အတူတကွထာဝရရှင်သန်ရမည့် ပြည်ထောင်စုစိတ်ဓာတ်အားမာန်ဖြင့် ငြိမ်းချမ်းရေးကိုဖော်ဆောင်ကြရမည့်အချိန်
ခင်ရတနာ
ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် မိမိတို့နိုင်ငံ၏ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ ပြည်ထောင်စုနေ့ဟု နေ့ထူးနေ့မြတ်သတ်မှတ် ကျင်းပရခြင်း၏ အကြောင်းခံကပင် ထင်ရှားသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးပန်းဝင်ခါနီးအချိန် တောင်တန်း-ပြည်မ မခွဲခြားဘဲ ဗြိတိသျှလက်အောက်ခံဘဝမှ လွတ်လပ်ရေးအောင်ပန်းကို တစ်စိတ်တစ်ဝမ်းတည်း အတူတူအရယူမည်ဟု ကြွေးကြော်လက်ခမောင်းခတ်သည့်နေ့။ ပင်လုံမြေကို သက်သေပြု၍ အတူတကွဟူသည့် ပြည်ထောင်စုစိတ်ဓာတ်ကို စာချုပ်ပေါ် ကမ္ပည်းတင်လက်မှတ်ထိုးကြသည့်နေ့။ ထို့ကြောင့်ပင် ပြည်ထောင်စုနေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးအားလုံးနှင့် သက်ဆိုင်သည့် သွေးစည်းညီညွတ်မှုကို ပြသသည့် နေ့တစ်နေ့ဖြစ်ပါသည်။
အတိတ်ဆီသို့
အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရတော့မည့်အချိန် နီးကပ်လာလေလေ တောင်တန်းဒေသများကို လွတ်လပ်ရေးမပေးဘဲ ချန်ထားရန် အကြံပေါက်လေလေဟု ဆိုရမည်။ သူတို့အကြောင်းပြချက်မှာ ပြည်မနှင့် တောင်တန်းဟူသည် သီးခြားဟု အကြောင်းပြသည်။ ပြည်မကို လက်လျှော့လိုက်ရလျှင်ပင် ပတ်လည်ဝိုင်းနေသည့် တောင်တန်းဒေသများအား သူတို့ဆက်လက်ကိုင်တွယ်ခြင်းဖြင့် ပြည်မကို အချိန်မရွေးထိန်းချုပ်နိုင်လိမ့်မည်ဟု အထင်ရှိပုံရသည်။ ထို့ကြောင့်ပင် ဒုတိယကမ္ဘာစစ်အပြီး ၁၈၄၅ ခုနှစ် မေ ၁၇ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ အုပ်ချုပ်ရေးမူဝါဒတစ်ရပ်ဖြစ်သည့် စက္ကူဖြူစာတမ်းကို ထုတ်ပြန်ကြေညာသည်။
ထိုစာတမ်း၏ အဓိကဆိုလိုချက်များတွင် မြန်မာနိုင်ငံ၌ ပြန်လည်ထူထောင်ရေးများ ဦးစွာလုပ်ဆောင်မည်။ ပြီးလျှင် ဥပဒေပြုလွှတ်တော်နှင့် အစိုးရအဖွဲ့ ဖွဲ့စည်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲမည်။ ဗြိတိသျှပါလီမန်က အခြေခံဥပဒေကို အတည်ပြုပေးပြီး အခြားကတိကဝတ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးပေးမည်ဟုဆိုသည်။ သို့သော် ကချင်၊ ကယား၊ ကရင်၊ ချင်းစသည့် တောင်တန်းဒေသများက ပြည်မနှင့် ပူးပေါင်းရန် ဆန္ဒမရှိသရွေ့ မြန်မာဘုရင်ခံက ပြည်မနှင့်ခွဲကာ သီးခြားအုပ်ချုပ်မည်ဟုပါရှိသည်။
ထိုစဉ်ကပင် တစ်စိတ်တစ်ဝမ်းတည်း ပြည်ထောင်စုစိတ်ဓာတ်ရှိသည့် တိုင်းရင်းသားလူငယ်များက ပင်လုံမြို့ကလေးတွင် စုပေါင်းတွေ့ဆုံရင်း ပင်လုံညီလာခံကို ဆင်နွှဲကြသည်။ ထို့အတူ ဗိုလ်ချုပ်တို့ လန်ဒန်သို့သွား၍ လွတ်လပ်ရေးပေးရန် သွားရောက်ချုပ်ဆိုသည့် အောင်ဆန်း-အက်တလီစာချုပ်တွင် စာပိုဒ်တစ်ပိုဒ်ပါလာသည်။ ပင်လုံအထူးကွန်ဖရင့်အစည်းအဝေးပြီးပါက တောင်တန်းဒေသတို့က ပြည်မနှင့်အတူ လွတ်လပ်ရေးရယူလိုသော သဘောထားတူညီမှသာ တစ်နိုင်ငံလုံးကို လွတ်လပ်ရေးပေးမည်ဟု ပါရှိသည်။
ပင်လုံညီလာခံသည် တိုင်းပြည်၏ အနာဂတ်ကို အဆုံးအဖြတ်ပေးခဲ့သည်။ ရှမ်းပြည်လူထု၏ “သွေးခွဲသမားအလိုမရှိ၊ လွတ်လပ်ရေးချက်ချင်းပေး၊ ရှမ်း-မြန်မာ တောင်တန်းသားများ ပူးပေါင်းကြ” စသည့်ကြွေးကြော်သံများဖြင့် ဒီမိုကရေစီအနှစ်သာရ ပြည်မ-တောင်တန်းသားအားလုံးတန်းတူညီမျှ အခွင့်အရေးရရှိရန်ဟူသည့် သဘောထားပေါ်တွင် တောင်တန်းသားများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးကို အခြေခံသည့် သဘောတူညီမှုများဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းသားကိုယ်စားလှယ် ၂၁ ဦးတို့ ပြည်မနှင့် ပူးပေါင်းရန် သဘောတူသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ပင်လုံစာချုပ်ကြောင့်ပင် မြန်မာနိုင်ငံသည် တောင်တန်းပြည်မ အတူတကွ လွတ်လပ်ရေးကို ရရှိခံစားခွင့်ရခဲ့သည်။
နီးနီးစပ်စပ် အကျိုးချင်းထပ်၍
ပြည်ထောင်စုအားလုံးညီညွတ်ချစ်ကြည်ရေးအတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “လူမျိုးဆိုသည်မှာ သုခဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့် ဘာသာတရား၊ ပြောဆိုသည့် ဘာသာစကားတို့ကို အရေးထားရမည်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူပူအမျှ ကောင်းတူဆိုးဖက်ပူးပေါင်းလျက်နေလိုသော အစဉ်အလာဆန္ဒပေါ်တွင် ဝံသာနုရက္ခိတတရားသည် တည်နေပေ၏”ဟု ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံဖဆပလညီလာခံ၌ ထည့်သွင်းပြောကြားခဲ့သည့်အတိုင်း ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသော တိုင်းရင်းသားစည်းလုံးညီညွတ်မှု စွမ်းပကားဖြင့် နယ်ချဲ့တို့ထံမှ လွတ်လပ်ရေး အတူတကွရယူခြင်းဖြင့် အချုပ်အခြာအာဏာပိုင်သော နိုင်ငံအဖြစ် ကမ္ဘာကို ကြေညာနိုင်ခဲ့၏။
ဗြိတိသျှတို့သည် အရင်းအမြစ်ပေါကြွယ်ဝပြီး ပထဝီနိုင်ငံရေးအရ ရေခံမြေခံကောင်းမွန်သည့် မြန်မာနိုင်ငံကို ရေရှည်အုပ်ချုပ်ခွင့်ရရန် တိုင်းရင်းသားများအပေါ် သွေးခွဲအုပ်ချုပ်ရေးကို ကျင့်သုံးခဲ့သည်။ ပြည်မနှင့်တောင်တန်းကူးလူးဆက်ဆံမှုများကို တားမြစ်ထားခြင်းကြောင့် ချစ်ကြည်ရင်းနှီးမှု အားနည်းကာ သွေးကွဲမှုများပင် ရှိခဲ့ဖူးသည်။ သို့သော် အမြော်အမြင်ကြီးမားသည့် မျိုးချစ်တိုင်းရင်းသားတို့၏ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့အခင်းအကျင်းကို စေ့ငုလေ့လာပါက မျိုးချစ်စိတ်ကိုအရင်းခံ၍ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွားလာသည့် မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးတည်တံ့ခိုင်မြဲစေရေးအတွက်သာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီပြည်ထောင်စုကြီးကို တိုင်းရင်းသားအားလုံးနှင့် လက်တွဲတည်ဆောက်လာခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ လွတ်လပ်ရေးရရှိပြီး မကြာမီကတည်းက စတင်ပေါ်ပေါက်လာသည့် ပြည်တွင်းရောင်စုံ သောင်းကျန်းသူများကို အဆင့်ဆင့်ချေမှုန်း နှိမ်နင်းခြင်းမှသည် ယနေ့အချိန်အထိ ပြည်ထောင်စုမပြိုကွဲရေးကို ဦးထိပ်ထားကာ အစဉ်တစိုက်လုပ်ဆောင်နေခဲ့သည့် တစ်ခုတည်းသော အင်စတီကျူးရှင်းမှာလည်း တပ်မတော်ပင်မဟုတ်ပါလား။
မည်သည့်ကိစ္စတွင်မျှ ခွဲခြားခြင်းမရှိ
မိမိတို့နိုင်ငံသည် တိုင်းရင်းသားအခွင့်အရေးဟူ၍ သီးခြားသတ်မှတ်ထားရန် မလိုအပ်အောင်ပင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစသည့် မည်သည့်ကိစ္စတွင်မျှ လူများစု၊ လူနည်းစု၊ တိုင်းရင်းသားဟူ၍ ခွဲခြားထားခြင်းမရှိ တန်းတူအခွင့်အရေးများ ရရှိခဲ့ချည်းသာဖြစ်သည်။ သို့သော် ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် ပြည်တွင်းပြည်ပမှ အဖျက်သမားများက မိမိတို့နိုင်ငံ၏ အကျိုးကို မလိုလားသော အနောက်အုပ်စုပြည်ပအင်အားကြီး နိုင်ငံအချို့၏ သွေးထိုးမြှောက်ပင့်မှုတို့ဖြင့် ဆူပူအကြမ်းဖက်မှုမျိုးစုံနှင့် ပဋိပက္ခမျိုးစုံကို ဖော်ဆောင်လျက်ရှိသည်။
မတည်ငြိမ်မှုများကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဆုံးရှုံးရခြင်း၊ ပြည်သူအားလုံးနှင့် သက်ဆိုင်သည့် အခြေခံအဆောက်အအုံများစွာတို့မှာလည်း အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် များစွာဆုံးရှုံးပျက်စီးခြင်း ကြုံကြရသည်။ ပြည်တွင်း မတည်ငြိမ်မှု ပဋိပက္ခများကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့် လူမှုစီးပွားဘဝများ ထိခိုက်နစ်နာကြရသည်။
စင်စစ်နိုင်ငံတော်က ဦးတည်ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်၌ တိုင်းရင်းသားအဖွဲ့အချို့ တောင်းဆိုနေသည့် အချက်များအားလုံးပါဝင်ပြီး သားဟူသည်ကို မြင်စေလိုလှပါပြီ။ နိုင်ငံတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေး လုပ်ငန်းစဉ်အဖြစ်သတ်မှတ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကို တည်ဆောက်ထားခြင်း ဖြစ်သည်ကို သတိချပ်စေလိုပါသည်။ ပဋိပက္ခများကြောင့် သက်ဆိုင်ရာဒေသနှင့် ဒေသခံများ အတိဒုက္ခရောက်ကြရသည့်အပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင်ပါ များစွာထိခိုက်နစ်နာဆုံးရှုံးနေကြသည်ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ကြပြီးနောက် မိမိတို့ဒေသအကျိုး၊ တိုင်းပြည်အကျိုးကို ရည်မျှော်ကာ နိုင်ငံရေးနည်းလမ်းအရဖြေရှင်း၍ မိမိတို့အားလုံးမျှော်မှန်းထားသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်လာစေရေးနှင့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေးမှာ တိုင်းရင်းသားပြည်သူအားလုံး၏ တာဝန်ပင်ဖြစ်ပါသည်။
ငြိမ်းချမ်းသောအနာဂတ် ပြည်သူအားလုံးမျှော်လင့်ချက်
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရန် အခြေခံလိုအပ်ချက်သည် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အစိုးရအဆက်ဆက်ကြိုးပမ်းခဲ့ကြသော်လည်း ယနေ့တိုင်ပဋိပက္ခတို့ မပြီးဆုံးနိုင်သေး။ ပြည်ထောင်စုဖွားတိုင်းရင်းသားများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းတည်ဆောက်ရန် လိုအပ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ ငြိမ်းချမ်းရေးထက်အရေးကြီးသည့် အခြားလုပ်ငန်းမရှိသည်ကို သဘောပေါက်ခံယူကာ အမျိုးသားအကျိုးစီးပွားမှအပ အခြားအကျိုးစီးပွားများ ကင်းရှင်းစွာ ပကတိအရှိတရားကို သိမြင်နားလည်ရန် လိုအပ်လှသည်။
မငြိမ်သက်မှုများကြောင့် နေရပ်ကိုစွန့်ခွာ၍ ဇာတိမြေကို လွမ်းဆွတ်တမ်းတရင်းငြိမ်းချမ်းရေး ချိုးကူသံကို နားစွင့်နေကြရသည့် ပြည်သူများနှင့် အကြမ်းဖက်သမားတို့၏ အဖျက်လုပ်ရပ်များကြောင့် အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူ ၅၁ သန်းကျော်တို့၏ ပကတိဆန္ဒအမှန်သည် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးပင် ဖြစ်ပါသည်။
ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ အချင်းချင်းရိုင်းပင်းကူညီမှု၊ အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ်သည် တိုင်းရင်းသားလူမျိုးအားလုံး၏ စိတ်သန္တာန်ဝယ်အမြစ်တွယ်ရှိပြီး သားပင်ဖြစ်သည်။ ဘိုးဘွားများက မိမိတို့အတွက် ပြည်ထောင်စုနိုင်ငံတော်ကြီးကို တစုတစည်းတည်းဖြစ်အောင် ကြိုးပမ်းပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှု၊ တိုင်းရင်းသားခေါင်းဆောင်တို့၏ အမြော်အမြင်ကြီးမားမှု၊ တောင်တန်း-ပြည်မ ပြည်သူတစ်ရပ်လုံးနိုင်ငံရေးနိုးကြားမှုဖြင့် ပြည်ထောင်စုညီညွတ်ရေးကို ပင်လုံစိတ်ဓာတ်၊ ပင်လုံစာချုပ်ဖြင့် သက်သေညွှန်းပြခဲ့ရာ မိမိတို့သည်လည်း ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေတည်ကာ အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ရေးနှင့် ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံမှ ဟန်ချက်ညီညီဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ကြခြင်းဖြင့် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။