတိုင်း အာဟာရမျှတသော အစားအသောက်ကို စားသုံးသင့်ကြောင်း သတိပြုမိပါက ဆောလျင်စွာ လေ့ကျင့်စားသုံးသင့် ပါသည်။

ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှုပုံစံအတိုင်း အာဟာရမျှတသေ ာအစားအသောက်စားသုံးခြင်းကို ရေတိုအတွက်မဟုတ်ဘဲ ရေရှည်ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဆောင်ရွက်သင့်ပါသည်။ သို့မှသာ စိတ်ရောကိုယ်ပါကျန်းမာစွာ နေနိုင်ပြီး ဘဝအရည်အသွေးကိုလည်း မြင့်မားစေနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

ကိုးကား-

၂၂-၁-၂၀၂၅ ရက်နေ့တွင် ကျင်းပသော “(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၊ ကျန်းမာရေးပြဿနာဖြစ်စေနိုင်သည့်အချက်အလက်များ ဖော်ထုတ်ခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော လူမှုဘဝမြှင့်တင်စေရန် ဆောင်ရွက်ခြင်း” ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲမှ ဒေါက်တာကြေးမုံထွေး၏ “အာဟာရသည် ကလေးဘဝမှ အသက်အရွယ်ကြီးသူများအထိ ကျန်းမာရေးကို မည်ကဲ့သို့ထောက်ပံ့ပေးပြီး အန္တရာယ်ရှိသော အပြုအမူများကို မည်ကဲ့သို့ ကာကွယ်ပေးခြင်း”