လမြတ်တပို့တွဲ၏ စည်းလုံးညီညွတ်ခြင်းအားမာန်
ကိုဘုန်း(ထုတ်လုပ်)
တပို့တွဲလသည် အင်္ဂလိပ်ပြက္ခဒိန်၏ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းကျရောက်ပြီး မြန်မာပြက္ခဒိန်တွင် တစ်ဆယ့်တစ်လမြောက်လဖြစ်သည်။ တပို့တွဲလကို ကျောက်စာအရေးအသား၌ တပိုင်ထွဲ၊ တပိုင်တွယ်၊ တပို့ထွယ်ဟု ရေးသားလေ့ရှိပြီး တပို့တွဲလဟု ခေါ်ဝေါ်ခြင်းမှာ ထန်းဖူးထန်းခိုင်တို့ တွဲညွတ်သောရာသီဖြစ်၍ ခေါ်တွင်ခြင်းဖြစ်သည်။ တပို့တွဲလတွင် ထန်းဖူးများအား အောက်ရောက်အောင်ဆွဲချပြီး ထန်းရည်ခံသည့်ကာလဖြစ်ပါသည်။ တပို့တွဲလသည် အလွန်ချမ်းအေးလှသောကြောင့် “နှာရည်ယိုရွဲ တပို့တွဲ” ဟုလည်း ခေါ်ဆိုကြသည်။ တပို့တွဲလသည် လဆန်းပိုင်းတွင် အအေးပိုသော်လည်း လပြည့်ကျော်သည်နှင့် အအေးပေါ့လာကာ နွေဦးပေါက်လာပါသည်။ တပို့တွဲလ၏ အထိမ်း အမှတ်ပန်းမှာ ပေါက်ပန်းဖြစ်ပြီး လဲပွင့်၊ လက်ပံပွင့်၊ နှင်းဆီပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းထိမ်ငိုပန်းတို့သည် ရောင်စုံဂန္ဓမာပန်းတို့နှင့်အတူ ပွင့်လန်းကြပါသည်။
မြန်မာ့ရိုးရာ ဆယ့်နှစ်ရာသီပွဲတော်များထဲမှ တပို့တွဲလသည် ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးခြားသည့် လမြတ်အဖြစ်ပါဝင်နေပါသည်။ တပို့တွဲလပြည့်နေ့၏ ထူးခြားချက်ကို သုံးသပ်ကြည့်ပါလျှင် အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့ဖြစ်ခြင်း၊ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန် ဧတဒဂ် ရသောနေ့ဖြစ်ခြင်း၊ အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိသတ်တို့ အလိုအလျောက်စုဝေးမိသော နေ့ဖြစ်ခြင်း၊ ဘုရားရှင်တိုင်း သြဝါဒပါတိမောက် ပြတော်မူသောနေ့ဖြစ်ခြင်း၊ မီးပုံပွဲ (မီးဖုန်းပွဲ) ကျင်းပခြင်း၊ ထမနဲပွဲကျင်းပခြင်း စသည့်ထူးခြားချက်များကို တွေ့ရှိရပါသည်။
သြဝါဒပါတိမောက်အခါတော်နေ့
တပို့တွဲလပြည့်နေ့တွင် ပွင့်တော်မူပြီးသောဘုရားရှင်တိုင်း တပည့်သားတို့အား သြဝါဒပေးတော်မူသည်ကိုအကြောင်းပြု၍ ထိုနေ့ကို သြဝါဒပါတိမောက် အခါတော်နေ့အဖြစ် ကျင်းပရခြင်း ဖြစ်ပါသည်။ အပါယ်ဘေးမှ ကင်းဝေးစေသော အဆုံးအမကို “သြဝါဒ” ဟု ခေါ်ပါသည်။ ထိုသြဝါဒ မိန့်ကြားတော်မူခြင်းကို သြဝါဒပါတိမောက်ပြသည်ဟု ခေါ်ဆိုရပါသည်။ ပါတိမောက်တွင် သြဝါဒပါတိမောက်၊ အာဏာပါတိမောက်ဟူ၍ နှစ်မျိုးရှိပါသည်။ သြဝါဒပါတိမောက်ကို မြတ်စွာဘုရားတို့သာ ပြတော်မူပါသည်။ တပည့်သံဃာများပြခွင့်မရှိပါ။ တပည့်သံဃာများသည် အာဏာပါတိမောက်ကိုသာ ပြခွင့်ရှိပါသည်။ ပွင့်တော်မူပြီးသော သက်တော်ရှည်သောဘုရားရှင်တို့သည် သြဝါဒပါတိမောက်ကို အသက်ထက်ဆုံး ပြတော်မူကြပါသည်။ သက်တမ်းတိုသော ဘုရားရှင်တို့သည် သြဝါဒပါတိမောက်ကို ဝါတော် ၂၀ အတွင်းမှာသာ ပြတော်မူကြပါသည်။ လောဘ၊ ဒေါသ စသောစရိုက်များ ထူပြောချိန်တွင် သြဝါဒတည်ရန် ခဲယဉ်းသောကြောင့် ဝါတော် ၂၀ လွန်လျှင် တပည့်သံဃာတို့အား အာဏာပါတိ မောက်ကို ပြစေပါသည်။ သြဝါဒပါတိမောက်ဂါထာသည် သီလ၊ သမာဓိ၊ ပညာကို ဟောကြားထား၍ ပိဋကတ်သုံးပုံ အနှစ်ချုပ်တရားဟု ခေါ်ပါသည်။ သြဝါဒပါတိမောက်ဂါထာအတိုင်း လိုက်နာကျင့်ကြံပါက ကိုယ်၊ နှုတ်၊ စိတ် ယဉ်ကျေးလိမ္မာပြီး အို၊ နာ၊ သေ လွတ်ရာနိဗ္ဗာန်သို့ မလွဲမုချရောက်နိုင်ပါသည်။
မီးဖုန်းသဘင်ဆင်ယင်ကျင်းပ
တပို့တွဲလသည် ဆောင်းဥတု၏အကုန် နွေဥတုအကူးလဖြစ်၍ အချမ်းပိုကာ တပို့တွဲမှ တပေါင်းလသို့ ကူးပြောင်းရက်များသည် အလွန်အေးမြသည်။ ဝိနည်းတော်အရ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို မီးမလှုံရန်တားမြစ်ပိတ်ပင်ထားသည်။ တားမြစ်ရခြင်းအကြောင်းရင်းမှာ မီးနှင့်မျက်စိမသင့်ခြင်း၊ မီးလှုံခြင်းကြောင့်အဆင်းပျက်ခြင်း၊ ခွန်အားဆုတ်ယုတ်ခြင်း၊ မီးလှုံရင်း အပေါင်းအဖော်တို့နှင့် မွေ့လျော်နေ၍ အကျိုးမရှိသောစကားများကို ပြောဆိုခြင်းတို့ကြောင့်ဖြစ်သည်။ သို့ရာတွင် တပို့တွဲလအကုန် တပေါင်းလအကူး အလွန်အေးမြသောကြောင့် ထိုရက်များအတွင်း ရဟန်းများအား မီးလှုံရန်ခွင့်ပြုတော်မူရုံမျှမက ဘုရားရှင်ကိုယ်တော်တိုင်လည်း မီးလှုံတော်မူလေ့ရှိ၏။ ဤသည်ကိုအစွဲပြု၍ တပို့တွဲလ၌ မီးပုံပွဲသဘင်ကို ဆင်ယင်ကျင်းပကြသည်။ မီးပုံဟူသော အသုံးအနှုန်းမှာ အရပ်စကားဖြစ်ပြီး စာပေအမှတ်အသားတွင်မူ မီးဖုန်းသဘင်ဟု ရေးသည်ကို မှတ်သားရပါသည်။ အလှူရှင်ဒါယကာ၊ ဒါယိကာမတို့သည် မီးဖုန်းပွဲကိုကျင်းပရန်အလို့ငှာ တောသို့တက်၍ နံ့သာ၊ ထင်းများ စသည်တို့ကို လူစုလူဝေးနှင့် ခုတ်ကြပြီးလျှင် ထင်းများကို စုပုံမီးရှို့၍ ဘုရားကျောင်း၊ တန်ဆောင်းတို့၌ အပူဓာတ်ကို လှူဒါန်းပူဇော်ကြသည်။ အချို့ကလည်း မီးလင်းဖို၌ အမွှေးနံ့သာထင်းများကိုထည့်၍ မီးဖိုကာပူဇော်ကြသည်။ ကုန်းဘောင်ခေတ်နှောင်း သီပေါမင်းလက်ထက်တွင် တပို့တွဲလ၌ မီးပုံပွဲ (မီးဖုန်းပွဲ) နှင့်အတူ ယာဂုပွဲကိုပါကျင်းပကြောင်း ကုန်းဘောင်ဆက် မဟာရာဇဝင် တော်ကြီး၌ ရေးသားမှတ်တမ်းတင်ထားသည်ကို တွေ့ရှိရပါသည်။
ထမနဲပွဲ
တပို့တွဲလရာသီပွဲတော်တွင် နောက်ထပ် လူသိများထင်ရှားလှသည့်ပွဲမှာ “ထမနဲပွဲ” ဖြစ်သည်။ ကောက်ညှင်းစပါးသစ်ပေါ်ချိန်တွင် ထမနဲထိုး၍ ကျွေးမွေးလှူဒါန်းကြသည်။ ထမနဲပွဲသည်တပို့တွဲလ၏ ပုံရိပ်သင်္ကေတလည်းဖြစ်ပါသည်။ ထို့ကြောင့် “ထမနဲ” ဟု ဆိုသည်နှင့်တစ်ပြိုင်နက် တပို့တွဲလနှင့်တွဲဖက်မြင်ယောင်ကြသည်။ ထမနဲထိုးချိန်သည် တောင်သူများ ကောက်ဦးပေါ်ချိန်ဖြစ်သဖြင့် ကောက်ဦးအလှူပွဲလည်းဖြစ်ပြီး တပို့တွဲလပြည့်နေ့တွင် ဆွမ်းတော်ကပ်လှူရန်အတွက် ထမနဲပွဲကို ကျင်းပကြပါသည်။
တပို့တွဲလ ထမနဲပွဲကို ရှေးပဝေသဏီကတည်း ကစ၍ ကျင်းပလာခဲ့ပါသည်။ သို့သော် ထိုခေတ်က ထမနဲကို “ယာဂု” ဟု သုံးနှုန်းခေါ်ဝေါ်ခဲ့ကြသည်။ မြတ်စွာဘုရားရှင်သည် လေနာနှိပ်စက်ခြင်းခံရချိန်၌ အရှင်အာနန္ဒာကို ယာဂုဆွမ်းခံစေရာ မာတုဂါမ တစ်ဦး လှူဒါန်းလိုက်သော ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန်၊ နှမ်းတို့ဖြင့် စီရင်ထားသည့် ယာဂုဆွမ်းကို ဘုဉ်းပေးသုံးဆောင်ပြီးနောက် လေနာရောဂါ ငြိမ်းသွားသည်ဟု ဆိုထားပါသည်။ အဆိုပါယာဂုတွင် ပါဝင်သော ပစ္စည်းအမျိုးအမည်များသည် ထမနဲကဲ့သို့ပင် တူပါသည်။
ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး၏ မှတ်တမ်းအရ မင်းတုန်းမင်းကြီးလက်ထက်တော် အခါကယာဂုအလှူပွဲအကြောင်းနှင့်ပတ်သက်၍ “ရွှေမြို့တော်လေးပြင်လေးရပ် တိုင်းသူပြည်သား အားလုံးတို့သည် လူတစ်ကိုယ် ဆန်တစ်စလယ်ကျ စုဆောင်း၍ ယာဂုကျိုရာ ယင်းယာဂု၌ ကောက်ညှင်းဆန်၊ ဆီ၊ ဆား၊ နှမ်း၊ ချင်းစိမ်း၊ မြေပဲ၊ အုန်းသီး၊ သစ်ကြားသီး စသည်တို့ကိုထည့်၍ ကျိုသည်”ဟု ဆိုထားသည်။ ယာဂုကျိုခြင်းကို ယခုခေတ်တွင် ထမနဲထိုးသည်ဟု ဆိုကြသည်။
ထမနဲဆိုသောစကားသည် ကောက်ညှင်းဆန်ကို ပျော့အိသွားသည်အထိ ထိုးနှဲခြင်းဖြစ်သည်။ တချို့ကလည်း နှမ်းကိုထူးကဲပြီး ထည့်သောကြောင့် နှမ်းမနဲဟုခေါ်ပါသည်။ ထမနဲတွင် ကောက်ညှင်းဆန်၊ ဆီ၊ ဆား၊ နှမ်းစေ့၊ ချင်း(ဂျင်း)စိမ်း၊ မြေပဲလှော်၊ အုန်းသီးဆန်၊ သစ်ကြားသီးတို့ ပါဝင်သည်။
တပို့တွဲ ထမနဲနှင့်ပတ်သက်ပြီး မန်လည် ဆရာတော်ကြီးက ထမနဲထိုးနည်း စာချိုးကို ယခုလို ရေးဖွဲ့ခဲ့ပါသည်-
“ထမနဲထိုးရန် စာချိုးလို့မှာခဲ့မယ်
တစ်စိတ်ကောက်ညှင်းရယ်နှင့်
တစ်ပိဿာ ဆီအမှန်သွင်းပါလို့
ချင်းကသုံးဆယ်၊
မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်
အုန်းသီးဆန်အကူဖက်ပါလို့
နှမ်းမပျက် ဤနည်းနှယ်၊ ရေစင်ထည့်ရိုး
လက်နှစ်သစ်ကယ်ပ
တွက်ဆစ်ကာဆားချိန် တစ်ဆယ်သားရယ်နဲ့
ရောနှောကာ လူအများတို့ အားသစ်လို့ထိုး”
အထက်ပါ စာချိုးအရ ကောက်ညှင်းဆန် လေးပြည်၊ ဆီတစ်ပိဿာ၊ ချင်းစိမ်း ၃၀ ကျပ်သား၊ မြေပဲဖြူအဆန် တစ်ခွက် (၅၀ ကျပ်သား) ကို နှမ်း၊ အုန်းသီးစိတ်၊ ဆားတို့ဖြင့် မျှတအောင်ထည့်ပြီး ဒယ်အိုးတွင် နှံ့အောင်မွှေ၍ တစ်ဦးကောင်း တစ်ယောက်ဖြင့်ထိုး၍မပြီးဘဲ အများစုပေါင်းပြီး ညီညွတ်စွာ အားမာန်အပြည့်ဖြင့် ထိုးကြမည်ဟု ဆိုထားပါသည်။
တပို့တွဲလသည် မြန်မာနိုင်ငံ၏ အအေးဆုံးလဖြစ်သောကြောင့် လူတို့အဆီခန်းခြောက်ကြပြီး ကိုယ်သားကိုယ်ရေအေးခြင်း၊ ခြေဖျားလက်ဖျား အေးစက်ခြင်း၊ အသားပပ်၍ ကိုယ်ရေပြားယားယံ ခြင်းတို့ကို ဖြစ်ပေါ်ခံစားကြရသည်။ ထိုအခါ ဆီနိုင်သည့် အပူစာထမနဲကို စားသုံးပါက ကိုယ်ငွေ့ကောင်းပြီး အသားအရေစိုပြည်လာကာ အပူဓာတ်ရနိုင်ပါသည်။
ထို့ပြင် တပို့တွဲလ ထမနဲပွဲနှင့်ပတ်သက်၍ မင်းတုန်းမင်းကြီးလက်ထက်တော်အခါက နာမည်ကျော်ဆေးသမားတော်ကြီးများက ဥတုသုံးလီရှိသည့်အနက် အထူးသဖြင့် ကောက်စိုက်တောင်သူများသည် အသက်မွေးဝမ်းကျောင်းသဘောသဘာဝအရ တစ်မိုးတွင်းလုံးနှင့် တစ်ဆောင်းတွင်းလုံးတွင် အအေးဒဏ်ခံစားရလေ့ရှိကြောင်း၊ တပို့တွဲလပြည့် နေ့နီးလာသောအခါ၊ ဆောင်းကုန်လုနွေဦးရောက် ခါနီးအချိန် စပ်ကူးမပ်ကူးကာလဖြစ်ရာ ဓာတ်ကြီးလေးပါးဖောက်ပြန်တတ်ကြောင်း၊ ထို့ကြောင့် ဓာတ်ကြီးလေးပါး ညီညွတ်မျှတစေရန်အတွက် ဆေးဝါးဓာတ်စာအဖြစ် ကောက်သစ်ပေါ်ချိန်တွင် ထမနဲကို စားပေးသင့်ကြောင်း အကြံပြုထားပါသည်။
ထမနဲသည် ကောက်ညှင်းအသုံးပြုထားသောကြောင့် များများစားမိပါက ဝမ်းချုပ်ကာ လေပူထခြင်းကို ဖြစ်စေတတ်သော်လည်း ထမနဲစားခြင်းက ၎င်းတွင်ထည့်သုံးထားသည့် အခြားသောပစ္စည်း အမည်များက ခန္ဓာကိုယ်အတွက် လိုအပ်လျက်ရှိသော အပူဓာတ်ကို အားဖြည့်ပေးသည့်အတွက် ထမနဲသည် အအေးပိုသောကာလမှာ မဖြစ်မနေစားသုံးသင့်သော ဓာတ်စာတစ်မျိုးဖြစ်ပါသည်။ ထို့ပြင် ထမနဲစားခြင်းက ဝမ်းရောဂါကို ကြိုတင်ကာကွယ်ရာရောက်သောကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာအဖြစ် စားသုံးသင့်ပါသည်။
ထမနဲထိုးခြင်းသည် လူအများစုစည်းကာ အားကောင်းမောင်းသန်ဖြင့် ထိုးရပြီး စေးကပ်နေသည့် ထမနဲသည် စည်းလုံးညီညွတ်ခြင်း၏ သင်္ကေတဖြစ်သလို ထိုးလိုက်သည့်ထမနဲ၏ အရသာကောင်းခြင်းသည်လည်း စည်းလုံးညီညွတ်ခြင်း၏ အောင်မြင်မှုပြယုဂ်ပင်ဖြစ်ပါသည်။ ထမနဲထိုးခြင်းမှ စည်းလုံးညီညွတ်ခြင်း၊ အချိုးအစားကျနဟန်ချက်ညီခြင်း၊ စီမံခန့်ခွဲမှုကောင်းမွန်ခြင်း၊ မိမိကျရာတာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ခြင်း၊ အဖွဲ့အစည်းစိတ်ဓာတ် တိုးပွားလာခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိပါသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် တပို့တွဲလဆန်းရက်များမှစ၍ လပြည့်နေ့အထိ အဖွဲ့အစည်းများအလိုက်၊ မိသားစုများအလိုက် ထမနဲထိုးကာ ဘုရား၊ ရဟန်း၊ သံဃာဆက်ကပ်လှူဒါန်းခြင်း၊ လူပုဂ္ဂိုလ်များအား စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများကို ရှေးပဝေသဏီမှ ယနေ့ထိတိုင် ခေတ်အဆက်ဆက် ပြုလုပ်ခဲ့ကြသည်မှာ ကြည်နူးဖွယ်ရာ ရိုးရာဓလေ့ပင်ဖြစ်ပါသည်။ မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များကိုအခြေခံ၍ ရိုးရာဓလေ့ပွဲများ ဆင်နွှဲကျင်းပခြင်းဖြင့် တိုင်းရင်းသားမိဘပြည်သူအပေါင်း၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ ဘာသာချစ်စိတ်များ ပိုမိုရှင်သန်လာစေမည်ဖြစ်ပြီး ထိုကောင်းမွန်သည့် ရိုးရာဓလေ့များအား အစဉ်လာမပျက် ကာကွယ်ထိန်းသိမ်းသွားရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။