Skip to main content

ယနေ့ ဆရာများနှင့် စိန်ခေါ်မှု

ကမ္ဘာ့ဆရာများနေ့ဆုမွန်

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၅ ရက် မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် တော်သလင်းလပြည့်ကျော် ၄ ရက် (တနင်္လာ နေ့)သည် ကမ္ဘာ့ဆရာများနေ့(WORLD TEACHER’S DAY) ဖြစ်ပါသည်။ မင်္ဂလာကျက်သရေအပေါင်းတို့နှင့်ပြည့်စုံသော ကမ္ဘာ့ဆရာ များနေ့ အခါသမယတွင် ဆရာဆရာမ များအားလုံးကို လေးစားစွာဖြင့် ဂါရ၀ပြုအပ်ပါသည်။
ကျွန်ုပ်တို့လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့်၊  ဆရာဆိုသည့်အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို လုပ်ကိုင်ကြပြီး စိန်ခေါ်မှုအခက် အခဲများစွာ မကြာခဏ ရင်ဆိုင်တွေ့ကြုံကြရသော်လည်း စိတ်ပျက်အားလျော့ခြင်းမရှိဘဲ ဆရာလုပ်ငန်းကို ဂုဏ်ယူစွာဖြင့်  ဆက်လက်ကြိုးစား လုပ်ကိုင်ဆောင်ရွက်နေကြ သည့် ဆရာဆရာမများနှင့် ဘဝတစ်သက်တာတွင် တပည့် အပေါင်းတို့အား စေတနာအပြည့်ဖြင့် သင်ကြားပို့ချပေး ခဲ့ကြပြီး အငြိမ်းစားယူကာ အနားယူသွားကြသည့် ဆရာ ကြီး ဆရာမကြီးများအားလုံးတို့အား  အလေးအနက် ဂုဏ်ပြုအပ်ပါသည်။ မြတ်ဆရာအပေါင်းတို့ ကပ်ရောဂါ အန္တရာယ်ဘေးမှ ကင်းဝေးကာ ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်း၍ သက်တော်ရာကျော် ရှည်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။
ဆရာများသည်    ငယ်ရွယ်သည့်ကျောင်းသားကျောင်းသူတို့၏ဘ၀ သာယာလှပစေရေး ပုံဖော်ပေးကြရာ တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြ သူများဖြစ်သည်။  နိုင်ငံတော်အတွက်  ပညာတတ်လူ့အဖွဲ့ အစည်း ပေါ်ထွန်းလာစေရေးနှင့် အရည်အသွေးရှိသော ပညာရေးစနစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်ကြား ရေးလုပ်ငန်းများတွင်  အရှိန်အဟုန်ဖြင့် တစိုက်မတ်မတ် သင်ကြားဆောင်ရွက်ပေးနေကြသူများလည်း ဖြစ်ကြသည်။
ထိုမြတ်ဆရာအပေါင်းတို့၏ကြိုးပမ်းအားထုတ်မှုကို ဂုဏ်ပြု၊ ဂါရ၀ပြုသောအားဖြင့် ထိုမြတ်ဆရာ အပေါင်းတို့ ၏ မွန်မြတ်သောအသက်မွေးမှုလုပ်ငန်းကို အသိအမှတ် ပြု၊ ကျေးဇူးတင်သောအားဖြင့် အောက်တိုဘာလ ၅ ရက် နေ့ရောက်တိုင်း  ကမ္ဘာတစ်ဝန်းရှိ    နိုင်ငံအသီးသီးတွင် ကမ္ဘာ့ဆရာများနေ့ကို ကျင်းပနေကြပြီဖြစ်သည်။

ကမ္ဘာ့ဆရာများနေ့ နောက်ခံသမိုင်း

လွန်ခဲ့သော ငါးဆယ့်လေးနှစ်ကျော်ကာလ ၁၉၆၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင်ဖြစ်သည်။ ပြင်သစ် နိုင်ငံ ပဲရစ်မြို့တွင် အစိုးရအဖွဲ့များ၊ လူမှုရေးဆိုင်ရာအဖွဲ့၊ အသင်းအဖွဲ့များ တက်ရောက်ကြသည့် အထူးညီလာ ခံကြီး(A Special  Intergovernmental Conference) ၌  အပြည်ပြည်ဆိုင်ရာ   အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO)နှင့်   ကုလသမဂ္ဂ၊     ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO )  တို့ ပူးပေါင်းရေးဆွဲပြုစု၍ ရရှိလာသည့် ဆရာများ၏  အဆင့်အတန်းနှင့် ဆက်စပ်သည့် ထောက်ခံ အကြံပြုချက်(Joint UNESCO ILO Recommendation Concerning The Status Of Teachers) စာတမ်းကို တင်ပြခဲ့ကြသည်။ အဆိုပါ အထူးညီလာခံကြီးတွင် ဆရာများ၏အဆင့်အတန်းဆိုင်ရာထောက်ခံချက်ကို  အညီ အညွတ်လက်မှတ်ရေးထိုးကာ အတည်ပြုပြဋ္ဌာန်း ပေးခဲ့ ကြပါသည်။
အဆိုပါထောက်ခံအကြံပြုချက်စာတမ်းတွင် ဆရာ ဆရာမများ၏ တာဝန်နှင့် အခွင့်အရေးများ၊ ဆရာဆရာမ အလုပ် စတင်လုပ်ကိုင်ရာတွင်  ရှိသင့်သည့်တတ်ကျွမ်းမှု စံသတ်မှတ်ချက်များ၊ ဆရာဆရာမများပညာတိုးတက် စေရန် ဆက်လက်ပညာသင်ကြားရေးကိစ္စရပ်များ၊ ဆရာဆရာမအသစ်များ  လေ့ကျင့်မွေးထုတ်ပေးရေးကိစ္စများ၊ ရာထူးခန့်ထားရေး ကိစ္စများ၊ သင်ကြားသင်ယူမှုဆိုင်ရာ အခြေအနေများအတွက် စံနှုန်းများပါဝင်ပါသည်။
ထိုသို့ ဆရာများ၏အဆင့်အတန်းဆိုင်ရာ ထောက်ခံ အကြံပြုချက်စာတမ်းကို လက်မှတ်ရေးထိုးခဲ့သည့် နှစ်ပတ် လည် အထိမ်းအမှတ်ဖြစ်သော ၁၉၆၆ ခုနှစ် အောက်တိုဘာ လ ၅ ရက်နေ့ကို “ကမ္ဘာ့ဆရာများနေ့” အဖြစ်သတ်မှတ်ပြီး ၁၉၉၄ ခုနှစ်မှစ၍  ကမ္ဘာ့နိုင်ငံအသီးသီးတွင်  နှစ်စဉ် ကျင်းပခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ဆရာများနေ့ကို ကမ္ဘာ့ကုလသမဂ္ဂ  လက်အောက်ခံအဖွဲ့များဖြစ်သည့် UNICEF ၊ UNDP၊ ILO၊ Edu- cation International တို့နှင့် ပူးပေါင်း၍  ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့်  ကျင်းပလျက်ရှိရာ ပညာရေးနှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း၊ ဆရာများအား သင်တန်းပေးခြင်း၊ ဆရာအသစ်များ စုဆောင်းအလုပ်ခန့် ခြင်း၊ ဆရာများ၏ထူးချွန်စွာစွမ်းဆောင်ခဲ့မှုများကို လူထု ဆက်သွယ်ရေးနည်းပညာများဖြင့် ဂုဏ်ပြု၍ ဖော်ထုတ်ပြသ ခြင်း၊ ဂုဏ်ပြုမိန့်ခွန်းပြောကြားခြင်း၊ တပည့်များ၏ ပညာရေး အတွက်ဘဝများကို ရင်းနှီးမြှုပ်နှံကြိုးစားဆောင်ရွက်ပေး ခဲ့ကြသော ဆရာများကို ဂုဏ်ပြုခြင်း၊ တပည့်များက ဆရာ များထံ ကျေးဇူးတင်လွှာများ ပေးပို့ခြင်း၊ ဂါရဝလက်ဆောင်များ ပေးပို့ခြင်း၊ ပြပွဲ၊  ပြိုင်ပွဲများကျင်းပခြင်း၊ ဂုဏ်ပြုသီချင်းများ သီဆိုခြင်း၊ ကပွဲများပြုလုပ်ခြင်း စသည်ဖြင့် ကျင်းပပုံနည်းမျိုး အစုံစုံနှင့် ပြုလုပ်ဆောင်ရွက်ကြသည်။


မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဆရာများနေ့


 မြန်မာနိုင်ငံတွင်လည်း ပညာရေးဝန်ကြီးဌာနက  ဦးစီး၍ ပထမဆုံးအကြိမ်  ကမ္ဘာ့ဆရာများနေ့ကို  ၂၀၀၂ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမ၌ နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် စတင်ကျင်းပ ခဲ့သည်။ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည်မှာယခု ၂၀၂၀ ပြည့်နှစ် ဆိုလျှင် ၁၈ နှစ်တိုင်တိုင်ရှိတော့မည်ဖြစ်သည်။  ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဆရာများနေ့အခမ်းအနားအား ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်းကျင်းပရသောကြောင့်  ယခင်နှစ်များကဲ့သို့ ခန်းမအတွင်း ဆရာဆရာမများ၊   ဧည့်ပရိသတ်များဖြင့် မကျင်းပဘဲ  ဗီဒီယိုကွန်ဖရင့်  စနစ်အသုံးပြု၍   ကျင်းပ ဆောင်ရွက်လျက်ရှိသည်။


ကမ္ဘာ့ဆရာများအခြေအနေ


နှစ်စဉ်ကျင်းပသည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့များဖြစ်သည့်  ယူနီ ဆက်(UNICEF) ၊ ယူအင်ဒီပီ(UNDP) ၊ အိုင်အယ်လ်အို(ILO)၊ ကမ္ဘာ့ပညာရေးအဖွဲ့(Education International ) အဖွဲ့ များမှအကြီးအကဲများက စုပေါင်းသဝဏ်လွှာ(JOINT MESS- AGE ON THE OCCASION OF WORLD TEACHER’S DAY) တစ်စောင်ကို ပေးပို့လျက်ရှိပြီး ထိုသဝဏ်လွှာတွင် ကမ္ဘာ့ဆရာ များအခြေအနေကို တင်ပြသုံးသပ်မှုများ ပါဝင်ပါသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုအထွတ်အထိပ်ကာလတွင် ကျောင်းများပိတ်ထား မှုသည် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းဆရာ ဆရာမ ၆၃ သန်းနှင့် အတန်းအဆင့်ဆင့်ရှိ  ကျောင်းသား၊ ကျောင်းသူ ၁ ဒသမ ၅ ဘီလီယံအပေါ်  တိုက်ရိုက်အကျိုး သက်ရောက်မှုများရှိခဲ့ပါသည်။ ကိစ္စရပ် အတော်များများတွင် ဆရာများသည် Online Learning ပေးနိုင်ရန် လိုအပ် လာသည့်အခါ မိမိတို့အိမ်တွင် ICT ဆိုင်ရာ အခြေခံပစ္စည်းများ လုံလောက်မှု မရှိခြင်းကလည်း အခက်အခဲတစ်ခု ဖြစ်နေ ပါသည်။ နေရာတော်တော်များများတွင် ကျောင်းသားများ၏ နေအိမ်များတွင် နည်းပညာအားနည်းခြင်းနှင့် ချိတ်ဆက်မှု လိုအပ်ချက်များ ရှိနေသဖြင့် Online ဖြင့် သင်ကြားပေးရန် ခက်ခဲသည်ကိုတွေ့ရှိရပါသည်။ ကမ္ဘာတစ်ဝန်းတွင် သင်ယူ သူများ၏ ပျမ်းမျှ ၅၀ ရာခိုင်နှုန်းနှင့် ၄၃ ရာခိုင်နှုန်းအသီးသီးသည် နေအိမ်များတွင် ကွန်ပျူတာသော်လည်းကောင်း၊ အင်တာ နက်သော်လည်းကောင်းလုံလောက်စွာမရှိခြင်း စသည့် အခက် အခဲများ ရှိနေပါသည်။   ဆရာများတွင်လည်း အဆိုပါ အခက်အခဲများ သိသာထင်ရှားစွာရှိနေကြပြီး ကွန်ရက် ချိတ်ဆက်မှုမရှိခြင်း၊  လူ့အဖွဲ့အစည်းများနှင့်  ပညာရေး ဦးဆောင်သူများထံမှ စိတ်ပိုင်းအရ၊ လူမှုရေးအရ ထောက်ခံ အားပေးမှုမရရှိခြင်း  စသည့်အခက်အခဲများလည်း ရှိနေ ပါသည်။ ဆရာအများစုသည် ကျောင်းသားများ ပညာရေး အလျဉ်မပြတ်ဘဲ  ဆက်လက်သင်ယူမှုအတွက်   online သင်ကြားမှုကို ကြိုးစားနေချိန်တွင် အိမ်ရှိမိမိမိသားစုအတွက် ကလေးငယ်များကို စောင့်ရှောက်ရခြင်းဆိုသည့် လုပ်ငန်း တာဝန်နှစ်ခုကို တစ်ပြိုင်နက် ဆောင်ရွက်ရခြင်းကို တွေ့ကြုံ နေရပါသည်။ စနစ်တစ်ခုလုံး၏ ဦးဆောင်မှုအဓိကလိုအပ် သည်ကို အဆိုပါအချက်တို့က မီးမောင်းထိုးပြနေပါသည်။ ထို့ကြောင့် သင်ယူမှုအဆက်မပြတ်စေရန် ICT ပစ္စည်းများကို ပြီးပြည့်စုံစွာ ချိတ်ဆက်ထားနိုင်ခြင်းသာမက နည်းပညာ အသုံးပြုမှုအတွက် ဆရာများအား လုံလောက်သည့် သင်တန်း  ပေးမှုနှင့် ဆက်စပ်ပံ့ပိုးခြင်းများလည်း လိုအပ်နေကြောင်းကို ယူနက်စကိုမှ ကမ္ဘာ့ဆရာများနေ့အတွက်ပေးပို့သော အဆိုပြု လွှာအနှစ်ချုပ် (concept note )တွင်ဖော်ပြထားသည်ကို တွေ့ရသည်။


ကိုဗစ်-၁၉  ကပ်ရောဂါကြောင့် ရုတ်တရက် ရပ်တန့်လိုက် ရသည့်မြောက်မြားစွာသော ပညာရေးလုပ်ငန်းအစီအစဉ်များ ကြောင့် ကမ္ဘာတစ်ဝန်းတွင် သက်ငယ်သက်ကြီး ပညာသင်ယူ နေကြသူများ၊ ပညာရေးလုပ်ငန်းများ၊ ပညာရေးစနစ်များ သင်ကြားပေးသူများ   အားလုံးအပေါ်    ထိခိုက်မှုများစွာ ရှိခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း ပညာရေးဝန်ကြီးဌာန အနေဖြင့် ခေတ်အဆက်ဆက်နိမ့်ပါးခဲ့ရသည့်  ပညာရေး ကဏ္ဍကိုမြှင့်တင်နိုင်ရေးအတွက် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ အရ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အတွက်  ဦးစားပေးလုပ်ငန်းစဉ် ၁၂ ရပ်ကို ချမှတ်ကာ  အရှိန် အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်နေဆဲအချိန်တွင် ရင်ဆိုင်ကြုံရခြင်းဖြစ်သည်။

သင်ကြားသင်ယူမှုပုံစံပြောင်းလဲလာခြင်း

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် မြန်မာနိုင်ငံတွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ပုံမှန်ဖွင့်လှစ်ချိန်ဖြစ်သည့် ဇွန်လတွင် ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပါ။ ဇူလိုင်လတွင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ သတ်မှတ်စံများနှင့်ကိုက်ညီသည့် အခြေခံပညာအထက်တန်းကျောင်း ၆၅၂၆ ကျောင်းမှ အထက် တန်းကျောင်းသားကျောင်းသူ ၁၁၇၈၄၄၆ ဦးကို ၂၂-၇-၂၀၂၀ ရက်နေ့မှ ၂၆-၈-၂၀၂၀ ရက်နေ့အထိသာ ပညာသင်ကြားခွင့် ပေးနိုင်ခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင်  ဆရာများသည်   သင်ယူမှုဝန်းကျင်အသစ်ကို   ဖန်တီး၍   မိမိတို့ ကျောင်းသားများ သင်ကြားသင်ယူမှု အဆက်မပြတ်စေရန် အတွက် တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်းလုပ်ကိုင်ခြင်း ဖြင့်သော်လည်းကောင်း အဖြေရှာဆောင်ရွက်လျက်ရှိပါသည်။ အင်တာနက်၊ မိုဘိုင်းဖုန်း၊ ရုပ်မြင်သံကြား  သို့မဟုတ်  ရေဒီယို တို့မှ အသံလွှင့်ခြင်းတို့ဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ကြရာ ကိစ္စရပ်အတော်များများတွင် သင်ရိုးညွှန်းတမ်းများကို ထိန်းညှိပြီး သင်ခန်းစာအစီအစဉ် များကို  လိုက်လျောညီထွေဖြစ်စေရေး ဆောင်ရွက်ကြရာ၌ ဆရာများအနေဖြင့်   ပြင်ဆင်ချိန်နည်းပါးမှုနှင့် ကြုံတွေ့ ရပါသည်။ ဝင်ငွေနည်းပါးသည့် နိုင်ငံများတွင် အင်တာနက် (သို့မဟုတ်) လက်ကိုင်ဖုန်းကွန်ရက်ချိတ်ဆက်မှုအားနည်း ခြင်း၊ ကွန်ရက်လုံးဝမရှိခြင်းစသည့် အခက်အခဲများရှိလာခြင်း တို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် အိမ်တွင် လေ့လာသင်ယူရန် သင်ခန်းစာများ ပြင်ဆင်ဆောင်ရွက် ပေးကြရပါသည်။ Online Learning ဖြင့် ဆောင်ရွက်ရာ တွင်လည်း  စဉ်ဆက်မပြတ်သင်ယူမှုနှင့် ကျောင်းသားများ စိတ်ပါဝင်စားစွာ လေ့လာသင်ယူမှုရှိစေရန် ဆန်းသစ်တီထွင် မှုနှင့် ဖန်တီးနိုင်မှုစွမ်းရည်သည်လည်း လိုအပ်ချက် ဖြစ်နေ ပါသည်။ အချို့သော ဆရာများသည် ၎င်းတို့၏  သင်ခန်းစာများ ကို   ကျောင်းသားအားလုံး လေ့လာနိုင်စေရန် အကျိုးငှာ online တွင် တင်ကြပါသည်။ အချို့က Whats App app- lication  ပရိုဂရမ်အသုံးပြု၍ ကျောင်းသားများအား စာသင် ပေးကြသည်။ အချို့သောဆရာများကမူ အိမ်တိုင်ရာရောက်  သွားရောက်၍   ကျောင်းသားများ  ပြုလုပ်ထားသော လေ့ကျင့်ခန်းများသွားယူကာ လိုအပ်ချက်များကို  ဖြည့်စွက် ၍ ပြန်လှန်လေ့ကျင့်စေခဲ့ပါသည်။
ဆရာများအနေဖြင့်  Facebook၊ Twitter စသည့် လူထုဆက်သွယ်ရေးပလက် ဖောင်းများမှတစ်ဆင့် လေ့ကျင့်ရေးနှင့် ကူညီထောက်ပံ့ရေးအသိုက်အဝန်းများဖွဲ့ကာသင်ကြား လေ့ကျင့်ဆောင် ရွက်ပေးလျက် ရှိပါသည်။ ပညာရေးဆိုင်ရာ တာဝန်ရှိသူ များ၏ သင်ကြားရေးနည်းပညာထောက်ပံ့ခြင်း (သို့မဟုတ်)  လမ်းညွှန်ခြင်းများများစားစားမရရှိသော အခြေအနေတွင် ပင်လျှင် ကျောင်းသားကျောင်းသူ၊ ကလေးသူငယ်များ၏ သင်ယူမှုကို  အဆက်မပြတ်စေရန်အတွက် ပညာရေးကဏ္ဍ တွင် ရှေ့တန်းမှဆောင်ရွက်နေသူဆရာများသည် အမြဲပြောင်းလဲဖြစ်ပေါ်နေသော အခြေအနေနှင့် လိုက်လျော ညီထွေရှိမှုတို့ကို ပြသ ဆောင်ရွက်နေကြပါသည်။

ဆရာများအတွက်စိန်ခေါ်မှု

 COVID -19၊ HIV/AIDS နှင့် Ebola ကဲ့သို့သော ကူးစက် ရောဂါနှင့် ကပ်ရောဂါကျရောက်သော  အခြေအနေများ  သာမက ပြည်တွင်းပဋိပက္ခ၊   စစ်ဘေးရှောင်ဒုက္ခသည်၊ ရွှေ့ပြောင်းနေထိုင်ခြင်းများ၊ ရာသီဥတုပြောင်းလဲမှုနှင့် အခြား အရေးပေါ် အခြေ အနေများ အစရှိသော အကျပ်အတည်းများသည် ဆရာများအပေါ်တွင်လည်းကောင်း၊ ၎င်းတို့ စာသင်ခန်း အတွင်း  နေ့စဉ် လေ့ကျင့်သင်ကြားပေး နေနိုင်မှုအပေါ်တွင်လည်းကောင်း၊ ထိရောက်မှုနှင့်တွန်းအား ပေးမှုတို့အပေါ် တွင် လည်းကောင်း     ကြီးမားသော သက်ရောက်မှုရှိသည့်အတွက် ထိုအခြေအနေများတွင် ဆရာများ၏ ဦးဆောင်မှုသည်   အလွန်ပင်အရေးကြီး ပါသည်။  
၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဆရာများနေ့အတွက် ဆောင်ပုဒ် မှာ “ ဦးဆောင်ကျော်လွှားကပ်ဘေးများ အနာဂတ်ပုံဖော် မည့် ဆရာများ” (Teachers: Leading in crisis, reimagi- ning the Future ) ဟူ၍ဖြစ်ပါသည်။ ဆရာများသည် မိမိတို့၏တပည့်များကို  ယခုလို  ကပ်ဆိုက်သည့်ကာလ အခက်အခဲများကြားမှ ဦးဆောင်ကျော်လွှား၍ အနာဂတ်ကို ပုံဖော်ပေးနိုင်သူများဟု ဦးတည် လမ်းညွှန်ကာ ဖော်ဆောင် ထားပါသည်။ နှစ်စဉ်နှစ်တိုင်း ကျင်းပသည့် ဤကမ္ဘာ့ဆရာ များနေ့ အခမ်းအနားတွင်  ကမ္ဘာလုံးဆိုင်ရာ ပညာရေးမျှော်မှန်းချက်များ  ပြည့်မီအောင်မြင်စေရေး  ဆောင်ရွက်ရာတွင် ဆရာများရင်ဆိုင်နေရသော စိန်ခေါ်မှုများအား သတိပြုမိစေရန်၊ အောင်မြင်ကျော်လွှားနိုင်ရန်နှင့် ဆရာများ ၏ အခန်းကဏ္ဍတို့ကို ထည့်သွင်း ဖော်ပြထား သည်။
၂၁ ရာစုခေတ်သည် ဆရာ့လုပ်ငန်းအပေါ်တောင်းဆိုမှုများ ပိုမိုများပြားလာသည်။ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာလိုအပ်ချက်များ၊ သဘာ၀ဘေးအန္တရာယ် များနှင့် ကပ်ရောဂါအန္တရာယ်စသည်တို့သည် ဆရာ့လုပ်ငန်း အပေါ် သက်ရောက်မှုများ ပိုမိုကြီးထွားလာသည်။ အဆိုပါ ပြဿနာများနှင့်ပတ်သက်၍အသိပညာပေးခြင်း၊ ကာကွယ် လမ်းညွှန်ခြင်း၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများ ခံစားရခြင်းမှ ဖွံ့ဖြိုးတိုးတက်မှုရလာစေရန် ထူထောင်ရေး လုပ်ငန်းများအထိ ပါဝင်ဆောင်ရွက်ခြင်းစသည့် တောင်းဆို မှုများကိုပါ ဖြည့်ဆည်းပေးကြရမည်ဖြစ်သည်။ စင်စစ်ဆရာ များသည် တပည့်များအား ပညာသင်ကြားပေးရုံမက နိုင်ငံ့ သားကောင်း သမီးမွန် ရတနာများဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးသူ၊ အကြံပေးသူ၊  ရှေ့ဆောင်လမ်းပြသူ၊ လှုံ့ဆော်ပေးသူ၊ အလင်းရောင်ပေးသူအဖြစ် ရပ်တည်လာ ရပါသည်။
ယနေ့ဆရာများသည် ကြီးမားသည့်စိန်ခေါ်မှုများကို ရင်ဆိုင်တွေ့ကြုံနေကြရပြီး ခက်ခဲသောအခြေအနေများ ပေါ်တွင် လုပ်ကိုင်ဆောင်ရွက်နေကြရပါသည်။ ဆရာများသည် ပြန်လည်ထူထောင်ရေးနှင့်ငြိမ်းချမ်းရေးတို့ကို ဖန်တီး ဆောင်ရွက် ပေးနိုင်သည့် အရေးပါသူများလည်း ဖြစ်သည်။ အထူးသဖြင့် အန္တရာယ်အများအပြားကြားတွင် စွန့်စား သွားရောက်ပြီး သက်စွန့်ကြိုးပမ်းတာဝန်ထမ်းဆောင်နေ ကြသူများ၊ လူမှုရေး၊ ပညာရေးနွမ်းပါးအားနည်းသောဒေသ သို့သွားရောက်ပြီး   ဒေသခံတို့၏   ဘဝသာယာလှပရေး အတွက်ဆောင်ရွက်ပေးနေကြသူများကို ချီးကျူးဂုဏ်ပြုကြ ရမည်ဖြစ် သည်။ အရေးပေါ် အခြေအနေများ  ပြန်လည် ထူထောင်ရေးလုပ်ငန်းများ  ကြိုးပမ်းဆောင်ရွက်ရာတွင် ပညာရေးစနစ်ကို ပြန်လည်ရှင်သန်စေခြင်း သည် အရေးကြီးသော ဦးစားပေးအစီအစဉ်ဖြစ်ပါသည်။ ဆရာဆရာမများမပါဘဲ အရည်အသွေး ရှိသော   ပညာရေး စနစ်အောင်မြင်ရေး အကောင်အထည်ဖော်နိုင်မည်မဟုတ်ပေ၊ ဆရာဆရာမများ အနေဖြင့်  ကိုဗစ်-၁၉ ကပ်ရောဂါကာလအတော အတွင်း၊ ကပ်ရောဂါကာလအလွန်နှင့်   ကပ်ရောဂါကာလအပြီး ပြန်လည်တည်ငြိမ် စကာလတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆရာများ၏ကြိုးပမ်းဆောင်ရွက်မှုများက အလွန်အရေး ကြီးလှပါကြောင်း။    ။
စိုးအောင် (ပညာရေး)