MSME နှင့် ခရီးသွားလုပ်ငန်း
စည်သူကျော်
ယနေ့ကာလတွင် နိုင်ငံတော်က MSME ဟု ခေါ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့၏ ထုတ်ကုန်များ ကို အထူးအားပေးလျက်ရှိသည်။
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် MSME ထုတ်ကုန်ပြပွဲများကို စီစဉ်ကျင်းပ၍ ဖော်ထုတ် မြှင့်တင်ပေးလျက်ရှိသည်ကို တွေ့ရှိရသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ချေးငွေများ စိစစ်ထုတ်ချေးပေးခြင်း၊ နည်းပညာနှင့် ဈေးကွက်ရှာဖွေချိတ်ဆက်ပေးခြင်းများကို နိုင်ငံတော်အဆင့်မှသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အထိ အေဂျင်စီများဖွဲ့စည်း၍ အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး အဆိုပါကော်မတီနှစ်ခုက ဦးဆောင်၍ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့နှင့် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ စသည့်အဖွဲ့များကို ဖွဲ့စည်းထားရှိခဲ့ပါသည်။
နိုင်ငံ့စီးပွားရေးကို ထောက်ကန်မြှင့်တင်ပေးနိုင်သော စွမ်းအားစုများ
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းထုတ်ကုန်များသည် အောက်ခြေအဆင့် (Grassroot Level)အထိ ထိုးဖောက်ပျံ့နှံ့နိုင်ခြင်း၊ ထိုမှတစ်ဆင့် အခြားသောဒေသများသို့ လွယ်ကူစွာ တင်ပို့ရောင်းချနိုင်ခြင်း၊ ဒေသတစ်ခု၏ အမှတ်တံဆိပ်(Trade Mark) အဖြစ် အောင်မြင်ကျော်ကြား သော ထုတ်ကုန်များဖြစ်လာနိုင်ခြင်းစသည့် အခွင့်အလမ်းများရှိနေသကဲ့သို့ ကျွမ်းကျင်မှုနည်းပါးသော အမျိုးသမီးများနှင့် လူငယ်များကို အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်း၊ ဈေးကွက်နှင့် နည်းပညာဆိုင်ရာ အသိပညာဗဟုသုတများကို ရရှိစေနိုင်ခြင်းတို့ကြောင့် စားသုံးသူနှင့် ထုတ်လုပ်သူသာမက ဒေသခံပြည်သူများကိုပါ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင်သော လုပ်ငန်းစုများပင်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် MSME လုပ်ငန်းများသည် သေးငယ်သောလုပ်ငန်းစုများပင် ဖြစ်လင့်ကစား ဒေသစီးပွားရေး၊ ထိုမှတစ်ဆင့် နိုင်ငံ့စီးပွားရေးကို ထောက်ကန်မြှင့်တင်ပေးနိုင်သော စွမ်းအားစုများပင်ဖြစ်သည်။
ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အခြားသော စီးပွားရေးလုပ်ငန်းစုများနှင့် ခရီးသွားလုပ်ငန်းအကြား ဆက်နွှယ်မှုသည်လည်း ကြီးမားကျယ်ပြန့်လာခဲ့သည်။ ခရီးသွားလုပ်ငန်း၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုနှင့် ဒေသ၏ဝင်ငွေကို တိုးမြှင့်ပေးနိုင်မှုတို့သည် ခရီးသွားလုပ်ငန်း၏ ထင်သာမြင်သာရှိသော အကျိုးရလဒ်များဖြစ်ပါသည်။ ထို့နောက်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာခြင်း၊ ယဉ်ကျေးမှုနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များအသက်ဝင်လာခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ပညာရေးအဆင့်အတန်းမြင့်မားလာခြင်းတို့သည် ခရီးသွားလုပ်ငန်း၏ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ပါသည်။
အပြန်အလှန်အားဖြင့် ဆက်စပ်လျက်ရှိ
အသေးစား၊ အငယ်စားနှင့် အလတ်စားထုတ်ကုန်များ/ လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့သည် အပြန်အလှန်အားဖြင့် ဆက်စပ်လျက် ရှိနေပေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများ၌ ခရီးသွားလုပ်ငန်းတွင် အသေးစား၊ အငယ်စားလုပ်ငန်းများ အများအပြား ဆက်စပ်ပါဝင်လျက်ရှိကြောင်း တွေ့ရှိရမည်ဖြစ်သည်။ အခန်းအရေအတွက်နည်းပါးသော ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ ဒေသထွက်ကုန်နှင့် လူသုံးကုန်အရောင်းဆိုင်များသည် ခရီးသွားလုပ်ငန်းမှ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများဖြစ်ကြသည်။
ထင်ရှားသော ခရီးစဉ်ဒေသတစ်ခုလျှင် ယင်းလုပ်ငန်းအများအပြား တည်ရှိကြသည်ဖြစ်ရာ ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝအလှအပများ ပေါကြွယ်ဝလှသော မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် MSME လုပ်ငန်းများ/ ထုတ်ကုန်များသည် ကြီးမားသော လုပ်ငန်းကဏ္ဍအစုအဝေးကြီးသဖွယ် ဖြစ်နေပေသည်။
ခရီးသွားလုပ်ငန်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဆက်နွှယ်မှုနှင့် သဘောတရားတို့ကို လေ့လာကြည့်ပါက အပြန်အလှန်အကျိုးပြု ချိတ်ဆက်နေသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ နည်းပညာရပ်ဆိုင်ရာ ဝေါဟာရများကို ရင်းနှီးရှိရမည်၊ ကျိုက်ထီးရိုး အပြန်လက်ဆောင်၊ ရန်ကုန်အပြန်လက်ဆောင်၊ အညာအပြန်လက်ဆောင်၊ မန္တလေးဘုရားဖူး အပြန်လက်ဆောင်စသော ရှေးမဆွကပင် သုံးနှုန်းခေါ်ဆိုခဲ့သည့် အခေါ်အဝေါ်များကို အများကြားဖူးရင်းနှီးပြီးဖြစ်ပါသည်။ ခရီးသွားဆွေမျိုးမိတ်ဆွေများ၏ ကျေးဇူးကြောင့် အရပ်တစ်ပါးမှ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများကို မြည်းစမ်းသုံးစွဲခွင့်ရ၏။ ကြိုက်နှစ်သက်သောကြောင့် နောက်လူကြုံရှိတိုင်းမှာရသည်။
အချို့တွင်ကျယ်လာသော အစားအစာနှင့် လူသုံးကုန်ပစ္စည်းများကို ပေါပေါများများဝယ်ခြမ်းလာကာ ပြန်လည်မျှဝေရောင်းချသည်လည်းရှိ၏။ ယင်းသည်ရိုးရှင်း၍ အခြေခံကျသောခရီးသွား လုပ်ငန်းနှင့်အသေးစား၊ အငယ်စားနှင့်အလတ်စား ထုတ်လုပ်မှုလုပ်ငန်းများ၏ ဆက်နွှယ်မှုဖြစ်ပါသည်။ နောက်ပိုင်းတွင် ခရီးသွားများသည် မိမိရောက်ရှိခဲ့သော ဒေသ၏ အမှတ်ရစေမည့် အမှတ်တရပစ္စည်းများကို ဝယ်ယူစုဆောင်းမှု၊ တစ်ဆင့် ပြန်လည်လက်ဆောင်ပေးမှုတို့ကြောင့် အမှတ်တရပစ္စည်း ထုတ်လုပ်ရောင်းချမှုများတွင် ကျယ်လာခဲ့သည်။ ၎င်းတို့သည် ခရီးသွားလုပ်ငန်းနှင့် တိုက်ရိုက် ဆက်နွှယ်သော MSME လုပ်ငန်းများ/ ထုတ်ကုန်များပင်ဖြစ်ကြသည်။
သို့ဖြစ်ရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများသည် ကိုယ်တိုင် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများဖြစ်နိုင်သကဲ့သို့ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေသော ကြားခံ(Medium) လုပ်ငန်းစုလည်းဖြစ်ပါသည်။
ထို့ပြင် MSME လုပ်ငန်းများ/ ထုတ်ကုန်များ၏ ဈေးကွက်နယ်ပယ် ဖြန့်ကြက်မှုတွင်လည်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများသည် အရေးပါလှသည်။ ဟိုတယ်များတွင် ပြည်တွင်းဖြစ်ရိုးရာ လက်မှုပစ္စည်းများ၊ ပရိဘောဂများအသုံးပြုခြင်း၊ အလှဆင်ခြင်း၊ ဒေသထွက်အစားအသောက်များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခြင်း၊ ဒေသထွက်ကုန်များကို ဟိုတယ်နှင့်စားသောက်ဆိုင်များတွင် ခင်းကျင်းရောင်းချပေးခြင်းအားဖြင့် MSME လုပ်ငန်းများ/ထုတ်ကုန်များကို အားပေးရာရောက်သကဲ့သို့ ဈေးကွက်ရှာဖွေပေးခြင်းအပိုင်းတွင်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေပါသည်။
ထိရှလွယ်သော ခရီးသွားလုပ်ငန်း၏ သဘောသဘာဝအရ အကြောင်းတစ်စုံတစ်ရာ (ဥပမာ- သဘာဝဘေးကျရောက်ခြင်း၊ ခရီးစဉ်ဒေသ၏ ပုံရိပ်ကျဆင်းခြင်း) တို့ကြောင့် ခရီးစဉ်ဒေသတစ်ခု၏ ခရီးသွားဧည့်သည်ဝင်ရောက်မှု ကျဆင်းသွားပါက ခရီးသွားလုပ်ငန်းကို အမှီသဟဲပြုနေသော MSME လုပ်ငန်းများ၏ ထုတ်လုပ်ရောင်းချမှုသည်လည်း ကျဆင်းသွားမည်ဖြစ်သည်။ သို့သော် ယနေ့အချိန်အခါတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များသည် ခရီးသွားလုပ်ငန်း၏ ဈေးကွက်မြှင့်တင်ပေးမှုကို ကျော်လွန်၍ မြန်မာနိုင်ငံ တစ်နံတစ်လျား ဖြန့်ကြက်ရောက်ရှိနိုင်ပြီဖြစ်ပါသည်။ ကုန်တိုက်ကြီးများ၊ ဈေးဝယ်စင်တာကြီးများတွင်သာမက လက်လီ လက်ကားဖြန့်ဖြူးရောင်းချသူများ၏ ဈေးကွက်အတွင်း ရောက်ရှိလာနိုင်ပြီဖြစ်သည်။
ပုဂံပုံးရည်ကြီးကို ပုဂံဘုရားဖူးသွားသူများထံ မှာယူစရာမလိုတော့။ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်သည်။ ထုပ်ပိုးမှုများသပ်ရပ်ကောင်းမွန်လာသည်။ သက်ဆိုင်ရာဌာနများ၏ ကြီးကြပ်လမ်းညွှန်မှုကြောင့် ထုတ်ကုန်များတွင် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ မှတ်ပုံတင်အမှတ်တံဆိပ်တို့ ပါဝင်လာသည်။ စားသုံးသူ၏ ထုတ်ကုန်အပေါ် ယုံကြည်မှုကိုရရှိလာသည်။ သို့သော် ထုတ်ကုန်တစ်ခု၊ အမှတ်တံဆိပ်တစ်ခုသည် ရေရှည်တည်တံ့အောင်မြင်ရန် အရေးကြီးသည်ကို အားလုံးသိပြီးဖြစ်ပါလိမ့်မည်။ ဤနေရာတွင် ယှဉ်ပြိုင်နိုင်စွမ်း(Competitiveness)ကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်သည်။
ယှဉ်ပြိုင်နိုင်စွမ်းဆိုင်ရာ အချက်အလက်များ
ထုတ်ကုန်တစ်ခု ရေရှည်တည်တံ့ရေးအတွက် ယှဉ်ပြိုင်နိုင်စွမ်းဆိုင်ရာ အချက်အလက်များကို လေ့လာကြည့်ရာတွင် အောက်ပါအချက်လေးချက် သည် အဓိကကျသည်ကို နေရာတော်တော်များများ တွင် လေ့လာတွေ့ရှိရသည်-
၁။ ဈေးကွက်အသိအမြင်၊
၂။ ထုတ်လုပ်နိုင်စွမ်းအား၊
၃။ ဈေးနှုန်း၊ အရည်အသွေးနှင့်တင်ပို့နိုင်မှု၊
၄။ ဈေးကွက်တွင် ဝင်ဆံ့နိုင်မှု၊
အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသည် ပင်ကိုသဘာဝအားဖြင့် လုပ်ငန်းအငယ်များဖြစ်ခြင်းကြောင့် လုပ်ငန်းစုကြီးများကဲ့သို့ ဈေးကွက်အသိအမြင်နှင့် ဝင်ဆံ့နိုင်မှုတို့တွင် အားနည်းမှုရှိနိုင်ပါသည်။ ထို့ကြောင့်ပင် ယနေ့နိုင်ငံတော်ကအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ/ ထုတ်ကုန်များကို နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြပွဲများပြုလုပ်၍ ဈေးကွက်ရရှိ စေရေး၊ ဈေးကွက်အသိအမြင်နှင့် ဈေးကွက်ဝင်ဆံ့ နိုင်မှုအားကောင်းလာစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိခြင်းဖြစ်သည်။
ထို့နောက် ထုတ်လုပ်နိုင်စွမ်းအားအပိုင်းဖြစ်သည်။ ဈေးကွက်ရရှိလာပါက ကုန်ထုတ်လုပ်ငန်း တစ်ခုသည် ဈေးကွက်ကတောင်းဆိုသည့်ပမာဏကို သတ်မှတ်အချိန်ကာလအတွင်း ထုတ်လုပ်ပေးနိုင်ရန် လိုအပ်လာမည်ဖြစ်သည်။ ယင်းအတွက် နိုင်ငံတော်က ကုန်ထုတ်လုပ်မှု တိုးချဲ့ဆောင်ရွက်နိုင်ရန် ချေးငွေများထုတ်ချေးပေးခြင်းအပါအဝင် လိုအပ်သည့် နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
အရည်အသွေးပိုင်းသည် MSME လုပ်ငန်းများ၏ အဓိကစိန်ခေါ်မှုအပိုင်းဖြစ်သည်ဟု မြင်မိသည်။ ကောင်းမွန်သောအရည်အသွေးကို တစ်သမတ်တည်း ပိုင်ဆိုင်ထားရှိရန် အရေးကြီးသည်။ လက်ရှိအချိန်တွင် ဈေးကွက်အသိအမြင် အားကောင်းလာသော MSME လုပ်ငန်းများသည် မိမိတို့၏ထုတ်ကုန်များ အရည်အသွေးကောင်းမွန်ရေးနှင့် ရေရှည် ထိန်းသိမ်းထားနိုင်ရေး အားထုတ်ကြိုးပမ်းလာကြသည်ကိုလည်း ဝမ်းမြောက်စရာ တွေ့မြင်လာရသည်။
သို့ဖြစ်ရာ ခရီးသွားများ၏ ယနေ့အိမ်အပြန် လက်ဆောင်သည် မူလအရည်အသွေးမပျက် ထုပ်ပိုးမှုကောင်းသော မျက်နှာပန်းလှစရာအိမ်အပြန် လက်ဆောင်များ ဖြစ်လာပေမည်။ လက်ဆောင် မဝယ်ဖြစ်ခဲ့သော် မပူပါနှင့်။ နီးစပ်ရာဈေးကွက်မှဝယ်ယူ၍ အိမ်အပြန်လက်ဆောင်အဖြစ် ဝမ်းမြောက် ဝမ်းသာပေးနိုင်ပါလိမ့်မည်ဖြစ်ပါကြောင်း။ ။