သာယာပျော်ရွှင်ဖွယ် ဘဝခရီးလမ်း လျှောက်လှမ်းနိုင်ဖို့ဆိုရာဝယ်
မောင်မောင်လင်း
မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာမှာပါ လူငယ်တော်တော်များများဟာ ပညာဆည်းပူးခဲ့ချိန်မှာကတည်းက ကိုယ်နဲ့အမှန်တကယ်ကိုက်ညီတဲ့ ဘာသာရပ်ကို ရွေးချယ်တက်ရောက်ခွင့်မရခဲ့တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီရဲ့အကျိုးဆက်ကြောင့် မိမိအသက်မွေးဝမ်းကျောင်းပြုနေရတဲ့အလုပ်မှာ အဆင်မပြေတာမျိုး ဖြစ်လာတတ်သလို အခြားသောအကြောင်းကိစ္စတွေကြောင့် လုပ်ငန်းခွင်မှာ မပျော်ပိုက်တော့တာမျိုးလည်း ဖြစ်လေ့ရှိတတ်ပါတယ်။
ကိုယ်စိတ်ဝင်စားတဲ့နယ်ပယ်ကတစ်ခု၊ လက်ရှိလုပ်နေရတဲ့ နယ်ပယ်ကတစ်ခုဖြစ်လာတာမျိုး၊ လက်ရှိလုပ်ငန်းနယ်ပယ်မှာပဲ ကိုယ်ရဲ့စွမ်းဆောင်နိုင်မှုထက်ပိုပြီး ဒါမှမဟုတ် လိုပြီးလုပ်နေရတာကို မနှစ်သက်တော့တာကြောင့် Career လမ်းကြောင်း ပြန်ပြောင်းချင်တာမျိုးတွေလည်း ဖြစ်လေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ လက်ရှိအလုပ်အကိုင် ပြောင်းလဲဖို့လိုမလားဆိုတာကို ဖော်ထုတ်ပေးနိုင်တဲ့ နည်းလမ်း တစ်ခုကတော့…..
ပုဂ္ဂိုလ်ရေးစွမ်းဆောင်ရည်စံနမူနာ (The Personal Performance Model) ဆိုရာဝယ်
လူတော်တော်များများက လက်ရှိလုပ်နေရတဲ့အလုပ်မှာ မပျော်ပိုက်ကြပါဘူး။ ဒါပေမဲ့လည်း လုပ်ငန်းခွင်ကျေနပ်ပျော်ရွှင်မှု ဒါမှမဟုတ် လက်ရှိအလုပ်အပေါ် မကျေနပ်မှုကို ဘယ်လိုတိုင်းတာရမလဲဆိုတာကို မသိကြပါဘူး။ ဒီ Model ကတော့ ကိုယ့်ရဲ့အလုပ်အခြေအနေကို အကဲဖြတ်နိုင်ဖို့ အကူအညီပေးပါလိမ့်မယ်။ နည်းလမ်းကတော့ အချိန်ကာလသုံးပတ်အကြာ ညနေတိုင်းမှာ ကိုယ့်ကိုယ်ကိုယ်မေးခွန်းသုံးခုမေးကြည့်ပြီး ထွက်ပေါ်လာတဲ့အဖြေတွေဟာ လုံးဝသက်ဆိုင်မှုမရှိခဲ့ရင် သုညနဲ့လုံးဝသက်ဆိုင်နေပါက ဆယ်မှတ်အထိ အမှတ်ပေးရပါမယ်။ မေးခွန်းသုံးခုကတော့-
(က) လုပ်နေရတာ (Have to)။ လက်ရှိလုပ်နေရတဲ့ အလုပ်တွေ ဟာ ဘယ်အတိုင်းအတာအထိ လုပ်ဆောင်ဖို့ ကိုယ်က တာဝန်ယူထားရသလဲ။
(ခ) လုပ်နိုင်တာ (Able to)။ ဒီအလုပ်တွေက ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းနဲ့ ဘယ်လောက်ကိုက်ညီမှုရှိနေသလဲ။
(ဂ) လုပ်ချင်တာ (Want to)။ ဒီအလုပ်တွေကို ကိုယ်တိုင်ကရော လုပ်ချင်တဲ့ဆန္ဒ ဘယ်လောက်ရှိနေတာမျိုးလဲ။
သုံးပတ်ပြည့်သွားရင် အဲဒါတွေကို ပြန်ဆန်းစစ်ကြည့်ရပါမယ်။ တကယ်လို့များ အလုပ်နေရာအသစ်တစ်ခုကို ပြောင်းရွှေ့လုပ်ကိုင်ခွင့် ရခဲ့ရင်ရရှိလာမယ့် အလုပ်ပုံစံရဲ့ရလဒ်နဲ့ လက်ရှိဖြစ်နေတာကို ချိန်ထိုးကြည့်ရပါမယ်။ အတူတူပဲဖြစ်နေသေးရင်တော့ ကိုယ့်ကိုယ်ကိုယ် အောက်ကမေးခွန်းလေးခု ပြန်မေးကြည့်ဖို့ လိုအပ်ပါလိမ့်မယ်-
(က) ကိုယ်ကဘာလိုချင်နေတာလဲ။
(ခ) အဲဒါရရင်ရော လုပ်နိုင်ပါ့မလား။
(ဂ) ကိုယ်လုပ်နိုင်တာကရောဘာလဲ။
(ဃ) ကိုယ်လုပ်နိုင်တာကိုရော လုပ်ချင်နေတာလား စတာတွေပဲ ဖြစ်ပါတယ်။
သေချာတာက တစ်ခုခုအပြောင်းအလဲမလုပ်နိုင်ရင် အဲဒီအလုပ်ကိုပဲ ဆက်လုပ်နေရမှာဖြစ်တယ်ဆိုတာကိုတော့ လက်ခံရပါမယ်။ ဒါဆိုရင် လက်တွေ့ဘဝမှာ ဒီ Model ကို ဘယ်လိုအသုံးချလို့ရလဲဆိုတဲ့ ဥပမာလေးတွေကို လေ့လာကြည့်လိုက်ရအောင်ပါ-
ဥပမာအားဖြင့် Graphic Designer တစ်ယောက်ဟာ သူဆွဲနေရတာတွေက အခြေခံဒီဇိုင်းတွေချည်းပဲလို့ ထင်နေတယ်။ သူ့ကိုယ်ကိုယ်ဒီထက်မက အများကြီးလုပ်နိုင်စွမ်းရှိတယ်လို့ ယူဆထားတယ်။ အခုတော့ လုပ်ချင်နေတာတွေရဲ့ တော်တော်လေးကို အဆင့်နိမ့်တဲ့ အလုပ်တွေကိုပဲ လုပ်နေရတယ်လို့ မြင်လာပြီး စိတ်လှုပ်ရှားတက်ကြွမှုနည်းပါးလာတာမျိုး ဖြစ်လာမယ်။ လုပ်ငန်းပြောင်းဖို့အထိတောင် စိတ်ကူးလာနိုင်ပါတယ်။ ဒါဆိုရင် ဒီထက်အဆင့်မြင့်တဲ့ ဒီဇိုင်းတွေဖန်တီးခွင့်ရရှိဖို့ အလုပ်ရှင်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် အလုပ်ရှင်က ကိုယ့်ရဲ့ကျွမ်းကျင်မှုဟာ လိုအပ်ချက်ရှိနေသေးတယ်လို့ သုံးသပ်တွေ့ရှိထားရင်လည်း အရည်အချင်းမြှင့်တင်နိုင်ဖို့အတွက် သင့်တော်မယ့်သင်တန်းတွေကို တက်ရောက်ဖို့ စဉ်းစားဆုံးဖြတ်ရတာ မျိုးဖြစ်ပါတယ်။
ခြုံပြီးပြောလိုတာကတော့ လုပ်ငန်းပြောင်းဖို့၊ မပြောင်းဖို့က ကိုယ်ကိုယ်တိုင်ရဲ့ အဆုံးအဖြတ်ဖြစ်ပေမယ့် အခု Model က ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှုမြင်တတ်ဖို့နဲ့ လက်ရှိအလုပ်ဟာ ကိုယ်နဲ့အံဝင်ခွင်ကျမှု ရှိ၊ မရှိဆိုတာကို ဆုံးဖြတ်နိုင်ဖို့အတွက် အထောက်အကူပြုနေတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါပေမဲ့အချိန်အတိုင်းအတာ တစ်ခုရောက်လာပြီးမှ မိမိရဲ့အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ပြောင်းလဲဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ Hard Choice လို့ သတ်မှတ်ထားတဲ့အတိုင်း အတော်လေးကို ခက်ခက်ခဲခဲဆုံးဖြတ်ရတာမျိုးဖြစ်ပါတယ်။
ခက်ခဲသောရွေးချယ်မှုစံနမူနာ (The Hard Choice Model) ဆိုရာဝယ်
ဒီ Model ကတော့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုဦးစားပေးအဆင့်ခွဲခြားသတ်မှတ်မလဲ။ ပြီးရင်အကောင်းဆုံးသော လုပ်ဆောင်သင့်တဲ့နည်းလမ်းကို ရွေးချယ်နိုင်ရေးအတွက် အထောက်အကူဖြစ်စေဖို့ တီထွင်ဖန်တီးထားတဲ့ Model ပုံစံတစ်ခုပဲ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက် တွေကို ဦးစားပေးအဆင့် ခွဲခြားသတ်မှတ်နိုင်ဖို့အတွက်ဆိုရင် အခြေခံအချက်နှစ်ချက် လိုအပ်ပါတယ်။ ဒါတွေကတော့-
(က) နှိုင်းယှဉ်ချိန်ထိုးဖို့လွယ်ရဲ့လား။ ဆိုလိုတာကတော့ ရွေးချယ်နိုင်မှုတွေရဲ့ အကျိုးနဲ့အပြစ်ကို တိတိကျကျ ဖော်ထုတ်ဖို့ လွယ်ကူရဲ့လားဆိုတာမျိုးဖြစ်ပါတယ်။
(ခ) နောက်တစ်ချက်ကတော့ ရွေးချယ်ဆုံးဖြတ်လိုက်မှုတစ်ခုရဲ့ နောက်ဆက်တွဲအကျိုးဆက်ကရော ဘာတွေလဲဆိုတာမျိုးဖြစ်ပါတယ်။
ဒီအကြောင်းနှစ်ချက်ကို အခြေခံစဉ်းစားပြီး ခက်ခဲတဲ့ရွေးချယ်မှုစံနမူနာ (The Hard Choice Model) ရဲ့ လုပ်ဆောင်ရမယ့်ပုံစံအရ ဆုံးဖြတ်ချက်ပုံစံလေးမျိုးထွက်ပေါ်လာမှာပဲ ဖြစ်ပါတယ်။ အဲဒါတွေကတော့-
(က) အကျိုးနဲ့အပြစ်အပေါ် လွယ်လွယ်ကူကူလည်း နှိုင်းယှဉ်ဖော်ထုတ်နိုင်သလို အကျိုးဆက်ရဲ့သက်ရောက်မှုကလည်း သိပ်မပြင်းထန်တဲ့ ရွေးချယ်မှုမျိုး (ဦးနှောက်သိပ်စားစရာ မလိုမှု (No-Brainer))။ ဥပမာအားဖြင့် အပြာရောင်ရှပ်အင်္ကျီဝတ်ရင် ကောင်းမလား၊ အနီရောင်ဝတ်ရင် ကောင်းမလားစသည်ဖြင့် ဝေခွဲရခက်မှုမျိုး။ ရွေးချယ်စရာတစ်ခုက အခြားတစ်ခုထက်ပိုကောင်းပေမယ့် ဆုံးဖြတ်တာမှားခဲ့ရင်လည်း ကြီးကြီးမားမား ဘာမှမဖြစ်နိုင်တာမျိုး ဖြစ်ပါတယ်။
(ခ) အကျိုးနဲ့ အပြစ်အပေါ် နှိုင်းယှဉ်ဖော်ထုတ်နိုင်ဖို့ခက်ခဲပေမယ့် အကျိုးဆက်ရဲ့သက်ရောက်မှုကတော့ သိပ်မပြင်းထန်တဲ့ ရွေးချယ်မှုမျိုး (Apples to Oranges)။ ဥပမာအားဖြင့် ပန်းသီးဝယ်ရင်ကောင်းမလား၊ လိမ္မော်သီးဝယ်ရင် ကောင်းမလားဆိုပြီး ဝေခွဲရခက်နေတာမျိုးကို တင်စားထားတာပါ။ လက်တွေ့နယ်ပယ်မှာတော့ သူငယ်ချင်းနှစ်ယောက်အကြား ရုပ်ရှင်သွားကြည့်ကြမလား၊ ဒါမှမဟုတ် ညစာပဲအတူစားရင်ကောင်းမလားဆိုတာကို ဆုံးဖြတ်ရတာမျိုး ဖြစ်ပါတယ်။ ဒီရွေးချယ်မှုနှစ်ခုအကြား အကျိုးနဲ့အပြစ်ကို နှိုင်းယှဉ်ဖော်ထုတ်တာက တိုက်ရိုက်ဆက်နွှယ်မှုနည်းပါးပေမယ့်လည်း ကိုယ့်ရဲ့ရွေးချယ်လိုက်မှုကြောင့် အကျိုးဆက်သက်ရောက်မှုက သိပ်ပြီးထူးခြားလေးနက်စေမှာတော့မဟုတ်ပါ။ ရွေးချယ်ခွင့်တစ်ခုက တစ်နည်းတစ်ဖုံအားဖြင့်တော့ အခြားတစ်ခုထက်တော့ ပိုကောင်းပါတယ်။ ဒါပေမဲ့ ဒါတွေကို အမှန်တကယ်နှိုင်းယှဉ်လို့လည်းမရ။ ဘယ်တစ်ခုကတော့ တကယ်အရေးမကြီးပါဘူးလို့ သတ်မှတ်နိုင်ဖို့တောင်မှ ခက်ခဲနေတာမျိုးဖြစ်ပါတယ်။
(ဂ) အကျိုးနဲ့အပြစ်အပေါ် လွယ်လွယ်ကူကူ နှိုင်းယှဉ်ဖော်ထုတ်နိုင်ပေမယ့် အကျိုးဆက်ရဲ့သက်ရောက်မှုကတော့ အတော်လေးပြင်းထန်မှုရှိတဲ့ ရွေးချယ်မှုမျိုး (Big Decision)။ ဥပမာအားဖြင့် မိသားစုနဲ့အသားကျပြီးဖြစ်နေတဲ့ လက်ရှိဒေသမှာပဲဆက်နေမလား၊ အခွင့်အလမ်းပိုမိုဖန်တီးခွင့် ရနိုင်မယ့်ဒေသအသစ်ကို ပြောင်းရွှေ့မလားစသည်ဖြင့် လုပ်ငန်းခွင်မှာ ရွေးချယ်နိုင်ခွင့်ရှိလာတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ နောက်တစ်မျိုးစဉ်းစားကြည့်ရင် အသက်ကို ကယ်တင်နိုင်ဖို့အတွက် ခွဲစိတ်မှုခံယူဖို့ ဆုံးဖြတ်ရတော့မယ့် အခြေအနေမျိုးမှာတောင် အခြားနည်းလမ်းလည်း ရွေးချယ်စရာမရှိတော့ဘူးဆိုရင် ဆုံးဖြတ်ချက်ကြီးကြီးမားမားတစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုနိုင်ပေမယ့် ခွဲစိတ်ဖို့ကိုသာ လွယ်လွယ်ကူကူ ဆုံးဖြတ်သွားနိုင်တာမျိုးလည်း ရှိတတ်ပါတယ်။
(ဃ) အကျိုးနဲ့အပြစ်အပေါ် နှိုင်းယှဉ်ဖော်ထုတ်နိုင်ဖို့ခက်ခဲသလို အကျိုးဆက်ရဲ့ သက်ရောက်မှုကလည်း အတော်လေးပြင်းထန်မှုရှိတဲ့ ရွေးချယ်မှုမျိုး (Hard Choice)။ ဥပမာအားဖြင့် ဘယ်လိုအသက်မွေးဝမ်းကျောင်းမှုမျိုးကို ရွေးချယ်မလဲဆိုတာမျိုး၊ လက်ရှိအသက်မွေးဝမ်းကျောင်း ပြုနေတာကနေပြီး လုပ်ငန်းအသစ်ပြောင်းလဲလုပ်ကိုင်တာမျိုးအထိ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချမှတ်ဖို့ လိုအပ်တာမျိုး ဖြစ်ပါတယ်။ ဒီလိုခက်ခဲတဲ့ ရွေးချယ်မှုတွေအတွက် များသောအားဖြင့် လုံးဝဥဿုံမှန်ကန်တယ်လို့ဆိုနိုင်တဲ့ ဆုံးဖြတ်ချက်မျိုးမရှိတတ်ပါ။ ဒါကြောင့်လည်း ဒဿနပညာရှင် Ruth Chang က “အဆုံးအဖြတ်တစ်ခုကို
ဘယ်လိုချင့်ချိန်နှိုင်းယှဉ်တွက်ချက်မှုတွေ ပြုလုပ်ပြီးပဲချချ၊ ကိုယ်ရဲ့စိတ်ခံစားမှု၊ အတွေ့အကြုံ၊ နှစ်ခြိုက်မှုတွေနဲ့ ကိုက်ညီဖို့တော့ လိုအပ်ပါတယ်။ “အကောင်းဆုံးရွေးချယ်ခဲ့မှုဆိုတာမျိုး မရှိနိုင်တာကြောင့် ပြင်ပကအကြောင်း ပြချက်တွေ ရှာဖွေနေမယ့်အစား မိမိစိတ်အတွင်းက အကြောင်းပြချက်ကိုပဲ ရှာဖွေသင့်တယ်” လို့ မှတ်ချက်ပြု ဖူးပါတယ်။
အဆုံးသတ်အနေနဲ့ အထက်မှာဖော်ပြခဲ့တဲ့အခြေအနေလေးမျိုး အပေါ်မူတည်ပြီး ဘယ်လိုလုပ်ဆောင်သွားသင့်လဲဆိုတော့ -
(က) No-Brainer ။ မိမိဘာသာမိမိ အကောင်းအဆိုး၊ အကျိုးနဲ့အပြစ်ချိန်ထိုးပြီး အမြန်ဆုံးဆုံးဖြတ်လုပ်ဆောင်လိုက်ရမှာ ဖြစ်ပါတယ်။
(ခ) Apples to Oranges ။ ကိုယ့်ရဲ့ဦးစားပေးမှုနဲ့ နှစ်ခြိုက်မှုကိုလိုက်ပြီး စိတ်ကြိုက်ရွေးချယ်လုပ်ဆောင်တာကသာ အကောင်းဆုံးဖြစ်ပါတယ်။
(ဂ) Big Decision ။ အဆုံးအဖြတ်တစ်ခုမချမီ ရွေးချယ်နိုင်မှုတစ်ခုချင်းစီရဲ့ အကောင်းနဲ့အဆိုး၊ အကျိုးနဲ့အပြစ်တွေအပေါ် ဂရုတစိုက်နဲ့ သေချာစွာနှိုင်းယှဉ်ချိန်ဆဖို့ လိုအပ်ပါတယ်။
(ဃ) Hard Choice ။ ဆက်နွှယ်သက်ဆိုင်တဲ့ သတင်းအချက်အလက်အားလုံးစုဆောင်းရယူနိုင်ဖို့ အလေးထားဆောင်ရွက်ရပါမယ်။ ပြီးရင် ကိုယ့်ရဲ့တန်ဖိုးထားရှိမှုတွေကို ဖော်ထုတ်ရပါမယ်။ ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေထံက လမ်းညွှန်အကြံပေးတာတွေကိုလည်းခံယူရမှာ ဖြစ်ပါတယ်။
ဒီလိုရွေးချယ်ဆုံးဖြတ်ရတော့မယ့်အခြေအနေမျိုးမှာ မိမိရဲ့အမှန်တကယ်လိုအပ်ချက်ကို ကိုယ်တိုင်ရှာဖွေဖော်ထုတ်တတ်ဖို့က အရေးကြီးလာပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက ရုံတင်ပြသခဲ့တဲ့ Hierrankl ဆိုတဲ့ ဂျာမန်ရုပ်ရှင်ဇာတ်ကားထဲမှာတော့ လူသားတွေအတွက် အရေးကြီးဆုံးက “ကာမဆိုတဲ့ကိစ္စရယ်”၊ “မိသားစုဆိုတာရယ်”၊ “အသိဉာဏ်တရားရယ်” ဆိုတဲ့ သုံးမျိုးပါတဲ့။ အဲဒီသုံးမျိုးလုံးနဲ့များ ပြည့်စုံနေရင် လောကနိဗ္ဗာန်။ နှစ်မျိုးလောက်ပဲရနေရင်တော့ ချမ်းသာသုခ။ တစ်ခုတည်းဆိုရင်တောင်မှ ရှင်သန်ရပ်တည်နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဗုဒ္ဓမြတ်စွာကတော့ “ကုသိုလ်၊ ပညာ၊ ဥစ္စာရဖို့ သင့်ရာဒေသ အမြဲနေ”ဆိုပြီး သင်ကြားဆုံးမခဲ့ပါတယ်။
The Maslow ပိရမစ်ဆိုရာဝယ်
ဒါနဲ့ပတ်သက်လို့ စိတ်ပညာရှင် Abraham Maslow ကတော့ ၁၉၄၃ ခုနှစ်တုန်းက The Maslow ပိရမစ်ဆိုတဲ့ သီအိုရီတစ်ရပ်ကို အဆိုပြုဖော်ထုတ်ခဲ့ဖူးပါတယ်။ သူက လူတွေမှာ လိုအပ်ချက်ဆိုတာတွေ ရှိပါတယ်။ အခြေခံအကျဆုံးကနေ အမြင့်မားဆုံးလိုအပ်ချက်ဆိုပြီး ထိပ်ဆုံးအထိ အဆင့်ဆင့်တက်လှမ်းမြင့်တက်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပုထုဇဉ်လူသားတွေရဲ့ အမှန်တကယ်လိုအပ်နေတဲ့အရာနဲ့ အမှန်တကယ်လိုချင်နေတဲ့အရာတွေကိုလည်း သူကစည်းခြားခွဲခြားမှု ပြုလုပ်ပေးနိုင်ပါတယ်။ ဒါတွေကတော့-
(က) ဇီဝကမ္မဆိုင်ရာလိုအပ်ချက်များ (အစားအစာ၊ အိပ်စက်ခြင်း၊ အနွေး/ အအေးဓာတ်၊ လိင်ဆက်ဆံမှု)။
(ခ) လုံခြုံရေးဆိုင်ရာလိုအပ်ချက်များ (နေထိုင်ရန်နေရာ၊ အလုပ်ခွင်တည်မြဲမှုလုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘေးဒုက္ခအန္တရာယ်တွေမှ အကာအကွယ်ရလိုမှု)။
(ဂ) လူမှုဆက်ဆံရေးဆိုင်ရာလိုအပ်ချက်များ (သူငယ်ချင်း၊ လက်တွဲဖော်၊ ချစ်ခြင်းမေတ္တာ)။
(ဃ) အသိအမှတ်ပြုမှုဆိုင်ရာလိုအပ်ချက်များ (ရာထူးဂုဏ်သိန်အဆင့်အတန်း၊ အာဏာ၊ ငွေ)။
(င) မိမိကိုယ်ကိုလက်တွေ့အသုံးချခြင်း (တစ်ဦးချင်းစီ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အလားအလာများကို သိရှိနားလည်စေလိုမှု၊ ဂုဏ်သိက္ခာမြင့်မားလိုမှုနှင့် ကိုးကွယ်ယုံကြည်မှု)။
ဒီအထဲက ပထမအချက်သုံးချက်က အခြေခံလိုအပ်ချက်တွေ ဖြစ်ပါတယ်။ အဲဒီသုံးချက်ပြည့်စုံကျေနပ်မှုရနေရင် လူတွေဟာ လိုဘပြည့်သွားပြီး ထပ်ပြီးရဖို့ သိပ်မစဉ်းစားတော့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီသုံးခုကို အရင်ပြည့်စုံအောင် လုပ်ဆောင်ရပါမယ်။ ဒါတွေအခြေခိုင်ထားမှ နောက်ဆုံးနှစ်ခုဖြစ်တဲ့ မျှော်မှန်းချက်၊ တစ်ကိုယ်ရေတိုးတက်မှုဆိုင်ရာ လိုအပ်ချက်တွေကို ဆက်ပြီးဖြည့်ဆည်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနှစ်ခုကလည်း လိုချင်နေမှုနဲ့ ဆန္ဒတွေဖြစ်တာကြောင့် ဘယ်တော့မှ ပြည့်စုံကျေနပ်တယ်ဆိုတာ မရှိနိုင်ဘူး၊ လိုဘပြည့်မှာလည်း မဟုတ်ဘူးလို့ဆိုပါတယ်။ လူတွေရဲ့ဆန္ဒတွေနဲ့ သူတို့ရဲ့ လိုအပ်ချက်တွေများ ဆန့်ကျင်မှုရှိလာခဲ့ရင်တော့ အဲဒီပိရမစ်ပုံစံဟာ စိတ်ဝင်စားစရာဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် အချို့သောရည်မှန်းချက် အလွန်မြင့်မားလွန်းတဲ့သူတွေဟာ အခြေခံလိုအပ်ချက်တွေ မပြည့်စုံနေပေမယ့်လည်း သူချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ပေါက်မြောက်သည်အထိ မရောက်ရောက်အောင်သွား တတ်တာမျိုးလည်းရှိနိုင်ပါတယ်။
နိဂုံးချုပ်အားဖြင့် မိမိရဲ့စွမ်းဆောင်နိုင်ရည်အပေါ် သိရှိနားလည်ပြီး ပုဂ္ဂလိကကိုယ်ရည်ကိုယ်သွေးတိုးတက်ဖွံ့ဖြိုးအောင် ကိုယ်တိုင်ပဲလုပ်ဆောင်နေရမှာဖြစ်သလို မိမိရဲ့ဘဝကို ကျေနပ်နေဖို့လည်း လိုအပ်ပါတယ်။ မိမိဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့အတွက် အခက်အခဲတွေကနေ ပြန်လည်ရုန်းထနိုင်မှုနဲ့ စိတ်ဓာတ်မာကျောမှုတွေကို ပြုစုပျိုးထောင်သွားခြင်းဖြင့် ကိုယ့်ရဲ့ဆန္ဒနဲ့ဘဝထပ်တူကျလာမှုမှတစ်ဆင့် ကိုယ့်ရဲ့အကောင်းဆုံးပုံသဏ္ဌာန်ကို ကိုယ်တိုင်ထုဆစ်ပုံဖော်နိုင်မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။ ။